မောင် နှင့် မယ် ရွှေလည်တွဲနိုင်ဖို့  စာစု (၂)

Thursday, December 9, 2010

စိတ်ကူး နှင့် လက်တွေ့

မရခင်ကတော့ စိတ်ကူးအမျိုးမျိုးယဉ်စရာကောင်းလှသည်။ ကောင်လေးကလည်းတွေးမည်။ အင်း ..မနက်ခင်းလင်းလျှင် မိန်းမက အနမ်းလေးနှင့် လာနှိုးမည်။ ပြီးလျှင် သွားတိုက်ဆေး ၊ သွားတိုက်တံ အဆင်သင့်လုပ်ပေးမည်။ မျက်နှာလည်း သစ်ပြီးရော နံနက်စာက အဆင်သင့် ။ 



သြော် ..အဟောသုခ ကောင်းလေစွ ။  …. တွေးရုံဖြင့်ပင် ပီတိတွေ ချောင်းစီး လာနိုင်သည်။ လက်တွေ့လည်းရောက်ရော  ..ဟော..မယ်မင်းကြီးမက  ကိုယ်ထပြီးသည့်တိုင်အောင် သင်းကမထသေး။ သွားတိုက်ဆေးက ကုန်နေ သည်။ ၀ယ်ထားရကောင်းမှန်းပင်မသိ ။ နံနက်စာအတွက် လမ်းထိပ်က မုန့်ဟင်းခါး ဆိုင် ပြေးလိုက်ရတော့သည့် အဖြစ်မျိုး  ကြုံရခြင်းများ ရှိလာတတ်သည်။

ကောင်မလေးကလည်း တွေးမည်။ မွေးနေ့လက်ဆောင်အဖြစ် မောင်က သူသိပ်လိုချင်ခဲ့ဖူးသော စိန်လက်စွပ်ကလေး ၀ယ်လာပြီး ဆင်ပေးရင်း သမီးရည်းစားဘ၀ကထက် ပိုမြတ်နိုးလာကြောင်း ပြောလေသည်။ ဖေဖေတို့ မေမေတို့ ဆီ မကြာခဏ သွားလည်ပတ်လိုသော ဆန္ဒကိုလည်း မောင်က မငြီးမငြူ ဖြည့်ဆည်းပေးသည်။ လိုက်ပို့ရလို့ ဘယ်သောအခါမှ မငြူစူတတ်သည့်မောင် ။ သားသားလေး မီးမီးလေး လိုချင်ကြောင်း ပြောသောအခါ တွင်တော့ သူမ စဉ်းစားပြီး သ၀န်တိုသည်။ သူမထက် .. သားသမီးလေးတွေ ကိုတောင် ပိုချစ်သွားမည်ကို သ၀န်တိုချင်ချင် ။  အဲဒီ့လောက်ပင် တူနှစ်ကိုယ်ချစ်ကြသည့်ဘ၀ ။ စိတ်ကူးချမ်းမြ ရှိလေစွ ။

လက်တွေ့လည်းကျရော……
မောင်.. မောင်….မောင်းးးးးးးးး  မနက်ဖြန်ဘာနေ့လဲသိလား ၊
မသိဘူး ၊ တနင်္ဂနွေ မဟုတ်ဘူးလား
အဲဒါကိုပြောတာမဟုတ်ဘူး ၊ မနက်ဖြန်က ဘာထူးခြားတဲ့နေ့လည်း လို့ သတိရလား မေးတာ ..မေးတာ သိပြီလား ။
ဘယ်သိမလဲ ..၊ တော်လှန်ရေးနေ့မဟုတ်ဘူးလား ။ မဟုတ်သေးပါဘူး ။ တော်လှန်ရေးနေ့က ပြီးသွားပြီပဲ။
မွေးနေ့တော်ရေ …ရှင်မိန်းမ မွေးနေ့တော်ရေ့မနက်ဖြန် …  ၊ ဟွန်းးး

ဒေါသတွေက အမြုံလိုက် အမြုံလိုက် ကန်ထွက်လာမည်။ လင်တော်မောင်က ဖတ်လက်စ စာအုပ်လောက်ပင် ဂရုမစိုက် ။ မိဘအိမ်လိုက်ပို့ဖို့ ပြောမိရာမှ စကားထများ သည်က အကြိမ်ကြိမ် ဖြစ်လာမည်။ သားသမီးယူဖို့ပြောတော့ မင်းတာဝန်ယူ နိုင်လို့လား တဲ့ ။ ဘယ်လိုယောကျာ်းရယ်မသိ ၊ သူ့ရုံးအလုပ်နှင့် တစ်ပြားကို နှစ်ပြားခွာဖို့ ကိစ္စလောက်သာ ခေါင်းထဲရှိသည့် ယောကျာ်းမျိုး ။ စသည်ဖြင့် မှန်းချက်နှင့် နှမ်းထွက် တစ်စက်မှမကိုက်သည့်နှယ် ကြုံရခြင်းများ ရှိလာပြန်လေသည်။

တစ်ကယ်တော့ အိမ်ထောင်ပြုခြင်းဟူသည် အမျိုးသားရော ၊ အမျိုးသမီးအဖို့ပါ စွန့်စားမှုတစ်ရပ် ပြုလုပ်ရခြင်းပင် ဖြစ်သည်။ အချိုးပြေချင်ပြေ ၊ မပြေလျှင် သွားကရော ဆိုတာမျိုး ။ တင်ကြိုစဉ်းစားမှု ပြုပြီး စိစိစစ်စစ် ရွေးခြယ်ကာ အိမ်ထောင်မှု ထူထောင်သူများ ပင်လျှင် အလွဲကြီးလွဲသည်နှင့် ကြုံကြရတတ်သေးသည်။ မစဉ်းမစား ဒင်္ဂါးလှန်သလို လှန်သူများအဖို့တော့ …အတော်ကြီးကံစွတ်မိမှ သာယာသည့်ဘ၀မျိုးနှင့် ကြုံနိုင်ပေမည်။

အိမ်ထောင်မှု သုခ .. ဒုက္ခ

တစ်ခါတစ်လေကျတော့လည်း မုဆိုးစိုင်သင် ဆိုသလို  .. အိမ်ထောင်ပြုပြီးမှ နှစ်ဦးနှစ်ဖက်စလုံး အဆင်မပြေမှုတွေကို ညှိရင်း ညှိရင်း အဆင်ပြေသာယာသည့်ဘ၀မျိုးသို့ ရောက်ရှိလာတတ်ကြသည်။ ဒါမျိုးက ရှားတော့ရှားသည်။ နှစ်ဖက်အဆင်ပြေဖို့ ဆိုတာက နှစ်ဖက်စလုံး နားလည်မှုအပြန်အလှန်ပေး နိုင်မှ ဖြစ်မည်။ ဂွကျတာက ကိုယ်ယူမည့် ယောကျာ်း ၊ သို့မဟုတ် မိန်းမက သဘောထားကြီးမကြီး ၊ အမှန်တစ်ကယ် နားလည်မှု ပေးနိုင် မပေးနိုင် တင်ကြိုခန့်မှန်းရ မလွယ်ကူခြင်းပင်ဖြစ်သည်။

ယင်းအချက်ကြောင့်ပင်လျှင်  .. များစွာသော ဖိုနှင့်မ အပေါင်းတို့အဖို့ မိမိတို့၏ နဖူးစာရေးကံဇာတာကို ဗေဒင်ဆရာ အကြားအမြင်ဆရာ ဟူသည့်သူတို့ထံ ပြေးလွှားချဉ်းကပ်ပြီး  ( ကံကောင်းမှာပါနော် ..ဟူသည့် မျှော်လင့်ချက်ကလေးဖြင့် ) မေးကြမြန်းကြ ဖြစ်နေရခြင်းပင် ။ နက္ခတ်ဗေဒင်ပညာတွင် ခုနှစ်တန့်ဘာဝတွင် သောမဂြိုဟ်များ ၊ ကောင်းကျိုးပြုနိုင်သော ဂြိုဟ်များ ရပ်တည်ထားပါက အိမ်ထောင်ရေးသုခ နှင့် အိမ်ထောင်ဖက်နှင့်စပ်လျဉ်းသော အကျိုးကျေးဇူးကို ခံစားရမည်မှာ သေချာ၏။ ခုနှစ်တန့်ဘာဝ ရှိ ကြာသာပတေးသည် အိမ်ထောင်မှုသုခ ကို ဖြည့်တင်းပေးရန် အာမခံချက်ပေးမည့် အနေအထားဖြစ်၏။ ခုနှစ်တန့်တွင် ရှိသော သောကြာသည် ကဗျာဆန်သော ၊ လိုလားတပ်မက်ဖွယ်ကောင်းသော ၊ နှစ်သက်ဖွယ်ရာ အိမ်ထောင်မှုသုခမျိုးကို လှုံ့ဆော်ပေး၏။ အလားတူပင် ခုနှစ်တန့်ဘာဝတွင် ရပ်တည်နေသော ပါပဂြိုဟ်များက အိမ်ထောင်မှုသုခမှ ကင်းကွာစေရန် ဖိအားပေးတတ်ကြပေသည်။ ခုနှစ်တန့်ဘာဝတွင် စနေဂြိုဟ် ရပ်တည်နေခြင်းသည် အိမ်ထောင်ရေးတွင် မနှစ်မြို့စရာ အခြေအနေများကို ဖြစ်ပွားစေနိုင်၏။ ခုနှစ်တန့်ဘာဝတွင် အင်္ဂါဂြိုဟ် ရပ်တည်နေခြင်းသည် ဆူပူသော ၊ အစဉ်သဖြင့် ရန်နှင့်ယှဉ်နေသော အိမ်ထောင်ရေးမျိုးကို ဖြစ်စေနိုင်၏။ အကယ်၍ အဆိုပါ အင်္ဂါဂြိုဟ်သည် ဓနဥစ္စာ နှင့် ဆက်နွယ်နေသော ဂြိုဟ်အဖြစ် ရပ်တည် ပြီး အားကောင်းခဲ့ပါမူ ၊ နောင်ဂျိန် တစ်ဂျိမ်းဂျိမ်း ပလေးရင်း စီးပွားဖြစ်လှသည့် အိမ်ထောင်ရေးမျိုး ဖြစ်လာပေမည်။ (စာရှုသူများ တစ်ခါတစ်ရံ ပြင်ပလောကတွင် ထိုကဲ့သို့သော စုံတွဲတို့ကို တွေ့ဖူးပေလိမ့်မည်။ )

လက်ဆန်းဗေဒင်ပညာရှုထောင့်တွင် ဆပွတ်ဂြိုဟ် နှင့် နာမည်အဖျားစာလုံး သို့မဟုတ် မွေးနံတို့ ပက္ခမိနေခြင်းသည် အိမ်ထောင်မှု နှင့် မေတ္တာရေးရာ တို့တွင် ပြသနာမကင်း  စေတတ်သော အနေအထားဖြစ်သည်။ ဆပွတ်ဂြိုဟ်သည် နာမည် အဖျားစာလုံးဖြစ်ပြီး အားကောင်းသောအနေအထား တစ်ရပ်ရပ်ဖြင့် ရပ်တည်နေခဲ့ပါမူ အိမ်ထောင်ရေး နှင့် စပ်လျဉ်းသော ကောင်းကျိုးမျိုး ခံစားရတတ်ပေသည်။

ဆွေးနွေးတိုင်ပင်ခြင်း

တစ်ကယ်တော့ ဥသာစိန်ပန်းတွေ ၊ လူနက္ခတ် ဘီလူးနက္ခတ် တွေ နှင့် အလွယ်တစ်ကူ သင့်မသင့် ဆုံးဖြတ်နေကြခြင်းမျိုးကို ကျွန်တော် အားမပေးလို ။ ကိုယ်တစ်သက်လုံးပေါင်းသင်းမည့် အိမ်ထောင်ဖက်၏ စိတ်နေသဘောထား ကို ဗေဒင်ပညာဖြင့် တင်ကြို ထောက်ဆ သိရှိနိုင်ဖို့သည်သာ ပိုအရေးကြီးမည် ဟု ကျွန်တော် ယူဆမိပါသည်။ တစ်ကယ့်တစ်ကယ် ဥသာစိန်ပန်းတွေ ၊ လူနက္ခတ် ဘီလူးနက္ခတ်တွေက ဘယ်လိုအကျိုးပေးမလဲ  မသိနိုင်သော်လည်း ၊ စိတ်နေသဘောထား ညံ့ဖျင်း သော အိမ်ထောင်ဖက်ကတော့ တစ်ဘ၀လုံး ဒုက္ခကောင်းကောင်း ပေးပါလိမ့်မည်။

ဒါကြောင့် အိမ်ထောင်ဖက်ရွေးတော့မည် ဆိုလျှင် တစ်ကယ်တတ်သိနားလည်သော ပညာရှင်တို့နှင့် တိုင်ပင်ဆွေးနွေးပြီး အိမ်ထောင်ဖက်၏ စိတ်နေသဘော နှင့် လိုအပ်သော အချင်းအရာ အချက်အလက် တို့ကို တင်ကြိုမေးမြန်းပြီး အကဲဖြတ် ကြည့်သင့်ပေသည်။ မလိုပါဘူးကွာ ။ ကြိုက်ရင်ယူလိုက်ရုံပေါ့ ဆိုသူများလည်းရှိမည်။ ကောင်းချင်ကောင်း ဆိုးချင်ဆိုး သိပ်ထည့်တွက်စရာ မလိုဟု သဘောထားသူများ အဖို့တော့ ပြသနာမရှိ ။ အလေးအနက်ထားပြီး  အိမ်ထောင်မှုဘ၀ကို သာသာယာယာဖြင့် တည်ဆောက်လိုသူများ အတွက်တော့ လက်လွတ်စပယ် မလုပ်ဘဲ သင့်လျော်သော အနီးစပ်ဆုံးရှိ ပညာရှင်တို့နှင့် တိုင်ပင်ဆွေးနွေး သင့်သည်။

ယင်းကဲ့သို့တိုင်ပင်ဆွေးနွေးရာတွင်လည်း မေးမြန်းသူတို့အနေနှင့် မိမိ နှင့် အိမ်ထောင်ဖက်လောင်းလျာ  ဖြစ်သူ၏ ကံဇာတာ ၊ စိတ်နေသဘော နှင့် အားသာချက် အားနဲချက်များ ၊ စသည်ဖြင့် တို့ကို ပညာရှင်ထံ တိုင်ပင်ဆွေးနွေး မေးမြန်းသင့်သည်။

သို့ရာတွင် ပညာရှင်အနေနှင့်မူ ယူရန် သို့မဟုတ် မယူရန် မဆုံးဖြတ်ပေးသင့်ပေ။ အဆိုပါအချင်းအရာမှာ မေးမြန်းသူ ကာယကံရှင် ကိုယ်တိုင်သာလျှင် ဆုံးဖြတ်ချက် ချထိုက်သည့် အချင်းအရာ ဖြစ်ခြင်းကြောင့်ပင်။

သစ္စာရှိ၏ မရှိ၏

ဗေဒင်မေးသူအများစုတွင် အထူးသဖြင့် အမျိုးသမီးအများစု သိရှိလိုသော ဆန္ဒတစ်ခုမှာ ၊ ၄င်းတို့၏ ချစ်သူ သို့မဟုတ် ဘ၀လက်တွဲဖော်က ၄င်းတို့အပေါ် သစ္စာရှိ မရှိ ဆိုသည့်အချက်ဖြစ်သည်။ ဗေဒင်ပညာရပ်တွင် သစ္စာတရားကို အဘယ်ဂြိုဟ်က ဖော်ပြပါသနည်း။

တနင်္ဂနွေဂြိုဟ် ။         ။ တနင်္ဂနွေဂြိုဟ်သည် လူသားတို့ကို ရဲရင့်ခြင်း ၊ ဖြောင့်မှန်ခြင်း ၊ အသိဥာဏ် နှင့် သစ္စာတရားကို ပေးစွမ်းသောဂြိုဟ် ဖြစ်သည်။ မည်သည့်ဇာတာရှင်မျိုးတွင်မဆို တနင်္ဂနွေ အားကောင်းလေလေ ရိုးဖြောင့်မှန်ကန်ပြီး  သစ္စာရှိလေလေဖြစ်သည်။ တနင်္ဂနွေ အားနဲလေလေ မရိုးမဖြောင့်သော စိတ်နှလုံး နှင့် သစ္စာ မဲ့တတ်လေလေ ပင် ဖြစ်လေသည်။ သို့သော် အထက်ပါ အချင်းအရာတွင် ကြာသာပတေးဂြိုဟ်၏ ပါဝင်ပတ်သက်မှုသည် အလွန် အရေးပါလှပေသည်။ တနင်္ဂနွေ အားနဲနေသည့်တိုင် ကြာသာပတေးဂြိုဟ်၏ ကောင်းသော ဆက်နွယ်မှုမျိုး တစ်စုံတစ်ရာ ရှိနေပါက မရိုးမဖြောင့် သော ပင်ကိုယ်စိတ်ရှိလင့်ကစား ၊ ဘာသာတရား နှင့် ပညာ …ဆရာမိဘအကြီးအကဲများ ၏ စောင့်ရှောက်မှုတို့ဖြင့် မကောင်းသော စိတ်တို့ကို ထိမ်းကွပ်နိုင်မည်မှာ သေချာလှပေသည်။ အားနဲသော တနင်္ဂနွေကို အင်္ဂါဂြိုဟ်မှ  မကောင်းသော ဆက်စပ်မှုမျိုးဖြင့် ဆက်နွယ်ပတ်သက်နေပါက  ..ဇာတာရှင်၏ မရိုးဖြောင့်မှုမှာ ထိမ်းချုပ် နိုင်ရန် အလွန်ခက်ခဲစေပေလိမ့်မည်။ အဆိုပါဆက်နွယ်မှုမျိုးရှိပါမူ ဇာတာရှင်သည် မမှန်ကန်သော နည်းလမ်းများကို လုပ်ကိုင်ရန် အတွက် စိုးစဉ်းမျှ လက်တွန့်  နှောင့်နှေး  နေလိမ့်မည် မဟုတ်ပါပေ။

ဆိုတော့ သစ္စာရှိမှု မရှိမှု ဟူသည့် အချင်းအရာကို တနင်္ဂနွေဂြိုဟ် အပေါ် အဓိကထားပြီး ဆုံးဖြတ်ရပေမည်။ ကတိအတိုင်း လုပ်ကိုင်ဆောင်ရွက်မှု ၊ တိကျသောစည်းကမ်းလိုက်နာမှု ၊ သစ္စာရှိမှု ၊ အကျိုးကျေးဇူးကို သိတတ်မှု တို့ကို တနင်္ဂနွေဂြိုဟ်မှ ကောက်ချက်ချနိုင်ကြောင်း လက်တွေ့အားဖြင့်  လည်း တွေ့ကြုံ  သိမြင်  ခဲ့ရပေသည်။

အချိန်ကာလ နှင့် အိမ်ထောင်မှုကံဇာတာ

မူလဇာတာက မည်သို့ပင် အနေအထားများ ဆိုးနေစေကာမူ  ၊ ကောဇာဂြိုဟ်သွားအခြေအနေ (၀ါ) လက်ရှိမျက်မှောက်ကာလ ကောင်းကင်ဂြိုဟ်များ ၏ သက်ရောက်မှု အခြေအနေ … ကောင်းမွန်နေချိန်တွင် အိမ်ထောင်မှုတွင် ဆိုးသောအချင်းအရာများ လျော့ပါးသက်သာပြီး ၊ ကောင်းကျိုးတစ်စုံတစ်ရာပင် သက်ရောက်နိုင်ပေသည်။ အလားတူပင် မူလဇာတာတွင် ကောင်းသောအချင်းအရာများ ရှိနေသည့်တိုင် ကောဇာဂြိုဟ်သွား အခြေအနေ ညံ့ချိန်နှင့် တိုက်ဆိုင်ခဲ့ပါမူ  တစ်လျှောက်လုံး သာယာလာခဲ့ရာမှ မမျှော်လင့်ဘဲ ၊ ပြသနာများ ရင်ဆိုင်လာရတတ် ပေသည်။ အထူးသဖြင့် လက်ရိုးစနစ်တွင် …ခုနှစ်တန့်ဘာဝတွင် စနေဂြိုဟ်ရပ်တည်နေပြီး ၊ ရာသီအရလည်း အနေအထားညံ့သည့်အခါတွင် မုချ အိမ်ထောင်ရေးတွင် စိတ်ဆင်းရဲစရာ အခြေအနေများ ၀င်ရောက်လာတတ်ပေသည်။ စာရေးသူကိုယ်၌ပင်လျှင် တူလဂ်ဖြစ်ပြီး ၊ ခုနှစ်တန့်ဘာဝတွင် စနေနိစ်မူ ပြီး စီးနင်းခဲ့သော အဆိုပါနှစ်နှစ်ခွဲကာလအတွင်း အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ဆိုးကျိုး အပြင်းထန်ဆုံး ခံစားခဲ့ရဖူးပေသည်။ အရာရာသည် တူနှစ်ကိုယ်ကြား သာယာမှု ကင်းမဲ့စေလှပြီး ၊ ပြသနာများမြောင်စေတတ်သော အချိန်များပင် ဖြစ်သည်။

လက်ဆန်းဗေဒင်စနစ်တွင်မူ  … ဆပွတ်ဂြိုဟ်နှင့် မွေးနံ သို့မဟုတ် နာမည်အဖျားစာလုံး ပက္ခမိနေချိန် ၊ အတွင်းမိတ်ဂြိုဟ်နှင့် မွေးနံ သို့မဟုတ် နာမည်အဖျားစာလုံးဂြိုဟ် ပက္ခမိနေချိန်များတွင် အိမ်ထောင်မှု ပြသနာများ ပေါ်ပေါက်လာတတ်ပေသည်။ ထို့အတူပင် ဆပွတ်ဂြိုဟ် နှင့် အတွင်းမိတ်ဂြိုဟ်များကို သက်ရောက် ၊ ဂြိုဟ်အိပ် စသည်တို့က ပက္ခမိထားသော ကာလများတွင် လည်း အိမ်ထောင်မှု ပြသနာများ ကြုံတွေ့ရစေတတ်ပေသည်။ လက်ဆန်းဗေဒင်လေ့လာ လိုက်စားသူများ အနေနှင့် အထက်ပါအချက်များကို သတိချပ်ပြီး လေ့လာမှတ်တမ်းတင်သင့်ပေသည်။

အဓိကအားဖြင့်တော့ … ကောဇာအနေအထားများသည် ပစ္စုပ္ပန်တွင် ဖြစ်ပွားမည့် အိမ်ထောင်မှု သုခ/ဒုက္ခ တို့ကို များစွာ လွှမ်းမိုးကြောင်း သိရှိထားရန် လိုပေမည်။

ပင်ကိုယ် အားနဲသော ဇာတာရှင်များ

အိမ်ထောင်မှု နှင့် ပတ်သက်ပြီး ၊ ကံအားမှေးမှိန်သော သူအမြောက်အများ၏ အချက်အလက်များကို စစ်ဆေးကြည့်ရှုခဲ့ရာတွင် ..၊ နက္ခတ်ဗေဒင်ပညာတွင် ခုနှစ်တန့်ဘာဝတွင် ပါပဂြိုဟ်များ ဖိစီးထားခြင်း ၊ ခုနှစ်တန့်ဘာဝကို ပါပကတ္တရိသင့်ထားခြင်း ၊ စသဖြင့် မကောင်းသောအချင်းအရာတို့ဖြင့် ပြည့်စုံနေသော ဇာတာရှင်တို့မှာ အမှန်ပင် အိမ်ထောင်ရေးသုခ ကင်းမဲကြကြောင်း များစွာတွေ့ရှိရပေ သည်

လက်ဆန်းဗေဒင်ပညာရပ်ပိုင်းတွင်မူ   ..နာမည် အားနဲသော ပင်ကိုယ်ဇာတာရှင်များ ၊ အချို့သော မဟာဘုတ်အကြွင်းဖွားများ မှာ အိမ်ထောင်ရေးသုခ ကင်းမဲ့ကြရသူများ အဖြစ်တွေ့ရှိရပေသည်။ အထူးသဖြင့်  နာမည်သည် အလွန်အရေးကြီးလှသည်။ နာမည်တွင် အပြစ်အညံ့များလှသော သူများသည် အိမ်ထောင်ရေးတွင်လည်း အပျက်သဘာဝ လွန်ကဲတတ်ကြပေသည်။

မိန်းကလေးများတွင်  နှင်း  ဖြင့် နာမည်ကို အစပြု မှည့်ခေါ်ထားသော နှင်းနှင်း ၊ နှင်းသဇင် ၊ နှင်းဟေမာန် ၊ နှင်းမြဇင် စသဖြင့်  သော အမည်ရှင်မျိုးတို့မှာ အသားမဲခြင်း ညိုခြင်း ရှိပြီး ၊မူလမဟာဘုတ်ဇာတာတွင် တနင်္ဂနွေ အင်္ဂါ ဂြိုဟ်တို့ အနေအထား ကောင်းခြင်းရှိမှသာ …အိမ်ထောင်ရေးကံ သက်သာမည်။ နှာတံချွန်ချွန် ပေါ်ပေါ် နှင့် သွားလှပ ညီညွတ်မှုရှိပါမှ လင်ကောင်းသားကောင်း မျှော်လင့်ခွင့်ရမည်။

ယင်းသို့မဟုတ်မူပဲ အသားဖြူခြင်း လတ်ခြင်းရှိပြီး ၊ မူလမဟာဘုတ်ဇာတာတွင်လည်း တနင်္ဂနွေ နှင့် အင်္ဂါဂြိုဟ် တို့ အနေအထား ညံ့ဖျင်းခြင်း ရှိနေပါမူ  … လက်မထပ်မီ အမျိုးသားတို့နှင့် အတူနေထိုင် ဆက်ဆံရခြင်းမျိုး  အနဲဆုံးကြုံနိုင်သည်။ အိမ်ထောင်တည်မြဲရန်ခက်ခဲသလောက် ၊ အိမ်ထောင်ပြိုကွဲရန် မူ လွယ်ကူစေတတ်သည်။ အကယ်၍ နှာတံပိပြားခြင်း ၊ သွားများ ညီညွတ်လှပမှု မရှိခြင်း တို့ပါ တွဲယှဉ်လာပါမူ လင်ဆိုးမယား တစ်ဖားဖား   ဖြစ်ဖို့ရန် …အာမခံချက် ရထားသလို ပင် ။ ဆိုတော့ … နာမည်အရဖြစ်စေ ပင်ကိုယ်အားနဲသော ဇာတာရှင်များ ရှိနိုင်သည်။

ဖြေရှင်းနိုင်ရန်ကြိုးစားခြင်း

အဆိုပါဇာတာရှင်များအဖို့ ဖြစ်နိုင်သမျှ နာမ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ ၊ ယတြာပြုခြင်းများ လိုအပ်လာပြန်သည်။ ယတြာချေဖို့ရန် အတွက် ကျွန်တော့်အနေနှင့် အလွန်အမင်း  အားမပေးလို သော်လည်း ..ယင်းကဲ့သို့ နာမည်တွင် ချို့ယွင်းချက်ကြီးကြီးမားမား  ရှိနေသူများ အဖို့တော့ ၊ မိမိတို့ မှည့်ခေါ်ထားသော နာမည် အမည်နာမ နှင့် ပတ်သက်သည့် သဘာဝယတြာများ ပြုလုပ်ပေးရန် လိုအပ်သည်မှာ အမှန်ဖြစ်သည်။ ပမာအားဖြင့် … အထက်ပါကဲ့သို့သော နှင်း ဖြင့် အစပြုမှည့်ခေါ်ထားသော မိန်းကလေးများ အဖို့  ..ဗုဒ္ဓဘာသာဝင်ဖြစ်ပါက ..အသားညိုညိုမဲမဲ သံဃာတော်တစ်ပါးပါး ( စနေသားဖြစ်လျှင် ပိုမိုသင့်လျော်ညီညွတ်၏) ကို ..ရသာရုံထက်မြက်သည့် ဆွမ်းခဲဖွယ် ဘောဇဉ်တို့အား မိမိကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပြီး ဆွမ်းလောင်းလှုမှု မကြာမကြာ ပြုပေးရပေသည်။ မိမိနေအိမ်တွင်လည်း အနောက်တောင်ထောင့်မှ အစပြုပြီး အမှိုက်သရိုက် လှည်းကျင်း သုတ်သင်ခြင်းမျိုးကို မကြာမကြာ ပြုလုပ်ပေးသင့်ရာ၏။ အဆိုပါအချက်များ မှာ အမည်အရ သက်ရောက်လာမည့် ဆိုးကျိုးတို့ကို ..မိမိ၏ လုံ့လဖြင့် တုံ့ပြန်တားဆီးမှု ၊ ချေဖျက်မှု ပြုခြင်း ဖြစ်သည်။

မပြုတော့ကော ဘာဖြစ်သနည်း ဟုမေးစရာ ရှိပေသည်။ လည်းစင်းခံပေါ့ ဟု ဆိုရုံသာ ။ လောကသဘာဝအရလည်း  မသိလျှင် ၊ သို့မဟုတ် ဥာဏ်ဖြင့် မဆင်ခြင်နိုင်လျှင် လည်းစင်းခံရတော့  သည်သာဖြစ်သည်။ အချို့သော ကျွန်တော်တို့တစ်တွေ နားမလည်သည့် ဘ၀ပြသနာအစိတ်အပိုင်း  အချို့မှာ ( မှားနေပြီး … ယင်းသို့မှားနေသည့် အစိတ်အပိုင်းကို  မသိသည့် အတွက် ) ပေးဆပ်မှု ကြီးမားနေရခြင်းများ ဖြစ်သည်။

နိဂုံး

မောင်နှင့်မယ် ရွှေလည်တွဲနိုင်ဖို့အတွက် … နံပါတ်တစ်အနေဖြင့်  သူတစ်ပါးကို နားလည်မှုပေးနိုင်သော အစွမ်း  လိုမည်။ နံပါတ်နှစ် အနေနှင့် ကိုယ်ရည်မှန်းထားသော ဘ၀လက်တွဲဖော်ကလည်း ..ကိုယ့်အပေါ် နားလည်မှုပေးနိုင်မည့် သူမျိုး ဖြစ်ဖို့ရန် လိုအပ်ပေလိမ့်မည်။ နံပါတ်သုံးအနေနှင့်ကတော့ နာမ်ပိုင်းဆိုင်ရာ ရှုထောင့်အရ .. ကံဇာတာ အားနဲခြင်းများ ရှိနေသူများ အဖို့ ဖြစ်နိုင်သမျှ အားနဲချက်ကို ပြေလျော့အောင် တင်ကြိုလုံလပြု ကြိုးစားထားသင့်ပေသည်။

ဘာပဲဖြစ်ဖြစ် အိမ်ထောင်မှုတစ်ခု တည်ထောင်လိုက်ပြီ ဆိုသည်နှင့် ၊ အပြန်အလှန် နားလည်မှု ဟူသည်မှာ ပီယဆေးထက်ကောင်းသော အချစ်မြဲမြံဆေးကြီးတစ်ပါး ဖြစ်သည်ပင်။ ထိုပီယဆေးကြီးကို နှစ်ယောက်သား တူတူညီညီ မမှီဝဲနိုင်လျှင်တော့ … ရွှေလည်တွဲပြီးခါမှ ……..
 
အမျိုခက်ပါသနော်…
သြော်..ထွေးဖို့ရန် ဘယ်မလွယ်ပြီဘု  ..
ခိုးခုလု လည်မျိုအနက်မှာလ
ခံစားရ ခက်လှချေရဲ့
ယခုခါ အချိန်မျိုးမှာဖြင့်
သြော်…
ဥသာ ၊ စိန်ပန်း တွေလည်း မကယ်နိုင် ….   ဆိုသလို ဖြစ်သွားနိုင်ပါကြောင်း ။

ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB