မဟာဘုတ်ဗေဒင်ပညာ စာစု(၁)

Thursday, July 1, 2010

မဟာဘုတ်ဗေဒင်ပညာ စာစု(၁)


ကန်တော့ခြင်း

ပညာ၏ ကနဦးအစ ဖြစ်သော အကြင်ဆရာမြတ်တို့အား ယခုဆောင်းပါးတို့ဖြင့် ပူဇော်ကန်တော့ပါ၏။

ဆုတောင်း

မဟာဘုတ်ဗေဒင်ပညာရပ်နှင့် စပ်လျဉ်းပြီး ကျွန်တော်၏ ရေးသားဖော်ပြချက်များသည် နောက်နောင်လူတို့ အတွက် အကျိုးမဲ့သည် ဖြစ်စေနိုင်ပါမူ ..ယခုစာမူတို့သည် အချည်းနှီးဖြစ်ပါစေသတည်း။ နောက်နောင်လူတို့
အတွက် အကျိုးအစဉ်အဆက် ရှိစေနိုင်ပါမူ....ယခုစာမူတို့သည် ..ကာလအရှည်ကြာ အဓွန့်ရှည် တည်တံ့ ပါစေသတည်း။  

ဗေဒင်မတတ်ခင်ကတည်းက ကြားဖူးခဲ့တာကတော့ မဟာဘုတ်ဗေဒင်ဆိုတဲ့ စကားစုလေးပါ။ တွက်ရချက်ရ အလွန်လွယ်သလောက် ..အတွေးရခက်ပြီးနက်နဲလှတဲ့ပညာလို့လည်း ဆိုရပါမယ်။ ဒီပညာရပ်မှာ တွက်တတ်ဖို့က အလွန်လွယ်ပါတယ်။ မိမိတို့မွေးဖွားတဲ့ မြန်မာခုနှစ်သက္ကရာဇ်ကိုတည် ၊ ခုနှစ်နဲ့စား၊ အကြွင်းအရ ဘင်္ဂကနေ အောက်ပါ ဂဏန်းစဉ်အတိုင်း  (၁၊၄၊၀၊၃၊၆၊၂၊၅) ..ဘင်္ဂ ..မရဏ..အထွန်း..သိုက်..ရာဇ..ပုတိ..အဓိပတိ ဆိုပြီး ချသွားရုံပါပဲ။

ဥပမာအားဖြင့် မြန်မာသက္ကရာဇ် ၁၃၃၉ ခုနှစ် ဖွားသူ တစ်ဦးကိုတွက်မယ်ဆိုပါစို့။  ၁၃၃၉ ခုနှစ်ကို ၇ ဖြင့်စား သော် အကြွင်းအားဖြင့် ၂ ရရှိပါမယ်။ ယင်း အကြွင်း ၂  ကို ... အထက်ပါဂဏန်းစဉ်အရ ၂  ကစပြီး (၂၊၅၊၁၊၄၊၀၊၃၊၆) လို့ စဉ်လိုက်ပြီး၊ ဘင်္ဂကနေ စပြီး ဘင်္ဂ..ပြီး မရဏ..၊ မရဏ..ပြီး  အထွန်း စသည်ဖြင့် ချသွားရုံပါပဲ။ အဓိကကျွန်တော့်အနေနဲ့ ဖော်ပြရေးသားပေးချင်တာက တွက်နည်းမဟုတ်ပါဘူး။ မဟာဘုတ် ပညာရပ်ဆိုင်ရာ အယူအဆများဖြစ်တဲ့အတွက် တွက်နည်းကို ဒီမျှလောက်ပဲရှင်းပြပါရစေ။

(၁)မဟာဘုတ်ကသစ်ဂြိုဟ်များ      

မဟာဘုတ်ပညာမှာ ကသစ်ဂြိုဟ်ဟာ အလွန်အရေးပါပါတယ်။ ကသစ်ဂြိုဟ်ဟာ မဟာဘုတ်ပညာရဲ့..ရေသောက်မြစ်တွေလို့လည်း ခေါ်နိုင်ပါတယ်။ ကသစ်ဂြိုဟ်ကိုမလေ့လာရင် အသုံးမပြုနိုင်ရင် မဟာဘုတ်ပညာမှာ တစ်ကယ်နားမလည်သေးဘူးလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လည်း  မေးစရာ ရှိပါတယ်။ ဌာနတစ်ခုရဲ့သဘာဝဟာ ကသစ်ဂြိုဟ်ကိုသိနေမှ...ဖော်ဆောင်လို့ ရနိုင်တာမို့ ဖြစ်ပါတယ်။ အဲဒီ့လိုပဲ...ဌာနတစ်ခုမှာ ရပ်တဲ့ဂြိုဟ်တစ်ခုဟာ  ကသစ်ဂြိုဟ်ကိုသိတာနဲ့ ..အင်အား ကွာတာ ကိုလည်း သိလာနိုင်ပါတယ်။

ပမာအားဖြင့်ဆိုရရင် ...မရဏမှာရပ်တဲ့ စနေဂြိုဟ်  နဲ့  ..မရဏမှာရပ်တဲ့ တနင်္ဂနွေဂြိုဟ် တို့ဟာ မရဏမှာ ရပ်တည်တာခြင်း တူသည့်တိုင်အောင် ...အကျိုးအပြစ်ပေးရာမှာ  မတူတော့ပါဘူး။ အကောင်းအဆိုး တွက်မယ် ဆိုရင်တောင် စနေက ကောင်းကျိုးပေးနိုင်ပြီး  တနင်္ဂနွေက အထူးဆိုးကျိုး ပေးနိုင်တာမျိုး ကွာခြားသွားပါတယ်။ ဒါဟာ ကသစ်ဂြိုဟ်လို့ခေါ်တဲ့ အောက်ခံရေသောက်မြစ်တွေရဲ့ သဘာဝကြောင့်ပါ။

ကသစ်ဂြိုဟ်ကို သိရှိနိုင် အောင်  ရေးသားဖော်ပြပေးသွားပါ့မယ်။ တိုက်ရိုက်ပဲဆိုကြပါစို့။

  • ဘင်္ဂဌာန                                ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              ဗုဒ္ဓဟူး
  • မရဏဌာန                             ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              စနေ
  • အထွန်းဌာန                           ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              ကြာသာပတေး
  • သိုက်ဌာန                              ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              သောကြာ
  • ရာဇဌာန                                ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              တနင်္ဂနွေ
  • ပုတိဌာန                                ကသစ်ဂြိုဟ် (၀ါ)  အိမ်ရှင်ဂြိုဟ်             တနင်္လာ
  • အဓိပတိဌာန                          ကသစ်ဂြိုဟ် (၀ါ) အိမ်ရှင်ဂြိုဟ်              အင်္ဂါ

အထက်မှာ ဖော်ပြထားတာတွေကတော့ မဟာဘုတ်ကသစ်(၀ါ) အိမ်ရှင်ဂြိုဟ်များဆိုပါတော့။ ပမာအားဖြင့် ဘင်္ဂဌာနကို ဗုဒ္ဓဟူးဂြိုဟ်က ပိုင်ဆိုင်ပြီး  ...အဓိပတိဌာနကိုတော့ အင်္ဂါဂြိုဟ် က ပိုင်ဆိုင်ထားတယ်ဆိုတာကို
အခြေခံအားဖြင့် သိရှိထားဖို့ လိုပါမယ်။

(၂) မဟာဘုတ် ပက္ခများ


မဟာဘုတ် ပက္ခများကို သိဖို့အတွက် ဦးစွာပထမအားဖြင့်  ..ပက္ခမိစေသော ဌာနများကို သိရှိထားဖို့ လိုပါလိမ့်မယ်။

ဘင်္ဂ + ဘင်္ဂ                 =  ပက္ခ
အထွန်း + ပုတိ             =   ပက္ခ
သိုက် + ရာဇ               =  ပက္ခ
အဓိပတိ + မရဏ         =   ပက္ခ

အထက်ပါအတိုင်း  ဘင်္ဂ ဌာန ဟာ ဘင်္ဂဌာန နဲ့ပဲ ပက္ခမိပြီး၊ အထွန်းဌာနက ပုတိဌာနနဲ့ပက္ခမိထားပါတယ်။
တနည်းအားဖြင့် သက်ဆိုင်ရာမဟာဘုတ်ခွင်တစ်ခုမှာ ..ဘင်္ဂ မှာရပ်တည်တဲ့ဂြိုဟ်တစ်လုံးဟာ ၊ အဲဒီ့နံတူ ဂြိုဟ်နဲ့ပဲ ပက္ခ ပြန်မိပါတယ်။

ဥပမာအားဖြင့် တစ်ခုကြွင်းဖွားဆိုပါစို့။ ဘင်္ဂဌာမှာ တစ် ..တနည်းအားဖြင့် တနင်္ဂနွေဂြိုဟ် ရပ်တည်နေတာဖြစ်တဲ့ အတွက်....နံတူ တနင်္ဂနွေနဲ့ပဲ ပက္ခမိထားတယ်ဆိုတာသိနိုင်ပါတယ်။ ရှင်းအောင် ဆက်ပြောပါ့မယ်။

