သည်အဖေသည်သမီး (၂)

Monday, December 21, 2009

သည်အဖေ...သည်သမီး ဒုတိယပိုင်း (သို့မဟုတ်)
ဇွဲလုံ့လအကောင်းဆုံး ကိုယ်ကျိုးစွန့်အနစ်နာခံသူ (သို့မဟုတ်) ယနေ့ခေတ်တိုင်းပြည်၏ရတနာ



ဖခင်၏သွေးအပြည့်အ၀ပါသူ၊ နိုင်ငံနှင့်လူမျိုးကိုချစ်သူ၊မိမိကိုယ်ကျိုးကို ဖခင်နည်းတူစွန့်လွှတ်နိုင်သူ၊ အချိန်ကာလအလွန်အမင်းကြာမြင့်စွာ အမှန်တရားအတွက်တိုက်ပွဲဝင်နေသူ ဒေါ်အောင်ဆန်းစုကြည် (သို့) အမေစုအား ယခုဆောင်းပါးဖြင့် ဂါရ၀ပြုအပ်ပါ၏။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာခုနှစ် ၁၃၀၇ခုနှစ် ပထမ၀ါဆို လဆန်း (၁၀)ရက် ..အင်္ဂါနေ့၊ အင်္ဂလိပ်ခုနှစ် ..1945 june 19 တွင် ဖွားမြင်သည်။ မူလမဟာဘုတ်ဇာတာအရ..(၅)ခုကြွင်းဖွား အင်္ဂါရာဇဖွား ဖြစ်သည်။

မူလမဟာဘုတ်ဇာတာ နှင့် အမည်၏ သဘောသဘာဝများ

ဖခင်၏ သမီးပီပီ အမေစုသည်လည်း ... အမည်မှာ ပက္ခ မိနေသောအမည်မျိုးဖြစ်နေ၏။ အရင်းစာလုံးအောင်သည် မရဏတွင်လည်းကောင်း အဖျားစာလုံးကြည်သည် အဓိပတိဌာနတွင်လည်းကောင်း အသီးသီးတည်ရှိလျှက် ပြင်းထန်သောမရဏ နှင့် အဓိပတိ ပက္ခမျိုးမိနေ၏။

နာမည်အဖျားစလုံးမှာတနင်္လာဖြစ်ပြီးယင်းဂြိုဟ်မှာဖြူစင်သောလွတ်လပ်မှုကိုမြတ်နိုးသောဂြိုဟ်ဖြစ်သည့်အားလျော်စွာတစ်ကြောင်း၊ ၄င်းဂြိုဟ်ရပ်တည်ရာဌာနမှာ ...ဦးဆောင်ဦးရွက်ပြုမှု ၊ စူးစမ်းရှာဖွေမှု ၊ တိုက်ခိုက်ထိုးနှက်မှုတို့ကိုဖြစ်ပွားစေတတ်သော အင်္ဂါပိုင်အဓိပတိဌာနတွင် ရပ်တည်နေခြင်းအားဖြင့် တစ်ကြောင်း...၊ တို့ကြောင့် ...
အမေစုမှာ နာမည်အရပင်လျှင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ရန် အဆင်သင့်အမြဲ ရှိနေသောအမည်ရှင်မျိုးဟုဆိုရပါလိမ့်မည်။


မွေးနံ အင်္ဂါသည် တနင်္ဂနွေပိုင် ရာဇဌာနတွင်ရပ်တည်နေပြီး...၊ ၄င်းရပ်တည်ရာ ...အိမ်ရှင်တနင်္ဂနွေမှာမူ..မရဏဌာနတွင်တည်ပြီး၊ အဆိုပါတနင်္ဂနွေမှာ ဇာတာရှင်အင်္ဂါနေ့သမီးအတွက် ..ဌာနဂြိုဟ် (သြကာသကာရကဂြိုဟ်) လည်းဖြစ်၏။ မွေးနံအင်္ဂါသည် စနေနှင့်ပက်ခမိ၏။

