အလုပ်အကိုင်ကံ ထောက်လှမ်း တွက်ဆနည်း   (၃)

Saturday, July 24, 2010

သည်ဆောင်းပါးမှာတော့ ...နာမည်နဲ့ လူတစ်ယောက်ရဲ့ အကျိုးစီးပွားရှာဖွေမှုပုံစံ (၀ါ) အသက်မွေးမှု  အနေအထား ဆက်စပ်ပုံတွေကို တင်ပြပေးလိုက်ပါတယ်။
အသက်မွေးမှုအနေအထား (၀ါ) အလုပ်အကိုင်နဲ့ စပ်လျဉ်းပြီး ... လက်ရိုးဗေဒင်မှာ ထောက်လှန်းတွက်ဆ နည်းပေါင်းများစွာ ရှိပေမယ့် လက်ဆန်းဗေဒင်မှာတော့ အတော်လေးကိုနဲပါးလှပါတယ်။ နောက်ဆုံးတော့  ဆရာမင်းကျော်ဇော် ပြောခဲ့သလို  ....နာမည်ကို ဓါတ်ရိုက်ရ၏။ ဆေးကုရ၏။ ဗေဒင်ဟောရ၏။  ဆိုသလို နာမည်နဲ့ ထောက်ဆကြည့်တဲ့ စနစ်တစ်ခုကို ကျွန်တော် စဉ်းစားလေ့လာ အားထုတ်ခဲ့ပါတယ်။ အဲဒီ့မှာပဲ အတန်အသင့် လေ့လာအားထုတ်မှု ပြုခဲ့ပြီးတဲ့နောက် ...2007 ထဲမှာ  အသက်မွေးဝမ်းကျောင်းမ ဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာ ...ဆိုပြီး စာအုပ်တစ်အုပ် ရေးသားပြုစုခဲ့ပါတယ်။

အဲဒီ့စာအုပ်မှာ .ကာရကနှင့်အသက်မွေးဝမ်းကျောင်းဆိုပြီး  ရေးသားခဲ့ဖူးပေမယ့် ။ ယခုမြန်မာ့ရိုးရာ ဗေဒင်ဆိုဒ် မှာတော့ ကာရက နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ထူးထူးခြားခြား မရေးသား မဖော်ပြဖြစ်သေးပါ။

တစ်ကယ်တော့ ကာရ့က ခွဲခြားပြီး ထောက်ဆတွက်စစ်ရတာဟာ မြန်မာ့ဗေဒင်ပညာမှာ အင်မတန် အရေးကြီးတဲ့ အချက်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီ့လိုပါပဲ..လူတစ်ယောက်ရဲ့ နာမည်မှာ လည်း ..ကာရက ခွဲခြား ဟောဆိုခြင်းအားဖြင့် ...အဲဒီ့လူရဲ့ ဘ၀ကံ၊ အနာဂတ်ကံဇာတာ၊ စရိုက်၊ စိတ်နေ စသည်ဖြင့် တို့ကိုလည်း ခွဲခြားဟောဆို နိုင်လာပါတယ်။

ဥပမာအားဖြင့် .. မင်းအောင်ဆိုတဲ့နာမည်ရှင်နဲ့ အောင်မင်း ဆိုတဲ့နာမည်ရှင်နှစ်ဦးမှာကို ...ဘယ်သူက ပိုအောင်မြင်နိုင်တယ် ဘယ်သူက လမ်းချော်တိမ်းစောင်းရန် ပိုမိုလွယ်ကူတယ်ဆိုတာကို ကာရက တစ်ချက် ထဲနဲ့တင်..၊ သုံးသပ်လို့ရနိုင်ပါတယ်။ အနုစိတ် သုံးသပ်နိုင်လေလေ အဖြေက ပိုမိုစိတ်လာ လေလေပါပဲ။ ဒါကိုမှ မဟာဘုတ်နဲ့ယှဉ်တွဲအသုံးပြုနိုင်လာတဲ့အခါမှာ အင်အားကောင်းပြီး ခိုင်မာတဲ့ ဟောကိန်း အချို့ကို နာမည်နဲ့ မဟာဘုတ် တွဲစပ်အသုံးပြုခြင်းအားဖြင့် ရရှိနိုင်လာပါလိမ့်မယ်။

ခုကျွန်တော်ပြောတဲ့ အချက်ကို ..လက်ခံနိုင်သူ ၊ လက်မခံနိုင်သူ အမြောက်အများ ပေါ်ထွက်လာဦးမှာပါပဲ။  တစ်ခုပဲ ကျွန်တော်ပြောချင်ပါတယ်။ လက်တွေ့များများ လေ့လာကြည့်ပါ။ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ မှန်တယ် ကိုက်ညီတယ်ဆို လက်ခံကျင်သုံးနိုင်ပါပြီ။ မမှန်ဘူး မကိုက်ညီဘူးဆိုတဲ့အခါ ..ပယ်ခဲ့ပါ။ စွန့်ပါ။ ဘာမှ အရှုံးပေါ်စရာ မရှိပါဘူး။ ကိုယ်တိုင် မဆန်းသစ် မဖော်ထုတ်နိုင်သည့်တိုင်အောင် အယူအဆသစ် တွေကို အမှုမဲ့အမှတ်မဲ့ မကျော်လွှားသွားသင့်ပါ။

နောက်တစ်ခုကတော့  ...အညွန့်ဂြိုဟ် အကြောင်းပါ။ အညွန့်ဂြိုဟ်နဲ့ ပတ်သက်ပြီး...ယခင်ကလည်း ကျွန်တော် သည်ဆိုဒ်မှာ အနဲငယ် ဖော်ပြပေးခဲ့ပြီးပါပြီ။  အခု နည်းနည်းထပ်ပြီး တင်ပြပေးပါမယ်။

အညွန့်ဂြိုဟ်


အညွန့်ဂြိုဟ်ဆိုတာ သက်ဆိုင်ရာ နေ့နံသားသမီးတွေရဲ့  ..ရှေ့တစ်ရက်တိုးထားတဲ့ နေ့နံ (၀ါ) ဂြိုဟ်နံ ကို ဆိုလိုတာပါ။ ပမာအားဖြင့် တနင်္ဂနွေ သားသမီးတစ်ဦးအတွက် ရှေ့တစ်ရက်တိုးထားတဲ့ နေ့ တနင်္လာဟာ တနင်္ဂနွေ သားသမီးအတွက် အညွန့်ဂြိုဟ်ပါပဲ။  ထိုနည်းအားဖြင့် တနင်္လာသားသမီး အတွက်ဆို အင်္ဂါ ၊ အင်္ဂါသားသမီး အတွက် ဆို အညွန့်ဂြိုဟ် က ဗုဒ္ဓဟူး စသည်ဖြင့်ပေါ့ အလွယ်တစ်ကူ သိနိုင်ပါတယ်။

အညွန့်ဂြိုဟ်ဆိုတာကတော့ တစ်ခြားမဟုတ်ပါ။  ထိုနေ့နံရှင် ထိုနေ့သားသမီး  ဘာကိုလိုချင်မလဲ၊ ဘာကို ရှာဖွေမလဲ၊ ဘယ်လိုရှာဖွေမလဲဆိုတာတွေကို ဖော်ပြနေတဲ့ဂြိုဟ်လို့ အကြမ်းအားဖြင့် မှတ်ယူ နိုင်ပါတယ်။လောကီ အကျိုးစီးပွားပဲဖြစ်ဖြစ်၊ လောကုတ္တရာအကျိုးစီးးပွားပဲဖြစ်ဖြစ်၊ ပညာပဲရှာရှာ စီးပွားပဲ ရှာရှာ...ရှာချင်တာရှာ...၊ ခက်မလား  လွယ်မလား နီးမလား ဝေးမလား စသည်ဖြင့်ကို အညွန့်ဂြိုဟ် ကနေ တစ်ဆင့် ထောက်လှမ်း တွက်ဆနိုင်သလို..၊ ဘယ်လိုနေရာမှာရှာမလဲ ဘာလိုပုံစံရှာမလဲ စသည်ဖြင့် ကိုလည်း ချင့်ချိန်ခန့်မှန်းယူနိုင်ပါတယ်။

ဒီလောက်ဆိုရင် အညွန့်ဂြိုဟ်ရဲ့ အရေးပါပုံကို အတန်အသင့် သဘောပါလောက်ပြီလို့ယူဆမိပါတယ်။

နောက်တစ်ခုကတော့ ဂြဟကာရကလို့ ခေါ်တဲ့ ဂြိုဟ်တွေရဲ့မူလစရိုက်တွေပါ။  ဒီမူလသဘောတရား တွေကို နားလည် ထားပြီး လေ့လာ အကဲခတ်ချင်းအားဖြင့်လည်း အသက်မွေးမှုကံတွေကို လေ့လာဆန်းစစ် နိုင်ပါတယ်။ ဒီလို ဆန်းစစ်တဲ့နေရာမှာ ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာဇာတာရှင်ရဲ့ နာမည်အဖျားစာလုံး ကနေစတင် လေ့လာ အကဲခတ်တာကို  သဘောကျမိပါတယ်။ လူတစ်ယောက် ဘာလုပ်မယ် ။ဘယ်လို လုပ်မယ် ဆိုတာကို အဲဒီ့နာမည်အဖျားစာလုံးကနေပဲ ကျွန်တော်တို့ စတင်လေ့လာနိုင်ပါတယ်။

ဗေဒင်ပညာဆိုတာ တစ်ကယ်တော့ သဘာဝလောကကြီးရဲ့အကြောင်း တစ်စိတ်တစ်ဒေသပါပဲ။ သဘာဝကို
နားလည်ရင် ဗေဒင်ကို နားလည်နိုင်သလို၊ ဗေဒင်ကိုတစ်ကယ်နားလည်လာရင်လည်း သဘာဝကို အလေးထား အာရုံပြုမိ လာစမြဲပါ။

ရှေ့လာမယ့် အခန်း (၄) မှာ နာမည်အဖျားစာလုံးနဲ့  ..အသက်မွေးမှုကံတွေ စတင်အကဲခတ်တာကို တင်ပြ ရေးသားပေးပါ့မယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဆိုကြပါစို့။

ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

Read More...


Post a Comment
 

Posts Comments

©2006-2010 ·TNB