မောင် နှင့် မယ် ရွှေလည်တွဲနိုင်ဖို့

Tuesday, September 21, 2010

ဘာဖြစ်နေသလဲ လို့ တွေးမိတဲ့အထိပင် ။
ခုတစ်လော မေးကြသည်၊ စုံတွဲကဏ္ဍများ ယခင်ထက်ပိုမိုပြီး ။ အရင်လို ကျွန်တော် အွန်လိုင်းကို မကြာခဏ မလာဖြစ်။ တစ်ပတ်မှ တစ်ခါ ၊ အလွန်ဆုံးနှစ်ခါ သာ တက်နိုင်သဖြင့် လည်း ပါပေမည်။ သြော် ..  လာမယ့်  သီတင်းဝါလ ကျွတ်ပြီးစလောက် ကို မှန်းမျှော်တွေးဆ ၊ အားခဲကြတယ်နဲ့ တူပါရဲ့။




ဒီနေရာမှာ တစ်ခုထူးခြားတာ တွေ့ရသည်။ ဒီတစ်နှစ်တွင် တနင်္ဂနွေဂြိုဟ် ပုတိဌာနတွင် ရပ်တည်နေခြင်း၏ သတ္တိအရ  ၊ လူမသိသူမသိ တိတ်တိတ်ကလေး လက်မှတ်ထိုးထားပြီး လက်ထပ်လိုကြသော စုံတွဲလေးများ မကြာခဏ လာမေးတတ်ကြတာကို ထူးထူးခြားခြား တွေ့ရခြင်း ဖြစ်၏။ သြော် သည်တစ်နှစ်က တနင်္ဂနွေဂြိုဟ်မင်း ရေနှင့်စပ်လျဉ်းသော ပုတိဌာနတွင် ပျော်စံသကိုး ။


သိပ်ချမ်းသာပြီး အရာရာအဆင်ပြေနေသော စုံတွဲလေးတွေအဖို့တော့ အပျော်စီး ဇိမ်ခံ သင်္ဘောပေါ်တွင် မင်္ဂလာဆောင်ရခြင်းမျိုးပင် လုပ်နိုင်ကြမည့် ကာလ ။ ( အားမကျကြဘူးလား လူပျိုကြီး အပျိုကြီးများ ရေ ၊ မောင်ဘုန်းသိင်္ဂါတို့ ၊ မောင်ရန်းဂန်းတို့ ၊ မောင်ပခန်းတို့ ၊ မလေးမေတို့ ၊ အစ်မကြီး မသင်းပ တို့ ၊ အစ်မကြီး မချောစုတို့ ၊ ကမ္ဘာပတ်ပြီး လေထဲမှာတင် အပျိုကြီး ဖြစ်နေရရှုာတဲ့ ကျွန်တော့်မိတ်ဆွေ လေယာဉ်မယ် မမလေး မမကြီးများ အားကြနိုင်ကြ ပါလေကုန် ။ )


တစ်ကယ်တော့ လက်ထပ်ထိမ်းမြားဖို့ အရေးသည် အရွယ်ရောက်ပြီး လူငယ်တိုင်းလိုလို  အတွက် မျှော်လင့်ချက်အရောင်လက်လက်ကလေး တစ်ခုဖြစ်ပေမည်။ ဒါကြောင့်လည်း ချစ်မှုရေးရာကဏ္ဍ ကို ကျွန်တော်ရေးပြီးသည့်နောက်ပိုင်း လူငယ်စုံတွဲ တော်တော်များများ ကျွန်တော့်ဆီ ဗေဒင်မေးလာကြ၏။ ဂွကျတာက  သူတို့မေးပုံမေးနည်း နဲ့ ကျွန်တော်ဖြေပုံဖြေ နည်း ပဲ ဖြစ်သည်။