မူလမဟာဘုတ်အရ ဇာတာတွင် မွေးနံနှင့် ဌာနဂြိုဟ် တနင်္ဂနွေတို့မှာ များစွာပတ်သက်မှုရှိပြီး ..၊ အမည်အရ နာမည်အဖျားစလုံးသည် အဆိုပါတနင်္ဂင်္နွေနှင့်...ပက္ခမိနေခြင်းအားဖြင့် .....အားနည်းသွားစေ၏။ တနည်းအားဖြင့် တနင်္ဂနွေဂြိုဟ်နှင့်ပတ်သက်သောဆိုးကျိုး ဖြစ်ပွားစေနိုင်သော အနေအထားဖြစ်၏။

နာမည်အဖျားစာလုံး ကြည်သည် တနင်္လာပိုင်ဆိုင်ပြီး...၊ တနင်္လာသည် အသင်းအဖွဲ့များ နှင့်ဆိုင်သောဂြိုဟ်လည်းဖြစ်၏။ အဆိုပါအသင်းအဖွဲ့ဆိုင်ရာဂြိုဟ်တနင်္လာသည် ရဲရင့်တက်ကြွသော အဓိပတိဌာနတွင်ရပ်တည်ထားပြီး အရေးကြီးသော နာမည်အဖျားစလုံးအဖြစ် နေရာယူထားခြင်း အားဖြင့်......အမေစုသည်..၊ ငယ်စဉ်ကပင်လျှင် အသင်း ခေါင်းဆောင် ၊ အဖွဲ့ခေါင်းဆောင်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ရပေမည်။ ယင်းသည် ပင်လျှင် ဘ၀၏ အဓိက ရည်မှန်းချက်များတွင်နေရာ
ယူလာမည်ဖြစ်ပြီး၊ ဘ၀ပန်းတိုင်တစ်ခုလည်း ဖြစ်လာပေမည်။

အချိန်ကြာမြင့်စွာ အကျဉ်းစံအဖြစ်နေထိုင်ရခြင်း

လေ့လာခဲ့ဖူးသမျှ စာရေးသူ၏အတွေ့အကြုံအရ ..သက်ဆိုင်ရာမွေးမဟာဘုတ်တွင် ... ဌာနဂြိုဟ်သည် အနေအထား အားနည်းခဲ့ပါမူ ...နေရာထိုင်ခင်း၊ နေရာဌာန .ပိုင်းဆိုင်ရာတွင် အခက်အခဲအကျပ်အတည်းများပြားခြင်း၊ အညံ့အဆိုးကြုံရတတ်ခြင်း ရှိတတ်၏။

ပမာအားဖြင့်ဆိုရမူ.....ဌာနဂြိုဟ်သည် ပုတိဌာနတွင် ရပ်တည်ခဲ့သော်....နေရာထိုင်ခင်း အတည်တစ်ကျ မရှိခြင်း၊ နှစ်နေရာ နှစ်ဌာန နေထိုင်ရတတ်ခြင်း (သို့တည်းမဟုတ်) ယင်းနှစ်နေရာကြားတွင် ဖြစ်သော အခြားသောနေရာတစ်ခုခုတွင် နေထိုင်ရခြင်း ။ သူတစ်ပါးထံတွင်ကပ်မှီ ကပ်မြောင်နေထိုင်ရတတ်ခြင်း၊ သူတစ်ပါးအိမ်၊သူတစ်ပါးနေရာ ကို အကြောင်းအမျိုးမျိုးအားဖြင့်...၀င်ရောက်နေထိုင်ရခြင်း၊ နေရေးထိုင်ရေး အတွက် မရေရာမသေချာသော အနေအထားများဖြစ်ပွားတတ်ခြင်းကို ဖြစ်စေတတ်၏။

ဌာနဂြိုဟ်သည် ... ဘင်္ဂဌာနတွင် ရပ်တည်ခဲ့ပါမူ၊ နေရေးထိုင်ရေးအတွက် ဒုက္ခများမြောင်စေတတ်သော အနေအထားမျိုးဖြစ်ခြင်း၊ လမ်းဆုံလမ်းခွ ၊ ဈေး၊ လမ်းပေါ်လမ်းဘေးတို့တွင် နေထိုင်ရတတ်ခြင်း၊ နေရာထိုင်ခင်းမမြဲခြင်း၊ မကြာခဏရွှေ့ပြောင်းရတတ်ခြင်း သို့တည်းမဟုတ်...ပြုပြင်ပြောင်းလည်း နေရတတ်ခြင်း၊ စသည်အားဖြင့် ဖြစ်ပွားစေနိုင်သော အနေအထားဖြစ်သည်။

ဌာနဂြိုဟ်သည် ......မရဏဌာနတွင်ရပ်တည်ခဲ့ပါမူကား....အဆိုးဆုံးသော အနေအထားမျိုးဖြစ်၏။ နေရာထိုင်ခင်း ဌာနကို ဆုံးရှုံးလက်လွတ်ရတတ်ခြင်း။ မိမိနေရာကို သူတစ်ပါးက မတရားသဖြင့် ယူငင်သွားတတ်ခြင်း၊ အစွန်အဖျားကြသော ....အ၇ပ်ဒေသ များ နေရာဌာနများတွင်နေထိုင်ရတတ်ခြင်း၊ ထောင် ၊ ဆေးရုံ၊၊ ဘိုးဘွားရိပ်သာ၊ သချိုင်းအနီး၊ ရဲစခန်းအနီး၊ နယ်စွန်နယ်ဖျား နယ်စပ်များ၊ နိုင်ငံရပ်ခြား စသည်တို့တွင် နေထိုင်ရတတ်ခြင်း၊ ...စသည်အားဖြင့် တွန်းအားပေးတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပေသည်။

ယခုအမေစု၏ မူလမဟာဘုတ်ဇာတာတွင်လည်း ....ဌာနဂြိုဟ် တနင်္ဂနွေသည် အဆိုးအဆုံး အနေအထားဖြစ်သော မရဏဌာနတွင် ရပ်တည်နေရုံမက.......ယင်းဂြိုဟ်မှာ မင်းဘေးသင့်စေသော...အာနိသင် ပေးစွမ်းနိုင်သည့် တနင်္ဂနွေဂြိုဟ်ဖြစ်ခြင်းကြောင့် တစ်ကြောင်း၊ နာမည်အဖျားစာလုံးဂြိုဟ် တနင်္လာနံ (ကြည်) ဖြင့် ပက္ခမိထား ခြင်းအားဖြင့်လည်းကောင်း.....၊ အထူးပင် အားနဲလျှက် အမေစုအား ဆိုးကျိုးပေးစွမ်းနိုင်သော အနေအထား ရပ်တည်နေပေသည်။ တနည်းအားဖြင့် မူ .....မိမိနေရာကို သူတစ်ပါးဝင်လုယက်သည်ကို ခံစားရတတ်ခြင်း............၊

ထို့ထက်ဆိုရပါမူ....မိမိ၏တိုင်းပြည်ခေါင်းဆောင်နေရာ(ဌာနဂြိုဟ်သည်တနင်္ဂနွေဖြစ်နေခြင်းကြောင့်) ...ကို သူတစ်ပါး လုယက်ယူငင်ခံရတတ်သော ကံတရားကို ဖြစ်ပွားစေရန် တွန်းအားပေးနေကြောင်း တွေ့ရှိရပါသည်။

ယင်းအပြင် ...နိုင်ငံရေးစိတ်ဓါတ်နှင့် သူမတူအောင် ဇွဲကောင်းကောင်း ခေါင်းမာမာဖြင့် ....အရှုံးမပေးတမ်း တိုက်ပွဲဝင်လျှက် ..အကျဉ်းစံဘ၀ဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ခြင်း ကိုလည်း ဖော်ပြလျှက်ရှိပေသည်။

ဆက်လက်ပြီး အမေစုအကြောင်းဆောင်းပါးကို ရေးသားပါဦးမည်။

ချမ်းမြေ့ကြပါစေ။

သုတေသီဝေသာလီမောင်ဖုန်း။

Post a Comment
 

Posts Comments

©2006-2010 ·TNB