မေတ္တာငတ်မွတ်ခြင်း   ကံ

Wednesday, October 6, 2010

ဒီလောက်အရေးပါတဲ့ မေတ္တာကို  ဗေဒင်ပညာရှုထောင့်မှာ ဘယ်ဂြိုဟ် နဲ့ ပြဆိုထားပါသလဲ ။ ဗေဒင်ပညာ ၀ါသနာရှင် အတော်တော်များများ အပြင် ၊ ဗေဒင်ဟောပြောနေတဲ့သူအချို့ ပါ ဒီအချက်ကို ဝေေ၀၀ါးဝါး ဖြစ်နေတတ်ကြပြီး ၊ အချို့က လုံးဝမသိကြပါဘူး ။

မေတ္တာ  ………….

သည်စကားလုံးကို အားလုံးရင်းနှီးကြပြီး ဖြစ်မှာပါ။ မေတ္တာ တရား ဟာ နေရာတိုင်းမှာ အရေးကြီးသလို လူတိုင်းလိုလား ကြတဲ့အရာတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ မေတ္တာတုံး တယ်ဆိုတဲ့ စကားကို သတိချပ်ကြည့်ပါ။ မေတ္တာတရား ကောပါး ပျက်သုန်း သွားခြင်းကို ဆိုလို တာပါ။ မေတ္တာတရား မရှိတော့ရင် ဒီလောကကြီးတစ်ခုလုံး  ဆူလောင် ပျက်ဆီး သွားနိုင်ပါတယ်။ ကြီးနိုင်ငယ်ညှင်း ၊ နိုင်ရာစား ၀ါဒဟာလည်း ဒီ့ထက်မက များပြားလာပြီး ၊ နေရာတိုင်းမှာ အဆိုး ဆုံး ဖြစ်ရပ်တွေ ဖြစ်ပျက်သွားနိုင်ပါတယ်။ မေတ္တာတရား ပြည့်ဝ လာတာနဲ့အမျှ ၊  လွှမ်းမိုး   လာတာနဲ့ အမျှ  အရာရာဟာ ကြည်လင်အေးချမ်းလာပါတယ်။ လောက ၊ ကမ္ဘာ ၊ တိုင်းပြည် ၊ လူမျိုးနွယ်စု ၊ မြို့ရွာ ၊ ရပ်ကွက် ၊ ပတ်ဝန်းကျင် အားလုံးမှာ  မေတ္တာလွှမ်းခြုံမှ အေးမြသာယာ နိုင်ပါတယ်။

ဒီလောက်အရေးပါတဲ့ မေတ္တာကို  ဗေဒင်ပညာရှုထောင့်မှာ ဘယ်ဂြိုဟ် နဲ့ ပြဆိုထားပါသလဲ ။ ဗေဒင်ပညာ ၀ါသနာရှင် အတော်တော်များများ အပြင် ၊ ဗေဒင်ဟောပြောနေတဲ့သူအချို့ ပါ ဒီအချက်ကို ဝေေ၀၀ါးဝါး ဖြစ်နေတတ်ကြပြီး ၊ အချို့က လုံးဝမသိကြပါဘူး ။

တနင်္လာဂြိုဟ်  သို့မဟုတ်  လမင်းသော်တာ

တနင်္ဂနွေဂြိုဟ်  (၀ါ) သူရိယနေမင်းကို အဖဂြိုဟ်လို့ ဗေဒင်ပညာရပ်မှာ သတ်မှတ်ဟောဆိုကြ  သလို ပါပဲ ။ တနင်္လာဂြိုဟ် (၀ါ)  စန္ဒာလမင်းကို  အမိဂြိုဟ်လို့ သတ်မှတ်ဟောဆို ကြပါတယ်။ အမိဂြိုဟ် ၊ တနည်းအားဖြင့်  မိခင်မေတ္တာကို ဖော်ကျုးပေးနိုင်တဲ့ တနင်္လာဂြိုဟ်ဟာ  မေတ္တာတရား နဲ့ ပတ်သက်လို့ ကြည့်ရှုစစ်ဆေးရတဲ့ ဂြိုဟ် တစ်လုံးလို့ ဆိုနိုင်ပါတယ်။