ကျွန်တော် နဲ့ ကျွန်မ နဲ့ လက်ထပ်ရင် အဆင်ပြေမလား ဆိုတာမျိုးက ၊  ပေါ့ပေါ့လွယ်လွယ်  ဖြေလိုက်လို့ ရကောင်းသော်လည်း ၊ တစ်ကယ်တွေးကြည့်လျှင် ကျယ်ပြန့်လှသည်။ နှစ်ဖက်မိဘ အသိုက်အ၀န်းချင်း လည်း အဆင်ပြေမှ ဂဟေဆက်ရ မြဲမြံလွယ်ကူမည့် အစိတ်အပိုင်းတွေ လည်း ရှိသည်။ နှစ်ဖက်အဆင်ပြေပြန်တော့လည်း တူနှစ်ကိုယ်ကြား နားလည်မှုထားနိုင်ဦး မှ သာယာမည်။ ကျွန်တော်နှင့်ကျွန်မ လက်ထပ်ရင် အဆင်ပြေမလား ဆိုသော  ခြုံငုံမေးခွန်းကား  အနက်ကျယ်လွန်း  လှပေသည်။   လက်ထပ်ရင် အဆင်ပြေမည် ဆိုသည့်တိုင်အောင် ၊ ဘာအဆင်ပြေတာလဲ ၊ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ဘာရေး ညာရေး ….ရေး..ရေး..ရေး  ။  အားလုံးအဆင်ပြေမည့်ဟု ဟောလျှင် သေချာပေါက်သာ  မှတ်ကရော  လိမ်နေပြီဟု ။ ဘယ်အိမ်ထောင်မှုမျိုးမှ အားလုံးအဆင်ပြေသည်မရှိ ။ တစ်ခုမဟုတ် တစ်ခုတော့ လိုအပ်ချက်ရှိနေတတ်သည်သာ ။


တော်တော်ချမ်းသာပြည့်စုံပြီး အောင်မြင်နေသော ၊  စင်္ကာပူတွင် အခြေချ နေထိုင်နေသည့်  မြန်မာစုံတွဲ တစ်တွဲ ကိုတွေ့ဖူးသည်။ နှစ်ဦးစလုံး ရုပ်ရည်၊ ပညာ ၊ ငွေကြေး ၊ အလုပ်အကိုင် အားလုံး  မြန်မာစာရေးဆရာမလေး ရေးသည့် ၀တ္ထုထဲမှ ဇာတ်ကောင်များနှယ် ။ အားကျဖို့ပင် ကောင်းနေသေး တော့သည်။ အားလုံးအဆင်ပြေလှချေလား တွေးမိနေတုန်း ၊ ယောကျာ်းက ကလေးမရနိုင် သဖြင့် ဂွကျရပြန်သည်။ အမျိုးသမီးက ကျန်းမာရေး ချုချာပြန်သည်။ ပြည့်စုံခြင်းသည်ကား အဘယ်နည်း။


အိမ်ထောင်ရေးကို တင်ကြိုပြီး စေ့စေ့ငုငုတွေးတောရင်း အရွယ်လွန်ခဲ့ရသည့် ၀ါရင့်အပျိုကြီး အစ်မ တစ်ယောက်ကတော့ ပြောဖူးသည်။ စိုးမိုးရယ် ငါတော့ ၀တ္ထုဖတ်ပြီး စိတ်ကူးပဲယဉ်ရင်း စိတ်ကျေနပ်တော့မယ်  ၊ တစ်ကယ့်အပြင်လောကမှာက  ၀တ္ထုထဲကလို အဆင်ပြေတာမျိုး  မဟုတ်ဘူးဟေ့ တဲ့။ တိန် ။ ကျွန်တော်ကလည်း ပြန်ပြောလိုက်ပါသည်။ ဇာတ်မင်းသား လေသံမျိုးဖြင့် ……  ဘယ်ဟယ်ဟယ် တတ်နိုင်မတုန်းးးးးးးးး  ။


