အမှန်ကိုဝန်ခံကြရအောင် စာစု(၃)

Thursday, February 4, 2010




အမှန်ကိုဝန်ခံကြရအောင် စာစု(၃)


နဲနဲလေးတော့ဆင်ခြင်ကြပါ။

မောင်ဖုန်းပြောပါတယ်။ ....ဗေဒင်ဆရာဆိုတာ ကိုးကွယ်စရာအကြောင်းအရာတစ်ခုမဟုတ်ပါဘူးလို့။ ဆရာပြောရင် ပြောသမျှမယုံလိုက်ပါနဲ့။ မောင်ဖုန်းပြောလည်းမယုံလိုက်ပါနဲ့။ သင့်၏ ။ မသင့်၏။ ဥာဏ်နဲ့ချိန်ဆကြည့်ပြီးမှ ယုံသင့်တာယုံ။ ပယ်သင့်တာပယ်။ အတွေ့အကြုံ အတွေးအမြင်အရ ..ကိုယ့်ဥာဏ်နဲ့ မမီရင်တောင် ဘာသာရေးအမြင်နဲ့ယှဉ်ကြည့်ပြီး..ကိုယ့်ဥာဏ်မီသလောက် ဆင်ခြင်ကြည့်ပါ။ ဒါဆိုဘာပဲဖြစ်ဖြစ် အမှားနဲ့အမှန် ကို အနဲအကျဉ်းတော့ခွဲလို့ ရနိုင်လာမှာပါ။

ပညာသည်အပြစ်လား။

ဒီနေရာမှာ ဘာသာရေးဆိုလို့လည်း ပြောစရာတစ်ခုရှိတာက အချို့ သော ဘာသာရေးဆိုဒ်တွေမှာ ဗေဒင် ပညာနဲ့ပတ်သက်ပြီး အထူးရှုံ့  ချထားတာကိုတွေ့ရပါတယ်။ စာရေးသူအမြင်အနေနဲ့ကတော့( ဒီနေရာမှာ ဗေဒင် ပညာသည်၊ ၀ါသနာပါသူ၊ ယုံကြည်သူ တစ်ယောက်အနေနဲ့ မတွေးပဲ) ပြင်ပကနေ စဉ်းစားကြည့်ခဲ့ပါတယ်။ အမှန် ပြောရရင်တော့ ဗေဒင်ပညာရပ်ကိုမရှုံချသင့်ဘူးလို့ထင်မြင်မိပါတယ်။ စာရေးသူအနေနဲ့..လူသားတွေကို အကျိုးပြုနိုင်မယ့် ဘယ်ပညာရပ်ကိုမဆို လေးစားမှုထားသလို တန်ဖိုးလည်းထားပါတယ်။ နောက်တစ်ခုက ပညာ ရပ်တွေမှာကအပြစ်ကင်းတယ်။ မကင်းတာက သည်ပညာကို နေရာလွဲမှားစွာ သုံးစွဲမှုပြုခြင်း၊ ခုတုံးလုပ်ခြင်းအား ဖြင့် မိမိတို့အကျိုးစီးပွားအတွက် မလျော်အပ်စွာ မသမ္မာအာဇီဝပြုနေကြသူအချို့ ကသာ အပြစ်မကင်းတာပါ။ မောင်ဖုန်းလုပ်ရင်လည်း မောင်ဖုန်းလည်း အပြစ်မကင်းသူသာဖြစ်ပါလိမ့်မယ်။ သည်ပညာနဲ့လျော်ကန်စွာအသက်မွေးသူ သမ္မာအာဇီဝပြုသူတွေအားလုံးမှာ အပြစ်မရှိပါဘူး။ ဒီလိုပါပဲ။ ပညာရပ် ပိုင်းဆိုင်မှာလည်း အပြစ်မရှိပါဘူး။ ကိုဖုန်းက ကိုယ့်ဘက်ကိုယ်ယက်တယ်လို့ပြောချင်လည်းပြောခံရမှာပါ။ သို့ ပေမယ့်..မောင်ဖုန်းလိပ်မျိုးမဟုတ်ရပါ။ မြင်တာကို မှန်တဲ့ဘက်ကရပ်ချင်တဲ့စိတ်ပဲအရင်းခံပါတယ်။

ဆရာတော်ကြီးများမှရှုံ့ ချတားမြစ်ခြင်း

ဆရာတော်ကြီးများ ရှုံ့  ချမိန့်ဆို ထားတာတွေကိုလည်း ဖတ်ရှုခဲ့ရဖူးပါတယ်။ ဒါတွေကိုလည်းမောင်ဖုန်းတွေးမိ စဉ်းစားမိပါတယ်။ ဆရာတော်ကြီးတွေက ကောင်းစေချင်လို့ မိန့်ရတယ်လို့မြင်ပါတယ်။ ဘာကြောင့်လည်း ...?။ မျက်ကန်းယုံ မိုက်မှားတတ်တဲ့ လူတွေကြောင့်မိန့်ရတာပါ။ အချို့ ကတော်တော်ကို ပြောရခက်ပါတယ်။ ဆရာက ခြောက်ရင်ကြောက်တယ်။ မြှောက်ရင် မြောက်တယ်။ အိမ်မ်မ်မ်မ်မ်မ်မ်မ်းးးးးးးးးးးးးးးး ဆိုတာနဲ့ .လက်အုပ်ချီပြီး... တုန်သွားတဲ့သူမျိုးတောင်ပါပါတယ်။ ဘိုးတော်လိုလို နတ်ကြီးဝင်နေတဲ့နတ်ဝင်သည်လိုလို၊ မွတ်စလင်ဘိုးတော်ဝင်စားဆိုတာတောင်ပါလိုက်သေး။ တစ်ကယ်တော့ လူလိမ်တွေပါ။ အဲဒီ့လိုလို လိုလို ဆိုတာ တွေက။ မှတ်ထားပါ။ မောင်ဖုန်းပြောပါတယ်။ လောကမှာ လိုလို လိုလို ဆိုရင် လူလိမ်မှတ်ပါ။ ဒီလိုလူလိမ်လူညာ တွေကို အဟုတ်မှတ်ကိုးကွယ်၊ မောင်ဟိုဒင်းတွေကလည်း ပါးဖြဲနားဖြဲနဲ့ ညာတုတ်။ ဒါတွေကို ဆရာတော်ကြီးက မြင်ပါများတော့ ၊ သာသနာတော်ကို ညစ်နွမ်းမှာစိုးလို့ ဟန့်ရတာလို့မြင်မိပါတယ်။

အကျိုးပြုစိတ်ထား နှင့် ပညာ

မောင်ဖုန်းအနေနဲ့ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဆိုဆုံးမတာကို နှစ်သက်မြတ်နိုးသလို၊ ဗေဒင်ပညာ ကိုလည်းတန်ဖိုးအမှန်တစ်ကယ်ထားပါတယ်။ ၀ါသနာလည်းထုံပါတယ်။ ဒီနေ့အထိ မောင်ဖုန်းတတ်နိုင်သမျှ ... လူတွေကို ဗေဒင်ဟော ယတြာပေးတဲ့အခါလည်း ဘာသာရေးနဲ့ဆက်နွယ်တဲ့ သက်ဆိုင်သူဇာတာရှင်တွေကို မျက်မှောက်ဘ၀မှာတင် ပထမဇောကံနဲ့ အကျိုးပေးနိုင်မယ်လို့ယူဆမိတဲ့ သဘာဝယတြာမျိုးတွေ၊ အများသူငါ ကောင်းကျိုးရစေမယ့် ကုသိုလ်ဖြစ်ယတြာမျိုးတွေကို သာလမ်းညွှန်ပေးခဲ့ပါတယ်။ ဒီလိုလုပ်တာကို ဆိုးတယ်လို့ ဖြင့်မောင်ဖုန်းတစ်ကြိမ်မှ မယူဆမိသလို ဗေဒင်ပညာအပေါ်မှာလည်း အပြစ်လို့ လုံးဝကိုမမြင်မိပါဘူး။ နေမကောင်းတဲ့အခါ ဆရာဝန်ဆီသွားဖို့လိုအပ်လာသလို ၊ ကံမကောင်းတဲ့အခါ ဗေဒင်ဆရာဆီ သွားဖို့လိုအပ် လာတာမျိုးကို အပြစ်လို့မဆိုအပ်ဘူးလို့ ယူဆမိပါတယ်။ ဆရာဝန်က နေမကောင်းသူကို ဘယ်ဆေးသောက်၊ ဘယ်လိုအစားအစာရှောင် ။ ဘာမစားနဲ့။ ဘာလေးသောက်ပေါ့ ညာလေးစားပေါ့ စသည်ဖြင့် ညွှန်ကြားပေးသလို၊ ဗေဒင်ဆရာကလည်း ကံမကောင်းသူကို ဘာလေးလုပ်ပါ။ ဘာလေးမလုပ်နဲ့။ ဘယ်အရပ်မသွားနဲ့။ ဘယ်အရောင် ရှောင်၊ ဆောင်၊ စသည်ဖြင့် အကြံပေးရတာပါ။ အဓိကကတော့ ဆရာဝန်ပဲဖြစ်ဖြစ် ဗေဒင်ဆရာပဲဖြစ်ဖြစ် တစ်ခြား ဘယ်ပညာရှင်တွေပဲဖြစ်ဖြစ် လူသားတွေကို အကျိုးပြုစေချင်တဲ့စိတ်စေတနာကောင်းမွေးနိုင်ဖို့ကသာ အဓိကပါ။


လူယုတ်မာ နှင့် ပညာ

ဗေဒင်ဆရာလူယုတ်မာရှိသလို ဆရာဝန်လူယုတ်မာလည်း လောကမှာရှိနိုင်တာပါပဲ။ ယုတ်မာစိတ်မွေးရင်တော့ လူယုတ်မာပဲဖြစ်လာမှာပါ။ ပညာရပ်အပေါ်မှာ တော့ အပြစ်လို့ ကျွန်တော်လုံးဝမယူဆမိပါ။ ဗေဒင်ဆရာအချို့ကို ပြောချင်တာတစ်ခုရှိပါသေးတယ်။ အဲဒါဘာလဲဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင် နှစ်လုံးသုံးလုံး တွက် ကြတယ်ဆို တဲ့အချက်ပါ။ ဒါကို လင်းဦး(စိတ်ပညာ) က ထုံးစံအတိုင်း ၀င်ထောက်ပြ ရှုံချသွားတာကိုဘလော့တစ်ခုမှာဖတ် လိုက်ရပါတယ်။ ကိုလင်းဦးဝေဖန်တာ ၊ သူ့အပြစ်မဟုတ်ပါ။ ဝေဖန်သင့်ပါတယ်။ မောင်ဖုန်းပြောချင်တာက... တစ်ကယ်တွက်နိုင်ရင် ဗေဒင်ပညာနဲ့ နိုင်ငံတော်အစိုးရက တရားဝင် ပေးနေတဲ့ ဆုငွေ သိန်းတစ်ထောင်ကို အတိ အကျတွက်ပြီးထိုးလိုက်စမ်းပါ။ လုပ်စမ်းပါ။ မတစ်ထောင်တစ်ကောင်ဖွား ကျားဆိုမှကျားဟဲ့ဆိုပြီး။ ချလိုက်စမ်းပါ။ ကိုယ့်ပညာကိုယုံတယ်ဆို။ မောင်ဖုန်းကတော့ မတွက်နိုင်သေးဘူးဗျာ။ တွက်နိုင်ရင်ထီထိုးစားတော့မယ်။ ဗေဒင် ဟောမစားတော့ဘူး။ ရှင်းတယ်။ အလကား။ အရေမရ အဖတ်မရ။ တစ်လုံးလွဲသလိုလို ။ ပါဝါချိန်းသလိုလို၊ မပြန်မိလို့ပဲ မပေါက်သလိုလို။ ဖွတ်ကြားတွေ။ ကိုယ့်ကိုယ်ကိုဖျက်သံချေးတက်တွေ။ ပညာကိုသည့်ထက်တိုးလာ အောင် ပွားလာအောင် ဘယ်လိုလေ့လာမယ်မရှိကြဘူး။ သောက်သုံးမကျတာတွေကိုလုပ်နေမှတော့ အပြောခံရ တာနဲသေးတယ်။ ဒီလို အရူးတွေကို ကိုးကွယ်နေတဲ့ ဂဏန်းသွားသွားတောင်းတတ်တဲ့ ...အရူးဘုံမြောက် ဥစ္စာခြောက်တွေကလည်းရှိသေးတယ်။ လောဘသား နွားထက်ဖျင်းတယ် ဆိုတာမျိုးတွေ။

အတူတူ ပိုရှုလည်းဘယ်မထူး

ဘာသာရေးသမားအမည်ခံထားတဲ့ ဘာသာရေးဆိုဒ်ကလေးတွေထောင်ပြီး စာကောင်းပေမွန်တွေရေးသားနေတဲ့
သူတွေကိုလည်း မောင်ဖုန်းမေတ္တာရပ်ခံချင်တာတစ်ခုက ...တော်ရုံအသိနဲ့ အကောင်းအဆိုးကို ရမ်းသမ်းမခွဲပါနဲ့။ ဥာဏ်နဲခဲ့ကြတာခြင်းတူတူမို့ ..ဘုရားအဆူဆူပွင့်ခဲ့တာတောင် အတူတူခုထိကို မကျွတ်နိုင်ကြသေးတာပါ။ တစ် ကယ်ဥာဏ်ဖြစ်ပြီဆိုရင် ...... ဘာစကားမှထူးပြောစရာမလိုတော့ပါ။ အကောင်းအဆိုးအမှားအမှန်ကိုလည်း အငြင်းပွားစရာကိုမလိုတော့ပါ။ ပညာရှိဟာ စကားဆိတ်ပါတယ်။ မောင်ဖုန်းကတော့ ပညာရှိမဟုတ်လို့ ပြောစရာ ရှိရင် ပြောရလိမ့်မယ်ဗျားးးးးးးးး။

သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB