အားလုံးအတွက် တစ်နှစ်တာဟောကိန်း စာစု(၁)

Monday, January 11, 2010



အားလုံးအတွက်တစ်နှစ်စာဟောကိန်း စာစု(၁)


အားလုံးအတွက် လွယ်ကူမှန်ကန်ုသောဗေဒင်ကြည့်နည်း တစ်ခုကိုတင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးလေးကတော့ တစ်ကယ့်ကိုပဲ စာဖတ်ပရိသတ်အားလုံး အတွက်ကို ကြည့်ပြီး ကြိုးစား ပေးလိုက်တာပါ။

ယခုဖော်ပြမယ့်နည်းစနစ်ဟာ ဗေဒင်တတ်ဖို့မလိုပဲ ကိုယ့်မွေးနံ ကိုယ့်အသက် ကိုယ်နာမည် စသည်ဖြင့် အရင်းလေးထည့်လိုက်တာနဲ့ အမြတ်ရနိုင်တဲ့ ဗေဒင်ကြည့်နည်းတစ်ခုလို့လည်း ညွှန်းနိုင်ပါလိမ့်မယ်။ နဲနဲတော့ ဆောင်းပါးပုဒ်ရေခွဲပြီးတင်ပြရတာကို ခွင့်လွှတ်ကြပါ။ အားလုံးအတွက် တစ်ပုဒ်ထဲနဲ့တင်ပြလို့မရလို့ပါ။

မွေးခုနှစ်တောင်မလိုအပ်ပါဘူး။ ဒီနည်းစနစ်ကလေးမှာ။ မွေးနံကိုတောင် ဒုတိယအဆင့်မှ သုံးရတာပါ။ နာမည်ကတော့ တတိယအဆင့်ထိကြည့်မယ့်သူတွေမှသာ လိုအပ်ပါလိမ့်မယ်။ ဒါဆိုမှန်ပါ့မလားလို့ မေးစရာရှိပါတယ်။ ကျွန်တော့်အနေနဲ့ လက်တွေ့လေ့လာခဲ့ရတာတွေကို စုစောင်းပြီး အတတ်နိုင်ဆုံး ကြိုးစားပေးထားတာမို့ ဖတ်ကြည့် တိုက်ဆိုင်ကြည့်ပြီး ကိုယ့်အဖြစ်အပျက်နဲ့ ဘယ်လောက်တိုက်ဆိုင်သလဲ မှန်ကန်ညီညွတ်သလဲဆိုတာ ကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါလို့...သာ။

နောက်တစ်ခုကတော့ ....ဖတ်ကြည့်သူတွက်စစ်ကြည့်သူတို့ဘက် ကထင်မြင်ချက် သို့မဟုတ် မိမိတို့ကြုံတွေ့နေရတဲ့ အခြားသောအကြောင်းအရာများ ကွာဟမှုများ စသည်ဖြင့် .... ဘာပဲဖြစ်ဖြစ် ကွန်မန့်မှာ ရေးသားဖော်ပြပေးသွားနိုင်ပါတယ်။ ကိုယ်ရဲ့အတွေ့အကြုံတွေအကြောင်းကိုလည်း တစ်ခြားစာဖတ်သူ များကို တင်ပြသွားနိုင်ပါတယ်။ ဒါဆိုတစ်ခြားဘ၀တူ စာဖတ်သူတွေလည်း တိုက်ဆိုင်ကြည့်ဖို့ အခွင့်အလမ်းရသွားနိုင်မယ်လို့ ထင်ပါတယ်။ ဟုတ်ပြီ။ လက်တွေ့ လေ့လာကြည့်ကြပါစို့။

ပထမအဆင့်ကံဇာတာဖတ်ခြင်း

ပထအဆင့်လိုအပ်တာကတော့ ကြည့်မယ့်သူရဲ့ အသက်ပိုင်းပါပဲ။ ခုဆောင်းပါးအမှတ်(၁)မှာ အောက်ပါအသက် ပိုင်းခြားကို ရောက်နေသူတွေအတွက် ကြည့်လို့တွက်လို့မှတ်လို့ရပါတယ်။

အသက်အားဖြင့် .. ၁နှစ် ၊ ၈နှစ် ၊ ၁၅နှစ် ၊ ၂၂နှစ် ၊ ၂၉နှစ် ၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊၆၄နှစ်၊ ၇၁နှစ် ၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် အတွင်း ရောက်ရှိနေသူအားလုံးအတွက် တစ်နှစ်အတွင်း ကံဇာတာကြည့်နည်း။

ဒီအသက်ပိုင်းကို ရောက်နေသူများကို ပညာရှင်အသက်ပိုင်းလို့ နာမည်ပေးထားပါတယ်။
အောက်ပါအတိုင်းကံတရားက ခြယ်လှယ်မှုပြုနေတတ်ပါတယ်။

(၁) သင်ဟာ သည်အသက်ပိုင်းမျိုးမှာ ရောက်ရှိနေတဲ့အခါ ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး မိမိကိုယ်ကို ဆုံးမဆင်ခြင်နိုင်တာနဲ့အမျှ ကောင်းကျိုးသိသိသာသာ ရရှိလာတတ်ပါတယ်။ ဘာပဲလုပ်လုပ်ပညာဟာ အရေးကြီး ပြီး နေရာတိုင်းမှာ ပညာက ခြယ်လှယ်လာတတ်တဲ့ အသက်ပိုင်းမျိုးလို့လည်း ဆိုနိုင်ပါတယ်။

(၂)သင်ဟာ သည်အသက်ပိုင်းထဲမှာ မကောင်းတာကိုပဲလုပ်လုပ် ကောင်းတာကိုပဲလုပ်လုပ် ဖွံ့ဖြိုးကြီးထွားလာဖို့ လွယ်ကူနေပါတယ်။ ဒါကိုသတိပြုထားရပါမယ်။ ကောင်းတာတွေ ကျယ်ပြောဖွံ့ဖြိုးလာတာ အကြောင်းမဟုတ်ပေမယ့် မကောင်းတာတွေ ဆိုရင်တော့ ထိမ်းရခက်လောက်အောင်ကို ပြန့်နှံ့ သွားနိုင်ကြောင်း သတိပြုပါ။ ဆေးပင်စိုက်ရင် ဆေးပင်ဖွံ့ဖြိုးလွယ်သလို ဘိန်းပင်စိုက်ရင်လည်း ဘိန်းခင်း ဖြစ်သွားမယ့် အနေအထားမျိုးရောက် ရှိနေတယ်ဆိုတာ သိထားရပါမယ်။

(၃) သင်ဟာ သည်အသက်ပိုင်းထဲမှာ တစ်စုံတစ်ခုသောအကြောင်းအရာကို စုစည်းဖို့ကြိုးစားနေတယ်ဆိုရင်.. အခက်အခဲများစွာ ကြုံလာရတတ်ပါတယ်။ တစ်ခုခုကိုတားမြစ်ဖို့ကြိုးစားတာမျိုးအတွက်လည်း အရမ်းခက်ခဲရ တတ်ပါတယ်။ သင်ဟာ သမိုင်းပညာရှင် ဘာသာရေးတစ်ခုခုကိုလေ့လာအားထုတ်နေသူ၊ ကံကံ၏အကျိုးကို နားလည်အောင် ကြိုးပမ်းနေသူ(ဗေဒင်ပညာရှင်)၊ ရှေးဟောင်းပစ္စည်းစုဆောင်းသူ၊ အာကာသဆိုင်ရာ ပညာရပ်ပိုင်း များကိုလေ့လာနေသူ၊ နိုင်ငံခြားရေးရာဝန်ထမ်း၊ ထောင်ဝန်ထမ်း၊ နာမ်ဝိဥာဉ်ပိုင်းဆိုင်ရာ လေ့လာလိုက်စားသူ၊ စသည်ဖြင့် ....တစ်ဦးဦးဖြစ်နေမယ်ဆိုရင် သင့်မှာ ပြုပြင်ပြောင်းလည်းပစ်ရမယ့် ကဏ္ဍတွေ ကျရောက်လာတတ် တဲ့ကာလဖြစ်ကြောင်းသတိပြုရပါမယ်။

(၄) ဒီလိုအသက်ပိုင်းမျိုးတွေမှာ အတွက်အချက်လွဲချော်တာ။ စာရင်းမှားတာ။ စာရွက်စာတမ်းပျောက်ရှတာ။ အလွန်ဖြစ်လွယ်ပါတယ်။ ဒါကိုလည်းဂရုပြုပါ။ အချိန်အဆလွဲချော်တာ။ အချိန်အရမ်းနောက်ကျသွားတာ။ စတဲ့ ပြသနာမျိုးတွေလည်း အလွန်ဖြစ်လွယ်သောကာလဖြစ်ပါတယ်။

(၅)ပညာရှင်တွေ အကြီးအကဲတွေ နဲ့ဆိုင်တဲ့ ကောင်းကျိုးတွေ အများအပြားရတတ်သော ကာလလို့လည်းဆိုနိုင် ပါတယ်။ (မှတ်ချက် ။ မွေးနံအရ ကွဲပြားမှုများရှိပါသေးသည်။ ဆက်လက်ဖော်ပြပါမည်။ ပုံသေကားချပ်မမှတ်အပ်)ဆရာကောင်းတွေ့ရတတ်သော အသက်ပိုင်းလို့လည်းဆိုနိုင်ပါတယ်။ သင်တန်းတွေ တက်ရတာ။ သင်ကြားရေးဆိုင်ရာကိစ္စတွေ ဆောင်ရွက်ရတာတွေ ကြုံတွေ့ရမှု အများဆုံး အသက်ပိုင်းတွေ လို့လည်း သတ်မှတ်ထားပါတယ်။

(၆) ကယ်မမယ့်သူ ပေါ်တဲ့အသက်ပိုင်းမျိုးတွေလို့လည်းဆိုနိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေ ဆရာကောင်းတွေ တွေ့တတ်ချိန်မို့ အမှီကောင်းရရင် အကျိုးထူးနိုင်တဲ့ကာလမျိုးပေါ့။

(၇) သတိထားအပ်တာကတော့ သတင်းဆိုးတွေ မကောင်းသတင်းတွေ အင်မတန်ထွက်လွယ်တဲ့ကာလမို့ အမှားနဲနိုင်သမျှ နည်းအောင် နေထိုင်လုပ်ကိုင်ပြောဆိုပါ။ ဂါရဝေါစ နိဝါတောစ မင်္ဂလာတရားတော်ကို ခါတိုင်းထက်ကိုပိုပြီး နှလုံးသွင်းဆင်ခြင်နေဖို့လိုအပ်ပါတယ်။

(၈) ဒီအသက်ပိုင်းတွေအတွက် သော့ချက်ကတော့ အလယ်လမ်းကိုရွေးပါ။ ယောနိသောမနသိကာရကို နှလုံး သွင်းဆင်ခြင်ပြီး ပညာလေးနဲ့ သတိချပ်ဖို့က အဓိက သော့ချက်ပါပဲ။

(၉) ဒီအသက်ပိုင်းမျိုးတွေကို ရောက်ရှိနေပြီဆိုတာနဲ့ ဆေးဝါးတွေကို ဂရုစိုက်ပြီးသောက်သုံးပါ။ ခွဲစိတ်ကုသမှုမျိုး လုပ်မယ်ဆိုရင်လည်း အင်မတန်ဂရုစိုက်ပြီးမှ သင်တော်မယ့်ဆရာဝန်ကြီးတွေနဲ့ တော်တော်လေးကို ဆွေးနွေး တိုင်ပင်ပြီးမှ ခွဲစိတ်ဖို့ သတိပေးချင်ပါတယ်။


(၁၀) အလုပ်အကိုင်ရှာဖွေနေသူများ အဖို့ကတော့ သည်လိုအသက်ပိုင်းမျိုးဟာ အစမ်းခန့် ယာယီခန့်တာမျိုးတွေ အဖြစ်များတဲ့ကာလပါ။ မရေရာ မသေချာသေးတာ၊ ရွေးရခက်တာ၊ စိတ်ဒွိဟ ဖြစ်ရတာတွေ အဖြစ်များတတ်တဲ့ကာလပိုင်း အသက်ပိုင်းခြားတွေလို့လည်း ဆိုနိုင်ပါတယ်။ ပေါ်ပင်အလုပ်လေးတွေ၊ ပွဲစားလုပ်ပေးတာမျိုးလေးတွေ၊ အတိတကျမဟုတ်သေးပေမယ့် ယာယီလုပ်ကြည့်ခွင့်ရတဲ့ အလုပ်မျိုးလေးတွေ လုပ်ရတတ်တာများပါလိမ့်မယ်။

ထပ်ရေးမယ်ဆိုရင်လည်း အများကြီးကို ကျန်ပါသေးတယ်။ သို့သော် ညဥ့်အရမ်းနက်လာတာကတစ်ကြောင်း။ လတ်တစ်လော ခေါင်းထဲပေါ်တာကို ဖော်ပြရတာဖြစ်တာကတစ်ကြောင်းကြောင့် ..သည်အချက်ကိုးချက်ကိုပဲ ရေးသား တင်ပြပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာလာဖတ်သူမှာ အကျိုးတစ်ခုခုရှိမယ်ဆိုရင် ရေးရကျိုးနပ်ပြီလို့ အောက်မေ့ပါတယ်။


နောက်ထပ် (အားလုံးအတွက် တစ်နှစ်တာဟောကိန်း စာစု(၂) ) မှာ ဒုတိယအဆင့် ကံဇာတာဖတ်နည်းနဲ့ တတိယအဆင့်ကံဇာတာ ဖတ်နည်းတို့ကို ဆက်လက်ရေးသား ဖော်ပြပေးပါ့မယ်ခင်ဗျား။

အားလုံးပဲချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
kosoemoetun13@gmail.com


Post a Comment
 

Posts Comments

©2006-2010 ·TNB