ဒီတစ်ခါကတော့ တစ်ကယ်ကို ပါပဲ။ ဆောင်းပါးရယ်လို့တောင်မဟုတ်တော့ ပါ။ ကြော်ငြာဟုပင် ပြောနိုင်ပါသည်။ ကျွန်တော်တို့အိမ်တွင် ကြောင် ဆယ်ကောင်တိတိရှိလေသည်။ဒီဇာတ်လမ်းရဲ့ အစကတော့ သဘောင်္ကျင်းမှ ယူလာသော ကြောင်မတစ်ကောင်မှ စပါသည်။ ကြောင်ထီး ဆိုမှ ယူချင်ကြသည် ဆိုသော စကားကို နက်နက်ရှိုင်းရှိုင်း နားမလည်သေးသော ကျွန်တော်သည် ထိုကြောင်မ အိမ်ရောက်လာပြီးမှ ကောင်းကောင်းနားလည် သွားခဲ့ရပါသည်။ ငယ်စဉ်ပိစိကွေး ကတော့ တော်တော်ချစ်စရာ ကောင်းသည့် ကြောင်မလေးပင် ။ မာတာမိခင်ကျေးဇူးရှင် နှင့် နှမတော်အငယ်ဆုံး ကတော့ သဲသဲလှုပ်ပင်။ ကြောင် ကို တသသ နှင့် မျက်စိအောက်က အပျောက်မခံ အောင်ပင်။ ကျွန်တော်လည်း ချစ်ပါသည်။ ဒီအထိတော့ ပြသနာမဟုတ်သေး ။ အဲ…
ပြသနာစတာကတော့ ကြောင်လှသွေးကြွယ် ကြောင်ပျိုမယ် ဘ၀ စရောက်လာသည့်နေ့မှ စတင်ခြင်း ဖြစ်လေသည်။ ယခင်က ရှိလို့ရှိမှန်းပင် မသိရသော ကြောင်ထီးကြီးများ သည်လည်း အလျှိုလျှို အိမ်ရှေ့ဝန်းရံတာ တစ်ဝိုက်တွင် ရစ်သီ ရစ်သီ စလုပ် လာပါလေရော ။ ကြောင်ထီးများကလည်း အရွယ်စုံသည်။ ကြောင်ထီးပေါက်စ ၊ကြောင်ထီး အို ၊ ကြောင်သိုးကြီး ၊ စုံလှသည်။ လူလို ပြောရမည် ဆိုလျှင်တော့ လူပျိုသိုးကြီးများ (မောင်ဘုန်းသိင်္ဂါ တို့ ၊ မောင်ပခန်းတို့လို ….ချစ်မည် ကြိုက်မည် တကဲကဲ လုပ်နေသူများ ) အလား ၊ ထိုကဲ့သို့သော ကြောင်သိုးကြီးများလည်း ပါမည်ထင်သည်။ ညည ဆို အိပ်မရ ။ ၀ုန်းကနဲ အဖီပေါ် ခုန်ချလား ခုန်ချလာသည့်အကောင် များ ၊ တစ်ညောင်ညောင် အဲ မဟုတ်သေး တစ်ဝေါင်ဝေါင် (ချစ်ဆိပ် တက်ပြီး ညောင်ဟု မထွက်တော့ပဲ ဝေါင် ဝေါင် … ဟုမည်သံများ ) ဆူညံစွာ အသံပြုနေသည့် အကောင်များ နှင့် ပွဲတော်ကြီးအလား အောက်မေ့ ရသည်။ မောင်ဘုန်းတို့ မောင်ရန်းတို့ မောင်ပခန်းတို့ ချစ်ဆိပ်တက်လာလျှင်တော့ ဘယ်လိုအော်မည်မသိ ၊ စားမှာပဲ ၀ါးမှာပဲ ငါ့ကို လာမတားနဲ့ ဟု အော်မည်လေလား ။ စဉ်းစားစရာပင် ။ အမှန်တစ်ကယ်လည်း ကြောင်သိုးကြီး များထက် လူသိုးကြီးများ အဲလေ လူပျိုသိုးကြီးများက ပိုကြောက်စရာ ။
သို့ဖြင့်ပင် နှမတော်အငယ်ဆုံး နှင့် မယ်တော်ကြီး က အိမ်ကကြောင်ပျိုမ ကို လင်စောစောမရသွားအောင် ကာကွယ်ကြသည်။ တံခါးတွေပိတ်သည်။ အဖေ က ပူအိုက်သဖြင့် အိပ်မရတော့သောကြောင့် တံခါးပြန်ဖွင့် ၊ အဖေ နှင့် အမေ စကားများသည်ပင် ရှိ၏ ။ သြော် …ကြောင်….ကြောင်….
မရ ရေးချ မရပါ။ သဘာဝဟူသည် သဘာဝသာလျှင် ဖြစ်သည်။ သေချာထိမ်းသိမ်းထားသော်လည်း အိမ်က ကြောင်ပျိုမ က အမြီးကလေး တစ်ထောင်ထောင် နှင့် မသဘာဝ အရ ပဲများ ပြလိုက် ၊ ကြောင်သိုးကြီးများ က …အလစ်ချောင်းလိုက်နှင့် နောက်ဆုံးတော့ ….ကြောင်တစ်ကာ့ဗိုလ် ..ကြောင်ဖြူသိုးကြီးတစ်ကောင် နှင့် အကြောင်းပါဂဟေ ဆက်လို့ ၊ များမကြာမီမှာပဲ အပေါင်းအပါလေးတွေ ဆက်လက်တိုးပွား လာပါလေရော ….လား
ယင်းအချိန်မှ အစပြုပြီး ၊ ကြောင်တစ်အုပ်တမ ၏ ဒုက္ခကို တစ်အိမ်လုံး ခေါင်းမဖော်နိုင်အောင် ခံစားရပါတော့သည်။ ကြောင်စာဖိုး ၊ ကြောင်မွှေး ၊ ကြောင်ချေး ၊ ကြောင်တိုက်ပွဲ များကို ဖြန်ဖြေရမှု …အင်းပြောရလျှင်တော့ ဆုံးမည်မထင် ။ မာတာမိခင်လည်း အလိုလိုနေရင်း ကြောင်မာစတာ ဖြစ်သွား ရှာပါသည်။ ဒီလောက်များသည့် ကြောင်များကို ငါးကြော်နှင့် မှ ကျွေးချင်သော မာတာမိခင်ကြီးကိုလည်း ရံဖန်ရံခါ ကျွန်တော် မျက်စောင်းပင် ချိတ်မိပါသည်။ ဘယ့်နှယ် …. တစ်ရက် လူစား သည်ထက် ကြောင်စားသည်က စားရိတ်ပိုချင်နေပေပြီ ။ ငယ်ငယ်တုန်းက စိတ်နှင့်သာဆို ..သူတို့ကို ငါးကြော် ကြော်မကျွေးမိဘဲ ၊ သူတို့ကို ပဲကြော်စားမိမည် ထင်သည်။ ဟင်းနော်ာ်ာ်ာ်ာ်ာ်………. ငါတယ်ယ်ယ်ယ်ယ်ယ်ယ် …. ၊ ကိုယ့်ကိုယ်ကိုလည်း သတိပေးရသည်။ လျှော့ မောင်ဖုန်း …လျှော့ ..လျှော့ …။
ထို့ကြောင့် ဤဆောင်းပါးမှ နေပြီး ကြောင်ချစ်တတ်သော ကြောင် မာစတာ ၊ ကြောင်စပါယ်ရှယ်လစ် ၊ ကြောင် အသည်းကြော်များ ကို ဖိတ်ခေါ်အပ်ပါသည်။ ကျွန်တော်မောင်ဖုန်း၏ အိမ်တွင် ပယ်ပယ်နှယ်နှယ် မင်းမူနေကြသော အကြင်ကြောင်များထဲမှ နှစ်သက်ရာကြောင်တို့ကို အလိုရှိတော်မူကြပါက မကြာချက်ချင်း ..မြန်စွာပင် လာရောက် ယူငင်တော် မူကြပါလေကုန် ။
မှတ်ချက် ။ ။ လာရောက်ယူငင်သူဟူသမျှကို .. ကော်ဖီဖြင့်ဧည့်ခံမည့်အပြင် ၊ ဗေဒင်လည်း တွက်ပေးမည် ဖြစ်ပါကြောင်း ။
သုတေသီ ဝေသာလီမောင်ဖုန်း
waitharlimgphone@gmail.com
kosoemoetun13@gmail.com

Post a Comment