စပ်မိစပ်ရာ ဘာညာသာရကာ

Wednesday, January 27, 2010


လူတစ်ယောက်အနေနဲ့ပြောချင်တာတွေသိပ်များလာပြီး ရွေးခြယ်မရဖြစ်လာတဲ့အခါ ရောက်မိရောက်ရာ အရင် ပေါ်တာအရင်ပြော၊ နောက်ပေါ်လာတာနောက်ထပ်ပြော၊ဆက်စပ်မှုကတော့ ရှိသည်လည်းပါ မရှိသည်လည်း ပါပေါ့။ ဒီလိုပြောတာကို စပ်မိစပ်ရာဘာညာသာရကာ လို့ခေါ်မယ်ဆိုရင်တော့....အခုဆောင်းပါးဟာ.....

စပ်မိစပ်ရာဘာညာသာရကာ ပါပဲ။

(၁) အရိုက်ခံရမယ့်ဘေး လွတ်အောင်ရှောင်မည်။

ချစ်သူဖြစ်သင့်မဖြစ်သင့် ....တဲ့။ မေးလာတဲ့မေးခွန်းက၊ ဆရာဗိုလ့်ဆီမှာ မေးဖို့ကြိုးစားရာကနေ ဆရာဗိုလ့်လက်
ချက်နဲ့ မောင်ဖုန်းဆီ အမေးရောက်လာတဲ့ပုံပါပဲ။ ဒီမေးခွန်းမျိုးက မေးသင့်ပါသလား။ ဟုတ်ကဲ့ မေးသင့်ပါတယ်။
အဲဒီ့လိုပဲ... ဟင့်အင်း.... မဖြေချင်ပါ။ ဘယ့်နှယ်..၀ဋ်လိုက်မှာလည်းကြောက်ပါတယ်။ နောက်တစ်ခုက ....ကိုယ်က
မသင့်ကြောင်းဖြေပေးလိုက်တောင် ကိုယ့်အဖြေကြောင့် တစ်ဖက်ကလူမှာ အမှန်တစ်ကယ်မေတ္တာရှိနေရင် ...
မောင်ဖုန်း အကုသိုလ်တက်မှာပါ။ ပြေးမလွတ်ဘူးဗျ။ ဘ၀ပေါင်းများစွာ ကြားလူဖျက်လို့ မေတ္တာငှက်လေး စနှိုက်
ကြော်လိုဖြစ်သွားနိုင်ပါတယ်။ ဒီလိုပါပဲ မိန်းကလေးဘက်ကကြည့်ရင်လည်း ...ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်..
ကောင်းပါ့မလား ၊ အကျိုးပြုသူ၊ အမှန်တစ်ကယ်မေတ္တာစစ်နဲ့ချစ်သူမျိုးဟုတ်ပါ့မလား၊ ဒါကိုသိချင်ရှာမှာပါပဲ။
ဒါကလည်းမမှား။ ဆိုတော့....ဘေးကျပ်နံကျပ်တော့အနိုင်လှပါဗျာ ဒီကိစ္စမျိုးက။

နောက်ဆုံးတော့ မောင်ဖုန်းတို့ ဖိုးသူတော်ကြီးဥပေက္ခာပါရမီကျင့်သလိုပဲ ကျင့်တော့မယ်စိတ်ကူးရပါတယ်။
လာမယ့်ဘေး ဝေးဝေးရှောင်။ အဲ...တစ်ခုတော့ရှိပါတယ်။ ကိုယ်ရည်ရွယ်တဲ့သူကို ကိုယ်တိုင်အကဲခတ်တာက
အကောင်းဆုံးပါပဲ။ ကိုယ်က အကဲမခတ်တတ်ရင်တောင် ကိုယ့်ထက်အတွေ့အကြုံပါရမီများပြီးသား အစ်မကြီး
အပျိုကြီးတွေဆီက အကြံဥာဏ်တောင်းပါ။ ဒါကပိုသင့်လျော်မယ်ထင်ပါတယ်။ မောင်ဖုန်းကိုတော့ ချမ်းသာပေး
ကြပါကွယ်ရို့ ။ (အမျိုးသားထုကြီး သာဓုခေါ်ကြပါ။)

မှတ်ချက်။ ။ နာမည်ကိုကြည့်ပြီးအကဲခတ်နိုင်အောင်တော့ (ကျားမအားလုံးအတွက်) ချစ်မှုရေးရာအဖြေရှာ
ကဏ္ဍမှာ ကြိုးစားအားထုတ်ပေးထားပါတယ်။ တတ်အားသဖြင့်ပေါ့။

(၂) အပူတစ်ကာ့အပူ သည်အပူတယ်ဆိုး

တစ်နေ့ က မောင်ဖုန်းဆီကို မောင်ဖုန်းညီမရဲ့  ခဲအိုက ကံဇာတာလေးစစ်ပေးဖို့ တောင်းဆိုတဲ့အကြောင်းအ
ရာလေးရောက်လာပါတယ်။ တွက်နေကြမို့ သိပ်ပြီး ထူးထူးဆန်းဆန်းမဖြစ်မိပါ။ သို့ပေမယ့် သေချာစစ်ကြည့်ပြီးမှ
မျက်လုံးပြူးသွားမိပါတယ်။ အထပ်ထပ်ရှိလာတဲ့ ကိန်းဂဏန်းသညာလေးတွေက မောင်ဖုန်းကို စိတ်ဝင်စားစေ
ခဲ့ပါတယ်။ မေးမြန်းလာသူရဲ့  ..မူလမဟာဘုတ်အကြွင်းက လေးကြွင်းဖွားပါ။ တနင်္လာသား ရာဇဖွား လေးကြွင်းဖွားဆိုပါတော့။ နာမည်က (၂င်္လာ စ ၄ဟူးအဆုံး) အမည်ရှင်မျိုးဖြစ်နေပါတယ်။

မောင်ဖုန်းရဲ့ အလွန်အင်မတန်မေ့လျော့တတ်တဲ့ မှတ်ဥာဏ်က ဘင်္ဂဌာနက ဗုဒ္ဓဟူးဂြိုဟ်လေးကိုတော့ ကောင်း
ကောင်းမှတ်မိနေပါတယ်။ တနင်္လာသားသမီးတွေအတွက်တော့ အင်မတန်ဒုက္ခပေးတတ်တဲ့ ဘင်္ဂဌာနကဗုဒ္ဓဟူး
လေးပါ။ ဗုဒ္ဓဟူးဟာ တနင်္လာသားသမီးတွေအတွက် မူလတြိရန်းဂြိုဟ်လည်းဖြစ်ပါတယ်။ တြိရန်းဂြိုဟ်ပီပီ...နစ်နာ
ဆုံးရှုံးမှု၊ သေလုခမန်းပူပန်ဆင်းရဲရမှုတွေကို အခါအားလျော်စွာ ဖန်တီးပေးနိုင်စွမ်းရှိတဲ့ဂြိုဟ်ကလေးလည်းဖြစ်
ပါတယ်။

နာမည်အဖျားစာလုံးက ဘင်္ဂဗုဒ္ဓဟူးနဲ့များ အဆုံးသတ်ထားရင် အဲဒီ့တနင်္လာသားသမီးများအဖို့က သားသမီးနဲ့ပတ်သက်တဲ့အပူသောကကို အနဲနဲ့ အများရင်မှာပိုက်ရဖို့ သေချာလာပါတယ်။ မောင်ဖုန်း အကြိမ်
ပေါင်းများစွာတွေ့ ရှိခဲ့လို့ သံဝေဂလည်းအမှန်ပင်ရမိပါတယ်။ မှတ်မှတ်ရရတစ်ယောက်ဆို တော်တော်လေးကို
အဖြစ်ဆိုးပါတယ်။ နယ်မှာတုန်းက စာရေးသူနဲ့ အင်မတန်ခင်ခင်မင်မင် နေခဲ့ဖူးတဲ့ ပဒေသာဦးကျော်ဝင်းဆိုတဲ့
အစ်ကိုကြီးတစ်ဦးပါ။ စာရေးသူနဲ့အတူ သဲတောကုန်းမြင့်ဝိပသနာစခန်းမှာ ဦးဇင်းဝတ်ခဲ့ဖူးစဉ်က သူ့ဆန္ဒအရ
တွက်ချက်ကြည့်ပေးခဲ့ရဖူးပါတယ်။ တနင်္လာသား နာမည်ကလည်း အဲဒီ့လို တနင်္လာအစ ဗုဒ္ဓဟူးအဆုံးပါပဲ။
အဲဒီ့လိုတွက်ပေးမိစဉ်တုန်းကတော့ နာမည်က သားသမီးနဲ့ပတ်သက်ပြီး ဆိုးကျိုးမကင်းတတ်ဘူးလောက်ပဲ ဟော
ဆိုတွက်ချက်ခဲ့ပါတယ်။

နောင်တစ်ချိန်မှာတော့ စာရေးသူခင်မင်တဲ့ ပဒေသာကြီးရဲ့  တစ်ဦးတည်းသောသားလေးဟာ သင်္ကြန်မှာရေက
စားဖို့ ဒိုင်နမိုသွားဖွင့်ရာကနေ ဓါတ်လိုက်ပြီး ဆုံးပါးသွားပါတော့တယ်။ ဖြေမဆည်နိုင် အရူးတစ်ပိုင်းဖြစ်နေခဲ့ရတဲ့
ပဒေသာကြီးကို ဒီနေ့အထိတိုင်အောင် မောင်ဖုန်းအတွေးမျက်စိထဲမှာ မြင်နေရတုန်းပါပဲ။ဒီလိုပါပဲ တစ်ခြားသော
တနင်္လာအစ ဗုဒ္ဓဟူးအဆုံးနာမည်ရှင် တနင်္လာသားအချို့ မှာလည်း သားသမီးရှိသူတွေမှာ သားပူသမီးပူမကင်းကြ
တာကို တွေ့ရပါတယ်။

အခုလည်း မောင်ဖုန်းညီမရဲ့  ခဲအိုကလည်း ဒီပုံစံ ဒီကိန်းလေးနဲ့ ဗေဒင်မေးရောက်လာပြီး၊ သားသမီးအတွက် ...
စိတ်သောကအင်မတန်ကြီးမားနေရသူဖြစ်နေပြန်ပါတယ်။ အသေးစိတ်တော့ရှင်းမပြတော့ပါဘူးဗျာ။ မောင်ဖုန်း
ပြောချင်တာကတော့ အကယ်လို့များ စာဖတ်သူဟာ တနင်္လာသား (၄)ခုကြွင်းဖွားဖြစ်ပြီးနာမည် အဖျားစာလုံးကို
ဘင်္ဂမှာရှိတဲ့ ဗုဒ္ဓဟူးနံလေးနဲ့များ မှည့်ခေါ်ထားမယ်ဆိုရင် ...၊ အမည်ပြောင်းနိုင်ရင်လည်းပြောင်းလိုက်ပါ။ မပြောင်း
နိုင်ခဲ့ရင်လည်း ...တရားအသိလေးနဲ့ အစဉ်ယှဉ်တွဲနေမယ့် စိတ်သဏ္ဍန်လေးကို ပိုမိုတည်ဆောက်ထားဖို့ တိုက်
တွန်းလိုက်ပါရစေဗျာ။


(၃) ဓါတ်ခိုက်ရင် နတ်ရိုက်တာထက်နာသကိုး

ဗေဒင်ဟောပါများတော့ ဟောသက်လေးလည်းရလာတော့ အတွက်အချက်အပေါင်းအနှုတ်အမှားတတ်ဆုံးအခါ
ကိုလည်း သိလာပါတယ်။ ထုံးစံအတိုင်းပေါ့ တနင်္ဂနွေအခါပေါ့။ ဘယ်လောက်များမှားလိုက်သလည်း ဆိုတော့၊
မောင်ဖုန်းတို့ တနင်္ဂနွေအခါကိုတောင် ကြာသာပတေးအခါဆိုပြီး နာရီအကြည့်မှားပြီးတွက်လိုက်ပါတယ်။ ဒါနဲ့ အင်္ဂါသား မောင်ဖုန်းတို့ အင်္ဂါနံဆိတ်သားလေးနဲ့ထမင်းမှာပြီး တီးထည့်လိုက်တာ၊ ဘယ်ပြောကောင်းမလဲ....၊ ဆိတ်သားကိုမစားစဖူး တစ်ခါတစ်လေစားတာမို့လည်း ၀ိဂတိဖြစ်နေလေတော့ ဓါတ်ခိုက်သွားပုံရပါတယ်။ တြိရန်း
နံသင့်သွားတာ၊ ချက်ချင်းကမောက်ကမတွေဖြစ်ကုန်ပါလေရော။ ကိုယ်တိုင်လည်းတော်တော်အံ့သွားမိပါတယ်။
အစီအရင်သမားမဟုတ်ပေမယ့် ရှေးပညာရှိတွေ ချန်ရစ်ထားခဲ့တဲ့ ပညာတွေကိုတော့ လက်ဖျားခါမိသွားပါတယ်။
ဒါကြောင့် နတ်ကိုင်မှာထက် ဓါတ်ထိုင်မှာကိုကြောက်၊ နတ်ရိုက်တာထက် ဓါတ်ခိုက်မှာကို လန့်ရတယ်လို့ဆိုပေသကိုးဗျာ။ အင်းလက်တွေ့သုတေသန ထဲမှာ ဓါတ်ရိုက်ဓါတ်ဆင်ပိုင်းတွေကိုလည်း လုပ်ဦးမှ
လို့စိတ်အတွေးပေါက်လာမိပါတယ်။ ကဲနီးစပ်ရာအပေါင်း ရွှေစူး ရမ်းဂမ်း ဆရာတေး ဆရာဇေ ဆရာဗိုလ် လေးမေ အမောင်ပခန်း တို့ရေ ....အစမ်းသပ်ခံရမယ်သာပြင်ပေတော့။ မောင်ဖုန်းကတော့ ဒုက္ခပေးတော့မယ်။


(၄) အနာဂတ်မျိုးဆက်သစ်များ

စကားစပ်မိရာကအကြောင်းအရာသစ်တစ်ခုရလာပါတယ်။ ဒါကတစ်ခြားမဟုတ်ပါဘူး။ ခု..အွန်လိုင်းဘလော့ဂါ လောကမှာ ဗေဒင်ပညာရပ်နဲ့ပတ်သက်ပြီး၊ မောင်နှမတွေလိုခင်မင်လာတဲ့ရင်းနှီးလာတဲ့
ဗေဒင်မောင်နှမတွေပဲဆိုဆို၊ .....နားလည်ရင်းနှီးလာခဲ့ရတဲ့ ညီအစ်ကိုမောင်နှမများအကြောင်းပါ။ သူတို့အကြောင်းကို ဒီနေရာကနေပဲ ဖွ...အဲလေ၊ ရေးသားတင်ပြလိုက်ရပါတယ်။

ဆရာတေး သို့မဟုတ် ဆရာတေးအေးရိပ်

အင်္ဂါသားချင်းလည်းတူ ၀ါသနာခြင်းလည်းတူတဲ့ ဆရာတေးဟာ ကျွန်တော်နဲ့အွန်လိုင်းမှာ ဗေဒင်အကြောင်း ပထမဆုံးစတင်ဆွေးနွေးဖူးသူဖြစ်သလို၊ အွန်လိုင်းပေါ်မှာ ဗေဒင်ပညာအကြောင်းဆောင်းပါးတွေ ရေးသားစေဖို့
ပထမဆုံးတိုက်တွန်းအားပေးခဲ့သူလည်းဖြစ်ပါတယ်။ သူကိုယ်တိုင်တည်ထောင်အားထုတ်ခဲ့တဲ့ မြန်မာ့ရိုးရာဗေဒင်
နှင့် နက္ခတ် ( www.mmastrology.com ) ဆိုတဲ့ဘလော့လေးမှာ ကျွန်တော်ဗေဒင်ဆောင်းပါးစတင်ရေးဖြစ်ခဲ့ပါ
တယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နာဂစ်ကိစ္စလေးမတိုင်မီကစပြီးဆိုပါတော့။ အစအနောက်သန်သလို...ရှာရှာဖွေဖွေ
တောက်တီးတောက်တဲ့ ပြောတတ်ဆိုတတ်တဲ့ ဆရာတေးဟာ...့ကျွန်တော်အင်မတန်လေးစားရတဲ့ ကျေးဇူးရှင်..
ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြစေသား) ရဲ့  အဝေးရောက်တပည့်တစ်ဦးလည်းဖြစ်ပါတယ်။ အင်္ဂ၀ိဇ္ဇာကို
အသုံးတည့်နေသူတစ်ဦးဖြစ်ပြီး..၊ သူခိုင်းလို့ နိုင်ငံရပ်ခြားထွက်မယ့်သူတွေတော်တော်များများ ဘုန်းတော်ကြီး
ကျောင်းပတ်ဝန်းကျင်တစ်ဝိုက်မှာ ရေညှိခွာကြတာမို့ ခုဆို ဘုန်းတော်ကြီးကျောင်းတွေမှာ ရေညှိရှားပါးလာမှုတောင်ကြုံလာရပါတယ်။ ပညာဇောအပြင် ဘာသာရေးစိတ်ဓါတ်ပါ ပြည့်ဝတဲ့၊ မြန်မာ့ပညာကို
အမှန်တစ်ကယ်မြတ်နိုးတဲ့ ဆရာတစ်ဦးကိုပြပါဆိုရင် ဆရာတေးကိုလက်ညိုးညွှန်ပြမိမှာပါပဲ။


ဆရာဇေ သို့မဟုတ် ဆရာဇေယျာမောင်

ဆရာတေး နဲ့ ခင်မင်သိကျွမ်းလာရကတစ်ဆင့် နောက်ထပ် ရင်းနှီးခင်မင်လာပြီး၊ ပညာရပ်ပိုင်းဆိုင်ရာတွေမှာ..
တစ်ဦးနဲ့တစ်ဦး ဆွေးနွေးဖလှယ်မှုအလုပ်ဖြစ်ဆုံး ဆရာတစ်ဦးကတော့ ကျွန်တော်တို့ရဲ့  ကိုဇေယျာမောင်ပါပဲ။ သူ့ကို ပိုသဘောကျမိတာတစ်ချက်ကတော့ လက်တွေ့သုတေသနလုပ်တတ်တဲ့ အကျင့်တူလေးရှိနေခြင်းကိုပါပဲ။
ကျွန်တော့်ထက်အသက်အားဖြင့် အနဲငယ်ပိုကြီးပြီး (ဟဲဟဲ...စိတ်မရှိပါနဲ့ဆရာဇေ မှန်တာတွေပြောတတ်လို့ပါ )
မြန်မာ့ရိုးရာလက်ဆန်းဗေဒင်နယ်ပယ်ထဲက ဆန်းကျမ်းဗေဒင်ကို အလွန်ဝါသနာကြီးလှတဲ့ ဆရာဇေယျာမောင်
ဟာ .. ထူးခြားတဲ့ အတွေးသစ် အမြင်သစ်ကလေးတွေလည်း ရှိနှင့်ပြီးသူဖြစ်ပါတယ်။ ဆန်းကျမ်းသမားလို့ဆိုရခြင်း
ခံရလောက်အောင်ကိုလည်း ဆန်းဗေဒင်အပေါ် ၀ါသနာကြီးမားသူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်မျှော်လင့်မိတာ
ကတော့ တစ်နေ့သောအခါမှာ ဆရာဇေယျာမောင်ဟာ သူအမြဲလေ့လာခဲ့တဲ့ဆန်းကျမ်းဗေဒင်ပညာနဲ့ဆိုင်တဲ့..
သုတေသနမှတ်တမ်းတွေကို ကျမ်းပြုချန်ရစ်ခဲ့ပါစေလို့ မျှော်လင့်မိတာပါပဲ။



ရန်းဂန်း သို့မဟုတ် ရွှေရောင်ငါးဖလောင်းလေးတစ်ကောင်

ဘလော့ဂါသက် ရင့်သန်သလောက် ဗဟုသုတပိုင်းဆိုင်ရာတွေမှာလည်း စူးစမ်းမှုအင်မတန်အားကောင်းလှတဲ့
ဆရာမင်းသိင်္ခရဲ့  မထင်မရှား တပည့်ငယ်တစ်ဦးဖြစ်သူဟာ ဆရာရန်းဂန်း (younggun) ဟာ ဖိုက်တာဂြိုဟ်အင်္ဂါ
နဲ့ ဥာဏ်ပညာဂြိုဟ် ကြာသာပတေး မတော်တဆ ညားပြီး မွေးထားသလားတောင်ထင်ရပါတယ်။ ပညာရပ်ပိုင်း
ဆိုင်ရာတွေမှာ အမြင်မတော်တာရှိလာရင် ဆော်ပလော်တီးဖို့ လက်နက်တွေချိတ်ထားလိုက်တာကလည်း ...
မောင်ဖုန်းတို့ငယ်စဉ်က ခေတ်စားခဲ့ဖူးတဲ့ ရမ်ဘိုဇာတ်ကားထဲက ရမ်ဘိုကြီးလိုတောင် ထင်ရပါတယ်။ သူ့ဓါးသွား
ပေါ်မှာ မြိကနဲ မပါသွားဖို့ ကိုယ်တောင်အနေအထိုင်အပြောအဆိုအရေးအသား ဆင်ခြင်နေရပါတယ်။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးဆရာမင်းသိင်္ခ သိမသွားလိုက်ရှာတဲ့ (သူသိပ်လိုချင်ခဲ့တဲ့) ရွှေငါးအဆင့်တပည့်လောင်းလျာလေးတစ်ဦး ဟောဒီကမ္ဘာ ဟောဒီ့မြန်မာပြည်မှာ ရှိနေခဲ့မယ်ဆိုရင် အဲဒီ့လူဟာ
မောင်ရန်းဂန်းဆိုတဲ့ အနာဂတ်မျိုးဆက်တစ်ယောက်ဖြစ်မယ်လို့ မောင်ဖုန်း အမှန်တစ်ကယ်ယုံကြည်မိပါတယ်။
(ခုချိန်မှာတော့ ငါးဖလောင်းလေးဘ၀မှာသာ ရှိပါသေးတယ်။) အတွေးသစ်အမြင်သစ်တွေနဲ့ ဓါးရောင်လှံရောင်
တစ်ပြောင်ပြောင်ဖြစ်နေတဲ့ သူ့ရဲ့ ဘလော့လေးကတော့ ဒီမှာပါ။

လေ့လာဖူးသမျှ ဗေဒင်ပညာ
www.younggun.co.cc



အမောင်(ပခန်း) သို့မဟုတ် တော်တော်တူတဲ့ငါလိုကောင်

မွေးနေ့ချင်း ..မဟာဘုတ်ဖွားချင်းပါ တူညီနေပြီး ရုပ်ချင်းပါ ဆင်တဲ့အပြင် မကောင်းတဲ့အကျင့်လေးတွေချင်းပါတူ
နေတဲ့ နက္ခတ်ဗေဒင်ပညာသုတေသီ တစ်ဦးကတော့ ကျွန်တော့်ဆိုက်ဒ်မှာလင့်ခ် ချိတ်ပေးထားပြီးဖြစ်တဲ့...
နက္ခတ်ဗေဒင်သုတေသီ ဘလော့ကို အသက်သွင်းဖန်တီးနေသူ အမောင်(ပခန်း) ဖြစ်ပါတယ်။ ထူးထူးခြားခြား
ညွှန်းစရာမလိုလောက်အောင်ကို သူနဲ့ပတ်သက်ပြီးထူးထူးခြားခြားဘာမှပြောစရာမရှိလှပါ။ တစ်ခုပါပဲ။
ကျွန်တော်မောင်ဖုန်း သည်နေ့အထိ တွေ့ဖူးလာသမျှ နက္ခတ်ဗေဒင်ပညာကိုလေ့လာအားထုတ်နေသူတွေထဲမှာ
သူ့လောက်အနုစိတ်ဆန်ပြီး အတွေးအမြင်ရှင်းတာ..ခွဲခြမ်းစိတ်ဖြာတတ်တာမျိုး၊ အတွေးမှန်ကို ချည်ခင်ထဲကနေ
ချည်မျှင်အစမှန် ကို နှိုက်ထုတ်နိုင်သလိုမျိုး .. လုပ်နိုင်တာမျိုးကတော့ သူတစ်ယောက်ပဲတွေ့ဖူးပါသေးတယ်။


မလေးမေ သို့မဟုတ် တဲရော့ဗေဒင်ဆရာမကြီးမမိုးသူ

တွေ့ဖူးသလောက် တဲရောဗေဒင်သမားတွေထဲမှာတော့ မလေး လောက်တော်တဲ့မှန်တဲ့ တဲရော့သမားမျိုး တစ်ခါ
မှမကြုံဖူးပါဘူးအစ်ကိုရယ်တဲ့...။ အမောင်(ပခန်း) က အဲသလိုဆိုပါတယ်။ ဆိုရလောက်အောင်လည်း မမိုးသူဟာ
တော်ပါတယ်။ လူမျိုးခြားတဲရော့ဆရာကြီးတစ်ယောက်ထံကနေ ပညာအမွေရရှိခဲ့တဲ့ မမိုးသူဟာ မောင်ဖုန်းနဲ့
လည်း တစ်ယောက်တစ်လှည့် ဗေဒင်မေး တဲရော့မေးပြီး နှိပ်စက်နေကြမို့ သူ့ဟောကိန်းလေးတွေ တစ်ကယ်မှန်
တာကို မကြာမကြာတွေ့မြင်ခဲ့ရပါတယ်။ ...အဲ တစ်ခုပဲ။ ..A အကြောင်းမေးရင် B အကြောင်းဖြေတတ်ပြီး၊ Bအကြောင်းမေးရင် Aအကြောင်း ဖြေဖြေတတ်တဲ့ညဉ်ကလေးကလွဲရင် တစ်ကယ်တော်သူမို့လို့ အနာဂတ်မြန်မာပြည်ရဲ့  . ....ဗေဒင်ပညာရပ်ပိုင်းဆိုင်ရာကဏ္ဍတွေမှာ နောင်တစ်ချိန်နေရာယူလာမယ့်မျိုးဆက်
သစ်ကလေးတွေလို့ ဆိုချင်ပါတော့တယ်။

ချမ်းမြေ့ကြပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း




ကိုယ့်ရင်သွေးကို ကောင်းစေလို စာစု(၂)

Saturday, January 23, 2010


ကိုယ့်ရင်သွေးကို ကောင်းစေလို စာစု(၂)



နာမည်အဖျားစာလုံး တနင်္လာနံဖြင့် မှည့်ခေါ်ခြင်း နှင့် အုပ်ထိမ်းပျိုးထောင်ခြင်း



နာမည်အဖျားစာလုံး (က၊ခ၊ဂ၊ဃ၊င) ဖြင့်မှည့်ခေါ်ထားသော ..... အေးချမ်းငြိမ်း၊ အောင်အောင်ခိုင်၊ ကျော်ကျော်၊ ခင်မောင်ငြိမ်း၊ မြင့်မြင့်ခင်၊ ဇော်မင်းကို.. စသည်ဖြင့်သော ရင်သွေးငယ်များကို ပြုစုပျိုးထောင်ခြင်းဆိုင်ရာကဏ္ဍ။



နာမည်အဖျားစာလုံး (က၊ခ၊ဂ၊ဃ၊င) ဖြင့်မှည့်ခေါ်ထားသော ရင်သွေးငယ်များကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ
အထူးဂရုစိုက်ဖို့လိုပါတယ်။ အတုခိုးအမြန်ဆုံး ကလေးတွေမို့ပါ။ တစ်ခြားကလေးတွေထက် ဒီကလေးတွေက အတုခိုး အရမ်းမြန်ပါတယ်။ ဒါကြောင့် သူတို့ရှေ့မှာ သက်ဆိုင်ရာလူကြီးမိဘတွေ အကြီးတွေက မကောင်းတာကို
မလုပ်ပြမိဖို့ အရမ်းလိုအပ်ပါတယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့လို့ ..တားမြစ်လို့မရတဲ့ကလေးတွေပါ။
သူတို့ကိုကောင်းတဲ့အမူအကျင့် ကောင်းတဲ့စရိုက်ကလေးတွေ အတုခိုး နိုင်အောင် လူကြီးတွေက မသိမသာရှေ့ ကလုပ်ပြသွားဖို့လိုပါတယ်။



ဘာကြောင့်အတုခိုးမြန်ရသလဲ။ ? ? ? ? ?



နာမည်အဖျားစာလုံးလေးတွေက တနင်္လာနံ ဖြစ်နေရုံနဲ့ အတုခိုးမြန်ရသလား။ မေးစရာရှိပါတယ်။ တနင်္လာဂြိုဟ်
ဆိုတာက စန္ဒာလမင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ လဟာ သူ့ရဲ့  ကိုယ်ပိုင်အရောင်အ၀ါမရှိပေမယ့် တစ်ခြားကအလင်းရောင်ကို စုပ်ယူပြီး ပြန်ဖြန့်ကျက်နိုင်တဲ့ သဘောမျိုးဆောင်တဲ့ ဂြိုဟ်ပါ။ ဒါကြောင့် နာမည်အဖျားစာလုံး တနင်္လာဂြိုဟ် နဲ့မှည့်ခေါ်ထားတဲ့ ကလေးငယ်တွေဟာ အကျင့်စရိုက်ကူးစက်လွယ်ကြခြင်း
ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အတုခိုးမြန်ကြပါတယ်။



တာဝန်တွေနဲ့မဖိလိုက်ပါနဲ့။ သူတို့က တာဝန်ဆိုတာကြီးကို အရမ်းကြောက်တတ်တဲ့ကလေးတွေလည်းဖြစ်ပါတယ်
။ လူကြီးမိဘဆိုတာကတော့ သူတို့ကို တာဝန်ယူတတ်အောင် ပြောပြဆိုဆုံးမ သင်ကြားပေးရမှာပါ။ သို့ပေမင့်...
အတင်းအကျပ် တာဝန်ယူခိုင်းတာမျိုး ၊ ထမ်းရွက်ခိုင်းတာမျိုးကတော့ သူတို့ကို ညှင်းဆဲလိုက်တာနဲ့တူတူပါပဲ။
သူတို့က ပေါ့ပေါ့ပါးပါးနေတတ်လွန်းသူတွေမို့ ဖိအားပေးခံရခြင်းကို အထူးကြောက်ရွံ့ တတ်ကြတာပါ။



သူတို့က စိတ်ခံစားမှုနောက်ကိုလိုက်ပြီး အရောင်ပြောင်းလွယ်ကြတဲ့သူတွေလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ခုစိတ်
ဆိုး၊ ခုစိတ်ပြေ၊ တစ်သက်လုံးမခေါ်ဘူးပြော ခဏနေပြန်ခေါ်ဆိုတာမျိုးပေါ့။ အပြောင်းအလည်းမြန်ဆန် ပြီး များများပြောင်းလည်းလွယ်တဲ့ ကလေးငယ်မျိုးတွေမို့ ..သူတို့ကို ပုံသေသတ်မှတ်စည်းကမ်းချမှတ်ပေးဖို့က အခက်အခဲရှိတတ်ပါတယ်။ ဒါကိုလည်း သတိပြုရပါတယ်။ သူတို့က ပြတ်သားမှုအားနဲတာလည်း အမှန်ပါ။ ဒါကို
ဆရာမိဘတွေအနေနဲ့ ..သတိမမူမိပဲ .( ဟင် ငါမေးနေတယ်လေ ဖြေလေ ရှင်းအောင်၊ ဘယ်လိုကောင်စားမှန်း
ကိုမသိဘူး၊ ဒီစာကလေး ပြန်တာကိုပဲ တိတိကျကျမဖြေနိုင်ဘူး။ ဟိုလိုလို သည်လိုလိုနဲ့ ကဲဟယ်.....ကဲဟယ်........
ဗြန်း....ဗြန်း) ဆို ......... သွားပြီ။ တစ်ခြားဆီပဲဖြစ်သွားပါပြီ။



ကလေးမှာမှ မရှိတာကို မရှိနိုင်တဲ့ အရာကို ဇွတ်တောင်းနေသလိုပါပဲ။ မြင်ရလေ စိတ်နောက်ဖို့ကောင်းလေပါပဲ။
မှည့်တယ်......မှည့်တုန်းကတော့ ။ ဟယ် ဟိုကိုးရီးယားမင်းသားနာမည်လေးနဲ့ဆင်ဆင်လေးဖြစ်အောင် ....၊ ငါ
ကြိုက်တဲ့ဟိုမင်းသမီးလေးနဲ့ နာမည်ချင်းလေးဆင်အောင် ..ဘယ်လိုဘယ်ညာပေးလိုက်မယ်။ ရင်သိမ့်တုန် အချစ်
ဝတ္တုစာရေးဆရာမလေး မဘယ်သူ မှည့်တဲ့ သူ့ဇာတ်ကောင်နာမည်လေးပေးလိုက်မယ်။ စသည်ဖြင့် စိတ်ကုန်
စရာကောင်းလောက်အောင် ကို မှည့်ကြပါတယ်။ မေသူငြိမ်း ဆိုတဲ့နာမည်မျိုးကိုတောင် ...သိပ်ခေတ်မဆန်ဘူး
တစ်ခြားကလေးတွေနဲ့စာရင် နာမည်နဲနဲအောက်တယ်ထင်လို့ ...မေသူရတနာငြိမ်း ဖြစ်အောင်ပြောင်း၊ ...အဖေ
နာမည်လေးထည့်မှ ပိုမိမယ်ဆိုပြီး မေသူရတနာငြိမ်းကျော်ခင် ဖြစ်လိုဖြစ် ၊ တစ်ကယ်ကို စိတ်ပိန်ဖို့ကောင်းတဲ့
(အထူးသဖြင့်)အချို့သော ကလေးမိခင်တွေကို ကြည့်ကြည့်ပြီး နှလုံးနောက်မိတဲ့အထိပါပဲ။