ဒီနေရာမှာ မေတ္တာ ဆိုလို့ ဖိုနဲ့မ ချစ်တဲ့ချစ်ခြင်း ၊ sex နဲ့ပတ်သက်တဲ့တွယ်တာမှု ၊ ငါ့လင်ငါ့သား ငါ့သမီး စတဲ့ တွယ်တာမှု တွေ ကို ဆိုလိုတာမဟုတ်ပါဘူး ။ သူတစ်ပါးကို ပေးဆပ်ဖြည့်ဆည်းပေးတတ်တဲ့ ၊ ပြန်ရလိုမှုကို ရှေးရှုမထားတဲ့ မေတ္တာစိတ်ကလေးကို ဆိုလိုတာပါ။ မိခင်က ရင်သွေးကို နို့ချိုတိုက်ကျွေးရာမှာ ဖြစ်တည်စီးဆင်းစေတဲ့ မေတ္တာစိတ်မျိုး လို  မေတ္တာတရားကို ဆိုလိုပါတယ်။ ဒီမေတ္တာက အင်မတန် ဖြူစင်သလို နုညံ့သိမ်မွေ့မှု အပြည့် ရှိပါတယ်။ တနည်းအားဖြင့်တော့ မေတ္တာစစ် မေတ္တာမှန်မျိုး  ဆိုပါတော့။

အဲ ..ငါ့လင် ငါ့သား ငါ့သမီး ငါ့ဇနီး စတဲ့ စိတ် ၊ အဲဒီ့စိတ်မျိုးကြတော့ မေတ္တာလို့ဆိုရခက်ပါတယ်။ မေတ္တာလို့ ပြောလို့ရမယ် ဆိုတောင် သူက ရောထွေးနေတယ်။ ငါကိုရှေးရှုပြီးမှ ဆင်းသက်လာတဲ့ စိတ်မျိုး ၊ ငါ့ဟာမို့ ငါချစ်တာ ၊ ငါကျွေးချင်တာ ၊ ငါပြုစုချင်တာမျိုး ကိုး။  တစ်ခါတစ်ခါ ဆို ငါကောင်းသလို ငါ့အပေါ်ကောင်းရင်ကောင်း ၊ မကောင်းလို့ ကတော့ အတွေ့ပဲ ဆိုတာမျိုး ၊ ပြန်လည်တုန့်ပြန့်မှု တစ်စုံတစ်ရာမျှော်ကိုးစိတ် အရင်းခံထားတဲ့ မေတ္တာမျိုးကျတော့  ..အရောအနှောပါတဲ့ မေတ္တာ ။ သူက မသန့်ဘူး ။ ဒီလိုပြောလို့ စိတ်ဆိုးချင်လည်း ဆိုးကြလိမ့်မယ်။ မှတ်ပါ။ မိဘနဲ့ သားသမီး ဖြစ်သည့်တိုင်အောင်  အဲဒီ့သားသမီးဆီက တစ်ခုခုပြန်လိုချင်စိတ် ကို ရှေးရှုထားရင် ဒါမျိုးကို မေတ္တာမသန့်ဘူးလို့ ဆိုနိုင်ပါတယ်။ အနဲဆုံး  ဂရုစိုက်မှုက အစ ပြန်လိုချင်နေတယ်ဆိုရင် ကိုယ့်မေတ္တာက မသန့်ပါဘူး ၊ ဂရုစိုက်ခံချင်လို့ ထားတဲ့ ဖြစ်တည်စီးဆင်းလာတဲ့ မေတ္တာမျိုးဖြစ်သွားပါမယ်။ မေတ္တာရဲ့မူလအရောင်ကတော့ ဖြူပါတယ်။ အဲ..သူ့အထဲမှာမှ လူ့အတ္တအရောင်တစ်မျိုးမျိုး ရောခြယ်လိုက်တာနဲ့ မေတ္တာဟာလည်း  အရောင်ပြောင်း သွားပါတယ်။ အရောင်နှော လာတတ်ပါတယ်။ ဒါလေးကို သတိချပ်ပါ။

တစ်ကယ့် မေတ္တာမျိုးကြတော့  ဘာမှလိုချင်စိတ်နဲ့ သက်ရောက်တတ်တာမျိုးမဟုတ်ပါဘူး ။  ငါ့သား ငါ့သမီးမှ လည်း သက်ရောက်တတ်တာမျိုးမဟုတ်ပါဘူး ။ တစ်စိမ်းတရံ စာအပေါ်မှာလည်း ဒီမေတ္တာမျိုးက သက်ရောက်နိုင်တာပါပဲ ။ လဲနေတဲ့သူကို ထူပေးလိုက်တဲ့ မေတ္တာမျိုး ၊ ငတ်နေသူကို ကျွေးမွေးပြုစုပေးတဲ့ (၀လင်ပါစေ ၊ အာဟာရပြည့်ပါစေ ) စတဲ့ ပြန်လည်မျှော်ကိုးမှု မဲ့တဲ့ မေတ္တာမျိုး မို့ အင်မတန် သန့်စင်ပါတယ်။ သူတစ်ပါးကောင်းဖို့ကို ရှေးရှုဖြစ်တည် လာပြီး စီးဆင်းလာတဲ့ မေတ္တာစိတ်ကလေးပါ။ ဒီမေတ္တာမျိုး ကို မွေးမြူနိုင်ရင် သူတော်ကောင်းစိတ်ကို မွေးမြူနိုင်တာပါပဲ ။ ဗုဒ္ဓဘာသာဝင် မှမဟုတ်ပါဘူး ။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် မေတ္တာစိတ် သန့်သန့်လေး ထားနိုင်ရင် သူတော်ကောင်း တရားကို တစ်ပိုင်း တစ်စိတ် တစ်ဒေသ ကျင့်ကြံအားထုတ်ပြီးသား ဖြစ်သွားပါတယ်။

ကဲ  ..  အကြောင်းစပ်မိရာက မေတ္တာစိတ်အကြောင်း ပေရှည်သွားပြီထင်ပါ့။ ကောင်းပြီ  အဲဒီလောက် သန့်စင်တဲ့ ၊ ကြည်လင်တဲ့ ၊ တန်ဖိုးရှိတဲ့ မေတ္တာတရားမျိုးနဲ့ ပရိသတ်တို့ရေ …မဆုံချင်ကြဘူးလားဗျာ။  တိန်  … ။ ဘုန်းကြီးတရားဟောတဲ့ လေသံတောင်ပေါက်ကုန်ပါပြီ ။

ဆုံချင်ကြမှာပါ။  မသန့်တဲ့ အတုအယောင်မေတ္တာမျိုးနဲ့ကော မဆုံချင်ကြဘူးမဟုတ်လား ။ ကောင်းပြီ ။ ကျွန်တော်တို့ဗေဒင်ပညာမှာ ကိုယ်ဘယ်လို မေတ္တာရေး အခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်ရနိုင်သလဲ ဆိုတာ  ကို  တနင်္လာဂြိုဟ်နဲ့ ထောက်ဆကြည့်ရှုရပါတယ်။ ဘယ်လို ပညာရပ်မျိုးပဲသုံးပြီးတွက်တွက်  တနင်္လာဂြိုဟ်ကနေ ထောက်ဆကြည့်ရှုရပါတယ်။ ဆန်းကျမ်း၊ နက္ခတ်ဗေဒင်၊ လက္ခဏာ ၊ ဂဏန်းဗေဒင် ၊ ကြိုက်တဲ့ဗေဒင်ပညာ သုံး ။ တနင်္လာဂြိုဟ် အနေအထားနဲ့ မေတ္တာရေးရာကံကို ထောက်ဆ ဆုံးဖြတ်ရပါတယ်။ သူမကောင်းရင် ကျန်တဲ့ဂြိုဟ်တွေလည်း မကယ်နိုင်ဘူးဗျ ။ ကျွန်တော်တို့မဟာဘုတ်ဗေဒင်မှာ ဆို မေတ္တာဖက် အနေအထားကို ဆပွတ်ဂြိုဟ်တို့ ဥသာစိန်ပန်း အစရှိတဲ့ အိမ်ထောင်မိတ်ဂြိုဟ်တို့နဲ့ ကြည့်ရှုစစ်ဆေးရပါတယ်။ အဲဒီ့ဂြိုဟ်တွေ မိုးပျံအောင် ကောင်းနေပါစေဦး ။ တနင်္လာပျက်ထားတဲ့ အနေအထားတစ်ရပ်ရပ် ပေါ်ပေါက်နေတဲ့ ဇာတာရှင်မျိုးဆို မေတ္တာရေးကံ  မဟန်တော့ပါဘူး။ ဆပွတ်ဂြိုဟ် ကောင်း၊ သက်ဆိုင်ရာ ဇနီး လင်သား ကာရကဂြိုဟ်တွေကောင်း ၊ လို့ အဆင့်အတန်းမြင့်ပြီး ကိုယ့်အပေါ်ချစ်ခင်မြတ်နိုးတဲ့ မေတ္တာဖက်မျိုး ရသည်ထားဦး ၊ တနင်္လာဂြိုဟ် တစ်ချက်ပျက်ထားတာနဲ့ ၊ အကြောင်းအားလျော်စွာ ကိုယ့်အပေါ်မေတ္တာစစ် ထားနိုင်သူ ပေးနိုင်သူနဲ့ ဝေးရ ကွဲရ ခွဲရ ပြန်ပါတယ်။ အဲ မဝေးရ မကွဲရ နီးရပြန်တော့လည်း ကိုယ်လက်တွဲလိုက်တဲ့ သူက ကိုယ့်အပေါ် မေတ္တာတရား မယိုစီးပြန်ပါဘူး။ မေတ္တာစိတ်အမှန် မသက်ဝင်ဘဲ အလိုဆန္ဒ တစ်စုံတစ်ရာကြောင့် ဖြစ်စေ ကိုယ့်အပေါ် ပေါင်းသင်းဆက်ဆံ နေသူမျိုး ဖြစ်နေတတ်ပြန်ပါတယ်။

ဘယ်လောက်များ ဆိုးလိုက်သလဲ ဆို တနင်္လာဂြိုဟ် အားနဲတဲ့ မူလဇာတာရှင်များ ငယ်စဉ်ကတည်းက အမိမေတ္တာ ငတ်မွတ်ရတတ်သလို ၊ ဘ၀တစ်လျောက်မှာလည်း မိသားစုဘ၀ မေတ္တာတရားကို တည်ဆောက်ရ ခက်ခဲလှတာ တွေ့ရပါတယ်။ အတိတ် အတိတ်တွေက  ကိုယ်က ဘယ်သူ့အပေါ်မှ မေတ္တာတရားကို မျိုးစေ့ မချခဲ့လေတော့  ၊ ဒီဘက်ဘ၀ လူလာဖြစ် ၊ မေတ္တာစစ်က  (မချခဲ့တဲ့မျိုးစေ့ကြောင့် ) အစို့အညှောင့်တောင် မပေါ်က်နိုင်တော့ပါဘူး ။ ငတ်ကရော ဆိုတာ အဲဒါပါပဲ ။

ဒီကံမျိုးက ကျွန်တော်ကိုယ်တိုင်လည်း ရှိခဲ့တာမို့ ငယ်စဉ်ကတည်းက ခံစားဖူး ၊ ခါးသီးဖူးတဲ့ ဝေဒနာအိပ်မက်ဆိုး တစ်မျိုးပါပဲ။ ငယ်စဉ်က ဘာကြောင့်လည်း လို့မသိခဲ့ပေမယ့် အရွယ်ရလာတော့ တွေးတတ်မြင်မိ လာပါတယ်။ သြော် ကိုယ်ကမှ ပျိုးမကျဲခဲ့ဘဲ ၊ ဒီမေတ္တာ ဘယ်ပေါက်မလဲ ။ ငယ်စဉ်က အမေ့နို့ကို စို့ခွင့်အပြည့်အ၀ မရပါဘူး ။ မိခင်က နို့ထွက်နဲလို့ ဆိုပါတော့ ။ ဒါနဲ့ အမေ က  အိမ်နီးချင်း သားသုံးယောက်မိခင်တစ်ယောက်ကို ဆန်ဆီပေးပြီး  ကျွန်တော့်ကို နို့စို့ခိုင်းရပါတယ်။ တနင်္လာဂြိုဟ် နော် ။ အားနဲပုံပြောပါတယ်။

