ဗေဒင်ဆရာ တစ်နေ့တာ

Friday, October 22, 2010

(၁)

အောက်အီးအီးအွတ်    …

စိတ်ထဲကပဲကြားယောင်လိုက်ရသည်။ အညာမှာဆိုရင်တော့ ဒီအသံလေးနဲ့ နိုးထရသည်။ ဒီမှာကတော့ ဒီလိုမဟုတ် ။ တစ်ညလုံး မအိပ်ရသေးသဖြင့်  စောစောနိုးနေသည့်အလား ။

သားငယ် သမီးကြီး ထကြမယ် ။ ကျောင်းသွားရမယ် ။ ဟိုကောင် လွင်မင်းသန့်  မြန်မြန်ထ ။ အီးလေးဆွဲမနေနဲ့ ။ ဒူးအစ် နောင်း ။ ဟားရီး ဟားရီး ။

မတတ်တတတ် ဘိုလိုတွေကော မြန်မာလိုကော ပါးစပ်ထဲရှိရာ လုံးထွေးပြောရင်း နံနက်ခင်းကို စတင်လိုက်ရသည်။ သမီးကြီးက စိတ်မြန်သမားမို့ ချက်ချင်းထပေမယ့်၊ သားငယ်က ချက်ချင်းမထ ။ အလွန်အီးလေးဆွဲသည့် ကောင်။ အိပ်ယာထဲက ငုတ်တုတ်ထထိုင်သည့် အဆင့်ရောက်ဖို့  တစ်ကြိမ် ၊ ငုတ်တုတ်ကို ဆွဲထူပေး ရသည်က တစ်ကြိမ် ။ မတ်မတ်ကြီး နံရံကိုမှီ ငိုက်နေတတ်သေးသည်။ အခန်းထဲမှ ထွက်ပြီး အိမ်ရှေ့ရောက်ပြန်တော့ ကုလားထိုင်ပေါ်မှာ နှပ်ချင်သည်။ သူထွက်ပြီးအရိပ်အရောင်ပြ လိုက်မှ မထချင်ထချင် ထပြီး ရေချိုးခန်းထဲတွင် သွားတိုက်တံ ကို ကသိုဏ်းရှု နေတတ်သည့်ကောင် ။  အမေ ကတော့ ပြောတတ်သည်။ အဲဒါ နင်ငယ်ငယ်ကအတိုင်းပဲတဲ့ ။ တိန် ။ တော်သေးသည် သမီးကြီး ဆက်ရည်ဖြိုး က အဲလို မပျင်းတတ်လို့ ။ နိုးနိုးကြားကြား ဖျတ်ဖျတ်လတ်လတ်  ရှိပေလို့သာ ။

ဂလွမ် လွမ် လွမ် လွမ်

သမီးရေ…..  ဗိုင်းကောင်းကျောက်ဖိလေး ၊ ဖြေးဖြေးသက်သာလုပ် ၊ အောက်ထပ်နဲ့ စကားများရမယ် စောစောစီးစီး ၊ အင်း  ငါ့နှယ်နော့ ။

(၂)

သြကာသ သြကာသ သြကာသ

ဒုန်း

မြတ်စွာဘုရားးးးးး

အမေ အမေ့ကြောင်တွေ လုပ်ပါဦး မနိုင်တော့ဘူးဗျာ ။ ကောင်းကောင်းကို ဘုရားရှိခိုးလို့မရဘူး သူ့အသံကြောင့် အမေထွက်လာသည်။

ဟဲ့ အလိမ္မာ တို့ မီးလေးတို့လာစမ်း ၊ အေးကွယ် ၊ အမေလည်း မနိုင်တော့ပါဘူး ။ လှော်ကားဥယျာဉ်ကို ပို့လို့ရရင်လည်း အကောင်း ၊ ဒါမှမဟုတ် အုပ်လိုက်ယူမယ့်သူရှိရင်လည်း ပေးချင်သား ….. စသည်ဖြင့် ထုံးစံအတိုင်း အမေ့ရေရွတ်သံကို ကြားရသည်။

