ချစ်ချစ်အကြောင်း စာစု(၈)

Saturday, August 14, 2010

ကပ်သီးကပ်သပ် ကျန်နေတဲ့ .. နာမည်အဖျားစာလုံး ရာဟုနံဖြင့် မှည့်ခေါ်ထားသော ချစ်ချစ်အကြောင်း ကဏ္ဍ ကို ဆက်လက် ဖော်ပြ ရေးသားပေးလိုက် ရပါတယ်။



သင့်ချစ်သူရဲ့နာမည်ဟာ  …နာမည်အဖျားစာလုံးကို ရာဟုနံ (ရ)  အက္ခရာဖြင့် မှည့်ခေါ်ထားမယ် ဆိုရင်တော့ အောက်ပါ အချက်ကလေးတွေကို သင့်အနေနဲ့ သိရှိနားလည်ထားမယ်ဆိုရင် ပိုမိုအဆင်ပြေနိုင် ပါစေလိမ့်မယ်

ရာဟုနံ နာမည်အဖျား စာလုံးပိုင်ရှင် တစ်ဦးဦးကို ချစ်သူအဖြစ် ရွေးခြယ်ခဲ့မိမယ်ဆိုရင် သူတို့က ဖြောင့်ဖြောင့်တန်းတန်း မလုပ်တတ်တဲ့ ကွေ့ကွေ့ကောက်ကောက်လေးနဲ့ချစ်သူမျိုး ဖြစ်ကြောင်း ပထမဦးစွာ
လက်ခံထားဖို့ လိုပါလိမ့်မယ်။ ၀ှက်တတ်တယ်။ ကွယ်တတ်တယ်။ ဖုံးဖိထားတတ်..စတဲ့အချက်တွေကိုလည်း ဦးစွာ သိရှိထားဖို့ လိုပါလိမ့်မယ်။ မကောင်းတဲ့ စရိုက် ကြောင့်ရယ် မဟုတ်ပါဘူး။ သူတို့သဘာဝကကို .. ဖုံးကွယ် ထားတတ်တဲ့ သဘာဝ၊ ပရိယာယ်ဆင်လိုတဲ့သဘောကြောင့်၊ သူတို့ဆီက အမှန်ကို သင့်အနေနဲ့ သိဖို့တော့ ခက်ခဲပါလိမ့်မယ်။

သူတို့က အားပေးအားမြှောက် လုပ်ပေးတတ်သလို၊ သင်မှားမှားမှန်မှန် သူ့ဘက်က ဆန္ဒရှိခဲ့မယ်ဆိုရင်ဖြင့် သင်ဘာအမှားမျိုးပဲ ကျူးလွန်ကျူးလွန် သင့်အတွက် ဖုံးဖိပေး၊ ကာကွယ်ပေးဖို့ ၀န်မလေး သူမျိုးလေး တွေပါ။ ဂွကျတာက တစ်ခါတစ်ခါမှာ သူတို့က လှည့်ပတ်တာကို ကိုယ်က မခံချင်တော့တာမျိုး၊ နားလည်မှု မပေးနိုင် တော့တာမျိုးကနေ ပြသနာလေးတွေ ခဏခဏ ဖြစ်ရတတ်တာပါပဲ။

လျှာရှည်ရန်ကော၊ ခြေရှည်ရန်ကော လို့တော့ သူတို့ကို အပြစ်မတင်မိပါစေနဲ့။ အစကတည်းက နားလည် လက်ခံထားပြီး  ဖြစ်မှ သူတို့ကို ချစ်ပါ။ တစ်ခါတစ်ခါ သူတို့က စကားပြောရာမှာ အံ့သြဖွယ်ရာ ကောင်းလောက်အောင်ကို ..နှိုက်နှိုက်ချွတ်ချွတ် ပြောတတ် သလို၊ ကပ်သီးကပ်သတ်လေးတွေလည်း လုပ်တတ် ကိုင်တတ်ကြပါတယ်။ တောင်ဆိုရင် မြောက်ကို ရောက်သွား တတ်ပြီး၊ မြောက်ဆိုရင် အရှေ့ကို ရောက်သွားတတ်တဲ့ သဘာဝကိုလည်း  သင့်အနေနဲ့  ကြိုတင်ရိပ်မိသိရှိထားရင် ပိုမို အဆင်ပြေပါလိမ့်မယ်။

အဲ…သင်က သိပ်ပြီးစည်းကမ်းကြီးမားပြီး တင်းကျပ်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တော့ ..ဂွကျတာပါပဲ။

သူတို့က စည်းကမ်းတွေကို မသိအောင် ချိုးဖောက်ရတာမျိုးကို ကြိုက်နှစ်သက်တတ်တာကိုးခင်ဗျ။ ခပ်တည်တည်နဲ့လည်း တစ်ခါတစ်ခါ သရုပ်ဆောင်ပြတတ်တာမို့ သင့်အနေနဲ့ သူတို့ကို အကဲခတ်ဖို့တော့ မလွယ်ရေးချာ့ မလွယ်ပါဘူး။ သူတို့လို နာမည်ရှင်မျိုးတွေထဲက အများစုက အိုးပစ်အိမ်ပစ် လှည့်ပတ် သွားလာနေရခြင်း၊ ခရီးယာယီ သွားလာ နေထိုင် လိုခြင်းမျိုး ဆန္ဒရှိကြတာမို့ …သင့်အနေနဲ့ သူတို့ကို ဘယ်မသွားနဲ့ ညာမသွားနဲ့ သိပ်ချုပ်ချယ်မိရင်လည်း နှစ်ဦးကြားမှာ တင်းမာမှု ရှိလာတတ်ပါတယ်။

သိပ်တော့ မလွယ်ဘူးဗျနော်။ သူတို့က သူတို့ချစ်တဲ့သူတွေကိုလည်း ပီပီပြင်ပြင် ချည်နှောင်ထားဖို့ ကြိုးစား တတ်တာမို့ ငြိလိုက်တာနဲ့ ..ချည်ပြီး တုတ်ပြီးဆိုသလို ..ကိုယ့်ဆရာလှုပ်တောင် မလှုပ်နိုင်အောင် ဖြစ်သွားတတ်ပါသေးတယ်။

ကဲ …. အနှစ်ချုပ်ပြန် စုစည်းပေးပါ့မယ်။ သူတို့လို နာမည်ရှင်မျိုးလေးတွေနဲ့ ချစ်ချစ် တော်မိခဲ့မယ်ဆိုရင်ဖြင့် …. စည်းကမ်း သိပ်မတင်းကျပ် လိုက်ပါနဲ့။ လိမ်တာညာတာကို အပြစ်ကြီးလို့ ယူဆထားမယ် ဆိုရင်တော့ သိပ်အဆင်မပြေနိုင်ပါ။ အန္တရာယ် မများတဲ့ အသေးစား ညာတာမျိုး လောက်ကိုတော့ …ခွင့်လွှတ် နားလည်ပေးနိုင်ဖို့ တစ်ခါထဲကြိုပြင်ထား သင့်ပါတယ်။ သင့်နဲ့ စကားပြောရာမှာ ..စည်းလွတ်ဝါးလွတ် သင့်အပေါ် ပြောဆိုလာခဲ့ရင်လည်း ခွင့်လွှတ်တတ်ပါစေ။ သူတို့ကို ချစ်ရင် သူတို့က ကာကွယ် ပေးချင်တဲ့ စိတ်သဘောကိုလည်း လက်ခံပေးရပါမယ်။ ကာပေးတော့လည်း ကွယ်နေလိုက်ရုံပေါ့။ တင်စားပြီး ပြောရရင်တော့ …ဒိုင်းနဲ့တူတဲ့ချစ်သူလေးမျိုးဆိုပါတော့။

ဥပမာအားဖြင့် ဒီလိုနာမည်ရှင်မျိုးလေးတွေပါ။


ရွှေရွှေ၊ အောင်ရင်၊ ၀င်းဝင်းရီ၊ သူရရွှေ၊ တိုးသစ်ရှိုင်း  ၊ လဲ့လဲ့ရည်  စသည်ကဲ့သို့သော အမည်ရှင်မျိုးလေးတွေ ဆိုပါစို့။


အားလုံးပဲချမ်းမြေ့ကြပါစေ။

သုတေသီ ဝေသာလီမောင်ဖုန်း။



Post a Comment
 

Posts Comments

©2006-2010 ·TNB