တနင်္ဂနွေဟာ နံတူ တနင်္ဂနွေနဲ့ပဲ ပက္ခ မိပါမယ် အဲလိုပဲ အထွန်းဌာနမှာ  ..ဂြိုဟ်တစ်လုံးရပ်တည်ခဲ့ရင်လည်း အထွန်းနဲ့ ပက္ခဟာ ပုတိဌာနဖြစ်လို့ ...အဆိုပါဂြိုဟ်ဟာ ..ပုတိဌာနမှာရပ်တဲ့ဂြိုဟ်နဲ့ ပက္ခမိပါမယ်။ ဒီလောက် ဆိုရင် ပက္ခမိတတ်ပုံကို လေ့လာလို့ ရလောက်ပါပြီ။

ပက္ခ ဆိုတာဘာလည်း လို့မေးခဲ့ရင် ၊  အလွယ်ဆုံးဖြေရရင်။ ဆန့်ကျင်ဘက်လို့မှတ်ထားရပါမယ်။ ဘယ်လိုဆန့်ကျင်ဘက်လည်း မေးရင်..၊ အဖြူနဲ့ အမည်း၊ အလင်းနဲ့အမှောင်၊ အရှေ့ နဲ့ အနောက်လို လုံးလုံးလျားလျား ဆန့်ကျင်မှုပြုနေခြင်းမျိုးလို့ ယျေဘုယျမှတ်သားထားနိုင်ပါတယ်။ ပက္ခမိရင် ဘာဖြစ်လည်း လို့လည်း မေးစရာရှိပါတယ်။ ဆန့်ကျင်ဘက် မိနေတဲ့ အနေအထား နှစ်ရပ်ဟာ...သဘောထားခြင်း တူညီရင် အကျိုးဖြစ်ပြီး၊ သဘောထားခြင်း ကွဲလွဲနေရင် ..အကျိုး ယုတ်လျော့ စေပါတယ်။

တနည်းအားဖြင့် ဖိုနဲ့မလိုပဲ ...ဆန့်ကျင်ဘက်ဖြစ်နေပြီး..သဘောထားခြင်း တူညီရင် အေးချမ်းသာယာ အကျိုး ဖြစ်စေပြီး၊ သဘောထားခြင်းကွဲလွဲနေရင်တော့ဆူပူလောင်ကျွမ်းပြီး အကျိုးပျက်ပြား စေတတ်သော သဘော ရှိပါမယ်။ ပက္ခကို ကောင်းတာလားလို့ မေးရင်....မဟုတ်ဘူးလို့ ဖြေရမှာဖြစ်သလို ၊ မကောင်း ဘူးလားလို့ မေးရင်လည်း မဟုတ်တာ လို့ပဲဖြေရပါမယ်။ ပက္ခဆိုတာဘာလဲလို့မေးရင် ...ဆန့်ကျင်ဘက် ဖြစ်ခြင်းလို့ပဲ ယျေဘုယျ မှတ်ယူထားသင့်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ပက္ခတွေ နောက်ကို တစ်ကောက်ကောက်လိုက် လေ့လာနေဆဲပါပဲ။ နောက်ပိုင်းမှာ ပက္ခတစ်ခုချင်းဆီရဲ့ ...ထူးခြားချက်တွေကို အချိန်ရသလောက် ထပ်မံ ရှင်းလင်းရေးသား တင်ပြသွားပါ့မယ်။

အထက်ပါ ကသစ်နဲ့ ပက္ခနှစ်ခုကိုတော့ မဟာဘုတ်ပညာကိုလေ့လာမယ်ဆိုရင် မဖြစ်မနေဖတ်ပါ။ အရေးကြီးတဲ့ အချက်တွေပါ။ မဟာဘုတ်မှာ ပိုမိုနားလည်အသုံးပြုနိုင်ဖို့အတွက် ပက္ခတွေ ကသစ်တွေကို မသိလို့မဖြစ်ပါဘူး။

စာစု(၂) မှာ မဟာဘုတ်ဌာနများ နဲ့ပတ်သက်ပြီး ဘင်္ဂဌာနအကြောင်း စတင် တင်ပြရေးသားပေးပါ့မယ်။ ယခု စာစု(၁) ကိုတော့ ကသစ်နဲ့ ပက္ခ ကို နားမယဉ်သေးသူများ အတွက် စတင်ရေးသားဖော်ပြပေးထားပါတယ်။
ဒီနှစ်ခုကို နောက်ပိုင်းအခန်းများမှာ အထပ်ထပ် သုံးစွဲသွားမှာဖြစ်လို့ ..သေချာနားလည်အောင်ဖတ်ရှုကြပါလို့
တောင်းဆိုရင်း.......။

ကိုစိုးမိုးထွန်း
 (ဗေဒင်ပညာသုတေသီ)
 

Post a Comment
 

Posts Comments

©2006-2010 ·TNB