ဘုရားရှိခိုးနေရင်း စိတ်က ကြောင်အုပ်ကိုရောက်နေသည်။ သူ့ကြောင်များကို အုပ်လိုက်ယူမည့်သူ ရှိလျှင် ပေးချင်သတဲ့။ သြော် အမေ အမေ ။ ကြောင်အုပ်က လည်း ဆယ့်ကောင်တိတိအုပ် ။ ဒါတောင် ရွှေဝါတစ်ကောင် အလည်လွန်ပြီး ပြန်မလာတော့လို့သာ ။  အမြင်ကပ်ကပ်ရှိ အပါဒါနအမည်တွေချည်း နောက်ဆိုပေးပစ်မိတော့မယ်။  ပြန်မလာနားအေး ။

သြော်  ငါ့နှယ်  …ဘုရားရှိခိုးနေပါတယ်ဆိုမှ ။ ကန့်တော့ပါ ဘုရား ။ ကန်တော့ ကန်တော့။

(၃)

ကော်ဖီတစ်ခွက် ဖျော်ပြီး  ခဏတင်ထားမိတာကို သတိရသည်။ လက်ရောက်တော့ ထုံးစံအတိုင်း  အေးနေပြန်ပြီ။ မတတ်နိုင်  ။ ကော်ဖီအေးလေးပေါ့ ။  ဆိုင်မှာဆို အနဲဆုံးငါးရာ တစ်ထောင် ။ အဲလိုသဘောထားပြီး ဂွပ်ကနဲမော့ချလိုက်သည်။ ညကရေး လက်စ ဟောစာတမ်းလေးနဲ့ ဆောင်းပါးလေး  အပြီးသတ်ရဦးမည်။

စိတ်ကတာသွားပေမယ့် မျက်လုံးက ဇစ်ဆွဲ စ ပြုလာသည်။ အိပ်ချင်ပေပြီ။ နံရံကို ခေါင်းဦး ကပ်ပြီး ခပ်စွေစွေလေး လှဲမှီကာ ကွန်ပြူတာရှေ့မှာပဲ ကွေးလိုက်တော့မည်။

(၄)

သား ဟဲ့ သားသားကြီး ဟန် ဟင် အင်း အဲ ဘာလဲမသိဘူး အမေ့

မင်းဆီ ဗေဒင်လာသင်နေတဲ့ ဟိုကလေး ရောက်နေပြီ

သြော် ဟုတ် အမေ့  သား ထပြီလို့ပြောလိုက်ပါ

မျက်လုံးကို နဘေးနားက ရေသန့်ဗူးမှ ရေလေးတောက်ရသည်။ ဒါမှ ဖွင့်နိုင်သည်။ ခဏနေမှ ညီမအငယ်ဆုံး ပေးထားသော မျက်စဉ်းလေးခပ်ရမည်။ ဒီမျက်စဉ်းလေးသိပ်မဆိုး ။

(၅)

ဆရာ  တနင်္လာနာမည်အဖျားစာလုံး  ပိုင်ရှင်တွေက တစ်ခြားဘာထူးခြားတာရှိသေးလည်း ဟင် ။ သူ့ဆီ ဗေဒင်လာသင်နေသည့် ဆေးကျောင်းသားပေါက်စ က စပ်စပ်စုစုမေးပြန်သည်။ နံနံပင် ကုန်ခါနီးပြီ ။ ညနေ မှ သမီးကြီးကို တစ်ရာဖိုး နှစ်ရာဖိုးလောက် ထပ်ဝယ်ခိုင်းရမည်။ ထမင်းသုတ်စားလျှင် နံနံပင် မပါဘဲ သူမစားတတ်။

ဆရာ ကျွန်တော်မေးထားတာလေးးး

အေးဟေ့  အေး  ၊  မင်းလို ကလေးကလား ဆန်ပြီး ၊ ဟိုဟာလိုက်သင် ဒီဟာလိုက်သင် လုပ်တတ်တာပေါ့ကွာ ။

ဟာ ဆရာကလည်း ၊ ကျွန်တော် အကောင်းမေးတာကို ။

ဟ ငါလည်း အကောင်းပြောနေတာပဲ ငချွတ်လေးရဲ့ ၊ သွားသွား မင်းလည်း ဆရာဝန်မြန်မြန်ဖြစ်မှ ၊ မဖြစ်မချင်း တွေ့ကရာရှစ်သောင်း အကုန်လိုက်သင်နေတယ်။ ဘာလည်း ဆေးမကုဘဲ ၊ ဗေဒင်ဟောစားတော့မလို့လား ။

