အလုပ်အကိုင်ကံ .... ထောက်လှမ်း တွက်ဆနည်း အပိုင်း (၁)

Monday, June 28, 2010

အလုပ်အကိုင်ကံ....ထောက်လှမ်းတွက်ဆနည်း  အပိုင်း (၁)


ဒီနည်းစနစ်ကို..ရေးသားရာမှာ ...ဗေဒင်ပညာကို နားမလည်သူတွေအတွက်ကော အနဲငယ်နားလည် နေသူတွေအတွက်ကော ..ဖတ်လို့ရ အကျိုးရှိမယ့်အနေအထားဖြစ်အောင် ကြိုးစားပေးလိုက်ပါတယ်။ ဗေဒင်ပညာနဲ့ စိမ်းသူများအဖို့ ဘယ်အသက်ပိုင်းမှာဘယ်လိုဆိုတာကို အလွယ်တစ်ကူ ဖတ်ရှုနိုင်ပြီး၊ ဗေဒင်ပညာနဲ့ ရင်းနှီးထိတွေ့ဖူးသူတို့ အတွက်တော့ အယူအဆပိုင်းဆိုင်ရာအချို့ကို သီးသန့်ထည့်သွင်း ရေးသားဖော်ပြ ပေးထားပါတယ်။

(၁)အလုပ်အကိုင်ရရှိရန် တွန်းအားပေးသော အသက်ပိုင်းများ

ဘာနေ့သားသမီးမဆို ..၊ အောက်ပါအသက်ပိုင်းများမှာ အလုပ်အကိုင် ရရှိခြင်း၊ အလုပ်အကိုင် ကံကောင်းခြင်း အလုပ်အကိုင် တိုးတက်ခြင်း ရာထူးတိုးတက်ခြင်း စသည်ဖြင့် ဖြစ်ပွားကြုံတွေ့ရ တတ်ကြောင်း  မှတ်ယူထားနိုင်ပါတယ်။

၁၁နှစ်  ၊  ၁၈နှစ်   ၊  ၂၅နှစ်  ၊ ၃၂နှစ်  ၊ ၃၉နှစ်  ၊ ၄၆နှစ် ၊ ၅၃နှစ် ၊ ၆၀နှစ် ၊ ၆၇နှစ်၊ ၇၄နှစ်   ။

အယူအဆပိုင်း ..(၁)  အဆိုပါအသက်ပိုင်းများမှာ သေသ၀ိဇ္ဇာအခါပိုင်း နည်းစနစ်အရ    တနင်္ဂနွေ အားကောင်းသော အချိန်များဖြစ်ပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာ  အသက်ဓါတ်ကိုပေးပြီး၊ အသက်ကို  ရှင်သန်အောင်မွေးမြူရသောကံ တနည်းအားဖြင့် အသက်မွေးမှုကံကို အဓိကဖော်ပြတဲ့အတွက် ..အလုပ်အကိုင်နဲ့ ပတ်သက်ရင်လည်း အဓိကကည့်ရှု စစ်ဆေးရတဲ့ဂြိုဟ်တစ်လုံး ဖြစ်ပါတယ်။ ဒီဂြိုဟ်အားမကောင်းချိန်မှာ အလုပ်အကိုင် နဲ့ပတ်သက်ပြီးလူတွေမှာ ..မကောင်းတဲ့အခြေအနေ အမျိုးမျိုး ဖြစ်ပေါ် လာတတ်သလို၊ ဒီဂြိုဟ်အားကောင်းချိန်မှာ    အလုပ်အကိုင်အသက်မွေးမှုနဲ့ ပတ်သက်လို့ ကောင်းတဲ့ အခြေအနေအမျိုးမျိုး       ဖြစ်ပွားကြုံတွေ့ရတတ်ပါတယ်

ကဲ..ဟုတ်ပြီ။ ဒါဆိုဂြိုဟ်အားကောင်း မကောင်းကို    ဘာနဲ့ကြည့်ကြမလဲ ဆိုပြီး မေးခဲ့ရင်၊  ဘာနဲ့ကြည့်ကြည့် သိနိုင်ပါတယ်။ လက္ခဏာ၊ နက္ခတ်၊ လက်ရိုးလက်ဆန်း၊ ကေပီ၊ စသည်ဖြင့်  မည်သည့်နည်းစနစ်နဲ့ဖြစ်ဖြစ် ခွဲခြား ဆန်းစစ်နိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ ကျွန်တော် ရိုးရိုးနဲ့တွက်လို့ လွယ်တဲ့     သေသ၀ိဇ္ဇာ အခါပိုင်းစနစ်အရ..အားကောင်းမကောင်းကို ခွဲခြားသုံးသပ်သွားတာပါ။  တွက်လို့လွယ်တယ်ဆို့လို့ မှန်ပါ့မလား မေးစရာရှိပါတယ်။ တွက်လို့လွယ်သလောက်တွေးရခက်ပြီး တိတိကျကျမှန်တဲ့ ပညာရပ်များစွာ ရှိတယ်လို့ပဲ ဆိုပါရစေ။ အသုံးပြုသူဆက်စပ်တွေးခေါ်သူရဲ့ အနေအထားပေါ်မှာသာ မှန်တယ်မမှန်ဘူး ဆိုတာကို       အဓိကဆုံးဖြတ်ရပါလိမ့်မယ်။

(၂) အလုပ်ကိုင်ဆုံးရှုံးရန်လွယ်ကူသော အသက်ပိုင်းများ


အလုပ်အကိုင် ဆုံးရှုံးဖို့လွယ်ကူတဲ့ အသက်ပိုင်းများကတော့  အောက်ပါအသက်ပိုင်းများ ဖြစ်ပါတယ်။

၁၃နှစ်၊  ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်       ..စတဲ့ အသက်ပိုင်းများမှာ ..ဘယ်နေ့နံသားသမီးမဆို အသက်မွေးမှု အလုပ်အကိုင် ပျက်ဆီးလွယ်ပါတယ်။ ကျိန်းသေ ပျက်မယ်လို့   မယူဆလိုက်ပါနဲ့

သို့ပေမယ့် ပျက်ဆီးရန်လွယ်ကူတယ် ဆိုတာကိုတော့ အမှန်ပဲသတိပြုထားရပါမယ်။   ဒီကိန်းစနစ် ကလေးတွေကို သတိမမူမိလို့  အလုပ်အကိုင်ပျက်ဆီးပြီး  ထိခိုက်ဆုံးရှုံးနေသူ အမြောက်အများ ရှိပါတယ်။ သတိချပ်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီနေရာမှာ အထက်ပါ တင်ပြရေးသားချက် အချက်နှစ်ချက်နဲ့ ပတ်သက်လို့ အယူမမှားဖို့ တင်ကြို သတိပေးရပါမယ်။ ကိန်းအရ ပျက်ကိန်း ဖြစ်ကိန်း ကြုံသည့်တိုင်အောင်    ကာယကံရှင်ရဲ့ပစ္စုခ္ခ ၀ီရိယ၊ ကံ၊ ဥာဏ် ၊လုံလ၊ သတိ ၊ အခြားအားဖြင့်သော ရောက်ဆြဲဂိုဟ်အိပ် ၊ သတ်ခတ်၊ ဒသာ၊   စသည်တို့အရ ကျော်လွှားသွားနိုင်တယ်ဆိုတာကို အထူးသတိချပ်စေလိုပါတယ်။ ဒီလိုပါပဲ. တစ်ဖက်က မှာချင်တာကလည်း မိမိတို့ အတွေ့အကြုံအရ ..ကိုယ့်ဘ၀လမ်းကြောင်းမှာ ထိုထိုအသက်ပိုင်းများမှာ  ကောင်း၊ဆိုး ကြုံခဲ့တာလေး တွေကို စစ်ဆေးမှတ်သားထားပြီး ..သတိချပ်စေလိုပါတယ်။ စာရေးသူအတွေ့အကြုံအရ  အားကိုးလို့ရတဲ့
ပညာကောင်းလေးမို့ တင်ပြပေးလိုက်တာပါ