(မှတ်ချက်  ။          ။   စာရေးသူရဲ့ ဇာတာမှာ တူလဂ် ဖြစ်ပြီး ၊ တနင်္လာ စနေ ပရိဝတ္တနသမ္ဗန္ဓပြုထားပါတယ်။ မူလမဟာဘုတ်မှာ နာမည်အဖျားစလုံးစနေက ကသစ်မူနေတဲ့ တနင်္လာနဲ့  ပက္ခမိထားပါတယ်။ )

ဒါနဲ့ အကြောင်းစပ်တိုင်း  အမေဒေါသထွက်တဲ့အခါ ၊ ဒီိအသက်အရွယ်ထိ ကျွန်တော့်မိခင်ကြီးက  ကျွန်တော့်ကို နင်က ငါ့နို့စို့ပြီးကြီးလာတာမဟုတ်ဘူး ၊ ဘယ်သူ့နို့စို့ပြီး   ကြီးလာလို့ ဆိုးတာမိုက်တာ နေမှာ ၊ စသဖြင့် ပြောဆိုလေ့ရှိပါတယ်။ ရော်  ခက်ကပြီ ။ အမေပဲ   နို့မထွက်လို့ သူတစ်ပါးနို့စို့ပြီး ကြီးပြင်းစေခဲ့တာမဟုတ်လား ။  ငါ့နှယ်နော် ဘယ့်နှယ် ဒီကံမျိုးက ငါ့အပေါ် သက်ရောက်နေပါလိမ့် ။ စသဖြင့် တွေးမိခဲ့ပါတယ်။ ထားပါတော့ ၊ ကျွန်တော်အဓိက ပြောချင်တာက ကျွန်တော့်ဘ၀အကြောင်းမဟုတ်ပါ။  တနင်္လာဂြိုဟ် နဲ့ စနေဂြိုဟ် ပတ်သက်မှုအကြောင်း သတိပြုမိစေလိုတာပါ။

စနေဆိုတာကတော့  အပြစ်ပေးတတ် ၊ ဖိနှိပ် နာကျင်စေတတ်သော ၊ ဒုက္ခသစ္စာအမှန်ကို ဖော်ပြပေးသော ဂြိုဟ်မို့  သူနဲ့ပတ်သက်လာတဲ့ အခါ ၊  ပတ်သက်လာသော အကြောင်းအရာတိုင်းမှာ  အတိတ်ကုသိုလ်ကံ  အကျိုးအပြစ်တွေကို ပယ်ပယ်နှယ်နှယ် ပေးတတ်ပါတယ်။ (အပြစ်သက်သက်ချည်းကိုတော့ ပေးတာလုံးဝမဟုတ်ရပါ။) ကိုယ်လုပ်ခဲ့တဲ့ ဘ၀ဘ၀ တွေက အကြောင်းတရားတွေက သီးပွင့်လာတဲ့အကျိုးဆက်တွေ ဆိုပါတော့ ။  ကျွန်တော်တို့လူတွေများ ဘယ်လောက်များ အလွဲတွေ လုပ်ခဲ့သလဲ ၊ အမှားတွေ လုပ်တတ်သလဲ ဆို … ၊   စနေနဲ့တွေ့လိုက်တာနဲ့ ဆိုးတဲ့အကျိုးတွေက ပိုများများ ကြုံကြရတာ  ကိုတွေ့ကြရပါတယ်။ အတိတ်အတိတ်က အလွဲအမှား တွေရဲ့ အသီးအပွင့်တွေက ပိုမိုများပါတယ်။ အတိတ်အတိတ်တွေက မှန်ကန်တဲ့လုပ်ဆောင်မှုတို့ရဲ့ အသီးအပွင့်တွေက တော့ အနဲအပါး ကြုံတွေ့ရတတ်ပါတယ်။ (သတ္တ၀ါဆိုတာကလည်း အမှန်ထက် အမှားကို ပိုမို ကျုးလွန်လုပ်ဆောင်မိဖို့ လွယ်ကူတာကိုးဗျာ။ )

ကဲ  ထားပါတော့ ။ အဓိက ပြောလိုတာကတော့ စနေသည်  ကျုံလီစေခြင်း ၊ နဲပါးလျော့ကျစေ ခြင်း ၊   သေးကွေးစေခြင်း ၊ ခြိုးခြံချွေတာ စေခြင်း ။ ခေါင်သီစေခြင်း ၊ ခေါင်းပါးစေခြင်း များကို ဖြစ်ပွားစေနိုင်သော ဂြိုဟ်တစ်လုံး အဖြစ် သိထား မှတ်ယူထားနိုင်ပါတယ် ဆိုတာပါပဲ ။

ကောင်းပြီ ဒီလို အကျိုးအာနိသင်ပေးနိုင်တဲ့ဂြိုဟ် နဲ့ မေတ္တာကို ဖော်ကျူးတဲ့ တနင်္လာဂြိုဟ်တို့ ပတ်သက်ဆက်နွယ်နေခဲ့မယ် ဆိုရင် ဘယ်လိုအကျိုးတွေ ဖြစ်လာစေမလဲ ။  စာဖတ်သူများ လွယ်လွယ်ကူကူ စဉ်းစားဆက်စပ်ကြည့်ရုံနဲ့တင် ရိပ်မိသိရှိနိုင်မယ်လို့ ထင်ပါတယ်။ ငတ်မွတ်စေတယ် ခင်ဗျာ။  တနင်္လာဟာ စနေနဲ့ ပတ်သက်လိုက်တာနဲ့   ၊ မေတ္တာငတ်မွတ် စေတတ်ပါကြောင်း ။ ………….

ဒီတော့  အဲသလို ကံမျိုး ပေါ်ပေါက်နေတာကို ကြုံတွေ့သိရှိတဲ့အခါ ဘာလုပ်သင့်သလဲ ။ ဒီဘ၀မှာ ကိုယ်က သူများအပေါ် မေတ္တာစိတ် ကျယ်ကျယ်ပြန့်ပြန့်ထားနိုင်အောင်သာ ကြိုးစားပေတော့ဗျာ။ မနေ့ကမထားလို့ ဒီနေ့မရှိ ၊ ဒီနေ့မထားမိပြန်လို့ မနက်ဖြန် မရှိလာပြန် ဆိုတာမျိုး အဖြစ်မခံပါနဲ့တော့ ။  ဖြစ်နိုင်သမျှ ဝေနေယျအပေါ်မှာ မေတ္တာစိတ်ကလေးနဲ့ ဆက်ဆံနိုင်အောင်သာ ကြိုးစားပါ။ လိုအပ်နေတဲ့ ကွက်လပ်ကလေးတွေကို မေတ္တာနဲ့ ဖြည့်ပါ။ ကျန်တာနဲ့ ဖြည့်မှာမဟုတ်ဘူးနော်။ မေတ္တာနဲ့ ဖြည့်မှ ပြည့်မှာပါ။ ဥစ္စာဓန ခေါင်းပါးသူများ  ကို မရှိလို့ မလှု .. မလှုလို့ မရှိ ဆိုတဲ့ ဆိုရိုးနဲ့ ဥပမာပေးရသလိုပါပဲ ။  မေတ္တာတရား ငတ်မွတ်ခေါင်းပါးနေသူများ ကိုလည်း  ဒီလိုပဲ အကြံပေးရပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ ကိုယ်က အရင် သူတစ်ပါးကို ဖြူစင်တဲ့မေတ္တာစိတ်ကလေး ထားနိုင်အောင် ၊ ကြိုးစားပေးရင်း  တစ်ကယ်ထိရောက်မယ့် ယတြာအဖြစ် မှတ်ယူအားထုတ်နိုင်ကြပါစေလို့ …. ပဲ    ။

ချမ်းမြေ့သုခ ရရှိကြပါစေ ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB