အမည်ပြောင်းလည်းခြင်း နှင့် ကံဇာတာ (ဒုတိယပိုင်း)

Thursday, January 21, 2010



အမည်ပြောင်းလည်းခြင်း နှင့် ကံဇာတာ (ဒုတိယပိုင်း)

အမည်ပြောင်းလည်းသည့်အခါ အရေးအကြီးဆုံးမှာ တရားဝင်နိုင်ငံသားမှတ်ပုံတင်မှ အမည်ကိုပြောင်းလဲမှုပြု
လုပ်ရခြင်း ဖြစ်၏။ အဘယ်ကြောင့်နည်း။

တစ်ကယ်တော့ အမည်သညာ မှည့်ခေါ်ခြင်းဟူသည်မှာ ဗေဒင်ပညာရှုထောင့်မှတွက်ဆလျှင် တနင်္ဂနွေဂြိုဟ် နှင့်စပ်လျဉ်းသော ကိစ္စအချင်းအရာဟု ဆိုနိုင်ပါသည်။ တနင်္ဂနွေဂြိုဟ်သည် အသိအမှတ်ပြုခြင်း ဆိုင်ရာတွင် အရေးပါလှသော ဂြိုဟ်လည်းဖြစ်သည်။ အမည်သညာ ဟူသည်မှာလည်း မောင်ဘယ်သူ မဘယ်ဝှာ စသည်အားဖြင့် အသိအမှတ်ပြုရခြင်းတစ်မျိုးလည်းဖြစ်ပါသည်။ ယင်းသို့သာ အသိအမှတ် မပြုထားပါမူ..လူမှုဆက်ဆံရေးတွင် အလွန် အခက်အခဲ ဖြစ်လာနိုင်ပါသည်။ ပမာအားဖြင့် (ဟဲ့ ရှစ်ယောက်မြောက်ရဲ့ အထက်က အကောင် အမေ့ကိုဆပ်ပြာသွားဝယ်ပေးစမ်း၊) (ရွာအစွန်အိမ်ရဲ့  ဒီဘက်အိမ်က လင်မယားက ဆွမ်းကျွေးဖိတ်လိုက်တယ်) ( ဘယ်အိမ် ကလည်း နားမလည်ဘူး) စသည်ဖြင့် အခက်အခဲ တော်တော်များသွားနိုင်ပါသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အမည်သညာ မှည့်ခေါ်သတ်မှတ်ပြီး မောင်ဘယ်သူ မဘယ်ဝါ စသည်ဖြင့် အမှတ်သညာပြု အသိမှတ်ပြုထားကြရခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တနင်္ဂနွေဂြိုဟ်သည် အမည်သညာ မှည့်ခေါ်ခြင်းနှင့် အထူးစပ်လျဉ်း လာပြီး၊အမှန်ပင် ပြင်ပလောကတွင် လေ့လာကြည့်ရာတွင်လည်း တနင်္ဂနွေဂြိုဟ်အားကောင်းကျသူများမှာ နာမည်ဂုဏ်သတင်း ထင်ရှား ကျော်ဇောခြင်း ရှိကြလျှက် တနင်္ဂနွေဂြိုဟ် အားနည်းကျသူများမှာမူ နာမည်ပျက် နာမည်ဆိုးတွင် ရစ်ခြင်း ၊ ဂုဏ်သတင်း ညှိးငယ်ခြင်း ရှိကြကုန်သည်ကို များစွာ တွေ့ ရှိရလေသည်။

တနင်္ဂနွေသည် အသိအမှတ်ပြုခြင်းနှင့် သက်ဆိုင်ရာ အဓိကလွှမ်းမိုးထားသော အမည်သညာ နှင့်ဆိုင်သောဂြိုဟ် ဟုဆိုပါလျှင်၊ ယင်းသို့အသိအမှတ်ပြုခြင်းတွင် ခေတ်အခါပြောင်းလည်းလာသည်နှင့်အမျှ လူဦးရေများပြား လာသည်နှင့်အမျှ သက်ဆိုင်ရာမင်းအစိုးရများမှလည်း နိုင်ငံသား မှတ်ပုံတင်ကဒ်များ ထုတ်ပေးပြီး တစ်ဦးချင်းဆီကို စနစ်တကျသတ်မှတ် ခွဲခြားလာရပါသည်။ ထို့ကြောင့် ပင်လျှင် မင်းအစိုးရ အသိအမှတ်ပြုထားသော နိုင်ငံသား မောင်ဘယ်သူမဘယ်ဝါအဖြစ် တရားဝင် တိုင်းသိပြည်သိ အသိအမှတ်ပြုထားသော နိုင်ငံသားမှတ်ပုံတင်ပါ အမည်မှာ လူတစ်ဦးတစ်ယောက်အတွက် အရေးပါ အရာ ရောက်ခြင်းဖြစ်၏ ။ ယင်းသို့ဖြစ်ခြင်းကြောင့် အမည်ပြောင်းလဲရာတွင် နိုင်ငံသား မှတ်ပုံတင်မှ အမည်ကိုပါ ပြောင်းမှသာလျှင် အမှန်တစ်ကယ် ပြောင်းလဲ ရာရောက်၏။

အမည်ပြောင်းလည်းရာတွင် မူလအမည်ကို ဖျောက်ရသည်မှာလည်း အရေးပါသော အချင်းအရာ တစ်ရပ်ဖြစ်၏။ အမည် ပြောင်းပြီးသည့်တိုင် မူလအမည်ကိုလှမ်းခေါ်လိုက်ချိန်တွင် မိမိက ပြန်လည် လှည့်ကြည့် မိခြင်းမျိုး အသိမှတ်ပြုစိတ် ကျန်ရှိနေသေးပါက မူလအမည်၏ သက်ရောက်မှုသည်လည်း အတိုင်းအတာ တစ်ရပ်ထိ ကျန်ရှိနေခြင်းဟု သိနိုင်ပေသည်။ တစ်ကယ်တော့ အမည်တစ်ခုကို ပြောင်းလဲရာတွင် အမည်ရှင် နေထိုင်လုပ်ကိုင်နေသော...ပတ်ဝန်းကျင် အသိုက်အ၀န်း၏ ပံ့ပိုးကူညီပေးမှု သည်လည်း အရေးပါ ပေသည်။

အနှစ်ချုပ် ဆိုရပါမူ အမည်ပြောင်းလဲခြင်းသည် လူတစ်ယောက်အတွက် အရေးပါသောကဏ္ဍဖြစ်ပြီး၊ အရွယ်ရောက်ပြီး လေလေ ပြောင်းလဲရာတွင် အချိန်ပိုယူ ရလေလေ ဖြစ်သည်။ အမည်ပြောင်းလည်းခြင်း အားဖြင့် ကံဇာတာ အတက်အကျများ ပြောင်းလဲ နိုင်ပါသလား ဟု မေးခဲ့ပါမူ မူလဇာတာ လက္ခဏာ အရပါလာသော ကံအခြေအနေပေါ်မှာပင် အမည်ပြောင်းလဲမှု အရလည်း အတိုင်းအတာတစ်ရပ်ထိ ပြောင်းလဲသွား နိုင်ကြောင်း ဖြေဆိုရပေမည်။

ချမ်းမြေ့သုခ ရရှိကြပါစေ။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB