လူတိုင်း ကြောက်တဲ့ ကိုစနေ စာစု (၂)

Saturday, August 14, 2010

စနေ…….
စနေကို
လူတွေဘာကြောင့် ကြောက်ရွံ့ကြပါသလဲ။ စနေဟာ လူတွေအဖို့ အမှန်တစ်ကယ် ထိတ်လန့်စရာ ဟုတ်ပါသလား။
စနေဂြိုဟ်နဲ့ ပတ်သက်ပြီး လူတွေက …စနေစီးတယ်။ စနေအထွက်ခတ်တာပေါ့။ သားဦးစနေ မီးလိုမွှေ …တဲ့။ စနေတစ်ချက် ဆောင့်တော့ …တစ်သက်လုံးရှာလာသမျှတက်တက်ပြောင်။
စသဖြင့် ..အမျိုးမျိုးအဖုံဖုံ  အစုံစုံအလင်လင် စနေအကြောင်းကို ပြောဆိုဝေဖန်ကြတာတွေ ကြားခဲ့ရ ဖူးပါတယ်။ ငယ်တုန်းကတော့ ဘာလည်းလို့ ရေရေရာရာ မသိရပဲ ကြောက်ခဲ့ရတဲ့ နားရည်ဝ စကားတစ်ချို့ အဖြစ်သာ။ ယခုတော့လည်း စနေနှင့် ပတ်သက်ပြီး အတိုင်းတာတစ်ခုထိ သိရှိနားလည် လာခဲ့သလို၊ လက်တွေ့ သုတေသနပေါင်း မြောက်များစွာ ကနေလည်း  …စနေရဲ့  သဘောသဘာဝ တစ်ချို့ကို မှတ်မှတ်ထင်ထင် သိမြင်လာခဲ့ရပါတယ်။

စနေဂြိုဟ်ရဲ့ မူလသဘာဝ၊ ရပ်တည်ပုံအနေအထားအရ အကျိုးအပြစ် ပြုတတ်ပုံ၊ လူတွေရဲ့နာမည်တွေမှာ ပါဝင်တဲ့ ဗျည်းသရ အသံလှိုင်း တွေအရ အုပ်စိုးနေပုံ၊ စသည်ဖြင့် စနေဂြိုဟ်နဲ့ ပတ်သက်ပြီး တစ်စထက် တစ်စ လေ့လာမှတ်သား ခဲ့ရပါတယ်။

တစ်ကယ်တော့လည်း လူတွေကြောက်ကြတာ၊ စနေကို လန့်ကြတာ သိပ်တော့မဆန်းလှဘူးလို့ ဆိုရပါမယ်။ စနေဂြိုဟ်ရဲ့ မူလသဘာဝကကို ပူဆွေးသောက နဲ့  ဆင်းရဲခြင်းအမှန်ကို လူတွေသိမြင်အောင် ဆောင်ရွက် ပေးတတ်တယ်လို့  ဆိုရပါမယ်။ သတ္တ၀ါမှန်ရင် ဆင်းရဲခြင်းကို ကြောက်ကြတာချည်းပဲမို့ စနေကို ကြောက်ကြတာပါ။

ဆင်းရဲခြင်းသာလျှင် ရှိတဲ့ လောကထဲမှာစနေစီးနင်းချိန်မှာ လူတွေဟာ  ဆင်းရဲခြင်းတွေကို ကွင်းကွင်းကွက်ကွက် ပေါ်ပေါ်လွင်လွင် ပိုမိုမြင်သာ တွေ့သာလာပါတယ်။ အဲဒီ့အချိန်မှာမှ လူတွေဟာ ဆင်းရဲခြင်းအကြောင်းတရားအမှန်ကို မိမိတို့ ဥာဏ်မီသလောက် သိမြင် လာကြပါတယ်။ ဒါကြောင့်လည်း စနေဟာ လောကုတ္တရာ ဂြိုဟ်တစ်လုံးအဖြစ် သတ်မှတ်ခံထားရတာပါ။ အံသြစရာ ကောင်းတာကတော့ စနေဂြိုဟ်ကို အင်္ဂ၀ိဇ္ဇာအခါတိုင် ထူကြည့်လိုက်မယ် ဆိုရင်လည်း ..လောကီအာရုံ ကာမဂုဏ် တို့ကို ထူးထူး လွန်လွန် အားပေးတတ်တဲ့ တနင်္လာ၊ သောကြာ၊ အင်္ဂါ ဂြိုဟ်တို့ဟာ အားနည်း နေကြပြီး၊ အသိဥာဏ်ပညာနဲ့ အတွေးအခေါ်ကို ဖြစ်တည် စေတတ်သော ၁နွေ ၊ ၄ဟူး နဲ့ ၅တေး ဂြိုဟ်တို့ဟာ အားကောင်းစွာ တည်ရှိ နေကြတာကို တွေ့ရသလို၊ နံတော်စဉ်အရလည်း စနေအခါဟာ နတ်လူ အများအပြား မိမိတို့ဥာဏ်နဲ့ အားလျော်စွာ ကျွတ်တန်းဝင်ကြ အသိအမြင် အမှန်ကိုရကြသော ကောင်းမြတ်သော အသိမှန်ကို လှုံ့ ဆော်ပေးသော အခါတိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

လက်တွေ့ပိုင်းတော်တော်များများကို လေ့လာစစ်တမ်းထုတ်ကြည့်ပြန်တော့လည်း စနေဂြိုဟ်အိပ်ကာလ ထဲကို ဖြတ်သန်းချိန် များမှာ လူတစ်ရာဖြတ်သန်းရင် လူတစ်ရာတိတိဟာ နောင်တရစရာ အသိတရား အသိမှန် ရစရာ အကြောင်းတရားတွေနဲ့ ရင်ဆိုင်ရပြီး၊ မိမိတို့ ကံအနေအထားနဲ့ အားလျော်စွာ ၊ ဆီလျော်ရာ အကြောင်းများ ပေါ်မူတည်ပြီး အသိမှန်အမြင်မှန် ဘ၀ အတွေးအမြင် ကောင်းတွေ ရရှိလာတတ်ကြပါတယ်။

အချို့ဆိုရင်လည်း  တစ်သက်လုံး ဆိုးပေ တိုက်ခိုက် မိုက်မိုက်မဲမဲ နေလာသမျှ စနေဂြိုဟ်အိပ်ထဲ ရောက်ရှိ ဖြတ်သန်းချိန်မှာ အကျွတ်တရား ရကုန်ကြတာကို ထူးထူးခြားခြား တွေ့မြင်ကြရပါတယ်။ စနေဂြိုဟ်အိပ် နဲ့ ပတ်သက်လို့ ဒီ့ထက် ကျယ်ကျယ် ပြန့်ပြန့် တင်ပြချင်ပါသေးတယ်။

စနေဂြိုဟ်အိပ်ဟာ ဘယ်နေ့သားသမီးအတွက်မဆို …အောက်ပါအချင်းအရာများကို တူညီစွာ ဖြစ်ပွားစေ နိုင်ပါလိမ့်မယ်။ အတိုင်းအတာ  ပမာဏ ရှုထောင့်ကွဲပြားနိုင်ပေမယ့် အခြေခံကျောရိုးကတော့ လူတစ်ရာ ဖြတ်သန်းရင် လူတစ်ရာ ၊ လူတစ်ထောင် ဖြတ်သန်းရင် လူတစ်ထောင် အားလုံးအတူတူ ဒီလမ်းခရီး ဒီကျောရိုး ပေါ်ကနေပဲ ဖြတ်သန်းကြရမှာမို့ တူညီစွာ သက်ရောက်မှုလည်း ရှိကြမှာဖြစ်ပါတယ်။