ဒါကတော့ အပျိုကြီးဆိုတော့လည်း အပျိုကြီးတွေး တွေးတာပေါ့ ဟု ဆိုနိုင်သည်။ လူငယ်တွေကတော့ သည်လိုမဟုတ် ။  အိမ်ထောင်ရေးဟူသည် ချောက်ကြီးတစ်ခုဟု ဆိုသည့်တိုင်အောင် ပျော်ပျော်ကြီး ရွှေလက်တွဲလို့ ခုန်ချဖို့ စိုင်းပြင်းနေကြဆဲသာ  ။ 


( မောင်ဘုန်းသိင်္ဂါ ရှေ့ဆုံးမှ ဖြစ်မည်ထင်သည်။ )


နက္ခတ်ဗေဒင်ပညာတွင် ခုနှစ်တန့်ဘာဝ ၏ အနေအထားသည် အိမ်ထောင်ရေးနှင့် စပ်လျဉ်းပြီး အရေးပါသော အချက်တစ်ရပ်အဖြစ် ဆန်းစစ်ရသော ဘာဝတစ်ခု ဖြစ်သည်။ ထို့အတူ ရေရှည်လက်တွဲနိုင်မှုကို ဆယ့်တစ်တန့်ဘာဝ အနေအထားဖြင့် ဆုံးဖြတ်လေ့ရှိကြသည်။ အချို့က ဆယ့်တစ်တန့်ဘာဝကို ပိုမိုပြီးပင် အိမ်ထောင်ဖက် ၊ ဘ၀လက်တွဲဖော်အဖြစ် သတ်မှတ် ဆန်းစစ်ကြသည်။ ကျွန်တော့်အတွေ့အကြုံ အရ ခုနှစ်တန့်ဘာဝတွင် ဆိုးသောအချက်များ ရှိနေသော ဇာတာအားလုံးလိုလို အိမ်ထောင်ရေးပြသနာများပြား ကြကြောင်း လက်တွေ့တော်တော်များများ တွေ့ခဲ့ရဖူးသည်။


မဟာဘုတ်ဗေဒင်ပညာတွင်မူ အတွင်းမိတ်ဂြိုဟ် နှင့် ဆပွတ်ဂြိုဟ်တို့ အားနဲခြင်းသည် အိမ်ထောင်ရေး အိမ်တွင်းရေး အဆင်မပြေမှုကို ဖြစ်ပွားစေရန် လှုံ့ဆော်ပေးသောအချက်အဖြစ် တွေ့ရှိရပေသည်။ ထို့နည်းတူပင် မဟာဘုတ်ဖွား ဇာတာရှင်အမျိုးအစားအလိုက်လည်း အချို့သော အကြွင်းဖွားများမှာ အိမ်ထောင်ရေး ကံ (  အနဲနှင့်အများ ကွာသည်မှအပ ) ဆိုးကြသည် ကိုတွေ့ရှိ ခဲ့ရပေသည်။ ယင်းသို့ပင် နာမည်များကလည်း အိမ်ထောင်ရေး အဆင်ပြေမှု မပြေမှုကို ဖော်ပြတတ်ကြသည်။


ပမာအားဖြင့် အသား ညိုမည်းသော ယောကျာ်းတစ်ယောက် ကို  အိမ်ထောင်ဆက်များစေလိုလျှင် ( ရဲ ) ဟူသည့် ပညတ်စာလုံးဖြင့် နာမည်အစ ကိုပြုပြီး မှည့်ခေါ်ပေးလိုက်ပါက ....အမှန်ပင် အိမ်ထောင်ဆက်များစေရန် နာမည်က လှုံ့ဆော်မှုပြုလာ  ပေမည်။ အကယ်၍ (ရဲထွန်း ၊ ရဲမျိုးတင့်) စသည်ဖြင့် မှည့်ခေါ်ပေးလိုက်ပါက  အကြီးကိုလည်း မပြတ် ၊ အငယ်ကိုလည်း မခွဲ ၊ ဟိုလည်းမပြတ် သည်လည်းမပြတ် ယူသမျှ အဖတ်တင်သွားနိုင်သည်။ (ရဲဝင့် ၊ ရဲကျော်လွင် ၊ ရဲသုဝေ) စသည်ဖြင့်မှည့်ခေါ်လိုက်လျှင်တော့ ယူပြီး ပြတ်ကရော ဆိုတာမျိုး ၊  တစ်ယောက်ပြီး တစ်ယောက် ယူပြီးချန်ထား စွန့်ထားခဲ့တာမျိုး  ဖြစ်သွား နိုင်၏။ ဒါကတော့ နာမည်တွေက လှုံ့ဆော်မှုပြုတတ်ပုံကို ဗဟုသုတ အလို့ငှာ တင်ပြ  ရခြင်းသာ ဖြစ်သည်။ တစ်ကယ်တော့ နာမည်တစ်ခုထဲနှင့်လည်း အကြံပြုရကောင်းသည့် ကဏ္ဍမျိုးမဟုတ် ။ သက်ဆိုင်ရာ မူလမဟာဘုတ်အနေအထား ကိုလည်း ဆန်းစစ်ရန်လိုသည်။
ဇာတာရှင် ဖြတ်သန်းနေဆဲ အသက်ပိုင်း နှင့် ဒသာများကိုလည်း စေ့ငုမိပါမှ သင့်လျော်မည်။ နောက်ပြီး ရုပ်ဆင်းသွင်ပြင်နှင့် ကျန်အင်လက္ခဏာက အစ ၊ ဒါတွေကလည်း မထည့်တွက်လို့  မရ ။ ( အို …….   ရှုပ်ပါတယ် ။  ဘာမှမတွက်ပဲ ယူလိုက်ကြတော့လည်း အေးရော ။ မအေးတော့လည်း ပူလိမ့်မပေါ့  ။  )


အဲသလို ပြောမိသဖြင့် တစ်ယောက်က စိတ်ဆိုးသွားဖူးသည်။ ဟုတ်တာပေါ့ ဆရာတို့ကတော့ ၊ လက်မှတ်ရပြီးသားလူကိုး  တဲ့ ။ ကျွန်မတို့က လက်မှတ်တိုးဝှေ့တန်းစီနေရတာဆိုတော့ ပူရတယ် တွက်ရတယ် ဆရာရေ တဲ့ ။ သူပြောတော့လည်း  ဟုတ်တုတ်တုတ် ။ ကဲ ဘယ့်နှယ်လုပ်ကြပါ့ ။


နောက်ဆုံးတော့  ရှဥ့်လည်း လျှောက်သာ ၊ ပျားလည်းစွဲသာ ဖြစ်ဖို့  ပုံစံပြောင်းပြီး အကြံပေးရသည်။  ဟောသလိုလေး လုပ်ကြစို့ကွယ်ရို့  ။

အိမ်ထောင်ဖက် ဘ၀လက်တွဲဖော် အဖြစ် သာယာစွာ နှစ်ဦးစလုံး ဖြတ်သန်းနိုင်ရန်အတွက် နှစ်ဦး စလုံးရဲ့ ဇာတာ ၊ နာမည် စတာတွေအရ

(၁) တစ်ဦးအကြိုက် တစ်ဦး သိထားရန်
(၂) တစ်ဦး မကြိုက်တာ တစ်ဦး သိထားရန်
(၃) တစ်ဦး သဘာဝ တစ်ဦး သိထားရန်
(၄) အားသာချက် အားနဲချက်များကို သိထားရန်

ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်မှ  တွက်စစ် အကြုံပြုချက်ပေးရုံသာ ။

ဒီလိုလေးဆိုတော့ ကျွန်တော်လည်း ခေါင်းသိပ်မကြိမ်းတော့ ။ နို့မို့ ဆို  ဆရာ သမီး သူနဲ့လက်ထပ်ရင် ကောင်းမလားဟင်  ဆိုတာမျိုး အမေးခံရဦးမည်။ တစ်ကယ်တော့ ဗေဒင်ဆရာ ဆီမှာ စိတ်ပိုင်းဆိုင်ရာ ထောက်ခံချက် လာယူနေသည့်မေးခွန်းမျိုးသာ ဖြစ်သည်။ တစ်ကယ်ချစ်လျှင် ကြိုက်လျှင် ဗေဒင်ဆရာက မသင့်ဘူး ဆိုလျှင်သော်မှ ချစ်မှာပဲ ..  ကြိုက်မှာပဲ ..  ငါ့ကိုလာမတားနဲ့  ဟု ဆိုမည်သာ ။ တစ်ချို့ကြတော့လည်း ဗေဒင်ဆရာဆိုသည်ကို တန်ခိုးရှင် ဖန်တီးရှင် အောက်မေ့ပြီး  ဆရာ ယတြာကောင်းကောင်း ပေးပါ ဟု ဆိုလာတတ်ကြသည်။ ဒီနေရာမှာ ယတြာ ဆို၍  တစ်ခုဖြတ်ပြော  ချင်ပါသေးသည်။ အိမ်ထောင်ရေး အဆင်မပြေသူများ အဆင်ပြေအောင် လုပ်ပေးမည် ဆိုတာမျိုး  ၊ အချို့သော ဗေဒင်ဆရာများ လုပ်တတ်ကြသည်။ ကျွန်တော့်ဘ၀ တစ်လျှောက်လုံး လေ့လာ မှတ်တမ်းတင် ခဲ့သမျှ ယင်းအချက်မှာ မလျော်ကန်ပါပေ။  အမှန်အားဖြင့် အိမ်ထောင်ရေး အဆင်ပြေရန်မှာ အဆိုပါ ပြသနာဇာတာရှင် နှစ်ဦး ၏ အပြန်အလှန်နားလည် ပေးမှု သာလျှင် ဖြစ်သည်။ လောကီပညာ ရှုထောင့်မှ  ပံ့ပိုးပေးရုံသာ ဖြည့်စွက်ပေးနိုင်သည်။ ပမာအားဖြင့် မူ  ကြက်သားမပါဘဲ ကြက်သားဟင်းချက်ချင်လို့ဖြင့် ဘယ်လိုမှမရနိုင် ။ ယတြာဆိုသည်က မဆလာလေး ဖြူးပေးရုံ ။


သင့်လျော်သော အကြံဥာဏ်ပြုပေးခြင်း နှင့် အပြုသဘော ဆောင်ရွက်မှုများကသာ ဖယောင်းတိုင် အင်းကွက် ယတြာများထက် အစွမ်းများစွာ ထက်ပါလိမ့်မည်။ အခြားအားဖြင့်မူ  ၊ ဆန်းသဘောရှုထောင့်အရ အိမ်ထောင်ရေး အဆင်မပြေသည့် မိသားစုနေအိမ်မှ ပြုပြင်အပ်သည် တို့ကို ၊ ပြုပြင်ခိုင်းရခြင်းမျိုး ဖြစ်သည်။ ဒီရှုထောင့်ကတော့ ထည့်မတွက်လို့မရ  ။ ပမာအားဖြင့် အိမ်တစ်အိမ်မှ အိမ်ဦးနတ်ကြီး ခုတစ်လော ခြေနဲနဲရှုပ်လာသည် ဆိုပါစို့ ။ ယင်းအိမ်၏ အခန်းတစ်ခုနှင့် တစ်ခု အကူးအပြောင်း နေရာများ ၊ ရေစိုအ၀တ်လှန်းသည့်နေရာ  များကို အနဲငယ် ပြုပြင်ခိုင်းရခြင်း ၊ သန့်ရှင်းမှု လုပ်ခိုင်းရခြင်း ၊ စသဖြင့်ပေါ့ ။ ဒါလေးတွေကတော့ အကျိုးရှိပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိသဖြင့် သင့်လျော်သည်။ မသကာ ဘာမှ ဖြစ်မလာတောင် အိမ်တော့ ပိုသန့်ရှင်းသွားသေးသည်။ ယုံကြည်မှုအရင်းစိုက်ပြီး လုပ်ကြည့်လို့ အဆင်ပြေသွားတော့လည်း ဟန်ကျသပေါ့ ။