ကျွန်တော်က  ဆေးပညာကို ဗေဒင်နဲ့တွဲလေ့လာပြီး အနာဂတ်မှာ  ကျမ်းပြုစုမလို့  ဟီးဟီး တဲ့ ။  ပြန်ဖြေပုံက ။ အင်း  ဇီဝကလိုပဲ စွမ်းမလား ၊ အိုက်ခမန်းလိုပဲ ဖြစ်လာမလားတော့ မသိ ။ မျက်ခုံးကတော့ ခပ်လှုပ်လှုပ် ။ ဒီကောင်လေးလာတိုင်း ။

သြော် အရေးထဲ ငါ့နှယ် ငံပြာရည် နှစ်ခါခပ်မိပြန်ပါပြီ။ အင်း စိတ် စိတ် ၊ တော်ကြာနေ ဂြိုဟ်တွေ ဆီရောက်သွားလိုက် ၊ နံနံပင်ဆီ ပြန်ရောက်လိုက် ၊ လက်က ထမင်းသုတ်နယ်နေသည့်တိုင် စိတ်က မကြာမကြာ ဒီဗေဒင်တွေဆီပဲ ပြန်ပြန် ရောက်သည်။ မဖြစ်သေး ။

ဆရာ  ..ဆရာတို့လို  နာမည်အဖျားစာလုံး စနေနံပိုင်ရှင်တွေရဲ့ ထူးခြားချက်ကကော  …ဘာတွေလည်းဟင် ။

ဘာ……..
ငါတို့လိုနာမည်ရှင်တွေရဲ့ထူးခြားချက်လား  …အေး ထူးခြားချက်ကတော့ သောက်မြင်ကပ်လာရင်  ပယ်ပယ်နယ်နယ် တွယ်ထဲ့လိုက်တတ်တဲ့ ထူးခြားချက်ရှိသဟေ့  ၊ မေးစေ့ကိုင်ပြီး မွေးလာတဲ့ မောင်ငမေး ၊ သွား ပြန်တော့ ၊  အလုပ်ရှုပ်ရတဲ့အထဲ  ….ခွီးးးးးးးးး  ။

(၆)

ချစ်သမျှကို မြင်းမိုရ် ရွှေတောင်လုံးသာပ  …..

သြော် ဟိုးတုန်းက တော့ ချစ်ခဲ့ကြ ယုယခဲ့ကြ ။ တီတီရယ်တဲ့မှ တာတာ ။ သာယာလှမောဖွယ်ကောင်းပေစွ ။ ခုများဖြင့်  ကပ်ချိန်တောင်မရ ။ ဟင်း  … သည် ကလေးစုတ်လေးတွေ ၊ တော်တော်ကို အလုပ်ရှုပ် ။ တိုင်းမစ်ရှင်း ထဲကလို အချိန်ယန္တရားနဲ့ နောက်ပြန်သွားပြီး  ၊  ကိုယ့်မိန်းကို ကိုယ် ပြန်ပိုးရတဲ့ကာလ ရောက်နိုင်ရင်လည်း အကောင်းသား ။ ချစ်စ ကြင်စ ကာလလေးများ ပဲ ကောင်းသည်။ သမုဒယ အနုအလှလေးများ ၊ ကဗျာ စာသားနုနုလေးများ ၊ အချစ်အတွက်ကြေကွဲ လွမ်းဆွတ်ရခြင်းလေးများ ၊ သြော် …..ပျော်စရာ ၊ ဖော်မကွာ ၊ …….  လျှော်စရာ  ။     အဲ  ၊ လျှော်စရာ  .. လျှော်စရာတွေ ခုမှ သတိရသည်။  သမီးပေါက်စန အနှီးတွေ လျှော်ရဦးမည်။ သမီးကြီးက သေးဝတ်လောက်သာ လျှော်ချင်သည်။ အီအီးဝတ်ကျတော့ တစ်ထည်လျှော်ခိုင်းလျှင် ပျို့နေတာနှင့် ခရီးမရောက် ။ အ၀တ်လျှော် ငှားပြန်တော့လည်း တစ်ရက်နှစ်ထောင် မို့  မစားသာ ။  ဒီတော့ ညာလက်ရုံး ဘုန်းမီးနေလ တောက်ပသည့် မောင်ဖုန်း တာဝန်ဖြစ်လာသည်။