ဥပဒေသ (၁)  စနေဂြိုဟ်အိပ်ကာလသည် အသိဥာဏ် နှင့် အတွေးအမြင်ကို တိုးတက်ရှင်သန်ပြီး ပိုမိုဖွံ့ဖြိုး လာစေနိုင်၏။

ဥပဒေသ (၂)  စနေဂြိုဟ်အိပ်ကာလသည်  လူတို့အား နောင်တ ၊ အမြင်မှန် ၊ အသိမှန်တို့ကိုရရှိစေနိုင်၏။

ဥပဒေသ (၃) စနေဂြိုဟ်အိပ်ကာလသည်  မျက်မှောက်ဘ၀မှာပင် ဇာတာရှင် ပြုလုပ်ခဲ့သော ကုသိုလ် ၊ အကုသိုလ်အမှု အချို့အား ၄င်းမျက်မှောက်ဘ၀မှာပင် ပြန်လည်အကျိုး သက်ရောက်စေတတ်၏။ ထို့သို့ နည်းပင်  အတိတ်ကာလ အတိတ်ဘ၀ များမှထင်ရှားသော ကောင်းမှုကံ မကောင်းမှုကံ အသီးအပွင့်များ ကိုလည်း ပိုမိုပေါ်ပေါက်လာစေတတ်၏။

ဥပဒေသ (၄)  အပြစ်ပေးခံရခြင်း ၊ လျော်ကြေးပေးရခြင်း၊ ပြန်လည် ပေးဆပ်ရခြင်းများကိုလည်း အထူးအလွန် ဖြစ်ပွားစေတတ်၏။ တနည်းအားဖြင့် ၀ဋ်ကြွေး ဆပ်နေရတတ်၏။

ဥပဒေသ (၅)  စနေဂြိုဟ်အိပ်ကာလသည် ငွေစုလိုက်ပြုံလိုက် ကုန်ခမ်းဆုံးရှုံးရခြင်း၊ ယာဉ်ကား၊ ဥယျာဉ်ခြံ စသည်တို့ကို ဆုံးရှုံးစေတတ်ခြင်း၊ လောကီအာရုံ  ကာမဂုဏ်တို့ ခမ်းခြောက် ခေါင်သီရတတ်ခြင်း၊ စသည်ဖြင့် သော အကျိုးတို့ကိုလည်း ပေးစွမ်း၏။

ဥပဒေသ (၆) အားကောင်းသော စနေဂြိုဟ်အိပ်တို့သည် မြင့်မားသော အသိဥာဏ်ပိုင်းဆိုင်ရာနှင့် ထီ ပေါက်ခြင်း ၊ သေသူထံမှ အမွေအနှစ်ကဲ့သို့ရရှိခြင်း၊ နိုင်ငံရပ်ခြားတိုင်းတစ်ပါး နှင့် ထိတွေ့        ဆက်ဆံ ရခြင်းကို  အကြောင်းပြုပြီး အကျိုးကျေးဇူး ခံစားရခြင်း။ ကောင်းသော အဆက်အသွယ်တို့နှင့် ပြည့်စုံစေ ရခြင်း စသဖြင့် အကျိုးပေးနိုင်၏။ အားနည်းသော စနေဂြိုဟ်အိပ် တို့သည်  ထောင်တန်းကျခြင်း၊ များစွာသော ဖိစီးမှုများ ကြောင့် အဆက်မပြတ် ပူဆွေးရခြင်း၊ တစ်စတစ်စ တစ်ဖြေးဖြေး မှန်မှန် ဆုတ်ယုတ် ပျက်ဆီး ရခြင်း၊ မနိုင်မနင်းတာဝန် များစွာဖြင့် ပင်ပန်းစွာ ဘ၀ကိုဖြတ်သန်းရခြင်း  စသည်ဖြင့် အကျိုးအပြစ် ပေးနိုင်ပေသည်။

ဥပဒေသ (၇) စနေဂြိုဟ်အိပ်ကာလသည် မိခင် ၊ အဒေါ် ၊ အဖွား စသော အမျိုးသမီးအကြီးအကဲများအား အပျက်အဆီး နှင့် ချိနဲ့မှု ဖြစ်စေ၏။ ထို့နည်းတူ အမျိုးသားများတွင် မိမိတို့နှင့်ပတ်သက်နေသော အမျိုးသမီးများ (ဇနီး၊ မိခင်၊ အစ်မကြီး…စသည်) နှင့် စပ်လျဉ်းပြီး စိတ်ထိခိုက်ရခြင်း၊ အခက်အခဲကြုံရခြင်း များကို ဖြစ်ပွားစေနိုင်၏။

ဥပဒေသ (၈) စနေဂြိုဟ်အိပ်ကာလသည် လူအများကိုဆွဲဆောင်နိုင်စွမ်းမရှိခြင်း၊ တနည်း စန်းအားနည်းခြင်း (၀ါ) မျက်နှာပျက်စရာများ များစွာ ကြုံရခြင်းကိုလည်း ဖြစ်စေတတ်၏။

ဥပဒေသ  (၉)  စနေဂြိုဟ်အိပ်ကာလသည် အဟောင်းအနွမ်းများ၊ အတိတ်ကာလမှ အကြောင်းအရာများ၊ တစ်ကျော့ပြန် အဖြစ်အပျက်များစွာ တို့ကိုလည်း တွန်းအားပေး လှုံ့ဆော်ပေး၏။ လူဟောင်းများနှင့် ပြန်ဆုံ တွေ့ရခြင်း၊ နေရာဟောင်း များကို ပြန်လည် သွားလာရတတ်ခြင်း ၊ ဝေးကွာသောကာလမှ အဖြစ်အပျက်များ ပြန်လည်ရှင်သန် နိုးထလာတတ်ခြင်း မျိုးကိုလည်း ဖြစ်ပွားစေတတ်၏။

အထက်ပါအချက်များသည် စာရေးသူကိုယ်တိုင် နှစ်များစွာ လေ့လာသုတေသနပြုခဲ့သော တွေ့ရှိချက်များမှ အချို့ကို တင်ပြရေးသား ဖော်ပြခြင်းမျှသာ ဖြစ်ပြီး၊ အခြားသော အချက်များစွာလည်း ကျန်ရှိနေသေး၏။ အကုန်အစင်ကား သိရှိရန် မလွယ်ကူလှပါပေ။

မည်သို့ပင်ဖြစ်စေ။  စာရေးသူ၏ အတွေ့အကြုံအရ အဆိုပါ စနေဂြိုဟ်အိပ်ကို ဖြတ်သန်းရချိန်များတွင် မည်သည့် နေ့နံ သားသမီးမျိုး မဆို ယင်းအခြေအနေများပေါ်တွင် ကြုံတွေ့ဖြတ်သန်း ရတတ်ပြီး၊ နေ့နံသားသမီး အလိုက်လည်း ကောင်းကျိုး ဆိုးပြစ် ပိုမိုကွာခြားတတ်သည်။ ထိုမှတစ်ဖန် သက်ဆိုင်ရာ ဇာတာရှင်တို့၏ မူလမဟာဘုတ် အနေအထား နှင့် နာမည် အနေအထားကို လိုက်ပြီး အကျိုးအပြစ် ပေးရာတွင် ခြားနားပေသည်။

စာစု(၃) တွင်  နေ့နံသားသမီးအလိုက် စနေဂြိုဟ်အိပ်ဖြတ်သန်းချိန်တွင် အကျိုးအပြစ်ပြုတတ်ပုံတို့ကို ဆက်လက် ဖော်ပြပေးပါဦးမည်။

ချမ်းမြေ့ကြပါစေ။

သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB