ရင်သွေးငယ်များ နာမည်နှင် အနာဂတ်

Tuesday, September 29, 2009


မိမိရင်သွေးကို ကောင်းစေချင်သည်မှာ မိဘတိုင်း၏ စေတနာဖြစ်သည်။ မိဘဟူသည် ကိုယ်ကသာ သာမန်ဘ၀မျိုး ပိုင်ဆိုင်နေချင်ပိုင်ဆိုင်နေမည်။ သားသမီးကိုတော့ သာမန်ထက်မြင့်မားသော ဘ၀အခြေအနေမျိုး မျှော်မှန်း မျှော်လင့်ထားတတ်ပေသည်။ သားသမီးကို မြင့်မြင့်မားမား ဖြစ်စေချင်ကြသည်။ ကိုယ်တိုင်က ဟင်းရွက်ရောင်း နေရသည့်တိုင်အောင် ကိုယ့်သားသမီးလေး ကို တော့ အနဲဆုံး ဆရာမလေး ၊ ဒေါက်တာလေးတော့ ဖြစ်စေချင်ကြသည်သာ။ သို့ဖြင့်ပင် နာမည်မှည့်ပြီ ဆိုတော့လည်း ...ကောင်းကောင်း
မွန်မွန်လေးဖြစ်အောင် စဉ်းစားပြီးပေးကြရပြန်သည်။

အချို့က နာမည်ကို လှတာလေးမှ ပေးချင်သည်။ အချို့ကတော့ မိဘနာမည်လေးပါ ထည့်မှည့်ချင်သည်။ အချို့ကျပြန်တော့လည်း ခေတ်မီမှပိုကြိုက်သည်။ အချို့ကမူ ..သူများထက် ဇော်နိုင်မော်နိုင် ကျော်နိုင်မည့် အမည်မျိုးလေးမှ ပေးချင်ကြသည်။ အချို့ကား....နာမည်ကို ..သင့်မသင့် တော်မတော်မစဉ်းစား.....ရုပ်ရှင်မင်းသား မင်းသမီးနာမည်များ၊ စာအုပ်ဖတ်ရာမှ အကြိုက်တွေ့လာသော နာမည်များ ထင်သလိုပေးပစ် လိုက်တတ်ကြသည်။ ယင်းအခါမျိုးတွင် ကပေါက်တိ ကပေါက်ချာနာမည်များကို တွေ့လာရတော့သည်။ ဥပမာအားဖြင့် ရန်စိုးသူ၊ ကျော်လူမင်း၊ ထက်ထက်မင်းနိုင်၊ ကောင်းကင်လဲ့ပြာ၊ ဓနမျိုးဇင် .. စသည်ဖြင့် တော်တော်အရူးထသူအချို့ကိုလည်း တွေ့ခဲ့ ရဖူးပေးသည်။
တစ်ကယ်တော့ နာမည်တစ်ခုဟူသည်မှာ လူတစ်ယောက်အဖို့ လိုအပ်သည်သာဖြစ်သည်။ နာမည်မရှိလျှင် လူမှုဆက်ဆံရေးနယ်ပယ်တွင် ဆက်သွယ်ရေးလွန်စွာခက်ခဲသွားပေမည်။ ဟေ့လူ ဟေ့လူမ ဟိုနေ့တုန်းကတွေ့ခဲ့တဲ့လူမ ..စသည်ဖြင့် ကမောက်ကမ များစွာနိုင်ပေလိမ့်မည်။ ယင်းသို့အားဖြင့် နာမည်တစ်ခုခုကို ရွေးခြယ်သတ်မှတ်လာကြရသည်။ တစ်ချို့က ဘာ မှည့်မှည့်အရေးမကြီးပါဘူး။ ကိုယ်လုပ်နိုင်မှ ကိုယ်ရတာပြောတတ်ကြသည်။ မတည့်မတ်သေးပါပေ။ လူသာအသေခံမည် နံမည်အသေမခံနိုင်သော လူများစွာလည်း ရှိကြပေသည်။ တစ်ချို့က ကိုယ့်နာမည်ကို တန်ဖိုးထားသည်။ အချို့က တန်ဖိုးမထား။ လူအမျိုးမျိုး စိတ်အထွေထွေကြားတွင်..၊ မိဘများကလည်း အမျိုးအစား အမျိုးမျိုးရှိကြသည်သာ။ အချို့မိဘများက သားသမီးနာမည်များကို သိပ်တွေးမနေ ...၊ အကြီးဆုံးက မောင်ဘ ဆိုလျှင် ၊ အဲဒီ့ နောက်တစ်ယောက်ကျတော့ မောင်လှ ၊ နောက်ထပ်ဆို မမြ ..စသည်ဖြင့် အလျဉ်းသင့်သလိုပင် ပေးလိုက်သည်သာဖြစ်သည်။ အချို့ကြတော့လည်း ...ခေတ်ပညာတတ်တွေပဲ ဘာမှည့်မှည့်ကွာ အယုံအကြည်မရှိပါဘူး။ စသည်အားဖြင့် ..ကြွေးကြော်ပြီး မှည့်လိုက်သည်သာ။

အချို့ကား ပိုပြီးဆိုးသေးသည်။ ယုံပစ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် နာမည်ကြီး ဗေဒင်ဆရာကြီးကပေးတာပဲ။ ကောင်းမှာပဲ တစ်ထစ်ချတွေးလိုက်သည်။ ယုံသည်။ မှည့်သည်။ နောက်ထပ် ဗေဒင်ဆရာကြီးတစ်ဆူတွေ့ပြန်သည်။ ဟိုက် ..ဒါကပိုမှန်တယ်ထင်တယ်။ မေးလိုက်ပါဦးမယ်လေ။

မေးပြန်သည်။ ဟင် ..ဒီနာမည်ကြီးက မကောင်းဘူးလား။ ဒါဆို ..နောက်ထပ် နာမည်သစ်ကလေးမှည့်ပေးဦးမှပါ။ ထပ်မှည့်ရပြန်သည်။ ကြာတော့ ကလေးခမြာ သနားစရာတောင် ကောင်းလာသည်။ သူ့ကိုယ်သူ တာတီးလေး လား ဝေယံကျော်သူမြင့်ဇင် လား........မိုးမြင့်သော်တာဦး လား ....ဘာမှန်းကို သေချာမသိတော့။ အူလည်လည်လေး ဖြစ်လာရသည်။ ( သြော် ..ကျွန်တော်တို့ဗေဒင်ဆရာတွေ ..ပြောပါတယ်။) ....

အရေးကြီးသောနာမည်အဖျားစာလုံး

စာရေးသူ၏အမြင်အရ ...နာမည်တွင် နာမည်အဖျားစာလုံးသည်အလွန်အရေးကြီးသည်။ နာမည်အဖျားစာလုံး ( အဆုံးသတ်စာလုံး) သည်.... သက်ဆိုင်ရာဇာတာရှင် ၏ ဘ၀ တွင် ရောက်ရှိရမည့် ပန်းတိုင်၊ ၄င်း၏ အနာဂတ် ဦးတည်ရာ၊ ၄င်းခံစားရမည့်ဆုလာဘ်များ၊ ပြစ်ဒဏ်များ၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်းများ၊ ကံကောင်းခြင်း ၊ ကံဆိုးခြင်းများကို ဖော်ပြနေပါသည်။ မြောက်များစွာသော နာမည်များကို လေ့လာတွေ့ရှိထားချက်များအရ.....စာရေးသူအနေနှင့် ...ယင်းအချက်ကို အလေးပေး ဖော်ပြသွားရသာဖြစ်ပါသည်။

ပမာအားဖြင့် ........နာမည်တစ်ခုခုသည် အဖျားစာလုံးကို ..ကြာသာပတေးနံဖြင့် မှည့်ခေါ်ထားသည်ဆိုပါစို့။ ယင်းအမည်ရှင်သည် ..ဘယ်သောအခါမှ ..သေးသေးမွှားမွှား ကြံစည်လိမ့်မည် မဟုတ်တော့ပေ။ အမည်ရှင်သည် ဖြန့်ဖြူးရသော ..ကျယ်ပြန့်စွာလုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းများတွင် အံဝင်ခွင်ကျ ဖြစ်လာပေလိမ့်မည်။ ဥပမာအားဖြင့် အောင်မျိုး အေးအေးမြင့်၊ သိန်းမြင့်၊ သောင်းနိုင်မင်း ...စသောအမည်မျိုးများဖြစ်သည်။

သို့တည်းမဟုတ် နာမည်အဖျားစာလုံးကို စနေနံဖြင့် မှည့်ခေါ်ခဲ့ပါမူ .......အသေးစိတ် အနုစိတ်လုပ်ငနုးများတွင်....အံဝင်ခွင်ကျဖြစ်နိုင်ပြန်သည်။ ကြာသာပတေးနှင့် ဆန့်ကျင်စွာပင် ......စနေသည် နာမည်အဖျားစာလုံး ဖြစ်လာသည်နှင့် ဖြန့်ဖြူးရသော ကျယ်ပြန့်စွာလုပ်ဆောင်ရသော ကဏ္ဍများတွင်....အားနည်းစေပြီး....မူလမဟာဘုတ်ရပ်တည်မှု အားကောင်းပါမှာသာ ...အချိန်နောက်ကျစွာ...ဖွံဖြိုးလာနိုင်သည်။

နာမည်အဖျားစာလုံး ၏ အမျိုးအစား၊ ယင်းအဖျားစာလုံး ၏ မဟာဘုတ်ဇာတာတွင်ရပ်တည်မှု အနေအထား၊ နာမည်အဖျားစာလုံးနှင့်...မွေးနံ .....ဆက်နွယ်မှု အနေအထားများ၊ ..စသည်တို့သည်ပင် ဇာတာရှင်အမည်ရှင်၏ ဘ၀ နှင့် အနာဂတ်ကို ပုံရိပ်ထင်ဟပ်ဖော်ပြနေပေသည်။ ထို့အပြင် နာမည်တစ်ခုသည် ..သက်ဆိုင်ရာကာရက အလိုက် အမည်ရှင်၏ ..အသက်မွေးမှု ၊အမည်ရှင် ၏ လုပ်ပုံကိုင်ပုံ စရိုက်အနေအထား၊ ၄င်း ကြုံတွေ့ရမည့် အဖြစ်အပျက်ပုံစံများ၊ ယုတ်စွအဆုံး ၄င်း သေဆုံးရမည့်ပုံစံတို့ကို ပင် ဖော်ပြနေပေသည်။

ယင်း အနေအထားတို့ကို အသေးစိတ်စူးစမ်းလေ့လာကြည့်မှ တွေ့ရှိနိုင်ပေသည်။ စာရေးသူကိုယ်တိုင်လည်း မရပ်မနား လေ့လာနေဆဲသာဖြစ်ပေသည်။ တစ်ကယ်တော့ စာရေးသူတို့နိုင်ငံတွင် ဗေဒင်ပညာရပ်ဆိုင်ရာ သုတေသနပြု အဖွဲ့အစည်းများ အမှန်တစ်ကယ် လိုအပ်နေပါသည်။ ယင်းမှာ လူမျိုးတစ်မျိုးနှင့် ပညာရပ်ပိုင်းဆိုင်ရာ ရှေ့အနာဂတ် ကာလများအတွက် အရေးကြီးလှပါသည်။

ရင်သွေးငယ်များကိုအမည်ပေးခြင်း

ကလေးသူငယ်များကို အမည်ပေးခြင်းနှင့်စပ်လျဉ်းပြီး...အတွေ့အကြုံအနဲငယ်ကို တင်ပြလိုပါသည်။ ကလေးငယ်များသည်ပင်ကိုယ်အားဖြင့်ပင် ..အရောင်စွန်းလွယ်သော အဖြူထည်နုနယ်စ အရွယ်လေးများဖြစ်ခြင်းကြောင့် ..၄င်းတို့ကို အမည်ပေး မှည့်ခေါ်လိုက်သည်နှင့်ပင် ..ယင်းအမည်အရ ၄င်းတို့၏ စရိုက်အပြုအမူများသည် ..ထင်ထင်ရှားရှားဆိုသလို ဖြစ်ပွားလာတတ်ကြပေသည်။ စိတ်တိုလာသောအခါ မိမိမျက်နှာကိုမိမိကိုယ်တိုင်မညှာမတာရိုက်ပုတ်လေ့ရှိသော ကလေးငယ်တစ်ဦးကို စာရေးသူ တွေ့ခဲ့ရဖူးလေသည်။ ယင်းကလေးသည် ကြာသာပတေးသားဖြစ်ပြီး..နာမည်အဖျားစာလုံးအင်္ဂါက မွေးနံကို ဆန့်ကျင်မှုပြုနေသော ကလေးတစ်ဦးဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။
သို့ဖြစ်ခြင်းကြောင့် အမည်ကို ပြောင်းလည်းစေခဲ့ရာ ယင်းအမူအကျင့်လုံးဝပျောက်ကွယ်သွားသည်ကိုတွေ့ခဲ့ရပါသည်။

နာမည်ပြောင်းသဖြင့် ဘာမှမပြောင်းလည်းနိုင်ဟု ယူဆကျသော သူများ ( ဗေဒင်ပညာရှင်များပင်ရှိကြသည်။) ထို့အတူ မူလနာမည်အကျိုး
ကိုလုံးဝခြေဖျက်နိုင်ခြင်း ...ပြုပြင်နိုင်ခြင်းမရှိပါဟူပြီး ကျမ်းများတွင် ထည့်သွင်းရေးသားကြသော ဆရာများကိုလည်း တွေ့ရဖူးပေသည်။
စာရေးသူ၏ အယူအဆကို မှန်ကန်သည်ဟူပြီး တစ်ယူသန်မတင်ပြလိုပါ။ မည်သူမဆို လက်တွေ့လေ့လာ သုတေသနပြုကြည့်သင့်ပါသည်။ စာရေးသူအနေဖြင့် ရကိုရသည်ဟု ယုံကြည်မိပါသည်။ (နာမည်ပြောင်းလည်းရန်ကြိုးစားခြင်းနင့်ပတ်သက်ပြီး နောက်နောင် ဆောင်းပါးများတွင် ထပ်မံတင်ပြဆွေးနွေးပါဦးမည်။)
ကလေးများကို နာမည်ရင်း ပေးထားပြီးသည့်တိုင်အောင် ...နာမည်ပြောင်များ၊ နာမည်တိုများကြောင့်လည်း ကလေးငယ်ကို ထိခိုက်ခြင်း ဖြစ်စေနိုင်သည်။ ပရုပ်လုံးဟုအမည်ပေးထားသော ကလေးတစ်ယောက်ကို တွေ့ခဲ့ရဖူးပါသည်။ ယင်းကလေးမှာ အလွန်ဆိုးလှသည်။ ပရုပ်လုံးသည် အဆိပ်အတောက် အလုံးကလေးဖြစ်ပြီး၊ သူကိုယ်တိုင်လည်း တစ်ဖြည်းဖြည်းလုံးပါးပါးလာတတ်သော ...အရာဖြစ်သည်။ ယင်းကလေးဆိုးပုံမှာ သူများနှင့် မတူပေ။ မိမိကိုယ်ကို မိမိထိခိုက်စေနိုင်သော အနေအထားများစွာကို ဖန်တီးမိပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း ဗြောင်းဆန်စေအောင် ဆိုးသော ဆိုးပုံမျိုးဖြစ်သည်။ အရွယ်ရောက်လာသော် ပိုမိုဆိုးရွားလာသည်။ ယင်းချာတိတ် အရက်သေစာ သောက်စားလာပါက ဆရာဝန်ခေါ်ပြီး မေ့ဆေးထိုးယူရသောအဆင့်သို့ပင်ရောက်လာသည်။ အထူးသဖြင့် သင်္ကြန်ရောက်တိုင်း ယင်းသင်္ကြန်ရက်များကို ဆရာဝန်အကူညီဖြင့် ငြိမ်းချမ်းစေရသည်မှာ ....ထုံးစံလိုပင်ဖြစ်နေပေတော့သည်။

Post a Comment
 

Posts Comments

©2006-2010 ·TNB