မမလေးကို မောင်ခိုးမယ်လို့

Monday, October 11, 2010

 

တောက်တီးတောက်တဲ့ ပါပဲ ။  တစ်ကယ်ဆို  မမလေးကို မောင်ခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်လို့ပဲ ကြားခဲ့ရဖူးပါတယ်။ ဘယ့်နှယ်  ..  ကိုပြေတိုးဟန် နဲ့တွေ့မှ ခိုးပြေးချင်လို့ နေကောင်းရက်သာ ရွေးပေးပါ ။ အရမ်း အရေးကြီးတယ် ဆိုပြီး ဗေဒင်ဆရာတွေ နဲ့မောင်တိုင်ပင် လုပ်တော့တာပါပဲ။ တစ်ကယ်ကို ဗေဒင်ဆရာတွေ အများကြီးနဲ့ တိုင်ပင်တာပါ။  သူကိုယ်တိုင်ကလည်း နက္ခတ်လေး လေ့လာနေတော့ သူ့မိတ်ဆွေ ဗေဒင်ဆရာတွေကလည်း အများသားလား ။ ဒီအထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င် ပေါ့။

အတိတ်ကာလက အဖြစ်အပျက်တစ်ခုရယ်ပါ။ သူနဲ့ကျွန်တော်နဲ့ ဆိုတာကလည်း  အိမ်ချင်း မျက်နှာချင်းဆိုင် ဆိုတော့ ၀ါသနာချင်းကလည်းတူ တာကြောင့် တော်တော်လေး တွဲဖြစ်ကြတာကိုး ။  သူ့အဖြစ်ကလည်း အဆန်းသားဗျာ ။ နေဦး ။ ပြည့်ပြည့်စုံစုံ ပြောပြမှ ပိုကောင်းမယ်ထင်တယ်။ ဒီလိုဗျာ။

ကိုပြေတိုးဟန် တဲ့ သူ့နာမည်က ။ ညီအစ်ကို သုံးယောက်မှာ အငယ်ဆုံးတစ်ယောက် ဖြစ်ပြီး ၊  ထူးခြားတာက သူတို့ညီအစ်ကိုတွေ အားလုံး ရခိုင်သွေး စပ်ပြီး ခပ်ချောချော အရပ်အမောင်း ကောင်ကောင်းတွေ ချည်းပါပဲ။ အရပ်အမောင်းကောင်းတယ်ဆိုတာမှာ    တော်တော်လေးကို ကောင်းတာပါ။ အရပ်မြင့်မြင့် နှာတံပေါ်ပေါ် တွေပါ။ လူချောတွေ ဆိုပါတော့ ။  အဲဒီ့ထဲမှာမှ အငယ်ဆုံးဖြစ်တဲ့ ကိုပြေတိုးဟန် ကတော့အချောဆုံးပြောရမယ်  ထင်ပါရဲ့။  ဒီလူစွံပုံကတော့  ပြောရရင် သြောချချင်စရာပါပဲ။  အပျိုတွေတင်မကဘူး ၊ အိမ်ထောင်သည် အမျိုးသမီးအချို့က ပါ သူ့အကြောင်းကို စကားဝိုင်းမှာ ထည့်ပြောကြတဲ့  အထိ စွံသူပါပဲ။ အရွယ် မရောက်တရောက်လေးတွေ ကလည်း သူ့ကို စိတ်ကူးယဉ် တတ်ကြတယ်။  ဇာတ်လမ်းအရ မဟုတ်ရပါဘူးဗျာ။ တစ်ကယ်ကိုပါ။ ရှေးဆုတောင်း  တယ်လည်းကောင်းသကိုး လို့ တောင် ဆိုချင်စရာပါ။ အဲ  ဆိုချင်စရာလည်းမဟုတ်ပြန်ဘူးဗျ။

ရှုပ်သွားပြီလားမသိဘူး ။ ဒီလိုဗျ  ။ ဒီလောက်စွံတဲ့သူက  ကြိုက်မယ့်ကြိုက်တော့ ကျွန်တော်တို့  မြို့က တရားသမား အပျိုကြီးကိုမှ ကြိုက်မိတာကိုး။ အဲ  သူမကလည်း သူမမိသားစုမှာ အငယ်ဆုံး ဆိုပဲ။ အပျိုကြီးကလည်း အရာရာ သူ့ခြေသူ့လက်နဲ့ မိသားစု စီးပွားရေးကိုတစ်ဖက်  က ဦးဆောင်ရင်း တစ်ဖက်ကလည်း မိသားစုလိုက် အားထုတ်နေတဲ့ ၀ိပသနာကို အားထုတ်ရင်း အေးအေးချမ်းချမ်း နေလာတာပါ။ (မြို့မှာ သူမတို့မိသားစုက တရားဘာဝနာ အားထုတ်တဲ့ နေရာမှာ ဇွဲကောင်းသူများ  အားကျိုးမာန်တက်ရှိသူများ အဖြစ် ထင်ရှားပါတယ်။)

မအေးချမ်းနိုင်တော့တာကတော့  ကျွန်တော်တို့ ဇာတ်လိုက်ကြီး  ကိုပြေတိုးဟန် ကြောင့်ပါပဲ။   အပျိုကြီးခမြာမလဲ တရားရေအေး နဲ့ ကိုပြေတိုးဟန်ကြီး မှားသောက်မိသွားရှာပုံပါပဲ။ ရွှေမေတ္တာ ပြန်လည် သက်မိလေတော့  သမုဒယနွံမှာ စွပ်ကနဲ မြှပ်တော့တာပေါ့လေ။ ဒီအထိက ဘာပြသနာမှ မရှိပါဘူး။ ပြသနာကတော့  ဒီလောက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ၊ ပျိုပျိုအိုအိုတို့ရဲ့ စကားဝိုင်းက လက်ဖက်ပွဲကြီးနှယ် စွံလှ တဲ့ ကိုပြေတိုးဟန်ခမြာ ယောက္ခမလောင်းကြီး က  ဘယ်လိုမှ ကြည့်မရတဲ့ အဖြစ်နဲ့ တိုးတော့တာပါပဲ။  ဒါတောင် ယောက္ခထီးကြီးက  စောစောကွယ်လွန်သွားရှာပြီး ဖြစ်လို့ တော်တော့တယ်။ တစ်ကယ်ကို ခါးခါးသီးသီး ပါပဲ ။ ဒီကောင်ကလွဲရင် ကြိုက်တာယူဆိုပဲ ။ ချစ်မွှေးကိုမပါဘူးတဲ့ ။ ဒါနဲ့ဘဲ ကျွန်တော်တို့ ဇာတ်လိုက်ကြီး ခမြာ အပေါင်းအသင်းကြားမှာ ပြောစမှတ်တောင် တွင်သွားရှာ ပါတယ်။ ကိုချစ်မွှေးတုံး ဆိုပြီးတော့လေ ။  သူကလည်း ပြောရှာပါတယ်။ ရခိုင်စပ်လို့ ရင်ဘတ်  မွှေး ပါးပြိုင်းမွှေး ဒီလောက်ထူတာတောင် ယောက္ခမ ချစ်စေတဲ့ ချစ်မွှေးလေး တစ်ပင်တစ်လေ ပါမလာတာ ရင်နာမိတယ်ဗျာ တဲ့။

ဟုတ်တော့လည်း ဟုတ်သားဗျာတို့ ။ သူ့အဖြစ်က အဆင့်အတန်းချင်း မတူဘူးလို့လည်း ပြောလို့ကမရ ။ ကိုပြေတိုးဟန် တို့ညီအစ်ကိုတွေက မြို့ပေါ်မှာ စီးပွားရေးအရ လူမှုရေးအရ ၀င်ဆံ့ပြီး အောင်မြင်နေတဲ့ လူငယ်တွေကိုး ။ မိဘကလည်း အရာရှိဟောင်းမို့  အဲဒီ့အပိုင်း ကိုလည်း  ပြောစရာမရှိလှ။ ပညာမတတ်ဘူး ပြောရအောင်ကလည်း  ဘွဲ့ရပြီးသား။ အကျင့်စာရိတ္တလား ။ ဒါလည်း ပြောစရာမရှိပါဘူး ။ သာမန် လူငယ်စီးပွားရေးသမား  တွေလိုပါပဲ။ အရက်ဘီယာတော့ နဲနဲလေး ကြိုက်တတ်တယ်။ ဒါလည်း အပြစ်လို့ပြောလို့ ရလောက်တဲ့အထိ ကြိုက်တာမျိုးမဟုတ်ပါဘူး။ တစ်ကယ်တော့ သဘောမကျလို့ကို သဘောမတူတာပါ။ သမီးအထွေးဆုံးဆိုတော့ နှမြောတာလည်း ပါမှာပေါ့လေ။ ယောက္ခမလောင်းကြီးက  သူ့ဘ၀မှာ သမီးအထွေးဆုံးအပျိုကြီး နဲ့ပဲ အတူနေပြီး  အရိုးထုတ်ဖို့  ကြံစည်ခဲ့တာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ အဓိကကတော့ ဘယ်လိုမှ ကို ကြည့်မရတဲ့ အတွက်ကြောင့်ပါတဲ့ဗျာ။

ဒါနဲ့ပဲ ဆိုပါတော့ ။ မမလေးကို မောင်ခိုးမယ်လို့ ဗေဒင်ဆရာတွေနဲ့ မောင်တိုင်ပင် လုပ်တော့တာ ပါပဲ။  နက္ခဆရာတွေခမြာမလည်း ငြိမ်ငြိမ် မနေကြရရှာပါဘူး ။ ခင်ကြတာကိုး ကိုပြေတိုးဟန်ကြီး ကို ။ တွက်ကြရတယ် တစ်ယောက်တစ်မျိုး ၊ မိန်းမဘယ်အချိန်ခိုးသင့်မလဲ ၊ ဘယ်နေ့ခိုးရင် အဆင်ပြေမလဲ ပေါ့ ။ သူများသားသမီးကို ခိုးပြေးဖို့ ဗေဒင်ဆရာလူဆိုးတွေနဲ့ တိုင်ပင်ညှိနှိုင်း ကြပါလေရဲ့ ။ ခုနှစ်တန့်မှာ စန်းရပ်တဲ့အချိန် ခိုးပြေးဖို့အကြံပေးသူလည်း ရှိရဲ့ ၊   ခြောက်တန့်ကို အင်္ဂါဝင်တဲ့အထိ စောင့်ပါဦး ဆိုသူလည်း ပါရဲ့ ။ အမျိုးမျိုးပေါ့လေ ။ ဆရာတစ်ဆူ အယူအဆ တစ်နည်း နဲ့ နည်းအသွယ်သွယ် မြှောက်ပေးကြတာပါပဲ ။ (ဒီဗေဒင်ဆရာတွေ အားလုံး နောင်ဘ၀ သမီးရှင်ဖြစ်ပြီး ခိုးရာလိုက်ပြေးတာ ခံကြရမယ်ထင်ပါရဲ့ ) ။ ဟိုဘက်ကလည်း ပါးသဗျာ ။ နပ်သဗျာ ။ သမီးအပျိုကြီးကို ဘုံခုနှစ်ဆင့်ပေါ် တင်မထားရုံတမယ် ပဲ ကျန်တော့တယ်။ နာမည်ကြီး ဗေဒင်ဆရာတွေနဲ့ လည်း ဟိုတစ်ဖက်က တိုင်ပင်ပြီး ၊ ကိုပြေတိုးဟန် နဲ့ လွဲအောင် ဓါတ်ရိုက်ဓါတ်ဆင်တောင် လုပ်တယ်ဆိုပါပဲ ။ မောင်ဘွားတွေကလည်း  သူတို့ညီမ အပျိုကြီး ကို လင်မရဖို့အရေး ဓါးတစ်သွေးသွေး နဲ့ ပေါ့ ။ တစ်ယောက်ဆို  ကိုပြေတိုးဟန် နေတဲ့ (ကျွန်တော်တို့နေခဲ့တဲ့ လမ်းကြားထဲကို ) ဓါးမြှောင်ခါးကြား ထိုးပြီး အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန်တောင် လျှောက်ပြလား လျှောက်ပြရဲ့ ။

ကျွန်တော်ကို လည်း  ကိုပြေတိုးဟန် က အားကိုးတကြီး တိုင်ပင်လာပါတယ်။ ဂွတော့ကျကပြီ ။  မကူညီလို့ကလည်း မဖြစ် ။ ဒါနဲ့ မထူးပါဘူးဆိုပြီး  ဆန်းတိုင်ကလေး ကောက်ထူလိုက်ရတယ်။ မောင် နဲ့ မယ် နှစ်ယောက်စလုံးရဲ့ ဆန်းတိုင်မှာ တနင်္လာဂြိုဟ်ပျက်တာခြင်း  တူနေတဲ့ ဒသာကျရောက်ရာ ရက်ပိုင်းမှာ ခိုးပြေးဖြစ်မယ်ထင်တယ် လို့  ပဲ ကျွန်တော် ပြောလိုက်ရပါတယ်။ သူကတော့ ဒီအဖြေကို မကျေနပ်ပါဘူး ။  အခါပေးသလိုပဲ ဘယ်အချိန်ခိုးပြေးသင့်တယ်ဆိုတာကို တိတိကျကျ ပြောပေးစေ့လိုတာပေါ့ ။ ဒီတော့ ကျွန်တော်ကလည်း သူစိတ်ကျေနပ်အောင် ရှင်းပြရပါတယ်။

တနင်္လာဂြိုဟ်ဆိုတာက လောကမှာရှိသမျှ အခန်းအနားတွေ ၊ မွေးနေ့ပွဲ ၊ လက်ထပ်မင်္ဂလာပွဲ ၊ ဘာပွဲ ညာပွဲ စတဲ့ ဖိတ်ကြားဧည့်ခံရတဲ့ ပွဲလမ်းတွေနဲ့ ဆိုင်ပါတယ်။ အဲဒီဂြိုဟ်ကလေး အားနည်းလာရင် မျက်နှာပျက်ရတာ ။ မျက်နှာမလှဖြစ်ရတာ ၊ အခန်းအနားပျက်တာ ၊ စသဖြင့် မကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်စေပါတယ်။ ခု ကိုပြေတိုးဟန်ရေ  ခင်ဗျားက ကောင်းတာလုပ်မှာမဟုတ်ဘူး ၊ တနည်းအားဖြင့် ရှင်းရှင်း ပြောရရင် သူများသားသမီး ကို ခိုးပြေးမှာ ဆိုတော့ မကောင်းတာလုပ်မှာ ၊ ဒီတော့ အဲဒီ့ဂြိုဟ်လေး မကောင်းမယ့်အချိန်ကို ကျွန်တော်က တွက်ကြည့်ပေးရုံပဲတတ်နိုင်ပါတယ်။ ဒီ့ထက်တော့ မကူ့ညီပါရစေနဲ့ ငါ့ဆရာရယ် ဆိုပြီး တောင်းပန်လိုက်ရပါတယ်။ တနည်းအားဖြင့်တော့ မကောင်းတာလုပ်မယ့် လူကို မကောင်းတဲ့အချိန် ကို ဖမ်းပြလိုက်ရတာပါ။ ဒီအတွက် ကျွန်တော်လည်း အကုသိုလ် တစ်စုံတစ်ရာနဲ့တော့ ညိပြီဆိုတာ သိလိုက်ရပါတယ်။ မလွှဲသာမရှောင်သာ အင်း .. ဘာပဲဖြစ်ဖြစ် ကိုယ့်လူ ကိုပြေတိုးဟန်က  တစ်ကယ်ချစ်တတ်သူမို့ ချစ်သူနှစ်ယောက် ပေါင်းရပါစေ ဆိုတဲ့ ကောင်းတဲ့ဘက်က ကုသိုလ်လေးလည်း ရမှာပါလေ ဆိုပြီး ဖြေရပါတယ် ကိုယ့်ကိုယ်ကို ။  တိန်……………။ ဒီလိုနဲ့ ခုတော့ အဲဒီ့ဒသာထဲမှာပဲ ခိုးပြေးဖြစ်ကြပြီး ၊ ဘုစုခရုလေးတွေ အူဝဲလေးတွေနဲ့  စီစီဝေေ၀ ဖြစ်လာပါပြီ ။ ကိုပြေတိုးဟန်ကြီးလည်း ယောက္ခမ ချစ်မွှေး လေးတွေ ခုတော့ ပေါက်စပြုလာပြီ လို့ကြားရပါတယ်။ အဲ…………..

ပြီးခဲ့တဲ့ လထဲမှာ စာရေးသူမှာလည်း သမီးမိန်းကလေး မွေးဖွားတဲ့အချိန်မှာ အဲဒီ့အဖြစ်အပျက်တွေကို ပြန်သတိရမိ တော့မှ … ရင်ထဲမှာ ကလိကလိ ဖြစ်သွားမိ ပါတော့တယ်။

အင်း …ဘုရား . ဘုရား …ဘုရား တပည့်တော်၏သမီးကို ကြိုက်တဲ့ ကောင်လေးမှာ တပည့်တော်လို ဗေဒင်ဆရာ မောင်ပုည လုပ်ပေးမယ့်မိတ်ဆွေမျိုး မရှိပါစေနဲ့ ဘုရားးးးးးးးးးးးးးးးးးးး  ။

မှတ်ချက်  ။            ။ မောင်ဖုန်းသည်လည်း  ပုထုဇဉ်

ချမ်းမြေ့ကြပါစေ။

သုတေသီ ဝေသာလီ မောင်ဖုန်း

waitharlimgphone@gmail.com

Post a Comment
 

Posts Comments

©2006-2010 ·TNB