ချစ်ချစ်အကြောင်းစာစု(၇)

Sunday, January 3, 2010

နာမည်အဖျားစာလုံးကို တ၊ထ၊ဓ၊ဒ၊န ဖြင့် မှည့်ခေါ်ထားသော ချစ်ချစ်တို့အကြောင်း

ဥပမာအားဖြင့် .......နွယ်နွယ်ထွန်း၊ သွယ်သွယ်ထက်၊ မြင့်ဦးနိုင်၊ အာကာတိုး၊ သိမ့်သိမ့်နှင်း။ ဟန်နီ၊ ချိုဇင်ထက်။ စသည်အားဖြင့် အမည်ရှင်မျိုးတွေ ဆိုပါတော့။

သူတို့လို နာမည်ရှင်တွေကို ချစ်သူအဖြစ်ရွေးခြယ်မိမယ်ဆိုရင်တော့ ..သင့်အနေနဲ့ တော်တော် သီးခံနိုင်စိတ်လေးတော့ မွေးရပါလိမ့်မယ်။ သူတို့က ဝေဖန်တတ်တယ်။ အပြစ်တင်စရာရှိရင်လည်း မညှာဘူး။ ဟိုလိုမလုပ်နဲ့ သည်လိုမလုပ်နဲ့ ဟိုဟာမကြိုက်ဘူး ဒါကို လက်မခံဘူး စသည်အားဖြင့် အငြင်းဝါကျကိုလည်း မကြာမကြာ သုံးလေ့ရှိသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့က ဘာပဲလုပ်လုပ် နဲနဲတော့ အစွန်းရောက်တတ်ကြတယ်။ ပြင်းပြင်းထန်ထန်လည်း သူတစ်ပါးကို ဖိအားပေးတတ်သူတွေမို့ သူတို့ကို ချစ်သူတော်မိမယ်ဆိုရင် ...သင့်အနေနဲ့ ပေါ့ရွှတ်ရွှတ်လုပ်တာမျိုး လုံးဝရှောင်ပါ။ အဖြစ်နိုင်ဆုံးလေးလေးနက်နက် ပြောဆို ဆက်ဆံပါ။ သူတို့က တာဝန်ယူတတ်သူ၊ အလေးအနက် ထားတတ်သူ၊ တည်ကြည်သူ၊ ထူးထူးခြားခြား စရိုက်ရှိသူမျိုးကိုလည်း စိတ်ဝင်စားတတ်ကြပါသေးတယ်။ သိပ်ပြီး ခေတ်ရှေ့ပြေးလွန်းတာမျိုးကို သူတို့က မနှစ်သက်တတ်ကြပါဘူး။ ပုံမှန် ရိုးရိုးလေးပဲ အေးအေးလေးပဲ သဘာဝ အတိုင်းလေးပဲ ကြိုက်တတ်တယ် ဆိုတာ သူတို့သဘာဝပါ။ သူတို့က ပရလောကနဲ့ နိုင်ငံရပ်ခြားတွေ၊ လူမျိုးကွဲတွေထူးခြားဆန်းကြယ်တာတွေကိုလည်း သဘောကျ နှစ်ခြိုက်တတ်သူတွေလို့ ယျေဘုယျ ဆိုနိုင်ပါသေးတယ်။


တစ်ခုခုကို အခြေခံက စပြီး သိရှိနားလည်ရန် ကြိုးပမ်းနေတတ်ကြသူတွေလည်း ဖြစ်လို့...သူတို့ကို အသေးစိတ် မရှင်းပြပဲနဲ့ ဘယ်အကြောင်းအရာကို မှ အလွယ်တစ်ကူ လက်မခံတတ်ကြပါဘူး။ ဒါကို ကိုယ်က သတိပြုမိထားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဘ၀လက်တွဲရေးပဲဖြစ်ဖြစ် တစ်ခြားဘာကိစ္စမျိုးကိုပဲ တိုင်ပင်တိုင်ပင်..၊ သူတို့ကို အသေးစိတ် အနုစိတ် သေချာရှင်းပြပေးမှသာ သူတို့က လက်ခံကျေနပ်နိုင်ပါလိမ့်မယ်။

လက်ဆောင်တွေဘာတွေပေးတော့မယ် ဆိုရင်တော့ ...ပစ္စည်းအကြီးကြီးတွေထက် သူတို့က ပိစိကွေးလေးတွေ အူယားစရာ ပေါက်စနလေးတွေကို သဘောခွေ့တတ်ကြပါတယ်။ သူတို့ သဘောကျမယ့် လက်ဆောင်သေးသေးကွေးကွေး ချစ်စရာလေးတစ်ခုလောက် သင့်အနေနဲ့ ရှာဖွေ လက်ဆောင်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ အမှတ်တိုးလာမှာ သေချာပါတယ်။ သူတို့ထဲက အချို့သော သူတစ်ချို့ကတော့ ရှေးဟောင်းပစ္စည်းတွေ အိုးလ်မော်ဒယ်တွေကို စိတ်ဝင်စားတတ်ကြပြန်ပါတယ်။ ပေါချောင်ကောင်း အဟောင်းဈေးက ပြန်ဝယ်လာတာမျိုးကိုလည်း ကြိုက်ချင်ကြိုက် နေတတ်ကြပြန်ရောဗျ။

ရာဇ၀င်ဆိုင်ရာ စာပေ ရုပ်ရှင် စတာတွေကိုလည်း သူတို့ထဲက အချို့သောနာမည်ရှင်တွေက သိပ်ကြိုက်နေတတ်တာကို တွေ့ရတတ်ပါတယ်။ အများစုကတော့ ကံကံ၏ အကျိုးကို လက်ခံ ယုံကြည်ထားကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအားလျော်စွာ သူတိုနဲ့တွေ့တဲ့ဆုံတဲ့အခါ ဗေဒင် အကြောင်း၊ သို့တည်းမဟုတ် ထူးဆန်းတဲ့ အကြောင်းအရာတွေ၊ လျှို့ဝှက်နက်နဲတဲ့အကြောင်းအရာတွေ နဲ့ လောကုတ္တရာ အကြောင်းတွေကိုလည်း အလိုက်သင့် အရိပ်အခြေကြည့်ပြီး ဆွေးနွေး တိုင်ပင်ပေးဖို့လိုပါတယ်။

အနှစ်ချုပ်ပြန်လည်စုစည်းပေးပါမယ်။

သူတို့လိုနာမည်ရှင်မျိုးတွေကို ချစ်ချစ်တော်မိကြမယ်ဆိုရင်တော့ ဝေဖန်တာကို ခံနိုင်ဖို့အရင်ဆုံး ကြိုးစားထားပါ။
အပြစ်တင်ရင်လည်း အချစ်အမြင်နဲ့ ပြုံးပြတတ်ပါစေ။ သိပ်ပြီးအဆန်းမထွင်ပါနဲ့။ ရိုးရိုးယဉ်ယဉ်လေးနဲ့လည်း ဆွဲဆောင်လို့ ရနိုင်ပါတယ်။ လေးလေးနက်နက်သဘောထား ဆက်ဆံပေးပါ။ ဖိအားပေး ခံရရင်လည်း သူတို့ကို နားလည်အောင်ရှင်းပြပြီး ဖြေရှင်းပါ။ အစွန်းရောက်တတ်တဲ့သူတို့သဘာဝကို နားလည်နေမှ ကိုယ်ကလည်း သူကို့ ခွင့်လွှတ်နားလည်နိုင်ဖို့ လွယ်ပါမယ်။ ထူးထူးဆန်းဆန်းအကြောင်းအရာလေးတွေ ပြောပြပေးပါ။ သို့မဟုတ် အဲဒီ့လို ထူးထူးဆန်းဆန်း အကြောင်းအရာတွေနဲ့ သူတို့ကို စည်းရုံးသိမ်းသွင်း ဆွဲဆောင်နိုင်ပါတယ်။ အမြန် မလုပ်ပါနဲ့။ ဘာပဲဖြစ်ဖြစ်ပေါ့။ သူတို့က အနှေးသမားတွေပါ။ ဖြေးဖြေး မှန်မှန် နဲ့ သတိထား ပြီး လုပ်တတ်တာမျိုးကို ပိုနှစ်သက်တတ်သူတွေမို့ သင်က သိပ်ပြီးအမြန်ကြိုက်နေရင်လည်း အချိုးမပြေ ဖြစ်ရတတ်ပါတယ်။ စိတ်ရှည်ပါ။ သီးခံပါ။ ဒါမှ သူတို့နဲ့ တွဲလို့ မြဲပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် သူတို့လိုနာမည်ရှင်မျိုးတွေနဲ့ ချစ်ချစ်တော်မိကြမယ်ဆိုရင်တော့ ....ဗေဒင် ဘာသာရေး စိတ်ပညာသမိုင်း ရာဇ၀င်ဆိုင်ရာအသိပညာ မျိုးတွေနဲ့ ...ထူးဆန်းတဲ့အကြောင်းအရာတွေကို အနဲနဲ့အများ နားလည်ထားဖို့ လိုပါလိမ့်မယ်။ ဒါမှလည်း သူတို့ကိုချဉ်းကပ်ရတာပိုလွယ်ကူနိုင်သလို သူတို့နဲလည်း ကြာရှည်လက်တွဲလို့ရနိုင်မှာပါ။

အားလုံးပဲချမ်းမြေ့ကြပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း ။

Post a Comment
 

Posts Comments

©2006-2010 ·TNB