ကိုယ်မှည့်တဲ့နာမည်နဲ့ ကိုယ့်ကလေးရဲ့  စရိုက်လက္ခဏာ ချင့်ချိန်တတ်ဖို့လည်း တစ်ကယ်လိုအပ်ပါတယ်။ လူနည်း
စုလောက်ပဲသိသိ သိတဲ့လူတွေမှာ ထိုက်သင့်တဲ့အကျိုးလေး ရလိုရငြား ကျွန်တော်ကြိုးစားကြည့်နေတာပါ။ နာမည်အဖျားစာလုံးကို တနင်္လာနံနဲ့ မှည့်ခေါ်ထားတဲ့ကလေးတွေမှာ ...အဓိကအလိုအပ်ဆုံးကတော့ ..သူတို့ဝါသ
နာပါမယ့် အကြောင်းအရာတွေထဲက နေမှ ကောင်းတဲ့လမ်း ကောင်းတဲ့အကြောင်းအရာလေးတွေကို အတတ်
နိုင်ဆုံးလမ်းပြအတုယူစေနိုင်ဖို့ လူကြီးမိဘဆရာသမားတွေအနေနဲ့ ထိမ်းမတ်ညွှန်ပြပေးနိုင်ဖို့ပါပဲ။ ဘာလို့လည်း
ဆိုတော့ သူတို့လေးတွေက စိတ်ခံစားမှုနောက်ကို လိုက်ပြီး ၊ ၀ါသနာဆိုတာကို အဓိကထားတတ်ကြလို့ပါပဲ။



နောက်တစ်ခုကတော့ ...သူတို့က အသင်းအဖွဲ့ ဆိုင်ရာကဏ္ဍတွေနဲ့လည်း အထူးပတ်သက်နေကြမယ့်ကလေး
မျိုးတွေပါ။ လူအများစုနဲ့ ပါဝင်ပတ်သက်ပြီး အဖွဲ့ အသင်းဆိုင်ရာကဏ္ဍတွေမှာ လည်း ငယ်စဉ်ကတည်းကကို
စပြီး ပတ်သက်လာတတ်တာကို လူကြီးမိဘများအနေနဲ့ တင်ကြိုနားလည်ထားဖို့လည်း လိုပါတယ်။ ကလေးက
အသင်း တစ်ခုခုမှာပါချင်တယ်။ ၀င်ချင်တယ်။ မိဘတွေက နားမလည်ဘဲ (အလုပ်ရှုပ်ရန်ကော ။ သွား...ဘာမှမပါ
နဲ့ အလကား အပိုကုန်အောင် ဘာဖြစ်တယ် ညာဖြစ်တယ် ) ဆို ... သွားပါလေရော ခုတ်ရာရှရာ တစ်ခြားဆီပါ။
ကလေးကို မဖွံ့ဖြိုးအောင် ဖိလိုက်သလိုပါပဲ။ အဲဒီ့လိုမကြာခဏအဖိခံရမယ်ဆိုရင် ကလေးက မသိအောင်လုပ်တဲ့
အကျင့်မျိုးစွဲကပ်လာနိုင်သလို ..၊ မကောင်းတဲ့သူတွေနဲ့ ပေါင်းဖော်မိရင် အတုယူမိရင် မကောင်းတဲ့အဖွဲ့အသင်း
တွေနဲ့ ပျော်မွေ့လာပြီးအရွယ်ရောက်ချိန်မှာ ပြောမရဆိုမရ ထင်ရာလုပ် ပျော်သလိုနေ ဖြစ်လာတတ်ပါတယ်။



သူတို့ကို ခြိမ်းခြောက် ငေါက်ငန်းတာထက် ပျော်အောင်ထားပြီး ချော့မော့ စည်းရုံးသွားတာက ပိုအဆင်ပြေစေနိုင်
ပါတယ်။ ကြားနေ၀ါဒကို ငယ်ငယ်ကတည်း က စပြီး တစ်စထက်တစ်စ ကျင့်သုံးလာတတ်တဲ့ကလေးတွေမို့....
တစ်ဖက်ဖက်ကို ရွေးခြယ်ဖို့ ပြတ်ပြတ်သားသားလုပ်ဖို့ အတင်းအကျပ်ခိုင်းစေတာမျိုးရှောင်ကျဉ်ကြပါလို့တိုက်
တွန်းလိုက်ရပါတယ်။



ချမ်းမြေ့ကြပါစေဗျား။


ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

ပညာရပ်ဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ စာစု(၁)

ပညာရပ်ဆိုင်ရာဆွေးနွေးဖလှယ်မှုများ စာစု(၁)

ဒီဆောင်းပါးလေးကတော့ ကျွန်တော်နဲ့ခင်မင်ရင်းနှီးနေတဲ့ အစ်ကိုဥပသကာနဲ့ ဆွေးနွေးထားတာလေးကို ပြန်လည် တင်ပြပေးလိုက်တာပါ။ အမှန်ကတော့ မျက်လုံး အားနည်းလာတာရယ် ခုရက်ပိုင်း ဆောင်းပါး ရေးဖို့ကိုပဲ အချိန်နဲနဲ လုနေရတာရယ်ကြောင့်လည်း ပါပါတယ်။ ကိုယ်ရေးချင်နေတဲ့ အကြောင်းအရာတွေဖြစ်ပေမယ့် အရမ်း ကျယ်ပြန့်လှလို့ စပြီးကို မရေးဖြစ်သေးတဲ့ ထုံးစံအတိုင်းပေါ့ ကျွန်တော့်ရဲ့  မကောင်းတဲ့ အကျင့်အတိုင်း ဟိုတစ်တို့ သည်တစ်စ မပြီးဆုံးသေးသော ကဏ္ဍတစ်ခုပါ။


upasaka969: ဟုတ်
ကျနော်သိချင်တာက
မဟာဘုတ်အိမ်ရဲ့ သဘာဝတွေပါ

10:38 PM me: တိန် အစ်ကို အဲဒါဆိုမိုးလင်းလိမ့်မယ်
ခွဲမေးမှရမယ်။
သို့သော်
အကြမ်းအားဖြင့်တော့
အတိုပေါ့ ပြောပြပါ့မယ်။

10:39 PM upasaka969: ဟုတ်
ရတယ်ဆရာ
10:40 PM ဆေင်း ပါးရေးတင် လိုက်
ကျန်တဲ့ ကျနော့် လို ၀ါသနာရှင်တွေ ပါ သိရတာ ပေါ့

10:42 PM me: ဘင်္ဂ သည် ပြောင်းလည်းမှု ၊ မရဏသည် ပရနယ်ပယ်၊ ပုတိသည် လမ်းခုလတ်၊ ရာဇ သည် ရည်မှန်းချက်ပန်းတိုင်၊ သိုက်သည် အတိတ်ကုသိုလ်ကံအကျိုးပေး၊ အထွန်းသည် အောင်မြင်ထင်ရှားခြင်း၊ အဓိပတိသည် အရည်အသွေး ၊ စသည်ဖြင့်ဆိုပါတော့။ ဒါက အရမ်းကိုကြမ်းပါတယ်။ အယူအဆကြမ်းပေါ့။

upasaka969: ဟုတ်ဆရာ

10:43 Pမရဏ ကို ပရ လောကနဲ့ ဆက်နွယ်တယ်လို့ယူတာ လား ဆရာ


10:44 PM me: မှန်ပါတယ်။ ဒါပေမယ့် ပရလောကဆိုလို့ သရဲတစ္ဆေ နာနာဘာဝ ၀ိနာဘာဝနယ်ပယ်ချည်းပဲလို့မကောက်ယူအပ်ပါဘူး။ အစ်ကိုလည်းသိပါတယ်။ ပရ ဆိုတာ အခြားသော နယ်ပယ် ဆိုတဲ့သဘောပေါ့။

10:45 PM ဒါကြောင့် မရဏဌာနကို အကျယ်ချဲ့မယ်ဆိုရင် နိုင်ငံရပ်ခြားတိုင်းတစ်ပါး
လူမျိုးကွဲ
ဘာသာကွဲ
လူသူကင်းဆိတ်ရာအရပ်
ထောင်
ဆေးရုံ
ဘုန်းတော်ကြီးကျောင်း
ရိပ်သာ
တရားစခန်း
10:46 PM နယ်စွန်နယ်ဖျား
မြို့စွန်မြို့ဖျား
ကမ္ဘာနဲ့ယှဉ်ကြည့်မယ်ဆိုရင်
10:47 PM အာကာသ နှင့် အခြားသော ဂြိုဟ်များ
စသည်ဖြင့်ပေါ့အစ်ကို အများကြီးပါပဲ ပြောရရင်။


upasaka969: ဟုတ်
ဆရာ
အဲလိုဆို
10:48 PM သောကြာမရဏ ဖြစ်နေတဲ့ သုံးခုကြွင်း ဘွားတွေအတွက်
နိုင်ငံခြားကံ နဲတယ်လို့ ပြောလို့ရပါသလား၊
ဆရာ

me: မရပါခင်ဗျာ
ဘယ်လိုမှမပြောအပ်ပါ
ပမာအားဖြင့်ပြောရရင် ပိုတောင် ကံအားကြီးတယ်လို့ဆိုနိုင်ကောင်းဆိုနိုင်ပါသေးတယ်။
10:49 PM နိုင်ငံ့ဂုဏ်ဆောင် ဦးသန့်ဟာ သောကြာမရဏဖွားပါခင်ဗျာ


upasaka969: ဟုတ်ကဲ့
10:50 PM ဒါပေမဲ့ တချို့သောဆရာတွေအဆိုရ
မရဏခွင်မှာရှိတဲ့ ဂြိုလ်မှန်သမျှ
ရှောင်ရမယ်ဆိုတဲ့
အမြင် ကို
ဆရာ ဘယ်လို မြင်သလဲ ခင် ဗျ


10:52 PM me: တစ်ချို့သော ဆရာတွေကို မှားတယ်လို့ကျွန်တော်မပြောလိုပါ။ သို့သော် လှေနံဓါးထစ်ပြီး ရှောင်ရမယ်လို့တော့ ကျွန်တော်ဖြင့်မယူဆမိပါ။ ဥပမာဆိုကြပါစို့ လူတစ်ယောက်ရဲ့ အညွန့်ဂြိုဟ်ဟာ မရဏမှာရှိနေလို့ အဲဒီ့ဂြိုဟ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှောင်ခိုင်းရမယ်ဆိုရင် ဒီလူ့အနေနဲ့တစ်သက်လုံး အညွန့်မထွက်တာပဲအဖတ်တင်ပါလိမ့်မယ်။
10:53 PM ထပ်ပြီးကျွန်တော်ဥပမာပေးရှင်းပြပါ့မယ်။
10:55 PM နောက်တစ်ခုက မရဏဌာနကို လုံးဝအဆိုးလို့သတ်မှတ်လို့မရတာပါ။
ဒါကတော့ ကျွန်တော်အခိုင်အမာကိုပဲပြောချင်ပါတယ်။
10:56 PM အဲဒီ့လိုပဲ အပေါ်လေးအိမ်ကဂြိုဟ်တွေကိုလည်း အကောင်းချည်းသတ်မှတ်လို့မရပါ။
10:57 PM မရဏဌာနကို ရေမရှိတဲ့သဲချောင်းကြီးလို့တင်စားမယ် ဥပမာပေးမယ်ဆိုပါစို့။ သဲနဲ့လုပ်ကိုင်စားသောက်မယ့်သူအတွက်တော့ အဲဒါဟာရတနာသိုက်ပါပဲ။

10:58 PM upasaka969: ဟုတ်
ဆရာဆိုလိုချင်တာတာက
10:59 PM ဆန်းကျမ်းအယူနဲ့ပေါင်းပြီး
11:00 PM -+-=+
လို့ဆိုလိုတာ လား
ခင်ဗျ


11:01 PM me: ဆန်းကျမ်းအယူအဆနဲ့ပေါင်းတဲ့သဘောထိမဟုတ်သေးပါဘူးခင်ဗျ။ ဒါပေမယ့် အဲဒီ့သဘောတော့ဆန်ပါတယ်။ တစ်ကယ်ဝန်ခံရရင်တော့ နက္ခတ္တဗေဒ ပိုင်းဆိုင်ရာ သဘောတရားအချို့ ပါပါတယ်။


11:02 PM upasaka969: ဟုတ်ဆရာ
နဲ လောက်ရှင်းပြပါ လား

11:05 PM me: ဒီလိုပါ။ ဌာနနဲ့ ဂြိုဟ် သဘောအရ သုံးသပ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် မရဏမှာဌာနမှာရပ်တဲ့စနေနဲ့ အဓိပတိဌာနမှာရပ်တဲ့စနေ ကို သုံးသပ်မယ်ဆိုပါတော့။ ကျွန်တော့်အယူအဆအရ အဓိပတိဌာနက စနေကို သဘောမကျပါဘူး။
ဘာလို့လည်းဆိုတော့ အင်္ဂါပိုင်တဲ့ အဓိပတိဌာနမှာရပ်တည်ထားလို့ပါ။


11:07 PM upasaka969: မဟာဘုတ် ကသစ်အိမ်နဲ့
ပေါင်း လိုက်တာပေါ့နော်
ဆရာ

me: မှန်ပါတယ်
အဲလို မပေါင်းပဲနဲ့ အဖြေမထုတ်သင့်ပါဘူး

upasaka969: ဟုတ်ဆရာ
11:08 PM အဲ လို ဆို ရာဇ အိမ်မှာ ရပ်တဲ့ ဗုဒ္ဓဟူး အတွက်
အကောင်းဖိပြောဖို့
ဆိုတာ
မလွယ် ဘူးဆရာ
အဲ လို လား

11:10 PM me: အကောင်းချည်းတော့ဖိပြောလို့မရပါဘူး ။ မရဏမှာရှိတဲ့ဗုဒ္ဓဟူးဟာ စာပေနဲ့အတွေးအခေါ်ပိုင်းကို ဖြစ်ထွန်းစေတဲ့ အနေအထားတစ်ရပ်လို့တော့ ကျွန်တော်ယူဆပါတယ်။
သို့သော် ဒီအချက်က လေ့လာနေဆဲပါ။

11:12 PM upasaka969: ဟုတ်ဆရာ

11:13 PM me: ဗုဒ္ဓဟူးရာဇရဲ့အတွေ့ရအများဆုံးအချက်ကတော့ အရောင်းအ၀ယ်နဲ့ ကုန်သွယ်မှုဆိုင်ရာ အသက်မွေးမှုကို တွန်းအားအဓိကပေးခြင်းပါပဲ။

11:14 PM upasaka969: ဟုတ်
ဆရာ
11:17 PM မဟာဘုတ်ရဲ့ မူလ ရှိနေတဲ့ ကသစ်ဂြိုဟ်တွေနဲ့
အဲဒီအိမ်မှာရပ်နေတဲ့ ဂြိုလ်တွေမှာရော
မိတ် ရန် ဓာတ်မခွဲတော့ ဘူး လား
ဆရာ

11:18 PM me: ဟာ ခွဲရတာပေါ့ခင်ဗျာ။ သို့သော် ဒီနေရာမှာတော့အထူးပြောင်မြောက်စွာ သတိထားဖို့လိုပါတယ်။
ကိုယ်ကလည်း ဂြဟကာရကတွေကိုကျေညက်နေဖို့လိုပါတယ်။
မိတ်ရန်ဆိုရာမှာလည်း လက်ရိုးနဲ့လက်ဆန်းမှာ ဘယ်မိတ်ရန်ကိုယူသုံးမလဲ။
11:19 PM လက်ဆန်းမို့ လက်ဆန်းမိတ်ရန်ပဲသုံးမလား။ လက်ရိုးက မိတ်ရန်ကို သုံးမလား။
နှစ်ခုစလုံးချိန်ဆမလား။ စသည်ဖြင့်ပေါ့ အများကြီးပါပဲ။

upasaka969: လက်ရိုးနဲ့ လက်ဆန်း ကွဲနေတယ်
ဆရာ့ အတွေ့ကြုံအရ
ဘယ် ဟာက ပို မှန် လဲပေါ့

me: လက်တွေ့လေ့လာ တစ်ကယ်စူးစမ်း အဟုတ်လုပ်ကြည့်မှ ဒါတွေက သိရမှာပါ။
11:20 PM မှန်ရာဝန်ခံရရင်တော့ အတွေ့အကြုံအရ လက်ရိုးက သဘောတရားတွေကို ထည့်သွင်းစဉ်းစားသုံးသပ်တာက ပိုပိုပြီး အဖြေမှန်ထွက်တာကိုတွေ့ရပါတယ်။


11:23 PM upasaka969: လက်ရိုးမှာကျတော့
တနင်္ဂနွေနဲ့သောကြာ က
ရန်ဖြစ်သွား လားဆရာ
11:25 PM မနက်ဖန်မှ သေခြာအောင်မေးရမှာ ပဲ
ဆရာ

me: မှန်ပါတယ်ခင်ဗျာ အသေနှံ စံလှ ၀က်ကို မသတ်လို ဆိုသလိုပေါ့။ တနင်္ဂနွေသည် သောကြာ နှင့် စနေကို ရန်ပြု၏။ တနည်းအားဖြင့်မနှစ်သက်လို့ဆိုတယ်မဟုတ်လား။ ဒီလိုပဲ သူအိုကောင် ဆိုတဲ့အတိုင်း သောကြာကလည်း တနင်္ဂနွေကို မနှစ်သက်ပါဘူး။ သဘာဝအားဖြင့် ဒီဂြိုဟ်နှစ်ခုက ဆန့်ကျင်ကျပါတယ်။


11:26 PM upasaka969: အဲ လိုဆို
အတွင်းမိတ် လို့
လက်ဆန်းဥပဒေ သ
က မြင်တဲ့ အမြင် မှာ အား နည်း ချက်ရှိနေ လား ဆရာ

11:27 PM me: ဘာကြောင့် အတွင်းမိတ်လို့ လက်ဆန်းဥပဒေသမှာ ထွက်ရသလဲတော့ ကျွန်တော်လည်းတစ်ကယ်မသိတာပါ။ သို့သော် ရှေးဆရာတွေရဲ့အဆိုကတော့ အားနည်းချက်မရှိနိုင်ဘူးလို့ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့က ဥာဏ်တိမ်နေသေးလို့ ဆက်နွယ်မှုကို သေချာသဘောမပေါက်သေးတာပါ။

11:28 PM upasaka969: ကျေးဇူး
ပါဆရာ
ကျနော် က မေးတတ် အောင် ကို မနည်း
လုပ် နေရတာ ပါ

me: ပြောရရင် မောလှတယ်ထင်ပါဘူးတစ်ကယ် ...သို့ပေမင့် .... အခါလင့်ပြီမို့ တတ်သယောင်မှတ်သယောင်နဲ့ ကျွန်တော် ...ဟုတ်ကဲ့ ပတ်တရောင် နဲ့တွေ့မှာစိုးလို့ ဂိုးပြီအစ်ကိုရေ......။ ကောင်းသောညပါခင်ဗျား။

11:29 PM upasaka969: ငြိမ်း ချမ်း ပါစေ ဗျာ



ဆက်လက်ဆွေးနွေးဖြစ်ကြပါလျှင် .....ထပ်မံတင်ပြပေးပါ့မည်ခင်ဗျား။

ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

အမည်ပြောင်းလည်းခြင်း နှင့် ကံဇာတာ (ဒုတိယပိုင်း)

Thursday, January 21, 2010



အမည်ပြောင်းလည်းခြင်း နှင့် ကံဇာတာ (ဒုတိယပိုင်း)

အမည်ပြောင်းလည်းသည့်အခါ အရေးအကြီးဆုံးမှာ တရားဝင်နိုင်ငံသားမှတ်ပုံတင်မှ အမည်ကိုပြောင်းလဲမှုပြု
လုပ်ရခြင်း ဖြစ်၏။ အဘယ်ကြောင့်နည်း။

တစ်ကယ်တော့ အမည်သညာ မှည့်ခေါ်ခြင်းဟူသည်မှာ ဗေဒင်ပညာရှုထောင့်မှတွက်ဆလျှင် တနင်္ဂနွေဂြိုဟ် နှင့်စပ်လျဉ်းသော ကိစ္စအချင်းအရာဟု ဆိုနိုင်ပါသည်။ တနင်္ဂနွေဂြိုဟ်သည် အသိအမှတ်ပြုခြင်း ဆိုင်ရာတွင် အရေးပါလှသော ဂြိုဟ်လည်းဖြစ်သည်။ အမည်သညာ ဟူသည်မှာလည်း မောင်ဘယ်သူ မဘယ်ဝှာ စသည်အားဖြင့် အသိအမှတ်ပြုရခြင်းတစ်မျိုးလည်းဖြစ်ပါသည်။ ယင်းသို့သာ အသိအမှတ် မပြုထားပါမူ..လူမှုဆက်ဆံရေးတွင် အလွန် အခက်အခဲ ဖြစ်လာနိုင်ပါသည်။ ပမာအားဖြင့် (ဟဲ့ ရှစ်ယောက်မြောက်ရဲ့ အထက်က အကောင် အမေ့ကိုဆပ်ပြာသွားဝယ်ပေးစမ်း၊) (ရွာအစွန်အိမ်ရဲ့  ဒီဘက်အိမ်က လင်မယားက ဆွမ်းကျွေးဖိတ်လိုက်တယ်) ( ဘယ်အိမ် ကလည်း နားမလည်ဘူး) စသည်ဖြင့် အခက်အခဲ တော်တော်များသွားနိုင်ပါသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အမည်သညာ မှည့်ခေါ်သတ်မှတ်ပြီး မောင်ဘယ်သူ မဘယ်ဝါ စသည်ဖြင့် အမှတ်သညာပြု အသိမှတ်ပြုထားကြရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တနင်္ဂနွေဂြိုဟ်သည် အမည်သညာ မှည့်ခေါ်ခြင်းနှင့် အထူးစပ်လျဉ်း လာပြီး၊အမှန်ပင် ပြင်ပလောကတွင် လေ့လာကြည့်ရာတွင်လည်း တနင်္ဂနွေဂြိုဟ်အားကောင်းကျသူများမှာ နာမည်ဂုဏ်သတင်း ထင်ရှား ကျော်ဇောခြင်း ရှိကြလျှက် တနင်္ဂနွေဂြိုဟ် အားနည်းကျသူများမှာမူ နာမည်ပျက် နာမည်ဆိုးတွင် ရစ်ခြင်း ၊ ဂုဏ်သတင်း ညှိးငယ်ခြင်း ရှိကြကုန်သည်ကို များစွာ တွေ့ ရှိရလေသည်။

တနင်္ဂနွေသည် အသိအမှတ်ပြုခြင်းနှင့် သက်ဆိုင်ရာ အဓိကလွှမ်းမိုးထားသော အမည်သညာ နှင့်ဆိုင်သောဂြိုဟ် ဟုဆိုပါလျှင်၊ ယင်းသို့အသိအမှတ်ပြုခြင်းတွင် ခေတ်အခါပြောင်းလည်းလာသည်နှင့်အမျှ လူဦးရေများပြား လာသည်နှင့်အမျှ သက်ဆိုင်ရာမင်းအစိုးရများမှလည်း နိုင်ငံသား မှတ်ပုံတင်ကဒ်များ ထုတ်ပေးပြီး တစ်ဦးချင်းဆီကို စနစ်တကျသတ်မှတ် ခွဲခြားလာရပါသည်။ ထို့ကြောင့် ပင်လျှင် မင်းအစိုးရ အသိအမှတ်ပြုထားသော နိုင်ငံသား မောင်ဘယ်သူမဘယ်ဝါအဖြစ် တရားဝင် တိုင်းသိပြည်သိ အသိအမှတ်ပြုထားသော နိုင်ငံသားမှတ်ပုံတင်ပါ အမည်မှာ လူတစ်ဦးတစ်ယောက်အတွက် အရေးပါ အရာ ရောက်ခြင်းဖြစ်၏ ။ ယင်းသို့ဖြစ်ခြင်းကြောင့် အမည်ပြောင်းလဲရာတွင် နိုင်ငံသား မှတ်ပုံတင်မှ အမည်ကိုပါ ပြောင်းမှသာလျှင် အမှန်တစ်ကယ် ပြောင်းလဲ ရာရောက်၏။

အမည်ပြောင်းလည်းရာတွင် မူလအမည်ကို ဖျောက်ရသည်မှာလည်း အရေးပါသော အချင်းအရာ တစ်ရပ်ဖြစ်၏။ အမည် ပြောင်းပြီးသည့်တိုင် မူလအမည်ကိုလှမ်းခေါ်လိုက်ချိန်တွင် မိမိက ပြန်လည် လှည့်ကြည့် မိခြင်းမျိုး အသိမှတ်ပြုစိတ် ကျန်ရှိနေသေးပါက မူလအမည်၏ သက်ရောက်မှုသည်လည်း အတိုင်းအတာ တစ်ရပ်ထိ ကျန်ရှိနေခြင်းဟု သိနိုင်ပေသည်။ တစ်ကယ်တော့ အမည်တစ်ခုကို ပြောင်းလဲရာတွင် အမည်ရှင် နေထိုင်လုပ်ကိုင်နေသော...ပတ်ဝန်းကျင် အသိုက်အ၀န်း၏ ပံ့ပိုးကူညီပေးမှု သည်လည်း အရေးပါ ပေသည်။

အနှစ်ချုပ် ဆိုရပါမူ အမည်ပြောင်းလဲခြင်းသည် လူတစ်ယောက်အတွက် အရေးပါသောကဏ္ဍဖြစ်ပြီး၊ အရွယ်ရောက်ပြီး လေလေ ပြောင်းလဲရာတွင် အချိန်ပိုယူ ရလေလေ ဖြစ်သည်။ အမည်ပြောင်းလည်းခြင်း အားဖြင့် ကံဇာတာ အတက်အကျများ ပြောင်းလဲ နိုင်ပါသလား ဟု မေးခဲ့ပါမူ မူလဇာတာ လက္ခဏာ အရပါလာသော ကံအခြေအနေပေါ်မှာပင် အမည်ပြောင်းလဲမှု အရလည်း အတိုင်းအတာတစ်ရပ်ထိ ပြောင်းလဲသွား နိုင်ကြောင်း ဖြေဆိုရပေမည်။

ချမ်းမြေ့သုခ ရရှိကြပါစေ။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

အမည်ပြောင်းလည်းခြင်း နှင့် ကံဇာတာ (ပထမပိုင်း)

Wednesday, January 20, 2010

အမည်ပြောင်းလဲခြင်း နှင့် ကံဇာတာ (ပထမပိုင်း)

အမည် ပြောင်းလဲခြင်း။ အမည်ပြောင်းလဲခြင်း ဟူသည်မှာ လွယ်ကူသည့်ကိစ္စ တစ်ခု မဟုတ်ပါ။ ထို့အတူ ပြောင်းလဲ ပြီးသည်နှင့်လည်း သက်ဆိုင်ရာ အမည်ရှင် ၏ ဦးတည်ချက် ရည်းမှန်းချက် လုပ်ဆောင်ချက်များ
အားလုံး သည်လည်း အတိုင်းအတာ တစ်ရပ်အထိ အမှန်ပင်ပြောင်းလည်း သွားသည်သာ ဖြစ်၏။

ယင်းသို့ပြောင်းလဲ သွားမှုကြောင့်ပင်လျှင် အနာဂတ်ကံဇာတာသည်လည်း တစ်မျိုးတစ်ဖုံပြောင်းလည်း သွား၏။ ယင်းအချက်ကို လက်ခံနိုင်သူ နှင့် လက်မခံနိုင်သူ များမှာ ပြင်ပလောကတွင်သာမက ဗေဒင်ပညာရှင် လောကမှာပင် နှစ်အုပ်စု ကွဲပြားလျှက် ရှိနိုင်ပေသည်။

ယင်းကိစ္စကို စာရေးသူသည် နှစ်များစွာလေ့လာခဲ့ပါသည်။ ဘာသာရေးရှုထောင့်မှလည်း ဥာဏ်အဆင့်မီသမျှ သုံးသပ်ကြည့်ပါသည်။ အဖြေမှာ တိတိကျကျမရခဲ့ပါ။ နောက်ဆုံးတွင် လက်တွေ့များများ စမ်းသပ်ကြည့်မှသာ အဖြေ ပေါ်တော့မည်ဟု ဆုံးဖြတ်ပြီး၊ အိမ်ရှိခွေးကြောင် စသည်တို့ကို နာမည်ပေး ၏။ အရပ်ထဲတွင်ရှိသော ကလေး သူငယ်များကို နာမည်ပေးတောင်းသည့်အခါ မှည့်ခေါ်ပေး၏။ ပြီးလျှင် စောင့်ကြည့်ပြီး သုံးသပ်၏။ စရိုက် စိတ်နေမှ အစ အသေးစိတ်စူးစမ်း၏။ တိရိစ္ဆာန်များတွင် သက်တမ်းတိုခြင်းကြောင့်ထင်သည်။ အကြီး မြန်သလို စရိုက်များလည်း မှည့်ပြီးမကြာမီမှာပင် သိသိသာသာ ကွဲပြားလာ၏။ အထိုင်မြဲအောင် မှည့်ကြည့်၏။ အိမ်မကပ်အောင်လည်း မှည့်ကြည့်၏။ စာရေးသူလုပ်သဖြင့်မိခင်ကြီးအလွန်ချစ်သော ကြောင်ကြီး အချို့ မှာ အိမ်လည်လွန်ပြီး ပန်းကန်ပြည်သို့ အလည်ရောက်သွားကြ၏။


ခွေးကို ကိုက်အောင်မှည့်ကြည့်၏။ တစ်ကယ်ကိုက်၏။ ဘာသာညာသော နားမလည်။ မြင်သမျှဆွဲ၏။ ခွေးပဲ ကိုက်မှာပေါ့ ဒါကြောင့်ပဲလား သံသယ ပြန်ဖြစ်သဖြင့် အကြိမ်ကြိမ်စမ်း၏။ အားမရသေး။ သို့ဖြင့် ကလေး သူငယ်များကို နာမည် တစ်ကူးတစ်က လိုက်ပေးပြီး စောင့်ကြည့်၏။


ဖိုက်တာဖြစ်လာအောင် အင်္ဂါဂြိုဟ်အားကောင်းနေသူကိုနာမည်အဖျားစာလုံးအင်္ဂါနှင့်မှည့် ပေးလိုက်၏။ ရန်ဖြစ် လွန်းသဖြင့် ကလေးဖခင်(စာရေးသူ၏မိတ်ဆွေ) က .. မထက်မြက်ချင်နေပါစေတော့ .နဲနဲ နားအေးအောင် နာမည် လေးပြင်ပေးပါဆိုသဖြင့် နာမည်အဖျား စာလုံးကြာသာပတေးနံဖြင့် မှည့်ခေါ်ပြောင်းလည်း ပေးကြည့် လိုက်၏။

စပြောင်းပြောင်းခြင်း ကလေးက အမည်သစ်ကိုစိမ်း၏။ ထို့အတူ ချက်ချင်းလည်း အာနိသင်ကမပြောင်း။ ငါးလနီးပါးခန့် နာမည်သစ် ပြောင်းပြီးချိန်တွင် ကလေးသည် တည်ငြိမ်သွား၏။ နာမည်သစ်ကိုလည်း လက်ခံ လာ၏။ ထို့အတူ စရိုက်ကလည်း သိသိသာသာပြောင်းလည်းသွား၏။ အထူးသဖြင့် ဒေါသစရိုက်များ လျော့ပါး လာပြီး (ကြာသာပတေးအဖျားစာလုံး၏သဘာဝကြောင့်) ဗဟုသုတများကို ပိုမို အမေးမြန်း ထူလာ၏။ ဆင်ခြင်နိုင်စွမ်း ရှိလာ၏။ ယင်းသို့ဖြင့် စာရေးသူသည် ကလေးငယ်ပေါင်း အမြောက်အများကို နာမည် မှည့်ပေးခြင်း ။လက်တွေ့ အကဲခတ်ကြည့်ခြင်း ပြုလုပ်လာခဲ့၏။ ထိုမှတစ်ဆင့် လူကြီးများ ကို လေ့လာ၏။ နာမည် အရ ဖြစ်ပွားလာသော စရိုက် စိတ်နေ စိတ်ထား တို့ကို တတ်အားသဖြင့် သုတေသနပြုခဲ့၏။ ကျယ်ပြန့် လွန်းလှပါပေ၏။ မဆုံးနိုင်။ လေ့လာပါများသောကြောင့် ထိုက်သင့်သော အကျိုးအချို့ကိုမူရရှိခဲ့ပါသည်။

ကလေးသူငယ်များတွင် နာမည်ပြောင်းရသည်မှာလွယ်ကူ၏။ အကျိုးအပြစ် ပြောင်းလည်းရာတွင် လူကြီးများထက်ပိုမိုလွယ်ကူ၏။ မြန်၏။လူကြီးများအဖို့မူ အချိန်ယူရ၏။ ပတ်ဝန်းကျင် ကလည်း အထူး ပံ့ပိုးပေးမှ ပြောင်းလွယ်၏။ ကိုယ်တိုင်ကလည်း နာမည်သစ်ကို လိုလားနှစ်သက် လာမှ အကျိုးပိုမိုရ၏။ အချိန်လည်းယူ ရ၏။ အ၀တ်တစ်ထည်ပြောင်း ၀တ်သကဲ့သို့ကား မဖြစ်နိုင်။ နဂိုအမည်ကိုလည်း တစ်ဖြေးဖြေး နားအကျင့် တိမ်ကောလာအောင် ဖျောက်ယူရ၏။ သို့မှသာလျှင် နာမည်ပြောင်းလည်းခြင်းအဖြစ်သို့ရောက်၏။ အရေးအကြီးဆုံး အချက်မှာ အရွယ်ရောက်ပြီးသူတို့တွင် နာမည်ပြောင်းသောအခါ တရားဝင်နိုင်ငံသား မှတ်ပုံတင်မှ အမည်ကို ပြောင်းလဲ စေရ၏။ အဘယ်ကြောင့်နည်း။

ဆက်လက်ရေးသားတင်ပြသွားပါမည်။

ချမ်းမြေ့ပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
kosoemoetun13@gmail.com

လောင်းကစား နှင့် ဗေဒင်ပညာရှုထောင့်

Tuesday, January 19, 2010






လောင်းကစားနှင့် ဗေဒင်ပညာရှုထောင့်





လောင်းကစား ...လောင်းကစားဟူသည်ကားအဘယ်နည်း။ ကံကိုပုံပြီး ဖြစ်နိုင်ခြင်း တစ်ဝက် မဖြစ်နိုင်ခြင်း တစ် ၀က်အနေအထားတွင် မိမိလိုရာဆွဲပြီး ဖြစ်နိုင်သည့်ဘက်က နေ...ရင်ခုန်စွာရပ်တည်ရသော အလုပ်ကိုလောင်းကစား ဟု ခေါ်နိုင်မည်ထင်ပါသည်။ လောင်းကစားစိတ်သည် လူတိုင်း၏ ရင်ထဲတွင် အနဲနှင့်အများ ဆိုသလို ခိုအောင်းနေတတ် သော စိတ်သဘာဝတစ်မျိုးလည်း ဖြစ်မည်ထင်သည်။ ကျွန်တော်သည် အသက် ဆယ့်ရှစ်နှစ်မှ အသက်နှစ်ဆယ့်သုံး နှစ်ထိတိုင်အောင် လောင်းကစားကို စွဲစွဲမက်မက်လုပ်ခဲ့ဖူးသည်။ အသက်နှစ်ဆယ့်သုံးပြည့်ပြီးချိန်မှ စပြီး ရာသက်ပန် လောင်းကစားကို စွန့်ခွာပစ်ခဲ့သည်။ သို့တိုင်အောင် လောင်းကစားစိတ်ကား ရင်ထဲတွင် ရှိနေဆဲသာဖြစ်သည်။


နောင်သောအခါ ဗေဒင်ပညာကို လေ့လာလိုက်စားမှုပိုမိုလာခဲ့သောအချိန်တွင် ယင်းလောင်းကစားနှင့်ပတ်သက် သော အချက်အလက်များကို စုဆောင်းလေ့လာခဲ့ပါသည်။ ထိုအခါတွင် လောင်းကစားနှင့် ပတ်သက်သောအဓိ က ဂြိုဟ် ကို တွေ့ရှိခဲ့ပါသည်။ ယင်းဂြိုဟ်မှာ စနေဂြိုဟ်ဖြစ်သည်။ ထိုသို့ဆိုလျှင် အချို့သော သူတို့က ကျွန်တော့်ကို ရယ်သွမ်းသွေးချင်လည်း ရယ်သွမ်းသွေးကြပေလိမ့်မည်။ ခုမှသိရသလားဟူပြီးလျှင်။ ကျွန်တော့်အနေနှင့်မူ ကိုယ် တိုင် ဆန်းစစ်လေ့လာကြည့်ပြီးမှ သေချာသည်ဟု စိတ်ချလက်ချယုံကြည်နိုင်သောအခါမှသာ ထိုအယူကိုလက်စွဲ ပြုတတ်သောအကျင့်ရှိနေသောကြောင့် စာဖတ်ရုံ ၊ တစ်ဦးတစ်ယောက်က ပြောရုံမျှ ဖြင့် အလွယ်တစ်ကူလက် ခံနိုင်ခဲ့ခြင်းမရှိခဲ့ပါပေ။


လောင်းကစား နှင့် ပတ်သက်ပြီး ယင်းသို့ စနေဂြိုဟ်သည် ဆက်နွယ်အားပြုပေးလျှက်ရှိ
ကြောင်းတွေ့ရှိရပြီးနောက် ..ယင်းအချက်သည်ကျွန်တော့်အတွက် အလွန်အကျိုးကျေးဇူးရရှိစေခဲ့ပါသည်။ အထူးသဖြင့် နုနယ်သေးသော ကလေးသူငယ်လေးများ ကိုနာမည်ပေးခွင့်ကြုံတိုင်း ယင်းအကျိုးကျေးဇူးကို ပီတိ ဖြစ်ခဲ့ရသည်ချည်းပင်။ အဘယ်ကြောင့်နည်း .... ။


လောင်းကစားကို အလွန်အကျုးလုပ်သော သူများတွင် နာမည်
အဖျားစာလုံး စနေသည် တွန်းအားအလွန်ပေး၏။ နာမည်အဖျားစလုံးစနေသည် ပုတိ ရာဇ ဌာနတစ်ခုခုတွင် ရပ် တည်နေလျှင် လောင်းကစားစိတ်ပိုမိုအားကောင်းလာ၏။ အာလပ္ပနကာရကအမည်ဖြစ်ပါမူ .....လောင်းကစားကို စွန့်လွှတ်နိုင်သည်ဟူပြီးမရှိနိုင်တော့ပဲ ...အချိန်တန်သည်နှင့် လောင်းကစားပြန်လုပ်စေအောင်တွန်းအားပေး၏။ အဆိုပါအချက်တို့ကို ရရှိခဲ့သောကြောင့်ပင် အမည်ပေးရာတွင် ကျွန်တော့်အတွက် ကြီးစွာအထောက်အကူရရှိခဲ့ ပါသည်။ ကျွန်တော်လေ့လာမှတ်တမ်းတင်ခဲ့သော လောင်းကစားလောကတွင်ကျင်လယ်နေသူအချို့ ၏ မူလ မဟာဘုတ်နှင့် နာမည်အနေအထားများ ကို ဆက်လက်တင်ပြသွားပါမည်။ လေ့လာကြည့်ကြပါစို့။



ဥပဒေသ (၁) နာမည်အဖျားစာလုံးသည် စနေဂြိုဟ်ပိုင်အက္ခရာတစ်ခုခုဖြင့် မှည့်ခေါ်ခဲ့ပါမူ လောင်းကစားစိတ်၊ သို့မဟုတ် ကံကိုပုံပြီး လုပ်ကိုင်ကြည့်လိုသောစိတ်မျိုး ရှိလာတတ်ပေသည်။


ဥပဒေသ (၂) အာလပ္ပနကာရကအမည်အမျိုးအစားသည် အလုပ်ဟောင်းကို တစ်ဖန်ပြန်လည်ပြီး လုပ်ကိုင်မိစေ တတ်သော အာနိသင်မျိုးရှိ၏။ အာလပ္ပနကာရကအမည်မျိုးကို နာမည်အဖျားစာလုံးစနေဖြစ်အောင် ကြာသာပတေးစ စနေအဆုံးဖြင့်မှည့်ခေါ်ထားသောအမည်များသည် လောင်းကစားမှုကို တစ်ဝဲလည်လည် လုပ်ကိုင်ဆောင်ရွက်မိစေရန် တွန်းအားအထူးပေး၏။


ဥပဒေသ (၃) ပုတိဌာနသည် လူတစ်ယောက်၏ ၀ါသနာ နှင့် ပျော်မွေ့နှစ်လိုသော အကြောင်းအရာများကိုဖော် ပြ၏။ အဆိုပါဌာနတွင် စနေဂြိုဟ် ရပ်တည်နေခြင်း သည် လောင်းကစား သို့တည်းမဟုတ် ကံကိုပုံပြီး လုပ်ရသောအလုပ်များတွင် စိတ်ပျော်မွေ့ မှုဖြစ်စေရန်တွန်းအားပေးသောအနေအထားဖြစ်၏။


ဥပဒေသ (၄) ရာဇ ဌာနသည် လူတစ်ယောက်၏ အနာဂတ်မျှော်မှန်းချက် နှင့် လိုလားတောင့်တချက်များကို ဖော်
ပြ၏။ အဆိုပါဌာနတွင် ရပ်တည်သော စနေသည် ကံတရား၏ စေစားမှုအရ ရရှိလာသော ကောင်းကျိုးများကို .... မျှော်လင့်လိုမှုနှင့် လောင်းကစားဆန်ဆန် ပြုလုပ်လိုသော ရည်မှန်းချက်များထားရှိမှုကို ဖြစ်စေရန်တွန်းအားပေး၏။

ဥပဒေသ (၅) မရဏဌာနတွင်ရပ်တည်သော အညွန့်ဂြိုဟ် သို့မဟုတ် နာမည်အဖျားစာလုံးသည်လည်း လောင်းကစားမှု သို့မဟုတ် ကံကိုယုံကြည်ပြီးလုပ်ကိုင်ရသော အသက်မွေးမှု နှင့် ဘ၀ဦးတည်ချက် တို့ကို ...အခါအားလျော်စွာဖြစ်ပွားစေတတ်၏။


အထက်ပါဥပဒေသငါးချက် နှင့် ကိုက်ညီမှုများ အားကောင်းပါက လောင်းကစားစိတ်အားကောင်းသောသူ တစ်
ဦးဖြစ်လာတတ်၏။


ကိုမင်းနိုင်

မွေးခုနှစ်သက္ကရာဇ် ၁၃၃၆ ခုနှစ် နယုန်လပြည့်ကျော် (၈) ရက် ဗုဒ္ဓဟူးနေ့ တွင်ဖွားမြင်သည်။

မူလမဟာဘုတ်ဇာတာခွင်အရ ၆ခုကြွင်းဖွား ဗုဒ္ဓဟူး ရာဇဖွား ဖြစ်သည်။

အမည်အမျိုးအစားမှာ ကြာသာပတေးစ စနေအဆုံး (အာလပ္ပနကာရကအမည်) အမျိုးအစားဖြစ်သည်။


ဇာတာရှင်မှာ စာရေးသူ၏ ဦးလေးဦးမင်းတစ်ယောက်ဖြစ်ပါသည်။ စာရေးသူနှင့် အသက်ခြင်းကား သိပ်မကွာလှ ပါ။ သူ့ဘ၀၏ ဖြစ်စဉ် တစ်လျောက်လုံးနီးနီးလောက်ပင် တွေ့ မြင်ခဲ့ရပါသည်။ အထက်ပါဥပဒေသများအရ ဥပဒေသ (၁) (၂) (၃) သုံးချက်လုံးနှင့် ကိုက်ညီသော သူလည်း ဖြစ်ပါသည်။ သူသည်ငယ်စဉ်ကတည်းကပင် လောင်းကစားစိတ်အလွန်များပါသည်။ သရေပင်တမ်း ဘတ်စေ့လှည့်ခြင်းမှ အစ လောင်းကစားနည်းမျိုးစုံ သူမတတ်သည်မရှိ။ အရွယ်ရောက်လာသောအခါတွင် ပိုပြီးသောင်းကျန်းလာပါသည်။ အိမ်ရှိပစ္စည်းများကို ပေါင်နှံပြီး လောင်းကစားမှု မကြာခဏပြု၏။ သူ၏အစ်ကို အကြီးဆုံးက လိုက်ရှာ၊ ဖမ်း၊ လည်ပင်းကိုကြိုးတပ်၊ အရပ်ထဲတိရိစ္ဆာန်လို ဆွဲခေါ်ပြီး ရှက်အောင် ပျောက်အောင် မကြာမကြာလုပ်ပေး၏။ မရပါပေ။ သူကား အကျင့်မပျောက်ခဲ့။ သူသည်အလုပ်လုပ်၏။ ကြိုးစား၏။ အရက်မသောက် မိန်းမမလိုက်စား၊ သို့သော် လောင်းကစားမှုနှင့် ကား ထိလိုက်သည်နှင့် ချက်ချင်းငြိ၏။ အရပ်ထဲတွင် တစ်ယောက်ယောက်နေမ ကောင်းဖြစ်လျှင် ထိုအိမ်နားတွင် သူသည် ရစ်သီ ရစ်သီလုပ်နေတတ်၏။ အိမ်ရှင်များမှ မကျေနပ်သဖြင့် မကြာခဏဆိုသလို သူ၏မိခင်ကို လာလာတိုင်ကြားလေ့ရှိခဲ့ပေသည်။ ထောင်ကျခဲ့၏။ ထောင်ထဲတွင်ပင် လောင်း ကစားမှုကို ဆပ်ပြာတုံးဖြင့် ဂျင်သီးလုပ်ကာ ဒိုင်ကိုင်သဖြင့် ထပ်မံထောင်ကျပြန်၏။ ဇနီးကိုချစ်၏။ သမီးကိုချစ်၏။ အလုပ်ကို ကျွဲလိုနွားလို လုပ်ကိုင်၏။ လောင်းကစားမှုကတော့မပျောက်။ ယနေ့ထက်တိုင် စာရေးသူ၏ ဦးမင်း သည် .......................................။



တစ်ယောက်သောသူကိုထပ်မံတင်ပြပေးပါမည်။ သူသည်ကား စာရေးသူ၏ မိတ်ဆွေတစ်ဦးဖြစ်ပါသည်။



ကိုကျော်လင်းထွန်း (နာမည်ကို အနဲငယ်ပြောင်းလည်းထားပါသည်။)

မွေးခုနှစ်သက္ကရာဇ် ၁၃၃၇ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ တနင်္လာနေ့ တွင်ဖွားမြင်သည်။

မူလမဟာဘုတ်ဇာတာခွင်အရ (၀) ကြွင်းဖွား တနင်္လာသိုက်ဖွား ဖြစ်သည်။

အမည်အမျိုးအစားမှာ တနင်္လာအစ စနေအဆုံး ကမ္မကာရကအမည်အမျိုးအစားဖြင့်မှည့်ခေါ်ထား၏။


ယခုဇာတာရှင်မှာ စာရေးသူနှင့် ငယ်ပေါင်းကြီးဖော် တစ်ဦးဖြစ်၏။ လောင်းကစားဟူသည်မှာ သူ့ဘ၀ကိုလွှမ်းမိုး
ထားသောအရာတစ်ခုတော့ မဟုတ်ခဲ့ပါပေ။ သို့သော် သူသည်လည်း ဥပဒေသ (၁) နှင့် (၅) တို့ဖြင့် ကိုက်ညီမှုရှိ
နေသော သူတစ်ဦးကားဖြစ်ပေသည်။ ဘွဲ့တစ်ခုရပြီးချိန်အထိ သူ့ဘ၀သည် လောင်းကစားနှင့်ထဲထဲဝင်ဝင်ပတ်
သက်ဆက်နွယ်မှုမရှိခဲ့ပါပေ။



တစ်နေ့သောအခါ သူသည် လောင်းကစား ဘောလုံး နှစ်လုံး သုံးလုံး အားလုံးကို ကော်မရှင်ကိုင်ပေးရသော အကြီးစားကော်မရှင်စား တစ်ဦးဖြစ်လာ၏။ အမည်၏ ကမ္မကာရက သဘောတရားသည် သူတစ်ပါးကိုယ်စား ၀င်
ရောက်လုပ်ကိုင်ရခြင်းကို အားပေးလှုံ့ဆော်ထားပြီး၊ နာမည်အဖျားစာလုံးစနေ နှင့် (တနင်္လာ + စနေ) အမည်တွဲ
သည် ကိုယ်စားလှယ်နှင့် ကော်မရှင်လုပ်ငန်းများကို တွန်းအားပေးထားသော အနေအထားများဖြစ်၏။ စနေသည်
တာဝန်နှင့် အဓိကပတ်သက်ဆက်နွယ်နေသောဂြိုဟ်ဖြစ်ပြီး တနင်္လာသားအတွက် ကမ္မကာရကဂြိုဟ်ဖြစ်ခြင်း
ကြောင့် သူတစ်ပါးအတွက်တာဝန်ခံဆောင်ရွက်ပေးရခြင်းမျိုးကို အထူးဖြစ်ပွားနိုင်စေ၏။ ယင်းအနေအထားများ
က သူ့အား ကံဇာတာဇယားကွက်ကို ဖော်ညွှန်းပြဆိုပေးခဲ့၏။



စာရေးသူ၏မိတ်ဆွေ ကျော်ဝင်းထွန်းသည် လောင်းကစားကော်မရှင်စားဘ၀ဖြင့် အကြီးအကျယ်အောင်မြင်ခဲ့၏။
လက်ဖျားတွင်ငွေသီး၏။ သွားလေရာလမ်းဖြစ်၏။ ပေါက်ရောက်၏။ ကျယ်ပြန့်၏။ တစ်နေ့......စာရေးသူနယ်တွင်
ဟောခန်းဖွင့်စဉ် သူရောက်လာ၏။ မြင်ရသည်မှာ .... ကတုံးတုံးထား၏။ ပိန်ချုံးနေ၏။ လှီ၏။ စိတ်မချမ်းသာစရာပင်။ အောင်မြင်စဉ်က မတွေ့ခဲရသော်လည်း ဒုက္ခရောက်သောအခါတွင် အားကိုးရာမဲ့ဖြစ်သည့်အဆုံး စာရေးသူထံ ဗေဒင်လေးလာမေးခြင်းဖြစ်သည်။ သူအကြောင်းကိုလည်း ပြောပြ၏။
ကောဇာမြန်မာခုနှစ် ၁၃၆၆ ခုနှစ်အတွင်း လောင်းကစားကော်မရှင်လုပ်ငန်းအကြီးအကျယ်လုပ်ကိုင်ခြင်းကြောင့်
ကျော်ဇောမှုဖြင့် တိုင်းအဆင့်မှ ဆင်းပြီးအရေးယူဖမ်းဆီးခြင်းကိုခံလိုက်ရကြောင်း။ ငွေလည်း တက်တက်ပြောင်
အောင် ကုန်သွားကြောင်း။ သူ့ကံဇာတာလေးကို ဆက်ပြီးအခြေအနေ ပြန်ကောင်းနိုင်မကောင်းနိုင် နှင့် နောင်
လည်း ဒီလောင်းကစားအလုပ်ကို မလုပ်တော့ကြောင်း။ လုပ်ဖို့လည်း အခြေအနေကမပေးတော့ကြောင်း စသည်
ဖြင့် စုံစုံလင်လင်ပြောပြရှာပါသည်။



စာရေးသူက တွက်စစ်ကြည့်လိုက်ပြီးနောက်။ ပြန်မလုပ်တော့ဘူးဆိုသည်ကို မယုံကြောင်း။ ပြန်လုပ်မည်သာဖြစ်
ကြောင်း။ ပြန်လည်အောင်မြင်ဦးမည်ဖြစ်ကြောင်း။ အောင်မြင်လာပြီးလျှင်လည်း သတိထားဖို့လိုကြောင်း။ အထူး
သဖြင့် အသက် ၄၀ မှ ၅၀ အတွင်း ထောင်နှစ်ရှည် ကျတတ်ကြောင်း။ စွန့်နိုင်လျှင် အကောင်းဆုံးဖြစ်ကြောင်း
ပြောဆိုပြီး။ နလံထူမည့် ကံ ကို တစ်ဖန်ပြန်လည်တွက်စစ်ပေး ၊ သင့်လျော်သောယတြာနှင့် နာမည်အရ နာမက္ခရ
သဘာဝယတြာ အချို့ ကို လမ်းညွှန်ပေးလိုက်ပါသည်။


လွန်ခဲ့သော နှစ်လခန့်က စာရေးသူ၏ ဦးလေးတစ်ဦး
နယ်မှ ရန်ကုန်သို့ရောက်ရှိလာချိန်တွင် သူ့သတင်းကို ကြားလိုက်ရပါသည်။ ကျော်ဝင်းထွန်းကြီးတော့ ပြန်အဆင်ပြေနေပြီကွ။ ပြေတာမှ တော်တော်လေးကို ပြေတာဟေ့။ ကြောက်ဖို့ကောင်းလောက်အောင် စီးပွားဖြစ်နေတာ။ ဒီကောင်က ဒီကော်မရှင်စားအလုပ်နဲ့တော့ တော်တော်လေးအကျိုးပေးပုံပဲ ဟု ဦလေးဖြစ်သူမှ သတင်းပြောရင်း ကောက်ချက်ချသွားခဲ့ပါသည်။



စာရေးသူစိတ်ထဲ တစ်ရစ်ဝဲ၀ဲမြင်ယောင်နေမိသည်ကတော့ သူ၏မူလမဟာဘုတ်ခွင်ပေါ်မှ ဘင်္ဂဌာနရှိ နာမည်
အဖျားစာလုံး ထွန်း(စနေပိုင်အက္ခရာ) လေးကိုသာ ဖြစ်ပါတော့သည်။




ချမ်းမြေ့ကြပါစေ။


ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

လုံးဝ မမှည့်အပ်တဲ့ အမည်

Monday, January 18, 2010



လုံးဝမမှည့်အပ်တဲ့အမည်

အမှန်ကတော့ ကျွန်တော်သည်ဆောင်းပါးကို ရေးဖို့စိတ်ကူးမရှိခဲ့ပါ။ ဘ၀နောက်ပိုင်းကာလများတွင် သီးသန့် ရေးသားပြုစုရန် အတွက်သာ ရည်ရွယ်ခဲ့ပါသည်။ သို့သော် ...မျက်စိအောက်တွင် မြင်ရပါများလာပြီး၊ ထိုင်ကြည့်နေရသလို စိတ်မချမ်းမသာ ဖြစ်လာသည့်အဆုံးတွင် ရေးရန်ဆုံးဖြတ်ပြီး အောက်ပါ သုတေသနပြုတွေ့ရှိချက် အချို့ကို ရေးသားဖော်ပြလိုက်ရပေသည်။

တစ်လောကဖြစ်ပါသည်။ ဂျီမေးမှတစ်ဆင့် ကောင်လေးတစ်ယောက် ကိုယ့်ကိုယ်ကို ဆွဲကြိုးချပြီး ဆူဆိုက်လုပ်သွားသော သတင်းတစ်ပုဒ်ကို ဓါတ်ပုံများနှင့်အတူ မြင်လိုက်ဖတ်လိုက်ရပါသည်။ အမှန်လား။ ဓါတ်ပုံလှည့်စားချက်လားတော့မသိ။ စိတ်မချမ်းသာစရာကတော့အမှန်ပင်။ အဆိုပါအကြောင်းအရာသည် ကျွန်တော့်ကို ဆောင်းပါးတစ်ပုဒ်ရေးရန် တွန်းအားပေးသောအကြောင်းအရာဖြစ်လာစေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့တိုင်အောင် ကျွန်တော်မရေးဖြစ်သေး။ သို့နှင့် အတန်ငယ်ကြာသွားသော နေ့တစ်နေ့တွင် ပြည်ပမှ မိန်းကလေးတစ်ဦး ကျွန်တော့်ဆီဗေဒင်မေး ရောက်လာပါသည်။ နာမည်က သောကြာဖြင့်စပြီး ဗုဒ္ဓဟူးဖြင့် အဆုံးသတ်မှည့် ခေါ်ထားသည်။ သောကြာသမီး ပုတိဖွားလည်း ဖြစ်သည်။ ဖြစ်ရပ် အတိုချုံးကြည့်သော် ဘာမှတော့မဟုတ်ပါ။ သမီးရည်းစားကိစ္စ အဆင်မပြေမှုကို လာမေးခြင်းသာဖြစ်သည်။ သူ့ကောင်လေးက အခြားတိုင်းပြည်တစ်ပြည်တွင် ရောက်နေသည်။ သူမကို အဆက်သွယ်ဖြတ်သွားသည်ဟု ဆိုသည်။ ပြန်အဆင်ပြေချင်သဖြင့် အဆက်အသွယ် ရခြင်သဖြင့် စိတ်ပင်ပန်းနေသည့် ကလေးမဖြစ်သည်။ ဆန်းတာကတော့ တစ်ခြားမဟုတ်။ မယ်မင်းကြီးမက ...သူ့လက်ကိုသူ ဓါးဖြင့်မွှန်းထားပြီး ဂျီတော့ခ်တွင် ထိုပုံကို တင်ထားခြင်းဖြစ်သည်။ မလုပ်သင့်ကြောင်းပြောသည့် တိုင်အောင်တော်တော်နှင့် လက်မခံပေ။

ကျွန်တော့်စိတ်ထဲတွင် ဆောင်းပါးကို ရေးမှဖြစ်တော့မည်ဟု ဆုံးဖြတ်မိပါတော့သည်။ ဖြစ်နိုင်သမျှ ရင်သွေးမိဘများ ဖတ်မိသည်ရှိသော် အကျိုးတစ်စုံတစ်ရာ ဖြစ်စေလိုသည့်အတွက်ရည်းစူးရေးသားလိုက်ရခြင်း
လည်းဖြစ်ပါသည်။

ကိုယ့်ကိုယ်ကိုဖျက်သံချေးတက်သော အမည်များ သို့မဟုတ် အမည်အဖျားစာလုံးနှင့် ပက္ခမိသော မွေးနံဂြိုဟ်

ယခုဆောင်းပါးကို သေသေချာချာနားလည်လိုပါက မဟာဘုတ်ခွင်ချနည်းမျှ နှင့် ပက္ခမိတတ်ပုံကို အနဲအကျဉ်းမျှ ဖြစ်စေ နားလည်နေဖို့ လိုပါသည်။ သို့မှသာလျှင် မိမိတို့ရင်သွေးနာမည်များ၊ မိမိတို့၏နာမည်များမှအစ နီးစပ်ရာ လူတို့၏ နာမည်နှင့် မဟာဘုတ်ဇာတာများကို တွက်စစ် လေ့လာကြည့်ပြီးလက်တွေ့ အားဖြင့် သိရှိနားလည် ပိုမို သဘောပေါက်လာနိုင်ပါမည်။

သက်ဆိုင်ရာဇာတာရှင်တစ်ဦးတစ်ယောက်၏ မွေးခုနှစ်သက္ကရာဇ် အရ တွက်ချက်ရယူနိုင်သော မူလမဟာဘုတ် ဇာတာခွင်တွင် အဆိုပါ ဇာတာရှင်၏အမည်အဖျားစာလုံး (၀ါ) အမည်အဆုံးစာလုံးသည် အဆိုပါဇာတာရှင်၏ မွေးနံ ဂြိုဟ်နှင့် ပက္ခ မိနေခဲ့ပါမူ ယင်းဇာတာရှင်သည် သူ့ ကိုယ်သူနစ်နာထိခိုက်အောင် သူကိုယ်တိုင်ပင် ပြုလုပ် မိစေရန် တွန်းအားပေးစေသော အနေအထားတစ်ရပ်ဖြစ်သည်။

ယင်းအချက်ကို စာရေးသူအနေနှင့် နှစ်ပေါင်းများစွာ လေ့လာခဲ့ သုတေသနပြုခဲ့ရပါသည်။ အဖန်ဖန်တွေ့ ရပါများလာသည့်အပြင် အထက်ဖော်ပြသည့်အတိုင်း ရေးသားရန်အကြောင်းများ ပေါ်ပေါက်လာခဲ့ခြင်းကြောင့် ဖော်ထုတ် ရေးသားပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ ယခုရေးသားတင်ပြရာတွင် အမှန်အားဖြင့်မူ ဥပမာ ဇာတာခွင်များ မဟာဘုတ်ခွင်များဖြင့် ဝေေ၀ဆာဆာ ဖော်ပြသင့်ပါသည်။ သို့သော်စာရေးသူ၏ လက်ရှိ အနေအထားအရ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်အချို့ ကြောင့် သဘောတရားအနှစ်ချုပ်ကိုသာ ရေးသားဖော်ပြပေးနိုင်ပါမည်။ မိမိတို့ဘာသာ မဟာဘုတ်ခွင်ချကြည့် ၊ လေ့လာကြည့်ကြပါဟုသာ တိုက်တွန်းလိုက်ရပါသည်။

စာရေးသူအနေနှင့် မိမိကိုယ်ကို ထိခိုက်နစ်နာအောင်ပြုမှု အားထုတ်မိစေနိုင်သော အဆိုပါကဲ့သို့နာမည်မှည့်ခြင်း မျိုးကို အတတ်နိုင်ဆုံး လုံးဝရှောင်ရှားစေလိုပါသည်။ သိလို့ဖြစ်စေ မသိလိုဖြစ်စေ မှည့်မိခြင်းအားဖြင့် မည်သို့မှပင် အကျိုးမမြင်ပါ။

အထက်ဖော်ပြပါ မိမိလက်ကိုဓါးနှင့်မွှန်းသော ကလေးမကိုပင် ဥပမာကြည့်ကြပါစို့။ မွေးနံအရ သောကြာသမီးဖြစ်ပြီး မဟာဘုတ်ခွင်အရ သူမမှာ ငါးခုကြွင်းဖွား ပုတိဖွားသောကြာ လည်းဖြစ်သည်။ အမည်မှာ သောကြာစ ဗုဒ္ဓဟူးအဆုံးသတ်ပြီးမှည့်ခေါ်ထားသည်။ ဗုဒ္ဓဟူးသည် ဇာတာရှင် သောကြာသမီးအတွက် မေတ္တာရေးရာ ချစ်မှုရေးရာကို ဖော်ညွှန်းနေသော ဆပွတ်ဂြိုဟ်လည်းဖြစ်သည်။ အဆိုပါဂြိုဟ်သည်သည် အထွန်းဌာနမှ နေပြီး ပုတိဌာနရှိ ဇာတာရှင်၏မွေးနံကို ပက္ခမိထားသည်။ ဆပွတ်ဂြိုဟ်ကြောင့် မွေးနံတွင် အားနဲထိခိုက်စေနိုင်သော အနေအထားကို ဖြစ်ပေါ်လာစေသည်။ တနည်းအားဖြင့် မေတ္တာရေးရာကြောင့် မိမိကိုယ်ကို မိမိထိခိုက်စေနိုင်သောအနေအထားကို ဖြစ်ပေါ်လာစေသည်။ အဘယ်ကြောင့် မိမိကိုယ်ကိုမိမိဟု ဆုံးဖြတ်ရပါသနည်း။

လူတစ်ယောက်၏ နာမည်အဖျားစာလုံးသည် ထိုလူတစ်ယောက်၏ ရည်ရွယ်ချက် လုပ်ပုံကိုင်ပုံ၊ ဦးတည်ချက်
ရှေးရှု လုပ်ဆောင်ချက်များကိုဖြစ်ပွားစေသောကြောင့်ဆုံးဖြတ်ရပါသည်။ မည်သည့်ဂြိုဟ် အမျိုးအစားပင်ဖြစ်စေ နာမည်အဖျား စာလုံးအနေအထားဖြင့် မူလမွေးနံကို ပက္ခမိခဲ့ပါမူ ယင်းအခြေအနေသည် သက်ဆိုင်ရာ အမည်ရှင်အား ထိခိုက်နစ်နာစေနိုင်သော မိမိကိုယ်မိမိ ဖျက်ဆီးမှုပြုစေတတ်သော အနေအထား အခြေအနေတစ်ရပ်ဟု စာရေးသူအနေဖြင့် သတ်မှတ်ပါသည်။

ပက္ခမိခဲ့သောဂြိုဟ်၏အမျိုးအစားပေါ်လိုက်ပြီး ဇာတာရှင်အနေဖြင့် မိမိကိုယ်မိမိ ထိခိုက်နစ်နာစေသော အနေအထားတို့ကို ပြုမူမိစေတတ်ပါသည်။ အထူးသဖြင့် ပါပထိပ်သီးများဖြစ်သော အင်္ဂါနှင့်စနေနှင့်ရာဟုသည် ပက္ခမိခြင်းအားဖြင့် ဇာတာရှင်အားဆိုးကျိုးဖြစ်စေရာတွင် လက်သံပြောင်သောဂြိုဟ် များဖြစ်ကြသည်။ ရာဟုနှင့်ပက္ခမိခြင်းသည် ဇာတာရှင်အား မိမိကိုယ်မိမိ ခြေဦးတည်ရာ သွားလာနေထိုင်မှုပြုစေရန် တွန်းအားပေးခြင်းမျိုး၊ အဆိပ်သောက်သေခြင်းမျိုးအထိ တွန်းအားပေးတတ်သည်။ စနေနှင့်ပက္ခမိခြင်းသည်
မိမိကိုယ်မိမိ အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းမျိုးကို နှစ်သက်စေတတ်သည်။ အင်္ဂါနှင့်ပက္ခမိခြင်းသည် မိမိကိုယ်မိမိသွေးထွက်သံယိုအနာတရဖြစ်အောင် ပြုလုပ်ရန်အတွက် အထူးလှုံ့ဆော်မှုပြုတတ်သော အနေအထားဖြစ်သည်။ ထို့အတူအခြားဂြိုဟ်များသည်လည်း ဆိုင်ရာအင်အားအလိုက် ဆိုးကျိုးပြုနိုင် သည်သာဖြစ်သည်။

ထို့အတူပက္ခမိနေသောဂြိုဟ်၏ ကာရကသဘော၊ သဘာဝသောမ ပါပ သဘော၊ မိတ်ရန်သဘော၊ မူလမွေးနံအရ ဆက်နွယ်မှုသဘော အားလုံးသည် လည်း ၊ အဆိုပါ ထိခိုက်နစ်နာအောင်ပြုလုပ်မိသည့်အကြောင်းအရာ အမျိုးအစားကို ခွဲခြမ်းစိတ်ဖြာသည့်အခါ ထည့်သွင်းစဉ်းစားရန်လိုအပ်သော အချက်များဖြစ်ကြသည်။

ပညာလိုက်စားနေသူများအနေနှင့်လည်း မိမိတို့လက်လှမ်းမီရာ တို့ကို လေ့လာအကဲခတ် ကြည့်စေလိုပါသည်။
အရွယ်မတိုင်သေးမီမှာပင် ဆယ်ပြားစေ့မျိုချမိသဖြင့် အသက်ဆုံးရှုံးရသော ကလေး၊ ရေနစ်သေဆုံးသူ ၊ ဆွဲကြိုးချသူ၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်းကြောင့် ဘေးဥပဒ်ဖြစ်ရသူ ၊ အရက်ကြောင့် နစ်မွန်းရသူ စသည်ဖြင့် ....များစွာကို တွေ့ရတတ်ပါသည်။ စာရေးသူ၏ဆန္ဒအလိုအရ လုံးဝမမှည့်အပ်သော အမည်များဟုသာ ဆိုချင်ပါတော့သည်။

ရောက်ဆဲမြန်မာခုနှစ်အတွင်း မွေးဖွားမည့် ကလေးသူငယ်များအတွက် ... အောက်ပါတို့ကို အလွယ်တစ်ကူကြည့်ရှု ရှောင်ကျဉ်နိုင်စေရန် ရေးသားဖော်ပြပေးလိုက်ပါသည်။ နှစ်စဉ်လည်း ရေးသား ဖော်ပြပေးပါမည်။

ယခုရောက်ဆဲကောဇာမြန်မာခုနှစ် ၁၃၇၁ခုနှစ်အတွင်း မွေးဖွားသော ကလေးသူငယ်များအတွက် ဆိုင်ရာနေ့နံ
သားသမီးအလိုက် မမှတ်အပ်သော ရှောင်ရန်နာမည်အဖျားစာလုံးများကိုရေးသားဖော်ပြပေးအပ်ပါသည်။

တနင်္ဂနွေနေ့ဖွားရင်သွေးငယ်များ ရှောင်ရန် နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံ (ယ၊ရ၊လ၊၀)

တနင်္လာနေ့ဖွားရင်သွေးငယ်များ ရှောင်ရန် နာမည်အဖျားစာလုံး အင်္ဂါနံ(စ၊ဆ၊ဇ၊ဈ၊ည)

အင်္ဂါနေ့ဖွားရင်သွေးငယ်များ ရှောင်ရန် နာမည် အဖျားစာလုံး တနင်္လာနံ(က၊ခ၊ဂ၊ဃ၊င)

ဗုဒ္ဓဟူးနေ့ဖွားရင်သွေးငယ်များ ရှောင်ရန် နာမည်အဖျားစာလုံး တနင်္ဂနွေနံ(အ၊ဥ)

ကြာသာပတေးနေ့ဖွားရင်သွေးငယ်များ ရှောင်ရန် နာမည်အဖျားစာလုံး စနေနံ (တ၊ထ၊ဓ၊ဒ၊န)

သောကြာနေ့ဖွားရင်သွေးငယ်များ ရှောင်ရန် နာမည်အဖျားစာလုံး သောကြာနံ(သ၊ဟ)

စနေနေ့ဖွားရင်သွေးငယ်များ ရှောင်ရန် နာမည်အဖျားစာလုံးကြာသာပတေးနံ(ပ၊ဖ၊ဗ၊ဘ၊မ)


ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
kosoemoetun13@gmail.com

အားလုံးအတွက်တစ်နှစ်တာဟောကိန်း စာစု(၃)

Friday, January 15, 2010



အားလုံးအတွက်တစ်နှစ်တာဟောကိန်း စာစု(၃)



ပညာရှင်အသက်ပိုင်းရောက်ရှိနေသူများအားလုံးအတွက် တတိယအဆင့် ကံဇာတာဖတ်ရှုခြင်း


အသက်အားဖြင့် .. ၁နှစ် ၊ ၈နှစ် ၊ ၁၅နှစ် ၊ ၂၂နှစ် ၊ ၂၉နှစ် ၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊၆၄နှစ်၊ ၇၁နှစ် ၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် အတွင်း
ရောက်ရှိနေသော ခုနှစ်ရက်သားသမီးများအတွက် အမည်အရဖြစ်ပေါ်လာနိုင်သော ထပ်မံကွဲပြားခြားနားသော ကံဇာတာအကျိုး ပေးများ


ယခု တတိယအဆင့်မှာတော့ အမည်အရ ဆက်လက်ကြည့်ရှုနည်းကို အနည်းငယ်ဖော်ပြပေးပါ့မယ်။ ယခုဆောင်းပါးတွေက ဖတ်သူအားလုံးအတွက်သာရည်ရွယ်ပြီး ပညာရှင်ဆောင်းပါးမျိုးမဟုတ်သည့်အတွက်..၊ ကိန်းတွေ စနစ်တွေကိုတော့ အကျယ်တစ်ဝင့်မရှင်းပြတော့ပါ။ ကိုယ့်နာမည်ကို ဘာနာမည် ဘာနေ့နံဆိုတာ လောက်သိရုံနဲ့ ကြည့်လို့ရအောင်ပဲ ရေးသားဖော်ပြပေးသွားပါ့မယ်။

ဘာနေ့သားသမီးပဲဖြစ်ဖြစ် အထက်ပါအသက်ပိုင်းကိုရောက်ရှိနေပြီး အောက်ပါအတိုင်းနာမည်ကို မှည့်ခေါ်ထားမယ်ဆိုရင် ...............................................................................................................



(၁)
နာမည်အရင်းစာလုံး ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ) နှင့် အဖျားစာလုံး တနင်္လာနံ (က၊ခ့၊ဂ၊ ဃ၊ င) ဖြင့် မှည့်ခေါ် ထားသော သူများအားလုံးအတွက်။ ဥပမာအားဖြင့် ......... ပြည့်ဖြိုးကို၊ မိုးမိုးခင်၊ ဖြူဖြူခိုင်၊ ပြေသာကျော်၊ စသည် အားဖြင့်သော အမည်ရှင်များအတွက်။

အထက်ပါအမည်ရှင်တွေအနေနဲ့ကတော့ ကောင်းကျိုးအမြောက်အများရရှိတတ်သောအသက်ပိုင်းပါ။ အထူးသ ဖြင့်တော့ စုလိုက်ပုံလိုက်သော ဥစ္စာဓနငွေကြေး စသည်တို့ကို ရရှိကြတာကို လက်တွေ့များစွာတွေ့မြင်ခဲ့ရပါတယ် ။ ပညာတော်သင်ရွေးခြယ်ခံရတာမျိုး၊ ပညာရှင်တွေ ဆရာမိဘအကြီးအကဲတွေနဲ့စပ်လျဉ်းတဲ့ ကောင်းကျိုးသုခ တွေ ရရှိတာမျိုး ငွေကြေးလာဘ်လာဘ၀င်ရောက်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဘာနေ့သားသမီးဖြစ်ဖြစ် နာမည်ကပေးတဲ့ ကောင်းကျိုးကိုလည်း မိမိတို့ထိုက်သင့်တဲ့အတိုင်းအတာကိုယ်စီ ရရှိ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် သည်အမည်ရှင်တွေဟာ ကြာသာပတေး တနင်္လာ သောကြာတွေ ဖြစ်နေခဲ့ရင် ပိုမိုအကျိုးပေးနိုင်ပြီး၊ ကျန်နေ့နံသားသမီးများအတွက်လည်း သင့်လျော်သောကောင်းကျိုးရရှိနိုင်သော ကာလဖြစ်ပါလိမ့်မယ်။



(၂) နာမည်အရင်းစာလုံး သောကြာနံ (သ၊ဟ) နှင့် နာမည်အဖျားစာလုံး ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့်မှည့်ခေါ်ထားသောသူများအားလုံးအတွက် ။ ဥပမာအားဖြင့် (သီဟဖြိုး၊ ဟိန်းမော်၊ သက်သက်ဖူး၊ သွယ်သွယ်ဖြိုး၊ဟန်နီမျိုး၊စသည်အားဖြင့်သောနာမည်ရှင်များဆိုပါတော့။

အထက်ပါအမည်ရှင်များအနေနဲ့ အင်အားကောင်းမွန်တဲ့ ကျောထောက်နောက်ခံဘက်ဂရောင်း ကောင်းကောင်း တွေ နေရာကောင်းတွေ ရရှိတတ်သောကာလဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ ကြာသာပတေးဂြိုဟ်က ကယ်မ ထောက်ကူ ပေးတတ်သောကာလဖြစ်လို့ ကံကောင်းထောက်မမှုကြုံရသော ကာလလို့လည်း ဆိုနိုင်ပါတယ်။ ကြာသာပတေး တနင်္လာ သောကြာ သားသမီးများအတွက် ကောင်းကျိုးပိုမိုပေးတာကို တွေ့ကြုံခံစားရပါလိမ့်မယ်။ ကျန်နေ့နံသားသမီးများလည်း အသင့်အတင့်ကောင်းကျိုးရပါမယ်။ နာမည်တစ်ခုရဲ့ အားဗလဆိုတာ ပစ်ပယ်လို့မရပါဘူး။


(၃) နာမည်အရင်းအဖျားစာလုံးများကို အင်္ဂါနံ ( စ၊ ဆ၊ ဇ၊ ဈ၊ ည) နှင့် ဗုဒ္ဓဟူး/ရာဟု နံ ( ယ၊ရ၊လ၊၀) ရောထွေး မှည့်ခေါ်ထားသော အမည်ရှင်များအားလုံးအတွက်။ ဥပမာ အားဖြင့်၊ .... စိုးရွှေ၊ ဇင်မာဝင်း၊ ၀င်းကျော်စိုး၊ လင်းလင်းဟန်ဆွေ၊ ၀တ်ရည်ဇော်၊ ဆွေဆွေယု၊ ...စသည်အားဖြင့်သော အမည်ရှင်များအတွက်။

အထက်ပါအမည်ရှင်မျိုးတွေကတော့ သတိထားရမယ့် အသက်ပိုင်းပါပဲ။ ဘယ်လိုနေ့နံသားသမီးပဲဖြစ်ဖြစ် နာမည် အရ ဖြစ်ပွားရရှိလာနိုင်တဲ့ အညံ့ပိုင်း အကျိုးကိုလည်း အနဲနဲ့အများ ခံစားရဖို့ရှိပါတယ်။ ဒီနေရာမှာ ပညာရပ်ပိုင်း ဆိုင်ရာအရ အနဲငယ်ထည့်သွင်းပြောဆိုလိုပါတယ်။ ဒီလိုနာမည်တွဲတွေ ဒီလိုအသက်ပိုင်းမှာ ညံ့မယ်ဆိုပါစို့ ။ ဘယ်ဂြိုဟ်က အဓိက ဆိုးကျိုးပေးမလဲလို့ တွေးစရာရှိပါတယ်။ ကျွန်တော့်အယူအဆ နဲ့ အတွေ့အကြုံ အရ ... အင်္ဂါ နဲ့ ဗုဒ္ဓဟူး/ရာဟု ဂြိုဟ် နှစ်လုံးရဲ့အလယ်ဗဟိုချက်ကနေ အခန့်သားထိုင်ပြီးနေတဲ့ စနေဂြိုဟ်ကနေ ဆိုးကျိုး ကိုပေးပါတယ်။ စနေဂြိုဟ်ရဲ့  အာနိသင်အရ ဆိုးကျိုးပေးပါလိမ့်မယ်။
စနေဂြိုဟ်ဟာ အမှုအခင်းတရားတစ်ဘောင် ကို ဖြစ်ပွားစေပါတယ်။ ၀ဋ်လိုက်သလိုမျိုး ကံအညံ့တွေကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ ပရက်ရှာတွေ နင်းကန်ပေးတတ်တဲ့ဂြိုဟ်လည်းဖြစ်ပါတယ်။ ပြစ်ဒဏ်ကို အဓိကပေးပါတယ်။ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်း၊ ဆုံးရှုံးထိခိုက်နစ်နာမှုအမျိုးမျိုးကိုပေးတတ်ခြင်း၊ စသည် အားဖြင့် ကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါအတိုချုံးပြီး ဖော်ပြတာပါ။ နောက်တစ်ခုက နေ့နံသားသမီးတစ်မျိုးဆီ အရ လည်း ဆိုးကျိုးရဲ့  ပုံသဏ္ဍန် ကွဲပြားသွားပါတယ်။ အနုစိတ်တော့ ထပ်ပြီးမရေးလိုတော့ပါ။ ဆောင်းပါးအရမ်းရှည် သွားနေပါပြီ။

ဥပမာပဲ တင်ပြပါ့မယ်။ စနေဟာ ဒီနာမည်ရှင်တွေကို ဒုက္ခပေးတော့မယ်ဆိုရင် ကြာသာပတေး
သားသမီးနာမည်ရှင်မှာ တစ်ခုခုကို ပြန်ရလိုသော်လည်း မရပဲဖြစ်နေတဲ့အခက်အခဲမျိုးကို ပေးတတ် ပြီး၊ အင်္ဂါသားသမီးနာမည်ရှင်မှာ တော့ စပ်တူအစုရှယ်ယာအတွက် ပြသနာဖြစ်တာမျိုး၊ အပြစ်ပေးခံရခြင်း၊ ဒဏ်ပေး ခံရခြင်း တာဝန်များပိပြီးလေးလံဖိစီးနေခြင်းမျိုးကို ဖြစ်စေတတ်ပါတယ်။ တနင်္လာသားသမီး ဒီနာမည်ရှင်မျိုးဆို ရင်တော့ ကိုယ်နဲ့မဆိုင်ပဲ ၀င်ယူလိုက်ရတဲ့ တာဝန် သို့မဟုတ် အပြစ်ဒဏ်ကြောင့် အခက်အခဲကြုံနေရခြင်းမျိုးကို ဖြစ်ပွားစေပါတယ်။ ကျွန်တော်ဒီလောက်ပြောလိုက်ရင် ပညာရှင်တွေအနေနဲ့ ဘာကြောင့်ဆိုတာ သိရှိပြီးဖြစ်နေ ပါလိမ့်မယ်။ လေ့လာသူများအတွက် ..အကယ်လို့ မသိရှိသေးဘူးဆိုရင်တော့ ကာရကနဲ့ ခွဲပြီး အပြစ်အမျိုးအစား ဆိုးနိုင်တဲ့အကျိုးအမျိုးအစားကို ခွဲယူသွားရမယ်ဆိုတာ ဒီဆောင်းပါးကနေ ဖော်ပြရေးသားပေးလိုက်ပါတယ်။

နောက်တစ်ခုတင်ပြချင်တာကတော့ ဒီအသက်ပိုင်းတွေဟာ မည်သည့်နေ့နံသားသမီးမျိုးမဆို ရောက်ရှိလာတဲ့ အခါ ...သတင်းဆိုး အတင်းအဖျင်းဆိုးတွေ အပြောခံရတာ။ မကောင်းသတင်းတွေထွက်တာမျိုးဖြစ်စေ ဖြစ်ပွား ကြုံတွေ့ရတတ်ပါတယ်။ မိမိကိုယ်က နေ အနံ့ဆိုးထွက်လာတာမျိုးလည်း ထူးထူးခြားခြားဖြစ်လာတတ်ပါတယ်။ အားလုံးကိုတော့မဆိုလိုပါ။ ဒါပေမယ့်အဲလိုကိုယ်နံ့ဆိုးတွေထွက်လာပြီဆိုတာနဲ့ သတိထားပါ။ ဘာသာရေးပိုမို အာရုံစိုက်လုပ်ဆောင်သင့်ပြီဆိုတာ သတိချပ်ပါ။ ထို့အတူ မိမိနေထိုင်ရာပတ်ဝန်းကျင် အခန်း အိမ် အနီးအနား စသည်ဖြင့်နေရာတွေမှာလည်း ဒီလိုအနံ့အသက်ဆိုးတွေ ထွက်လာတတ်ပါတယ်။ အကြံဥာဏ်ပြုပေးရမယ်ဆို ရင်တော့ ...ဗုဒ္ဓဘာသာဝင်များအနေနဲ့ သင့်လျော်တဲ့ ဘုန်းတော်ကြီးကျောင်း သီလရှင်ကျောင်းတိုက်တွေမှာ လေသန့်ဆေးများ၊ အနံ့အသက်ပျောက်ဆးများ လှုဒါန်းပါ။ ဒီ့ထက်ပိုပြီးထိရောက်စေချင်ရင်တော့ ကျောင်းတိုက် တွေမှာ သန့်ရှင်းရေးလုပ်ပါ။ ဝေရာဝစ္စကုသိုလ်ပြုပါ။ ဒါဟာ အကောင်းဆုံး ယတြာပါပဲ။

အထူးသတိပေးချင်တာကတော့ ဒီအသက်ပိုင်း ဒီနာမည်မျိုးတွေ မှည့်ထားသူများအဖို့ အနက်ရောင်ကို တစ်နှစ် လုံးအထူးရှောင်ပါ။ ဝေးဝေးကနေကို ရှောင်ပါ။ အနောက်တောင်အရပ်ကို ညဉ့်အိပ်ညဉ့်နေ နေ၀င်ရောရီ အသွား အလာမကျူးအပ်သောကာလမျိုး အသက်ပိုင်းမျိုးလည်း ဖြစ်ပါကြောင်း။


ဆောင်းပါးကို ဒီမှာတင်ရပ်မလို့ပါပဲ။ ရပ်ခါနီးမှာပဲ ဂျီတော့ခ်ကနေ၀င်လာပြီး သတင်းတစ်ခုကို လာပြောပြပါတယ်။ ဒီဆောင်းပါးနဲ့ ဘယ်လိုဆက်နွယ်နေတယ်ဆိုတာကို ကျွန်တော်ပြောပြပါ့မယ်။ ခုရေးနေတဲ့ဆောင်းပါးဟာ.... သေသ၀ိဇ္ဇာကိန်းအရ တနင်္ဂနွေအခါကို မူတည်ပြီး အသက်ပိုင်းစနစ်နဲ့တင်ပြရေးသားသွားတာပါ။ ခုလိုရေးနေစဉ် ကာလမှာကိုပဲ မြန်မာစံတော်ချိန်အရ သောကြာနေ့ ညနေ သုံးနာရီ လေးဆယ့်ရှစ်မိနစ်မို့ တနင်္ဂနွေအခါကျ ရောက်နေပြီး၊ ဒီအချိန်မှာ ၀င်ရောက်လာတဲ့သတင်းတစ်ခုက ထူးထူးခြားခြားပါပဲ ။ လူတစ်ယောက်အမှုဖြစ်ပွား နေတဲ့အကြောင်းအရာပါ။ ဖြစ်ပွားနေတဲ့နာမည်ရှင်က (ဗုဒ္ဓဟူးနံ အစ(လအက္ခရ) နဲ့ အင်္ဂါနံအဆုံး(စအက္ခ)နဲ့ ) မှည့်ခေါ်ထားသူဖြစ်နေပါတယ်။ ကာယကံရှင်ဟာ အတိုင်ခံရပြီး အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။ သူ့ကို တိုင်သူက (စနေနံနာမည်ရှင် )ဖြစ်နေပါတယ်။ လက်ရှိလည်း ဖြစ်ပေါ်နေတာမို့ နာမည်ကိုချန်လှပ်ခဲ့ပါတယ်။ ဒီလောက်ဆို ကျွန်တော်တို့ မြန်မ့ာရိုးရာ အင်္ဂ၀ိဇ္ဇာဗေဒင်ပညာနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

စိတ္တသုခ ......
ကာယသုခ....
ပြည့်ဝကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
kosoemoetun13@gmail.com

အားလုံးအတွက်တစ်နှစ်တာဟောကိန်း စာစု(၂)

Monday, January 11, 2010

အားလုံးအတွက်တစ်နှစ်တာဟောကိန်း စာစု(၂)

သို့မဟုတ်

ဒုတိယအဆင့်ကံဇာတာဖတ်ခြင်း

ဒီအသက်ပိုင်းတွေကို ရောက်ရှိနေတဲ့ နေ့နံအားလုံးအတွက် တစ်မျိုးဆီခွဲရေးပေးတာပါ။ ဖတ်ကြည့်ပါဦး။ ပိုမိုအနုစိတ်လာတဲ့ သဘောပါ။

အသက်အားဖြင့် .. ၁နှစ် ၊ ၈နှစ် ၊ ၁၅နှစ် ၊ ၂၂နှစ် ၊ ၂၉နှစ် ၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊၆၄နှစ်၊ ၇၁နှစ် ၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် အတွင်း ရောက်ရှိနေသော ခုနှစ်ရက်သားသမီးများအတွက် ထပ်မံကွဲပြားခြားနားသော ကံအကျိုး ပေးများ။

ယေဘုယျ အခြေခံအားဖြင့်တော့....အကြမ်းသဘော အကောင်းအဆိုး ခွဲမယ်ဆိုရင်..ဒီလိုခွဲခြားပါ။

ကြာသာပတေးသားသမီးများ ကောင်း 100%

တနင်္လာသားသမီးများ ကောင်း 75%

သောကြာသားသမီးများ ကောင်း 50%

တနင်္ဂနွေသားသမီးများ ကောင်း 25% နှင့် ဆိုး 25% သို့မဟုတ် ၀%

ဗုဒ္ဓဟူး/ရာဟုသားသမီးများ ဆိုး 50%

စနေသားသမီးများ ဆိုး 75%

အင်္ဂါသားသမီးများ ဆိုး 100%

တရားသေမမှတ်လိုက်ပါနဲ့ဦး။ ဒါက အားခွဲတဲ့သဘောမျှပါ။ ဆက်ပြီးရေးသားဖော်ပြပေးပါ့မယ်။


ကြာသာပတေးသားသမီးများ

ဒီအသက်ပိုင်းမျိုးရောက်ပြီဆိုတာနဲ့ ကိုယ့်ကို လူတွေက အထင်ကြီးပါမယ်။ ပညာရှင်အဖြစ်အသိမှတ်ပြုတာ၊ အကြီးအကဲအဖြစ်ချီးမြှောက်ကြတာမျိုးကို ကြုံတွေ့ ရပါမယ်။ တနင်္လာသားသမီးတစ်ဦးဦးကဖြစ်စေ။ အမျိုးသမီး တစ်ဦးဦးကဖြစ်စေ ကောင်းကျိုးလာပေးတာမျိုးကိုလည်း ကြုံရတတ်ပါတယ်။ အများအားဖြင့်ကတော့ ငွေကြေးဝင်ရောက်လာတာမျိုးကိုကြုံတွေ့ရတတ်ပါတယ်။မေတ္တာရေးရာကတော့ မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်နဲ့ခွဲခွါနေထိုင်ရခြင်း သို့တည်းမဟုတ် အိမ်ထောင်ဖက် ကျန်းမာရေးညံ့ခြင်း၊ စသည်ဖြင့် ကြုံတွေ့ရတတ်ချိန်ဖြစ်ပြီး။ လူလွတ်များအဖို့လည်း ချစ်သူနဲ့ ခွဲခွာရတတ်တဲ့ ကာလမျိုးပါ။ ပညာရပ်တစ် ခုခုကိုလေ့လာလိုက်စားနေသူမျိုးဖြစ်မယ်ဆိုရင် ဒီလို အသက်ပိုင်းတွေက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကြာသာပတေးသားသမီးများ အနေနဲ့ ဒီအသက်ပိုင်းမျိုးမှာ ၀ါညိုရောင်နဲ့ အပြာရောင် ကို များများသုံးသင့်ပါတယ်။


တနင်္လာသားသမီးများ

အကူညီကောင်းတွေ အများအပြားရတတ်ချိန်ပါ။ အထူးသဖြင့် ဆရာသမား အကြီးအကဲများ မိတ်ကောင်းဆွေကောင်းများက အားတက်သရောကူညီတာမျိုးကိုကြုံရတတ်တဲ့ကာလလို့ဆိုနိုင်ပါတယ်။ ထို့အတူ အမွေအနှစ်ရခြင်း၊ ဥစ္စာပစ္စည်းများ ၀င်လာခြင်း စသည်အားဖြင့်လည်းကြုံတွေ့  ရတတ်သော အသက် ပိုင်းလို့ဆိုရပါမယ်။ သူတစ်ပါးကို စည်းရုံးဆွဲဆောင်အား ရှိနေတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ ဒီအသက်ပိုင်းမျိုး တွေမှာ အဖြူရောင်ကိုများများသုံးသင့်ပါတယ်။


သောကြာသားသမီးများ

အထောက်အပံ့ကောင်း အမှီကောင်း တွေရတတ်ချိန်ဖြစ်သလို၊ ဆရာသမားအကြီးအကဲများကလည်း မိမိကို အားပေးထောက်ခံမှု ပြုပေးနေတာမျိုး ကြုံရတတ်တဲ့ အသက်ပိုင်းတွေပါ။ အဓိကအားဖြင့်တော့ နောက်ခံ ဘက်ဂရောင်း ကောင်းတာကြောင့် အသာစံရတတ်တဲ့ကာလမျိုးဆိုပါတော့။ နေရာကောင်း ရရှိခြင်း၊ မြင့် မြတ်သောနေရာ မြင့်မားသောနေရာသို့ရောက်ရှိခြင်းများကိုလည်း အခြားကောင်းသော ဗေဒရှုထောင့် များပါဝင်နေရင် ..သေချာပေါက်လောက်နီးပါး ခံစားရဖို့ရှိတဲ့ ကာလပါ။ ပျိုရွယ်သူများအဖို့ စန်းပွင့်သောကာလမျိုးလည်း ဖြစ်ပါတယ်။ သောကြာသားသမီးများအဖို့ သည်အသက်ပိုင်းမျိုးမှာ ဟိုလူကခေါ်ချင် သည်လူကပြောချင် ဆိုသလို မျက်နှာပွင့်လန်းပြီး ချစ်သူခင်သူ ပေါများတတ်တဲ့ ကာလမျိုးဖြစ်ပါတယ်။


တနင်္ဂနွေသားသမီးများ

ကြံရခက်တဲ့ ကာလမျိုးပါပဲ။ ကိုယ်ကြံစည်ထားတာတွေဖြစ်မလာသေးပဲ တိုးလို့တန်းလန်း ဖြစ်နေရတတ်တဲ့ကာလ မျိုးပါ။ အများအားဖြင့်ကတော့ ဘာလုပ်ရမှန်းမသိတဲ့အဆုံးမှာ ချစ်မှုရေးရာဘက်ကို စိတ်ရောက် သွားတတ်ကြပါတယ်။ အချို့ကတော့ ပညာရပ်ပိုင်းဆိုင်ရာတွေမှာ လေ့လာ အားထုတ်မှု ပိုမိုပြုလာကြပါမယ်။ ဒီလိုအသက်ပိုင်းများ မှာ တနင်္ဂနွေသားသမီးများအဖို့ ရွေးခြယ်စရာများလာတတ်ပါတယ် ။ လမ်းမှန်လမ်းမှား၊ အပြုသဘော အပျက်သ ဘော၊ မိမိတို့အနေနဲ့ ရွေးရတော့မှာဖြစ်ပါတယ်။ အထက်ကိုတက်မလား အောက်ကိုဆင်းမလား ..အားလုံးဟာ ကိုယ့်သဘောပါပဲ။



ဗုဒ္ဓဟူးသားသမီးများ

အမုန်းခံရမယ့် အချိန်အခါဆိုပါတော့။ ဘာလုပ်လုပ် အမြင်ကပ်ခံနေရပါလိမ့်မယ်။ အရှက်ရစရာလည်း ကြုံပါမယ်။ မိတ်ဆွေကောင်းလေးတွေ ရှိလို့တော်သေးရဲ့ ဆိုတဲ့ကာလပါ။ မိသားစုထဲမှာလည်း စိတ်ဝမ်းကွဲမှုလေးတွေ အနဲနဲ့ အများကြုံနေရတတ်တဲ့ အသက်ပိုင်းပါ။ အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူက ကိုယ့်ကို အားပေးမှုလေးတွေ၊ ဖြည့် ဆည်းပေးမှုလေးတွေတော့ အတန်အသင့်ရနေတတ်လို့ ငြိမ်းချမ်း ရပါသေးတယ်ဆိုတဲ့ ကာလမျိုးလည်းဖြစ်ပါတယ်။ အနက်ရောင်ကိုတော့ ဝေးဝေးကနေ ရှောင်ရမယ့် အသက်ပိုင်းတွေပါပဲ။


ရာဟုသားသမီးများ

ခပ်ဆင်ဆင်ပါပဲ။ ရာဟုများလည်း အမုန်းခံရချိန်ပါ။ ကိုယ်ကရွဲ့လေလေ အမြင်ကပ်ခံရလေလေပါပဲ။ ကိုယ်လိုချင် တဲ့အကူညီမျိုးရှိခဲ့ရင်လည်း မရတော့တဲ့ကာလပါ။ ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေ (အထူးသဖြင့် စက်ပစ္စည်း တွေ) ဆုံးရှုံးတတ်သော အသက်ပိုင်းမျိုးလည်း ဖြစ်ပါတယ်။ ကိုယ်ကလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ .. ဂုဏ်သိက္ခာကျနေရတတ်တာလည်း ဒီလိုအသက်ပိုင်းမျိုးတွေပါပဲ။ အလိုလိုနေရင်းကို အဆင်မပြေတာပါကွာ.... ဆိုပြီး ညည်းရတတ်တာ ဒီအသက်ပိုင်းမျိုးတွေပါ။ ရာဟုလည်း ပဲ ချစ်သူကကယ် မှ သက်သာရာရတတ်ပါတယ်။ မေခလာ ရေ လာပါလာပါပေါ့။ အနီအနက်ကို ရှောင်ရမယ့်ကာလတွေပါ။


စနေသားသမီးများ

အလိုလိုနေရင်းကို စိတ်တိုနေရပါလိမ့်မယ်။ လိုတာမရ ဒေါပွပွ ဆိုတာ ဒီအသက်ပိုင်းမျိုးတွေဖြစ်ပါလိမ့်မယ်။ မတန်တစ်ဆ သီးခံ နေရတတ်ပါတယ်။ မိသားစုအတွင်းမှာလည်း ကြီးမားတဲ့စိတ်ဝမ်းကွဲမှုမျိုးတွေဖြစ်လာတတ် ချိန်မို့ အထူးသတိထားရမယ့် ကာလတွေပါ။ ကိုယ်ကိုယ့်ကို အရင်လိုနေလို့မရတော့ဘူး၊ ပြောင်းလည်းမှုပြုရ တော့မယ်ဆိုတဲ့ ကာလတွေပါ။ အခြားသောဒသာတွေ သက်ခတ်ဂြိုဟ်အိပ်အနေအထားတွေပါ ဆိုးခဲ့တာ နဲ့ကြုံနေမယ်ဆိုရင်တော့ ...ထိခိုက်နစ်နာမှုများပြားစေမယ့် အသက်ပိုင်းတွေလို့လည်း ဆိုနိုင်ပါတယ်။ ဘာသာရေး လုပ်ဖို့ အထူးတိုက်တွန်းရမယ့်ကာလမျိုးတွေ ဖြစ်ပါလိမ့်မယ်။


အင်္ဂါသားသမီးများ

အလိုလိုနေရင်း တစ်ရှောင်ရှောင်ဖြစ်ခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ရောဂါဘယကပ်ခြင်း၊ နေအိမ်မှ အဝေးသို့ ထွက်ခွါသွားရခြင်း၊ သေခြင်း၊ စသည်အားဖြင့် အနဲနဲ့အများ ဖြစ်ရတတ်သလို၊ ဒီလိုအသက်ပိုင်းတွေမှာ စိတ်ကုန် စိတ်ဓါတ်ကျအလွန်ဖြစ်လွယ်ပါတယ်။ စိတ်လေပြီး နေရတတ်ပါတယ်။ အစိမ်းရောင်ကိုတော့ ဝေးဝေးကသာ ရှောင်ပါ။ အနက်ရောင်ကလည်း စိတ်ညစ်မှုကို ပိုပြီးပေးတတ်ပါတယ်။ အိမ်တွင်းရေး သာယာချမ်းမြေ့မှုကိုတော့ ရရှိတတ်သောကာလပါ။ ကြာသာပတေးသားသမီးတွေက ကိုယ့်ကို ကယ်ဆယ် ကယ်တင် ပေးတတ်တာလေးကတော့ ထွက်ပေါက်ကောင်းလေးဖြစ်လာနိုင်ပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာ အသစ်တွေ ဆရာသစ်တွေ တွေ့တတ် တဲ့ကံလေးကတော့ တစ်ကယ်ကို အိုအေစစ် ကံလေးပါပဲ။

အားလုံးပဲချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) kosoemoetun13@gmail.com
 

Posts Comments

©2006-2010 ·TNB