အနှစ်ချုပ်တော့မည် ။ မောင်နှင့်မယ် လက်တွဲဖော်ပြုရေးတွင် တစ်ဦးနှင့် တစ်ဦး ပိုမို သဘောပေါက် နားလည်ပြီး အပေးအယူမျှတ ညီညွတ်စေရန်သာ ဗေဒင်ပညာရှုထောင့်မှ တွက်စစ်အကြံပြုပေး သင့်ပေသည်။ ရအောင်၊ ကွဲအောင် ၊ ဘာတစ်ခုမှ မလုပ်ပေးသင့် ။ လုပ်ပေးလို့လည်း မရ ။ ကာယကံရှင်တွေက သာ အဓိက ကျပါသည်။ မချစ်တာကို ချစ်လာအောင်လည်း ဗေဒင်ဆရာ ဆီ အပူလာမကပ်ပါနှင့် ။ ကိုယ်က သူချစ်အောင် နေတတ်မှ လည်း အချစ်ခံရဖို့ နီးစပ်မည်သာ ။ အဲ တစ်ခုတော့ ရှိသည်။ ဆရာ သူ့ဇာတာ သူ့မွေးနေ့က ဘယ်လိုဘယ်ညာပါ ၊ နောက်ဆုံးဘာမှမသိတောင် နာမည်လေးက ဘယ်ဝှာပါ ၊ဘယ်လိုပါ ၊ မွေးနေ့ကတော့ ဘာနေ့သားသမီးပါ ၊ ကျွန်တော် ကျွန်မ သူနဲ့နီးစပ်ချင်လို့ ဘယ်လိုချဉ်းကပ် သင့်ပါသလဲ ။ သူ့အကြိုက်တွေ မကြိုက်တာတွေက ဘာတွေပါလည်း စသဖြင့် မေးလာတာမျိုး ဆိုလျှင်တော့ အကြံပေးလို့ သင့်မြတ်သည်။ ဒါတောင် သေချာပေါက် ရမည် ဟု မတွက်ထားပါနှင့် ။  ကြိုးစားမှုကတော့ မကြိုးစားသည်ထက် အရာထင်တတ်ရုံသာ ။ တစ်ခါ တစ်ခါ မေတ္တာဆိုတာက  အလိုလိုတုံးနေလျှင် မောင်ဖုန်းလည်း မကြံတတ် ။


ကဲ ခါတော်မီ သီတင်းဝါလ ကျွတ်ပြီးစကို မောင်နှင့်မယ် ရွှေလည်တွဲနိုင်ကြဖို့ ကြံရွယ်နေကြသူ
အကျင်  ချစ်သူစုံတွဲ ၀ါရင့်ရင့် ၀ါနုနု ဟူသမျှတို့သည် ၊ (မေ)  အကျွန်ုပ်အား  (အပပ်မကူ) အပူမကပ် ကြကုန်လင့် ။ (နာမံ) နာမည်အရလည်းကောင်း ၊ (ဇာတံ) ဇာတာအရလည်းကောင်း ၊ (ထာသင့်ရိုက်) ..  ထိုက်သင့်ရာကို ၊ (အကြုပြံ) .. အကြံပြုပေးရုံသာ ..(တွံ) ..အသင်တို့သည် ၊ (တင့်ဆိုသောင်း) ..တောင်းဆိုသင့်ရာ သတည်း ။


အားလုံးကိုခင်မင် ရင်းနှီးစွာဖြင့်


သုတေသီ ဝေသာလီ မောင်ဖုန်း ။  waitharlimgphone@gmail.com
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) ။ kosoe069@gmail.com

Post a Comment
 

Posts Comments

©2006-2010 ·TNB