အို အသင်လောက  ၊  …………….   လောကတွင်  ယောကျာ်းတို့ဘုန်း ၊ မိုးသို့ခြုံးသော် ၊ ကလေးအနှီးသော်လည်း လျှော်နိုင်ရမည်တကား  ။

ဘာတဲ့တုန်း …ယောကျာ်း  ဘုန်းဒိုင်းဒုန်း ချိ ချိ ချိ ချိ  (မှတ်ချက် ။     ။  ချိ  ချိ ချိ ချိ = ဘရတ်ရှ် တိုက်သံ )

(၇)

ဆိုက်ဘာသို့ စတင်ရောက်ရှိချိန်

နိဒါန်း

Hi , mingalarpar sayar
ဟုတ်ကဲ့ မင်္ဂလာပါ
Sayar nay kung par tha lar ? kyan mar par say sayar .
ဟုတ်ကဲ့  မာပါတယ် ခင်ဗျ ၊ ကျေးဇူးပါ။
Taku may shin loe par sayar
သြော် ဟုတ် မေးပါ။ ကျွန်တော်အချိန်ရသလောက် ဖြေပေးပါ့မယ်။
Ku ta law kyama asin ma pyay lo sayar , bar lote ya yin kung ma lae?
ဗျာ … သြော် ဟုတ်ကဲ့ ။ ကျွန်တော်လည်း ဘယ်သိမလဲခင်ဗျာ။ ကျွန်တော်က ဘာဖြေပေးရမလဲ။

Di lo par saiyar (ဘာညာကွိကွ …ဘာဘာ ညာညာ …ဟိုဟာ ဒီဟာ )

နောက်တစ်ယောက်

ဆရာ …. ဆရာ … လူကို အဖက်လုပ်ပါဦး ၊  ဒီမှာခေါ်နေတာ ကြာနေပြီ

သြော် ဟုတ် ၊ ပြောပါ ။ ကျွန်တော် ပြန်ဖြေထားပါတယ်။ ကွန်နက်ရှင်မကောင်းလို့ မရောက်တာထင်တယ်။

ငွေများများ လိုချင်လို့ပါ ဆရာ ၊ ဘာလုပ်ရင်ကောင်းမလဲ။

ကျွန်တော်လည်းတူတူပဲဗျ ၊ လိုချင်နေတယ် ၊ ကျွန်တော်လည်း ဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားနေတာ။

နောက်တစ်ယောက်

ဗေဒင်မေးလို့ရတယ်ဆိုလို့

အရေးကြီးတာဆို မေးပါ ။ ဖြေပေးပါ့မယ်။ အပျင်းပြေသာ မမေးပါနဲ့။ အရေးမကြီးသေးရင် မမေးပါနဲ့။

ကြီးကျယ်ပါ့ဗျာ ၊ (ခပ်ရိုင်းရိုင်းဆက်ပြောသည်။)

ဘလော့ လုပ်လိုက်၏။

နောက်ထပ်တစ်ယောက်

ဗျို့လူကြီး  ၊  အပျိုကြီးတွေကို ကြူနေတာမပြီးသေးဘူးလားဗျ

မင်းကြီးဒေါ် ကြီး နဲ့ကြူနေတာလေ မပြီးသေးဘူးဟေ့

ဟားဟား ၊  ဟေ့လူကြီး ။ အဲဒါတွေမပြောနေနဲ့ ။ ဗေဒင်ဟောပေး

မင်းဘိုးအေ ၊ ဗေဒင်ကိုများ  အပျင်းပြေမေးရသလားကွ ၊ မဖြေဘူး ။

မဖြေရင် ကျုပ်ဆီက ချေးထားတဲ့ ငွေ ပြန်ဆပ်တော့ ။

ဖြေပါ့မယ် မတော်လိုက်ရတဲ့ ငါ့တူရယ် ၊ မေးမေး ၊ လူလေးက လိမ်မာပါတယ်။

ဒီလိုလုပ်စမ်းဘာ ၊  ရည်းစားရချင်လို့ဗျ ၊ ဘာလုပ်ရရင်ကောင်းမလဲ

ဘယ်အချိန် ဘယ်အခါမှာ ဘာလေးဆောင်ပြီး ဘယ်အရပ်ကိုသွား ….ဘာညာသာရကာ ဒါဒါဒါ

ဒါဆို အိုခေမှာလား

အေး  ( ပါးပိတ်တီးခံရမှာတော့ သေချာတယ်)

နောက်တစ်ယောက်
နောက်ထပ်တစ်ယောက်
နောက်တစ်ယောက်

နောက်ထပ်တစ်ယောက်
နောက်တစ်ယောက်
နောက်ထပ်တစ်ယောက်

နိဂုံး

ဘယ်လောက်ကျသလည်း ခင်ဗျ

တစ်ထောင့်ရှစ်ရာပါ ။
သြော် ဟုတ်ကဲ့ ။
တိန်    ။   ဆိုက်ဘာမှ ပြန်လေသတည်း ။

(၈)

ကားမှတ်တိုင်နေရာက မှောင်လွန်းလှသည် ။

အင်း  ၁၈၄ ရှိပါဦးမလားမသိ   ၊ ဒီအချိန်ထိ ။

ဆိုင်ကယ်တက္ကစီတော့ ရှိသည် ။ ဒါပေမယ့် ငါးရာကုန်သွားနိုင်သည်။ မဖြစ်သေး ။ တစ်နေ့ငါးရာ  ၊ ဆယ်ရက် ငါးထောင် ၊ တစ်လ တစ်သောင်းခွဲ ၊ တစ်နှစ် တစ်သိန်း ရှစ်သောင်း ၊ ဆယ်နှစ် …….အဲလေ  ၊ အတွက်လွန်သွားပြီ။ မစီးချင် ။ မှောင်တာကလည်း အလွန်  ။ လူလူချင်းကမကြောက်တတ် ။  ခုချိန်မျိုး ကိုယ့်ကို လာလုလျှင် ကိုယ်ကတောင် ပြန်လုလိုက်ဦးမည် ။  ဟင်းးးးးးးးး  ။

ဒါပေသိ
ဟိုဒင်း  သရဲတော့ အကြောက်သား ။  အထူးသဖြင့် လေးဘက်တွားပြေးလာတတ်သော သရဲမျိုး ၊ ခွေးသရဲ ၀က်သရဲမျိုး တွေတော့ အတော်ကို ကြောက်သည်။ ရှိမရှိသေချာမသိပေမယ့် ထိုသို့ မသိခြင်းကကို ကြောက်စရာပိုကောင်းနေသည်။

အောင်မလေးနော် ငါ့နှယ် ကြောက်လိုက်တာ ၊ ကြောက်စရာကိုတွေးမိမှ ။ သံဗုဒ္ဓေ ….ဟေတုပစ္စယော ၊ အရဟံ အရဟံ ။

ဒညင်းကုန်းအိမ်ယာ ၊ ရွှေပြည်သာတံတားနားအထိ ရှည်ကဲပြီး ပြောင်းလာမိသော ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲမိတော့သည်။ အိမ်ပြန်ရောက်မှ ဟူးကနဲသက်ပြင်းချနိုင်သည်။

(၉)

အောက်အီးအီးအွတ်  …………..

စိတ်ထဲကပဲကြားယောင်လိုက်ရသည်။ အညာမှာဆိုရင်တော့ ဒီအသံလေးနဲ့ အိပ်ယာဝင်ချိန် ကို သိနိုင်သည်။   ဒီမှာကတော့ ဒီလိုမဟုတ် ။ မနက်တစ်ကုတ်ကုတ် .. ညတစ်ကုတ်ကုတ် ….အလုပ်တွေက ပြီးပြတ်နိုင်သည်မရှိ ။  သြော် …ရန်ကုန်မြို့၏ တစ်နေရာစာ  အသက်ရှင်သန်မှု ပါတစ်ကား ။

ကိုစိုး
17 ၊ 10 ၊ 2010  sunday

Post a Comment
 

Posts Comments

©2006-2010 ·TNB