ဆက်လက်ပြီးလည်း  အပိုင်း(၂)မှာ .. အလုပ်အကိုင်အသက်မွေးမှု ထောက်ဆလို့ ရတဲ့ အချက်ကလေး တွေကို တင်ပြရေးသားသွားပါ့မယ်။ တစ်ဆင့်ပြီးတစ်ဆင့်     နာမည်အရ..အသက်မွေးမှုကံ ဖြစ်တည်လာပုံ အထိ ဆိုပါတော့။

အားလုံးချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

အွန်လိုင်းပေါ်မှ ဗေဒင်ပညာ

Saturday, June 26, 2010


အွန်လိုင်းပေါ်မှ  ဗေဒင်ပညာ


အွန်လိုင်းပေါ်မှာတိုက်ခိုက်မှုမျိုးစုံခံရပြီး ပြင်ပမှာ လုပ်ကိုင်စားနေတဲ့ ဗေဒင်ဆရာတွေလို စီးပွားဖြစ် အနေအထား ဘာတစ်ခုမှမလုပ်နိုင်ကြတဲ့ ဘ၀တူဗေဒင်ပညာသည် အားလုံးကိုယ်စား ဒီဆောင်းပါးကို ကျွန်တော်ရေးပါတယ်။ အစွပ်အစွဲပေါင်းမျိုးစုံခံရ၊ သွားပုတ်လေလွင့်အပြောခံရ၊ အနှိမ်ခံရ၊ အဆဲခံရတဲ့ ကြားကနေ ဆိုဒ်တစ်ခုလေးအဖြစ် ရပ်တည်နိုင်အောင် ကျွန်တော်တို့ အားလုံး ကြိုးစားကြရပါတယ်။ ဗေဒင်ဆိုဒ်ကလေးတွေ  လုပ်ပြီး အသိပညာဖြန့်ဝေနေကြသည့်တိုင်အောင် ကျွန်တော်တို့အားလုံးမှာ ဘ၀အရေးကို အပြေးအလွှားလုပ်နေကြရသူတွေအများအပြားပါဝင်ပါတယ်။

ဗေဒင်လောကဟာ ဒီလောက်ရှုပ်ထွေးပြီး အတိုက်အခံများမယ်၊ မနာလိုမရှုစိမ့်သူပေါများလိမ့်မယ်လို့ ..လုံးဝ မထင်ခဲ့မိတာလည်း အမှန်ပါ။ သို့ပေမယ့် ..ဆရာဦးမောင်မောင်သန်းကို ဆရာကဲ့သို့ သဘောထား ကြည်ညိုကြောင်း ဆောင်းပါးတစ်ခုမှာထည့်ရေးမိပြီးချိန်ကစလို့ ပိုမိုပြီး အတိုက်အခိုက် ခံခဲ့ရပါတယ်။ ..တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရပါမယ်။ ပထမတစ်ကြိမ်သာ ဆုံခဲ့ဖူးပြီး  သုံးနှစ်လောက် အဆက်အသွယ် ပြတ်နေခဲ့တဲ့..ကျေးဇူးရှင်ဆရာ ဦးမောင်မောင်သန်းကို ဒီရက်ပိုင်းတွေမှာ ဆရာတေးအေးရိပ် ဆရာရန်းဂန်း တို့နဲ့အတူ ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံရောက်ရှိခဲ့ပါတယ်။ ဆရာရဲ့အားပေးသံနဲ့ ..လက်တွေ့ သုတေသန များများလုပ်ပြီး စာပေးရေးသားပြုစုဖို့ ၊ အထူးသဖြင့် ကျမ်းပြုစုဖို့ တိုက်တွန်းလိုက်တဲ့ အသံကို ကြားရတဲ့ အခါမှာတော့..အတိုက်အခိုက်ခံရ အဆဲဆိုခံရ၊ အစွပ်အစွဲခံရသမျှဟာ ...ပိန်းကြာဖက် ရေမတင်သလို ဖြစ်သွားပါတော့တယ်။ ဘာသာတရားကြည်ညို ကိုင်းရှိုင်းပြီး၊ အကျင့်စရဏပိုင်းမှာလည်း ထက်သန်တဲ့ ဆရာ့လိုသူကိုတောင်....အိမ်ရှေ့ကနေ လာရောက် ဆဲရေးပုတ်ခတ်တဲ့ ..သူအချို့ ရှိကြောင်းလည်း ဆရာကပြောပြလို့သိရချိန်မှာ ..အတော်လေး အံ့သြမိ ပါတော့တယ်။ ဘာလို့လည်း ..၊ ကျွန်တော်အမျိုးမျိုး စဉ်းစားသော်လည်း ထိုထိုကဲ့သို့ပြုမူသူများရဲ့ စိတ်ခံစားမှုကို နားမလည် နိုင်အောင်ရှိမိပါတယ်။

အယူအဆချင်းမတူရင် .......
ပညာချင်းမတူရင်..........
ဆရာချင်းမတူရင်........
မူချင်းမတူရင်..........
မူဟောင်းအစား မူသစ်ပြောင်းပြီး တစ်ခေတ်ဆန်းလာရင်........... (စသည်ဖြင့်ပေါ့.)...တိုက်ခိုက် ထိုးနှက်ကြတော့တာပါပဲ။

နာမည်ထုတ်ဖော် မပြောပြချင်ပေမယ့် ..တိုက်ခိုက်ကြသူတွေထဲမှာ..၊ သိကျွမ်းနေတဲ့ ဗေဒင်လောကသား အချို့က ပိုဆိုးနေကြောင်းတွေ့ရပါတယ်။ အမိယုတ်နှုတ်ကြမ်းဆိုတာကို သိပါလျက် ကယ်နဲ့ကို...ငါ့ကိုဘယ်သူမှမသိဆိုတဲ့ ထုံးစံအတိုင်း..အမှောင်ကွယ်ကနေ ..မြိန်ရည်ယှက်ရည် ယုတ်ညံ့ ၀ံ့ကြတာကိုလည်း တွေ့ရပါတယ်။ ဘာမဆိုင်ညာမဆိုင်နဲ့ ...ခိုးချသလေးဘာလေးစွပ်စွဲတာမျိုး၊ ဂုဏ်သိက္ခါ ကျဆင်းအောင် ထိပါး နှောက်ယှက်တာမျိုးအထိ ..အကျင့်စာရိတ္တ ယုတ်ညံ့လာသူတွေလည်း ရှိပါတယ်။ တစ်ကယ့်တစ်ကယ်ဆို ကျွန်တော်တို့တစ်တွေဟာစီဘောက်မှာ ပြောသွားသလို ဆရာနဲ့အနီးကပ် ကံ့ကူလက်လှည့် သင်ကြားခွင့်ရဖူးကြသူတွေမဟုတ်သလို....ကျွန်တော်တို့လေ့လာခဲ့ရတဲ့ခရီးဟာ ခက်ခဲကြာမြင့်လှပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မဟာဘုတ်ဗေဒင်ပညာနဲ့ နာမည်ဟောနည်းပညာကို နှစ်ပေါင်းနှစ်ဆယ်ကျော် ကိုယ်တိုင်သုတေသနပြုလေ့လာခဲ့ရတာပါ။ ဒီစကားဟာ ကြီးကျယ်ရာ ရောက်နိုင်ပေမယ့် အမှန်ဖြစ်လို့ မပြောလို့လည်းမရပါဘူး။

ဒီနေ့ မဟာဘုတ်ပညာနဲ့ပတ်သက်လို့ ကျွန်တော် ဆရာကြီး ဦးကြာမြင့်မူကို အမှန်ပြောရရင် ..အာရုံမရလှပေမယ့် ၊ ဆရာကြီးရဲ့အသိပညာကိုလည်း မပုတ်ခတ်ပါဘူး။ ဆရာက တစ်ဖက်ကမြင်သလို ..ကျွန်တော်ကတစ်ဖက်က ကြည့်တယ်လို့ပဲ အောက်မေ့ ထားပါတယ်။ အများစုကတော့ ဖတ်ဖူးသလောက်မဟာဘုတ်ကျမ်းတော်တော်များများမှာ ..ဆရာကြီးဦးကြာမြင့်ရဲ့ မူဆန်ဆန်တွေ ဟန်တွေပဲများတဲ့အတွက်...မဟာဘုတ်မှာ ကိုယ်တိုင်ခူး ကိုယ်တိုင်ခပ်ပဲ ..ကျွန်တော်လုပ်ခဲ့ရပါတယ်။ လမ်းလည်းထွင်လျှောက်လို့ ဖောက်ခဲ့ရပါတယ်။ မဟာဘုတ်နဲ့ပတ်သက်လို့ ထွင်ခဲ့တဲ့ ဆရာသမားတွေကိုသာ စိတ်က ကြည်ညိုပြီး လမ်းပြပေးဖို့ ဆုတောင်းခဲ့ရပါတယ်။ ထို့နည်းတူစွာပဲ ..မဟာဘုတ်နဲ့ပတ်သက်လို့ တင်ပြပေး၊ တစ်ဆင့်မှ တစ်ဆင့် လက်ဆင့် ကမ်းပေးနေတဲ့ဆရာတွေကိုလည်း ကျေးဇူးတင်လျှက်ပါပဲ။ ဒါပေမယ့်လည်း ဒီနေ့ထိ တိုင်အောင် ကျွန်တော့်ပညာဟာ လိုအပ်နေဆဲပါပဲ။  ခုနောက်ပိုင်းမှာတော့  ...ဗေဒင်ပညာနဲ့ပတ်သက်လို့...အထူးသဖြင့် မဟာဘုတ်ဗေဒင်နဲ့ နာမည်ကိုတွဲစပ် အသုံးပြုတဲ့ပညာရပ်ပိုင်းနဲ့ ပတ်သက်လို့ ..ကျွန်တော့်ရဲ့ကိုယ်ပိုင် အယူအဆအချို့ကို ..ကျွန်တော်တို့နည်းတူ လေ့လာနေဆဲ ဘ၀တူပညာလိုလားသူများအတွက် ချရေး တော့မယ်လို့ ဆုံးဖြတ်မိပါတယ်။

ဒါဖြင့်အရင်ကကောဘာလို့ အဲလိုမရေးသလည်းလို့မေးစရာရှိပါတယ်။ ဖြစ်ပုံက...........လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်က ကျွန်တော်ရေးသားပြုစုခဲ့တဲ့ (အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာကျမ်း) မှာ ပါတဲ့ အခန်းအချို့ကို ၊ ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းမှာ အမည်မဖော်ပြလိုသော ဆရာတစ်ယောက်က ..ကူးယူဖော်ပြခဲ့ပါတယ်။ ခွင့်ပြုချက်လည်းမတောင်းတဲ့အပြင် မဂ္ဂဇင်းမှာလည်း အခန်းဆက် ဆောင်းပါးအနေနဲ့ဖော်ပြနေတဲ့အတွက်ကြောင့် အဲဒီ့ဆရာဆီကို ကျွန်တော် ဖုန်းဆက်ပြီး ၊ ကျမ်းကိုး စာရင်းထည့်ပေးဖို့တောင်းဆိုခဲ့ရပါတယ်။ ကံအားလျော်စွာနဲ့ပဲ သူကလည်း ပထမတစ်ပုဒ်မှာ မထည့်ပေမယ့်၊ ဒုတိယအပုဒ်မှာတော့ ကျမ်းကိုးစာရင်းထည့်ပေးတဲ့အတွက် ..ဒီကိစ္စလေးဟာ ပြီးပြတ် သွားပါတယ်။ အဲဒီ့ကစလို့ ..နောက်ပိုင်းမှာတော့ ကျွန်တော် ဆိုဒ်ပေါ်မှာတောင် စာရေးရလက်တွန့်သွားခဲ့မိပါတယ်။ ...ဒါကြောင့်လည်း ဆောင်းပါးရေးဖြစ်တဲ့အခါ နည်းစနစ်ကို အဓိက မဖော်ပြထားတော့ပဲ လူအများစုနားလည်လွယ်၊ ဖတ်လို့လွယ်မယ့် ရယ်ဒီမိတ်ဆောင်းပါးမျိုးလောက်ကိုသာ အဓိက ဖော်ပြရေးသား ဖြစ်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ်....အားလုံးအတွက် ဖတ်လို့လွယ် အကျိုး ဖြစ်မယ်ဆို ဒါဟာ ရေးသင့်တယ်လို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ခုချိန်ကစပြီး ဒီဆောင်းပါးနောက်ပိုင်းမှာ....ပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အယူအဆအချို့နဲ့ ..ပညာရပ်အချို့ကိုတွဲစပ်အသုံးပြုပုံတွေကို အခါအားလျော်စွာ မချွင်းမချန် တင်ပြသွားပါမယ်။ မလိုလားသူတွေအဖို့ ကျွန်တော့်ဆိုဒ်ဟာ အပျင်းပြေစရာတောင် ဖြစ်မှာ မဟုတ်သလို ..လိုလားသူတွေအနေနဲ့လည်း အကြိမ်ကြိမ်ဝင်ဖတ်စရာနေရာတစ်ခု ဖြစ်စေဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားအားထုတ်ပါတော့မယ်။

အားလုံးပဲချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

စနေသားသမီးများအတွက် ကံဇာတာ ....(၁၃၇၂ခုနှစ်)

စနေသားသမီးများအတွက် ကံဇာတာ ....(၁၃၇၂ခုနှစ်)


ကောဇာခုနှစ်နှင့်  နေ့နံ

လက်ရှိမြန်မာခုနှစ် ၁၃၇၂ခုနှစ်အတွင်း မှာ စနေသားသမီးများအဖို့  ကောင်းသောခရီးစဉ်အချို့ သွားလာမှုပြုရတတ်ချိန် ဖြစ်ပါတယ်။ မေတ္တာရေးရာနဲ့ပတ်သက်ပြီး ရည်ရွယ်ချက် ရည်စူးချက်များ ပိုမိုအားကောင်း လာတတ်သော နှစ်မျိုးဖြစ်ပြီး..ဒီနှစ်ထဲမှာ ဖူးစာရှင်ရှာလိုသူများအဖို့တော့ ...ကိုယ့်ထက် အသိဥာဏ်..အသက် ..ဂုဏ်.စသည်အားဖြင့် ကြီးမြင့်သော ဖူးစာဖက်မျိုးနဲ့ ဆုံဆည်းရတတ်ချိန် လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် အဆိုပါကံကိုနာမည်အဖျားစာလုံး  ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ်ထားသော စနေသားသမီးများအဖို့ . ပိုမိုကြုံတွေ့ရဖို့မြင်ပါကြောင်း။


စီးပွားရေးရာ ........


ဒီတစ်နှစ်မှာ စနေသားသမီးများ အနေနဲ့ အကျိုးစီးပွားရှာဖွေရာမှာ ..ဇဝေဇ၀ါ မကြာခဏဖြစ်ရပါလိမ့်မယ်။ ရွေးခြယ်စရာ အနဲဆုံး နှစ်မျိုးနှစ်ခွပေါ်တတ်ပြီး  ..ဘာကိုရွေးရမလဲဆိုတာ ဗျာများရတတ်ချိန်ပါပဲ။ မီဒီယာလုပ်ငန်းနဲ့အသက်မွေးသူများအဖို့တော့ ဒီတစ်နှစ်ဟာ  ..အကျိုးကျေးဇူးအထူးပေးမယ့် အချိန်မျိုးပါ။
ဒါအပြင့် တစ်ဆင့်ကြားခံဆောင်ရွက်ပေးရသောလုပ်ငန်းများ၊ ရေနဲ့ ရေထွက်ကုန်လုပ်ငန်းများ၊ အနုပညာလုပ်ငန်းများ .အထူးသဖြင့်တော့ ရုပ်ရှင်ဖလင်လောက၊ ဓါတ်ပုံလောကနဲ့ ပတ်သက်နေတဲ့အလုပ်များလုပ်ကိုင်နေသူများအတွက် အခွင့်အရေးအထူးပေးမယ့် ကာလပါ။ ဒီ့ထက်ပိုပြီးပြောရရင်တော့ အနုပညာပိုးပါလာပြီး..သရုပ်ဆောင် မင်းသားမင်းသမီး ဖြစ်ချင်နေတဲ့ စနေသားသမီးကလေးတွေ အတွက်တော့ ဒီတစ်နှစ်ဟာ... အခွင့်အရေးအထူးပေးမယ့် ကာလဖြစ်ပြီး...မိမိတို့ နာမည်(နာမည်ရင်းထက်...သရုပ်ဆောင်ပိုင်းဆိုင်ရာ နာမည်မှာ .).တနင်္ဂနွေနံနာမည် အဖျားစာလုံး တစ်ခုခုနဲ့   မှည့်ခေါ်သုံးစွဲထားမယ်ဆိုရင် ..ကြိုးစားသလောက်
အရာထင်မယ့် အချိန်ပါပဲ။  အခြားသော စနေသားသမီးများ အနေနဲ့လည်း မိမိတို့ကြိုးစား အားထုတ်မှုများကို...အတန်အသင့် ရရှိနိုင်မယ့်ကာလ ဖြစ်ပါတယ်။ ဒါပေသိ တစ်ခုရှိတာက မိမိတို့ကြိုးစား အားထုတ်နေသောအကြောင်းအရာများဟာ လမ်းခုလတ်မှာ တစ်သွားတာ၊ သောင်တင် နေတာမျိုး ကြုံရတတ်ပြီး...အဆိုပါအခြေအနေမျိုးကြုံကြိုက်ခဲ့မယ် ဆိုရင်တော့...လမ်းသွားရင်း ခရီးသွားရင်း ကုသိုလ် ကောင်းမှုများများ ပြုလုပ်ပေးပါ။ အခြားတစ်ချက် အနေနဲ့ ကတော့..အောက်ပါယတြာလေးကို ပြုနိုင်မယ် ဆိုရင် အားလုံးအတွက် အကျိုးဖြစ်စေပါလိမ့်မယ်။

ရေဖလားကြီးကြီးတစ်ခုထဲမှာ အုန်းသီးတစ်လုံးထည့်ပြီး ရေဖြည့်ပါ။ အဲဒီ့ရေဖြည့်ထားတဲ့အုန်းသီးပွဲကို ဘုရားမှာ ကပ်လှုထားရမှာဖြစ်ပြီး ...၊ အခြားအားဖြင့် အုန်းသီးပါတဲ့ ခဲဖွယ်ဘောဇဉ်များကိုလည်း လှုဒါန်းပေးပါ။ အသက်မွေးမှု စီးပွားရေးအ၀၀မှာ ဒီတစ်နှစ်အဖို့ ..   ခရမ်းပြာရောင်ဟာ အနှောက်အယှက် ပေးတတ်ပြီး အဖြူရောင်ကတော့အကျိုးပေးအရောင်အဖြစ်ရပ်တည်ထားပါတယ်။

မေတ္တာရေးရာ..........

ဒီတစ်နှစ်မေတ္တာရေးရာကတော့ ..အကောင်းဖက်မှာရပ်တည်တဲ့ကာလပါ။ အများစုသောစနေသားသမီးများ
အဖို့  မေတ္တာရေးကံ အကောင်းဖက်က ရှိနေပါမယ်။ ဖူးစာဖက်ရှာနေဆဲသူများအတွက်တော့ အထက်မှာ ဖော်ပြ ခဲ့တဲ့အတိုင်း ကိုယ့်ထက်အသက် အားဖြင့်ဖြစ်စေ၊ ဂုဏ် ၊ အသိဥာဏ် စသည်အားဖြင့် ဖြစ်စေ ပိုမိုကြီးမြင့်သော  ဖူးစာဖက်မျိုးရရှိတတ်ချိန်ပါ။ နာမည်အဖျားစာလုံးကို က၊ခ၊ဂ၊ဃ၊င နဲ့ အဆုံးသတ် မှတ်မှည့် ခေါ်ထားသော  ဥပမာအားဖြင့် မြင့်ကျော်၊ မျိုးမျိုးခိုင်၊ တင်နီလာခင်၊ ထွန်းလင်းကို၊ စသည် ကဲ့သို့သော အမည်ရှင်များအဖို့ကတော့ ..မေတ္တာရေးမှာ ကသိကအောက်ကလေးတွေလည်း အနဲနဲ့ အများ ဆိုသလို ကြုံရပါလိမ့်မယ်။

မေတ္တာရေးကံ ကောင်းစေ လိုပါက ...တနင်္ဂနွေထောင့်မှာ ..ကြာသာပတေးနံသင့် ပန်းအညွန့်အခက်တစ်မျိုးမျိုးကို ကပ်လှုပူဇော်ပြီး ....(အရေအတွက်အားဖြင့် ..၁၉)  မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ပေးသင့်ပါကြောင်း။

ကျန်းမာရေးရာ...

ကျန်းမာရေးရာ တိုးတက်မှုကြုံနိုင်သော ကာလဖြစ်ပါတယ်။ အားကစားဘက်ကို အာရုံညွတ်မိသော စနေသားသမီးများအဖို့တော့ ဒီနှစ်ထဲမှာ ကျန်းမာရေးအပြင် ကျန့်ခိုင်မှု၊ ဖွံဖြိုးမှု ပိုမိုအားကောင်းလာပါမယ်။ အနဲဆုံး အဆင့်အားဖြင့် ..အားကစားတစ်မျိုးမျိုးကိုတော့  ဒီတစ်နှစ်မှာ ...လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နာမည်အဖျားစာလုံး က၊ခ၊ဂ၊ဃ၊င ဖြင့်မှည့်ခေါ်ထားသူများ အနေနဲ့ ကျန်းမာရေးမှာလည်း အနဲငယ် ညံ့နိုင်တာမို့ ဂရုစိုက်ရပါမယ်။

ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်အတွက် တနင်္ဂနွေနေ့မှာ ပဲဟင်းနဲ့ ဆွမ်းကပ်ပေးပါ။ အဖြူရောင်ကို
ကျန်းမာရေးညံ့နေသူများ  ဖြစ်နိုင်သမျှ ရှောင်ပါ။

နေရေးထိုင်ရေး..

မကောင်းလှတဲ့ကာလပါပဲ။ စနေသားသမီးအများစုဟာ ဒီတစ်နှစ်ထဲမှာ နေရေးထိုင်ရေးနဲ့ နေရာ ဌာနပိုင်းဆိုင်ရာတွေမှာ အညံ့များလှပါတယ်။ အချို့တွေ ...မိမိတို့နေရာကို လုယက်ယူငင်ခံရတာ၊ ဆုံးရှုံးရတာမျိုး ကြုံတွေ့ ရမှာဖြစ်ပြီး၊ အချို့လည်း အကြောင်းကြောင်းကြောင့် ....နေရာထိုင်ခင်း ပျောက်ဆုံးတာ၊ အဝေးကိုပြောင်းရွှေ့နေထိုင်ရတာမျိုး ဖြစ်ပွားတတ်ချိန်ပါ။ အချို့ကတော့ ကြံကြံဖန်ဖန် ကံကောင်းပြီး နိုင်ငံရပ်ခြားမှာ အခြေချနိုင်..နေထိုင်နိုင်ပါမယ်။ နေထိုင်ခွင့်ရရှိကြပါမယ်။ အများစုကတော့ ညံ့ချိန်ပါပဲ။ 

နေရေးထိုင်ရေး အဆင်မပြေသူများ ...အနေနဲ့ အကျင့်သီလနဲ့ပြည့်စုံတဲ့ရဟန်းသံဃာများ၊ မိဘ အကြီးအကဲ များကို  ...ထိုင်ခုံ၊ ဆိုဖာ၊ မွေ့ယာ စသည်ဖြင့် ပူဇော်ထိုက်ပြီး၊ သိမ်ကျောင်း ဇရပ်ဘုရား ကျောင်းကန် တည်ဆောက်ရာများမှာ ကုသိုလ်ပါဝင်သင့်ပါတယ်။  အခြား အားဖြင့်တော့.......စနေထောင့်မှာ ....အမှိုက်သရိုက် လှည်းကျဉ်းကုသိုလ်ယူပြီး..၊ အချိန်ရ သလောက်..တရားမှတ်၊ ပုတီးစိတ် လုပ်ပေးသင့်ပါကြောင်း။

ထီကံစမ်းလိုသူများ အတွက် .........

ထီကံ သင့်ရုံသာရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ထီထိုးမည့်သူများအနေနဲ့ အနဲဆုံးနှစ်စောင် နှစ်ကဒ် စသည်ဖြင့် ထိုးပါ။ နှစ်ဆိုင်ခွဲပြီးထိုးပါ။ တစ်ဂဏန်းနဲ့နှစ်ဂဏန်းများပါအောင် ကံစမ်းကြည့်ပါ။ 

အနှစ်ချုပ်သုံးသပ်ချက်...။           ။    ဒီတစ်နှစ်ဟာ စနေသားသမီးများကို ...ကိုယ့်ကိုယ်ကို ပြုပြင် ပြောင်းလည်းမှု တစ်စုံတစ်ရာ လုပ်မိစေသောနှစ်ပါပဲ။ မလုပ်လို့မဖြစ်အောင် အခြေအနေ တွေကလည်း တောင်းဆိုလာတတ်ချိန်ပါ။ ဖြစ်နိုင်သမျှ ..စိတ်ကောင်းစေတနာကောင်းထားပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလည်းနိုင်မယ်ဆိုရင်တော့ ဒီတစ်နှစ်ကံဇာတာဟာ အကောင်းဘက်မှာ ပိုမိုဖြစ်ထွန်း ပွားစည်းပါလိမ့်မယ်။ အမည်သိပ်ပြီးဆိုးလွန်းနေသူများမှအပ ဒီတစ်နှစ်ဟာ  ..စနေသားသမီး များအဖို့  .ကျေနပ်ဖွယ်ရာဖြစ်နိုင်ပါလိမ့်မယ်။ 


အားလုံးပဲ ချမ်းမြေ့ကြပါစေ။

မနဲပဲ ပြီးအောင်ရေးလိုက်ရပါတယ်။ မရေးလို့ဆိုပြီး ခဏခဏ လာဟောက်တတ်တဲ့ စနေသားသမီးများ အားလုံးကျေနပ်နိုင်ပြီလို့ယူဆမိပါကြောင်း။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)


                   

သောကြာသားသမီးများအတွက် ...ကံဇာတာ (၁၃၇၂ခုနှစ်)

Monday, June 14, 2010



သောကြာသားသမီးအတွက် ... ကံဇာတာ(၁၃၇၂ခုနှစ်)



ကောဇာမြန်မာခုနှစ် ၁၃၇၂ခုနှစ်အတွင်း မှာ ..သောကြာသားသမီးများအတွက်ကံဇာတာအကျိုးပေးအချို့ ကို
တွက်စစ်ရေးသားဖော်ပြပေးအပ်ပါသည်။

ကောဇာခုနှစ်နှင့် နေ့နံ

ဒီကောဇာခုနှစ်မှာ သောကြာသားသမီးများ အတွက် အပြောင်းအလည်း များ ရှိလာနိုင်သော ကာလဖြစ်ပါတယ်။
အပြောင်းအလည်းဆိုရာမှာလည်း .....အဓိကအားဖြင့် သောကြာသားသမီးများအဖို့ မိမိတို့အနေနဲ့ ယခင်ကအတိုင်း အကျိုးစီးပွားရှာဖွေလို့မရတော့တာ၊ အခြေအနေက အပြောင်းအလည်း လုပ်ဖို့တောင်းဆို လာတာ မျိုးတွေ ကြုံကြိုက်ရတာမျိုးတွေ .....ပိုမိုကြုံတွေ့ရတတ်ချိန်ပါ။


စီးပွားရေးရာ........

စီးပွားရေးရာ အပိုင်းမှာလည်း ဒီကောဇာနှစ်ဟာ ပြသနာနဲ့ အခက်အခဲအချို့ ကို ဖြစ်ပေါ်လာစေတတ်သော ကာလဖြစ်ပါတယ်။ မည်သည့်အကျိုးစီးပွားမျိုးကိုရှာဖွေနေသူမျိုးမဆို အခက်အခဲ အနဲအကျဉ်းမှ အမြောက်အများ ..မည်သူမဆို ...ကြုံကြိုက်ရတတ်သောကာလဖြစ်တာမို့ ယခင်ကထက် ဇွဲလုံလ ၀ီရိယကို တိုးမြင့်ထားနိုင်မှ တော်ရုံကာကျမယ့်ကာလမျိုးပါ။ ဆန့်ကျင်ဘက်လုပ်လာမယ့်အနေအထားတွေ ..အတားအဆီး
တွေများပြားတတ်ချိန်မို့ ....ပါးပါးနပ်နပ် နဲ့ ဆင်ဆင်ခြင်ခြင် လုပ်ကိုင်နိုင်ဖို့လည်းလိုပါမယ်။ အဓိကအားဖြင့်တော့
ဒီတစ်နှစ်စီးပွားရေးရာမှာ .....သတိ ..... ကိုလက်မလွှတ်ကြဖို့ပါပဲ။
စီးပွားရေးရာတွေမှာ ....ခုသာခံသာ အရာရာအဆိုးညံ့သက်သာစေဖို့အတွက် ....ဗုဒ္ဓဟူးထောင့်နဲ့ရာဟုထောင့်..
တွေမှာ အမှိုက်သရိုက်ရှင်းလင်း တံမြက်လှည်းစသည်ဖြင့် ဝေရာဝစ္စကုသိုလ်မျိုး ပြုပေးပါ။ လမ်းသွားရင်းလာရင်း
တွေ့သမျှသော ခလုတ်ကန်သင်း ဆူးညောင့် စသည်တို့ကို တတ်နိုင်သမျှ ဖယ်ရှားသော ကုသိုလ်မျိုးယူပါ။


မေတ္တာရေးရာ ....

မေတ္တာရေးရာ....ကဏ္ဍမှာတော့ သည်တစ်နှစ်မှာ .....ထက်မြက်ပြီးအရည်အသွေးရှိတဲ့ ချစ်သူမျိုး
ရနိုင်သောကာလဖြစ်ပါတယ်။ မိမိတို့သတ်မှတ်ထားတဲ့စံအရည်အသွေးမျိုးနဲ့ ကိုက်ညီနေတဲ့ ချစ်သူမျိုးနဲ့ ဆုံဆည်း
ရတတ်ချိန်လို့ဆိုကြပါစို့။ အများအားဖြင့်တော့ စစ်ဘက် ဆေးဘက် စက်မှုနယ်ပယ်ဘက်က ချစ်သူမျိုး ၊ ထက်မြက်သလို ...ဦးဆောင်ဦးရွက်ပြုနိုင်စွမ်းရှိတဲ့ချစ်သူမျိုး ..၊ စိတ်ဆတ်ပြီးရန်လိုတဲ့ချစ်သူမျိုးနဲ့ ဆုံရတတ်သော
ကာလဖြစ်ပါတယ်။ အိမ်ထောင်သည်များအဖို့ မိမိတို့အိမ်ထောင်ဖက် က ပိုမိုစိတ်ဆတ်ပြီး စိတ်တိုလွယ်လာတတ်
တာမို့ အရိပ်အချည်နဲနဲအကဲခတ်ပြီး အဆင်ပြေအောင် ညှိနှိုင်းဖို့လိုကောင်းလိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မေတ္တာ
ရေးရာအခြေအနေမဆိုးလှတဲ့နှစ်ပါ။

မေတ္တာရေးရာ ပိုမိုအားကောင်းစေလိုပါက .......အင်္ဂါထောင့်မှာ အစိမ်းရောင် ၀တ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊
မေတ္တာပို့ခြင်းတို့ကို ပြုလုပ်အပ်သောကာလဖြစ်ပါကြောင်း။

ကျန်းမာရေးရာ

ရောက်ဆဲကောဇာခုနှစ်ကတော့ .......ကျန်းမာရေးရာတွေမှာ အနှုတ်လက္ခဏာပြတဲ့ နှစ်မျိုးဖြစ်ပါလိမ့်မယ်။ နဂိုက
ကျန်းမာကြံ့ခိုင်သူတွေတောင် ဒီနှစ်မျိုးမှာ ကိုယ်ခံအား အနဲငယ်လျော့ပါးနေတတ်ပါတယ်။ ဖျားလွယ်နာလွယ်ပြီး၊
ရောဂါဘယ ထူပြောလွယ်တဲ့ကာလမို့ ကျန်းမာရေးဂရုစိုက်ကြပါလို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ အထူးသဖြင့်
နာမည်အဖျားစာလုံးကို သောကြာနံ သ၊ဟ နဲ့ ပဲ ပိတ်ပြီးမှည့်ထားသော သန်းသန်း၊ သိန်းမြင့်ဟန်၊ ထွန်းသိန်း၊
နှင်းနှင်းသော် ၊ စသည်ဖြင့်သော သောကြာသားသမီးများအဖို့ ကျန်းမာရေးကို ပိုမိုဂရုစိုက်ကြဖို့လိုပါမယ်။

ကျန်းမာရေးရာ တိုးတက်ကောင်းမွန်စေရန်အတွက် .....ရေသတ္တ၀ါလေးတွေကို အစာကျွေးတာ။ ဘေးမဲ့လွှတ်ပေး
တာမျိုးလေးတွေ လုပ်ပေးသင့်သောကာလဖြစ်ပါတယ်။

နေရေးထိုင်ရေး..............

နေရေးထိုင်ရေး မှာတော့ ဒီယခုရောက်ဆဲခုနှစ်မှာ အခြေအနေတိုးတက်ကောင်းမွန်မှုတွေ ရရှိလာနိုင်သော
အနေအထားများရှိလာပါတယ်။ ကာယကံရှင်တွေကိုယ်တိုင်လည်း ဒီနှစ်မျိုးမှာ နေရာထိုင်ခင်း၊ နေရေးထိုင်ရေး၊
နေရာဌာနဆိုင်ရာ ရည်မှန်းချက်မျိုး ..တောင့်တလိုလားချက်မျိုးလေးတွေပိုမိုဖြစ်တည်လာတတ်ပြီး ....အများစု
အဖို့ ကြိုးစားအားထုတ်သလောက်အဆင်ပြေမှုလေးတွေလည်း ကြုံတွေ့ကြရပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။
နာမည်အဖျားစာလုံးကို တနင်္လာနံ ဖြစ်သော....က၊ခ၊ဂ၊ဃ၊င နဲ့မှည့်ခေါ်ထားသူများအဖို့တော့ ...နေရေးထိုင်ရေးနဲ့
နေရာထိုင်ခင်း ဆိုင်ရာကိစ္စတွေမှာ အခက်အခဲ အနဲနဲ့အများပေါ်ပေါက်လာတတ်ပါတယ်။

နေရေးထိုင်ရေး အဆင်ပြေချောမွေ့စေရန်အတွက် တနင်္ဂနွေထောင့်မှာ ကြာသာပတေးနံ အပွင့်အခက် တစ်မျိုးမျိုးကို အရေအတွက်ဖြင့် ၁၉ညွန့် တိတိ ကပ်လှုပူဇော်ပေးသင့်ပြီး..ဖြစ်နိုင်ရင်တော့ တနင်္ဂနွေနေ့မှာ ..
သံဃာငါးပါးကိုး ဆွမ်းပင့်ဖိတ်ပြီးဆွမ်းကပ်လှုပြီးတဲ့နောက်...အခင်းအကာတစ်မျိုးမျိုးကိုပါတွဲပြီးလှုဒါန်းသင့်ချိန်ပါ။

ထီကံစမ်းလိုသူများအတွက် ...

ထီကံမဆိုးလှတဲ့ကာလပါ။ အထူးသဖြင့် နာမည်အဖျားစာလုံးကို ပ၊ဖ၊ဗ၊ဘ၊မ နဲ့မှည့်ခေါ်ထားသူများပိုမိုထီကံပွင့်
ချိန်လို့ဆိုနိုင်ပြီး၊ ၄၅၇၀ ဂဏန်းများနဲ့ထီကံစမ်းပါ။ လမ်းသွားရင်းလာရင်းထိုးတာ။ လမ်းမှာလှည့်ပတ်ပြီးသွားလာ
လှုပ်ရှားပြီးရောင်းချတဲ့ထီဆိုင်လေးတွေကနေကံစမ်းတာမျိုးပြုလုပ်ပါ။


အနှစ်ချုပ်သုံးသပ်ချက် ။ ။ အကြီးအကဲအဖြစ် အသိမှတ်ပြုခံရတာ၊ လူသိများပြီး ပိုမိုအပေါင်းအသင်းဆန့်
လာတာမျိုး ကြုံရမယ့်ကာလဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ စီးပွားရေးရာမှာ အားနည်းချက်များရှိလာတတ်သောကာ
လမို့ ဂရုစိုက်ဖြတ်သန်းဖို့တော့လိုပါမယ်။


အားလုံးချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

ကျွန်တော် နှင့် ဗေဒင်လောက

Sunday, June 13, 2010




ကျွန်တော်နှင့်ဗေဒင်လောက




ဒီလောကထဲကို တစ်နေ့ရောက်လာမယ်လို့ ကိုယ်ကိုယ်ကိုတော့ လုံးဝကို မမျှော်လင့်ခဲ့မိတာအမှန်ပါ။ အကြောင်း
ရှိတော့လည်း အကျိုးဖြစ်လာတာလို့ဆိုရပါမယ်။ ငယ်ငယ်က အမေ့ကို ခဏခဏ ဗေဒင်ဟော ယတြာ အဆောင်
တွေပေး......ငွေနင်းကန်တောင်းတတ်တဲ့ ဗေဒင်ဆရာတစ်ယောက်ကို အမြင်ကပ်မိရာက ဒီဇာတ်လမ်းက စတယ်
လို့ပြောလို့ရမယ်ထင်ပါရဲ့ ။ ငါတတ်ရင်တော့ အမေ ပိုက်ဆံမကုန်လောက်တော့ဘူး ဆိုတဲ့ကလေးအတွေးလေး
စ၀င်ရာက ဘုရားပွဲ ဈေးတန်းတွေမှာ ဗေဒင်စာအုပ်ကလေးတွေ စ၀ယ်ဖတ်ဖြစ်၊ လေ့လာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့
ပိုးဝင်ရာက ...ကျွန်တော်ဗေဒင် အကြောင်းအရာတွေနဲ့ အသက် ဆယ့်နှစ်နှစ်သားလောက်ကစပြီး လုံးထွေးလာ
ခဲ့ပါတယ်။ သူငယ်ချင်းတွေကို အိမ်ခေါ် ..မုန့်ကျွေး ...ဗေဒင်ဟောပေးတတ်တာ ကျွန်တော်ပါ။ လွဲလိုက်ရင် ချွေး
တွေပြန် ရှက်ပြီးမွှန်တတ်ခဲ့တာ ကျွန်တော်ပါ။ မှန်တဲ့အခါ ငါသိပ်တတ်လို့မဟုတ်ပါဘူးကွာ ပညာတွေက တစ်ကယ်ကောင်းတယ်ကွ ဆိုပြီး ....အားရပြုံးပြတတ်ခဲ့တာ ကျွန်တော်ပါ။

ဗေဒင်ပိုးနဲ့အတူ တစ်ပြိုင်တည်း တွဲစပ်ပါဝင်လာတဲ့ပိုးကတော့ ကဗျာရေး စာရေးချင်တဲ့ပိုးတစ်မျိုးပါပဲ။ ကဗျာစာ
အုပ်တွေထုတ်၊ အတင်းလိုက်ရောင်း ၊ ရောင်းမရရင် လက်ဆောင်အတင်းလိုက်ပေးတတ်တာ ကျွန်တော်ပါ။
အသည်းကလေးတစ်ခါလောက်ကွဲဖူးလိုက်တော့ ကဗျာက အရောင်တွေ ပါပြောင်းလာပါတယ်။ အသည်းကွဲ
ရောင်ကဗျာတွေနဲ့ ...အရွယ်မတိုင်မီ ဆိုးမိုက်ခဲ့ဖူးတာလည်း ကျွန်တော်ပါပဲ။ ဗေဒင်နဲ့စပ်လျဉ်းပြီးပြောရရင်တော့
မှတ်မှတ်ရရ ဗုဒ္ဓဟူးထူလ ရာဟုအန္တရတွေမှာဆိုပါတော့။ ရာဟုက လူငယ်တွေကို တေတေပေပေ လေလေလွင့်
လွင့်နေတတ်သွားအောင် သင်ပေးတဲ့နေရာမှာတော့ တစ်ကယ့်ကို ဆရာကြီးပါပဲ။ တစ်ကယ်တော့ ကလေးတွေ
မပြောနဲ့ လူကြီးတွေကိုတောင် ရာဟုက စိတ်လေလွင့်မှု အတိုင်းအတာတစ်ခုထိ ပေးနိုင်တာအမှန်ပါ။

ဒီနောက်ပိုင်းမှာတော့ ဗေဒင်နဲ့ပတ်သက်ပြီး တစ်နှစ်နှစ်နှစ်လောက်ငုပ်လျှိုးသွားပါတယ်။ စာသမားပေသမား
ယောင်ယောင်ပိုပြီးဖြစ်လာသလို ပထမဆုံးရေးဖူးတဲ့ဝတ္ထုတိုတစ်ပုဒ်ဆုရဖူးရာကနေ ..လုံးလုံးလျားလျားနီးပါးကို
စာပေသမားဂိုက်ဖမ်းလာပြန်ပါတယ်။ အဲဒီ့ကာလတွေမှာ ဗေဒင်ပိုးဟာ ငုပ်လျိုးနေခဲ့တာပါပဲ။

နက္ခတ်ဗေဒင်အရ တူလဂ် မကာရစန်းဖြစ်ပြီး ဆယ်တန့်မှာ စနေသောကြာပူးနေတဲ့ကျွန်တော့်ဘ၀ဟာ...တည်
ငြိမ်မှုအားနည်းပြီး အပြောင်းအလည်းများပြားကြမ်းတမ်းတာနဲ့အညီ ...စာပေသမားအဖြစ်မရပ်တည်ရတော့ဘဲ
အသက်နှစ်ဆယ် ကျော်မှာ ဗေဒင်လိုင်းဘက်ကို ပိုမို အာရုံစိုက်လေ့လာဖြစ်ခဲ့ပြန်ပါတယ်။ ဗေဒင်ပညာဟာ ...
တစ်ကယ်တော့ အမှန်ကို နက်ရှိုင်းပြီးရှုပ်ထွေးလှပါတယ်။ ဆရာတစ်ဆူအယူတစ်မျိုး ကျမ်းတစ်ဖုံ နည်းတစ်သွယ်
မို့ လိုက်စားရသူများအဖို့လည်း အခက်အခဲတော်တော်များများကြုံကြရပါတယ်။ အထူးသဖြင့် မြန်မာလက်ဆန်း
ဗေဒင်လောကဟာ ...မူဝါဒအမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။ အဲဒီ့လိုပဲ မဟာဘုတ် ပညာကို လေ့လာမယ်
ဆိုရင်လည်း ထဲထဲဝင်ဝင်ရှင်းပြထားတဲ့ ကျမ်းမျိုးကိုတွေ့ရခဲလှပါတယ်။ တွေ့တဲ့ကျမ်းအချို့ ကျတော့လည်း ဘ၀င်မကျဖြစ်ရပြန်ပါတယ်။ ဒီလိုနဲ့

.......

အသက်အစိတ်ဝန်းကျင်မှာ ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြစေသား) ရဲ့ ဆောင်းပါးတွေနဲ့ စတင်ရင်းနှီး
ထိတွေ့ခဲ့မိပါတယ်။ ဆရာရဲ့ တွေးပုံတွေးနည်း နဲ့ အယူအဆအချို့ ဟာ မှော်ရုံတောမှာ မောပြီးချာချာလည်နေတဲ့
ကျွန်တော့်အတွက် အထောက်အကူကြီးစွာဖြစ်စေခဲ့ပါတယ်။ ဆရာက အင်္ဂ၀ိဇ္ဇာပညာကို အဓိကထားပြီးဖော်ပြ
ရေးသားသွားပေမယ့် ကျွန်တော်လေ့လာလိုက်စားနေတဲ့မဟာဘုတ်ပညာဘက်မှာပါ အတွေးအမြင်တွေပိုမို
ပြတ်သားကြည်လင်စေခဲ့တာလည်းအမှန်ပါ။ စကားမစပ်ဒီနေရာမှာ အခြားပညာတွေနဲ့ပတ်သက်ပြီးလည်းပြောပြ
ချင်တာတစ်ခုရှိပါတယ်။ ဘယ်ပညာမဆို သူ့နေရာနဲ့သူအသုံးဝင်တယ်ဆိုတာပါ။ ဘယ်ပညာကပိုကောင်းတယ်
လို့ ပြောလို့မရပါဘူး။ သုံးစွဲတဲ့နေရာပေါ်မှာအဓိကမူတည်ပြီး အတွက် နဲ့ အတွေး အားသန်ရာကိုလေ့လာသင့်ပါ
တယ်။ ဥပမာအားဖြင့် ကျွန်တော်ဆို အတွက်ပိုင်းအားနည်းပါတယ်။ ဒါကြောင့် နက္ခတ်ဗေဒင်လိုင်းလို အတွက်ပိုင်း
ဂဏိတပိုင်းဆိုင်ရာမှာ အနဲငယ်များပြားရှုပ်ထွေးတဲ့ပညာရပ်တွေကို မလိုက်စားနိုင်ပါ။ သို့သော် နက္ခတ်နဲ့ပတ်သက်ပြီး ဖတ်ပါတယ်။ မှတ်ပါတယ်။ တွေးပါတယ်။ ယူဆချက် တွေ ကောက်ချက်ချတာတွေ၊ လက်
တွေ့ဇာတာတွေကိုလည်း လေ့လာပါတယ်။ ဖဲဗေဒင် ၊ တဲရော့ ၊ ဖုန်းရွှေ လက္ခဏာ စသည်တို့ကိုလည်း ထိုနည်း
လည်းကောင်းပါပဲ ။ အနဲငယ်စီမျှ လေ့လာမှတ်သားခဲ့ပါတယ်။ သို့ပေမင့် ကျွန်တော်အကြိုက်ဆုံးကတော့
မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာ နဲ့ နာမည်ကို လေ့လာအကဲခတ်ရတဲ့ပညာပါပဲ။ အထူးသဖြင့် နာမည်တွေ
နဲ့ပတ်သက်ပြီး အချိန်ပေးအားစိုက်လေ့လာနေခဲ့မိပါတယ်။ အားရဖို့ကောင်းတာတစ်ချက်ကတော့ ကျွန်တော်တို့
နိုင်ငံမှာ ရှင်သန်နေဆဲ ဖွံ့ဖြိုးအားကောင်းနေဆဲဖြစ်တဲ့ နာမက္ခရပညာဟာ နာမည်ဟောနည်းမှန်သမျှထဲမှာ ...
အားရစရာအကောင်းဆုံးအနေအထားရှိနေတာပါပဲ။

ဗေဒင်လောကဆိုပေမယ့် အွန်လိုင်းဗေဒင်လောကဆိုရင်ပိုမှန်မယ်ထင်ပါတယ်။ ဒီလောကမှာတော့ မိတ်ဆွေ
တွေအများအပြားကျွန်တော်ရရှိခဲ့ပါတယ်။ မိတ်ဆွေစုံသလို လိုင်းစုံ ပညာစုံကြပါတယ်။ တစ်ယောက်တစ်မျိုး ..၊
နှစ်ယောက်နှစ်မျိုး ဆိုပါစို့။ တဲရော့သမားတွေပါသလို နက္ခတ်သမားတွေလည်း ပါကြပါတယ်။ ဆန်းဗေဒင်သမား
ပါသလို ...အင်္ဂ၀ိဇ္ဇာထူးချွန်သူဆရာများလည်း ပါဝင်ပါတယ်။ အားလုံးကတော့ ညီအစ်ကို မောင်နှမတွေလိုပါပဲ။
အများစုကတော့ ကျွန်တော့်ဒုက္ခကိုတော်တော်ခံကြပြီး ... မဟာဘုတ်ကလွဲပြီး ဘာမှ နားမလည်တဲ့ကျွန်တော့်ကို
အကူညီများစွာလည်းပေးကြသူတွေပါ။ ဒီလိုခင်မင်ရတဲ့ ချစ်ခင်ပေါင်းသင်းရတဲ့အွန်လိုင်းဗေဒင်လောကညီအစ်ကို
မောင်နှမများကို ခုတစ်လောမှာ အချင်းချင်းတွေ မသင့်မတင့်ဖြစ်တာမြင်ရတဲ့အတွက်တော့ အင်မတန်စိတ်မ
ကောင်းဖြစ်မိပါတယ်။ ဒီဆောင်းပါးလေးကနေပဲ အားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ....ပုဂ္ဂိုလ်စွဲ ၊ ပညာစွဲ
တွေနဲ့ ...အချင်းချင်း မာနမပြိုင်ကြပဲ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ အွန်လိုင်းဗေဒင်လောက စာပေခရီးကို
ရှေ့ဆက်သွားကြပါလို့ပဲ................................................။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
 

Posts Comments

©2006-2010 ·TNB