အမည်တို့၏ အကျိုးရလဒ်များ

Thursday, December 23, 2010

ဒီဆောင်းပါးကတော့ ..မထင်မှတ်ပဲ ၊ လက်ရှိဆောင်ရွက်ပေးနေတဲ့ အခမဲ့ အမည်စစ်ဆေးပေးခြင်း နှင့် သဘာဝယတြာ အစီအစဉ်ထဲကနေ .. စာဖတ်သူများအတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေနိုင်မယ်လို့ ယူဆမိတဲ့ ဟောစာတမ်းတစ်စောင်ကို .. သက်ဆိုင်သူ ဇာတာရှင်ရဲ့ ခွင့်ပြုချက်နဲ့အတူ တိုက်ရိုက် တင်ပြ ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးအတွက် ကျေးဇူးတင်မယ် ဆိုရင်တော့ ကျွန်တော့်အစား ..အဆိုပါဇာတာရှင်  ဦးထွန်းထွန်းဦး ရဲ့ ခွင့်ပြုမှုကို သာ ကျေးဇူးတင် သင့်ပါကြောင်း။
မြန်မာ့ရိုးရာဗေဒင်     www.mahabote.org  မှ  အမည်စစ်ဆေးပေးခြင်း နှင့် အကြံပြုပေးအပ်လွှာ

အမည်                              ဦးထွန်းထွန်းဦး

မွေးချိန်                             ၁၃၃၁ခုနှစ် ၊ တပို့တွဲလဆန်း ၃ ရက် စနေနေ့ တွင် ဖွားမြင်သည်

မူလမဟာဘုတ်ဖွား               စနေသား အထွန်းဖွား ဖြစ်သည်။

အမည်အမျိုးအစား                ကရဏ ကာရက အမည်ပိုင်ရှင် ဖြစ်သည်။

အမည်  နှင့်  ကံ ဆန်းစစ်ခြင်း

အမည်သည် ကရဏကာရက အမည်အမျိုးအစား ဖြစ်ပြီး၊ အမည်အဖျားစာလုံး ဦး .. သည် အချိန်ကာရက ၊ အရင်းစာလုံးသည် ထွန်း  သည် .. အလင်းကာရကပြု ပညတ်များဖြစ်ကြသည်။ နာမည်အဖျားစာလုံး ဦး သည် ဘင်္ဂဌာန တွင် ရပ်တည်သည်။

အမည်အရ ဇာတာရှင်သည် သူတစ်ပါးကို ကူညီတတ်ခြင်း ရှိမည် ကိုဖော်ပြသည်။ အလားတူပင် ဇာတာရှင်၏ ဘ၀တွင်လည်း အကူအညီဟူသော အချင်းအရာသည် အစဉ်သဖြင့် ပတ်သက်နေမည်။ မိမိကိုယ်တိုင်လည်း အကူညီပါမှ အမြင့်သို့ တက်လှမ်းနိုင်မည်။ အဓိကအားဖြင့် အကူအညီဟူသော အချင်းအရာသည် ဇာတာရှင်၏ ဘ၀ အောင်မြင်မှု နှင့် ဘ၀အခက်အခဲများ အားလုံး နှင့် ပတ်သက်ဆက်နွယ်နေတတ်ခြင်း ဖြစ်သည်။ နာမည်အဖျားစာလုံးဘင်္ဂဌာန တွင် ရပ်တည်နေခြင်းကြောင့်  ..အသက်မွေး ၀မ်းကျောင်းလုပ်ကိုင်ရာတွင် တည်ငြိမ်မှု နဲပါးမည်။ ထို့အတူ အထက်အရာရှိ အကြီးအကဲ တို့နှင့် ရံခါတို့တွင် ပြသနာတစ်စုံတစ်ရာ ငြိစွန်းရတတ်သည်။ တစ်ဦး နှင့် တစ်ဦး မသင့်မြတ်သော အထက်အရာရှိ တို့အကြားတွင် မိမိမှာ ကြားညှပ်ရသကဲ့သို့လည်း ဖြစ်ရတတ် သည်။

ထပ်မံပြီး အနုစိတ် စစ်ဆေးပါက ဇာတာရှင်၏ နာမည်အဖျားစာလုံး ဦး .. သည် တနင်္ဂနွေနံ ( စနေသားအတွက် အညွန့်ဂြိုဟ်) ဖြစ်နေပြီး ၊ နံတူ တနင်္ဂနွေ ဖြင့်ပင် ပက္ခ မိထားခြင်းကြောင့် ..

အညွန့်ဂြိုဟ် ဟူသည့်…  ( ဇာတာရှင်၏ အကျိုးစီးပွား တိုးတက်မှု)  ကို

နံတူ တနင်္ဂနွေ ဟူသည့် .. ( တနင်္ဂနွေသားသမီးများ ၊ အထက်အရာရှိတစ်စုံတစ်ဦး ) တို့က

ပက္ခမိခြင်း ဟူသည့်  .. ( ဆန့်ကျင်ဘက် ပြုခြင်း ) မျိုး …. ဘ၀တစ်လျှောက် တွင် တွေ့ကြုံရတတ်၏ ။

အခြားတစ်ဖက်တွင် … နာမ်ပိုင်းဆိုင်ရာအားဖြင့် တနင်္ဂနွေသည် ၊ လူတို့၏ ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာ အချင်းအရာများ ၊ အဖဖြစ်သူ ၊ အစ်ကိုကြီး ၊ ဦးလေးဦးမင်း စသည်ကဲ့သို့သော အမျိုးသားအကြီးအကဲများ နှင့် သက်ဆိုင်၏။ နာမည်တွင် ယင်းကဲ့သို့ တနင်္ဂနွေ အား ပက္ခမိထားခြင်းကြောင့် အကျိုးစီးပွားကို အနှောက်အယှက် ဖြစ်သည့်အခါတွင် .အဆိုပါအမည်ရှင် တို့မှာ အထက်ပါ ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာ ပြသနာတစ်ရပ်ရပ် ၊ အားနဲချက် တစ်ရပ်ရပ် ရှိနေတတ်ပါသည်။

ဥပမာအားဖြင့် ဖခင်ဖြစ်သူ ၊ အစ်ကိုကြီး ဖြစ်သူနှင့် မသင့်မြတ်ခြင်း ၊ ပြသနာတစ်စုံတစ်ရာ ဖြစ်ပွားထားခြင်း ၊ ရိုးရာ ကိုးကွယ်မှုကို လျစ်လျူရှုထားခြင်း ၊ သို့တည်းမဟုတ် ဆန့်ကျင်ထားခြင်းမျိုး သော်လည်းကောင်း ရှိနေတတ်ပါသည်။ အဆိုပါကဲ့သို့ ရှိနေခဲ့သည် ဖြစ်ပါက ၊ ယင်းအချက်ကို အဆင်ပြေညီညွတ်အောင် ဆောင်ရွက်သင့်ပါသည်။ စာရေးသူ အနေနှင့်  နတ် စသည် ကိုးကွယ်မှုမျိုးကို အားမပေးလိုသော်လည်း ၊ အစဉ်အလာရှိခဲ့ပြီး ဖြစ်သည့် မိရိုးဖလာ အလေ့အကျင့်မျိုး ရှိနေပါမူ …မိမိအတွက်လည်း အကျိုးမယုတ်လျော့နိုင်ပါက …၊ ယောနိသော နှလုံးသွင်းပြီး … အဆင်ပြေအောင် ဆောင်ရွက်ပေးသင့်သည် ဟု ဆုံးဖြတ်မိပါသည်။

အခြားအားဖြင့် အမည်၏ ကာရက သဘောတွင် … အမည်အဖျားစလုံးသည် ..ဦး.. ဖြင့်မှည့်ခေါ်ထားခြင်းမျိုး ဖြစ်သည်။ မြောက်များလှစွာသော နာမည်အဖျားစာလုံးကို ဦး ဖြင့်မှည့်ခေါ်ထားသည့် ..ခင်ခင်ဦး ၊ မောင်မောင်ဦး ၊ ကျော်ဦး .. စသဖြင့်သော သူတို့မှာ အစစအရာရာ ..သူတစ်ပါးတို့ထက် နောက်ကျရတတ်ကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်နည်း … အမည်ကို လူက လိုက်မမီသည့်အခါတို့တွင်  ဆန့်ကျင်ဘက် ဖြစ်သော အကျိုးတို့ ရရှိတတ်ကုန်၏ ။
ဥပမာအားဖြင့်  … သင်း ဖြင့် မှည့်ထားပြီး ၊ အမည်ကို လူကလိုက်ဖက်ညီအောင် မနေထိုင်လျှင် (..ထိုပညတ်ကပင်လျှင် ..ဆန့်ကျင့်ဘက် သဘာဝဖြင့်  ..  လူကိုပြန်ပြီး  ဒုက္ခပေးတတ်၏။ ) …သင်းသည် သင်းပျံ့ခြင်း ၊ ရနံ့ ဆိုင်ရာ ဂန္ဓာရုံ ပညတ်မျိုး ဖြစ်သဖြင့်  ဆန့်ကျင်ဘက်သဘာဝဖြင့် ဒုက္ခပေးသည့်အခါ .. ၊ အသေးစားထိခိုက်မှုအားဖြင့် ..အဆိုပါအမည်ရှင်၏ ကိုယ်နံ့မှာ ပြင်းထန်ခြင်း၊ မကောင်းသတင်း ထွက်ခြင်းမျိုး ဖြစ်ပွားလာတတ်ပြီး ၊ မူလဇာတာအနေအထားပါ ညံ့ခဲ့ပါမူ …၊ သူတစ်ပါး နှာခေါင်းရှုံ့စရာ ..ဘ၀အခြေအနေမျိုး ဖြစ်လာတတ်ပေသည်။

သို့ဖြစ်ခြင်းကြောင့် အဆိုပါကဲ့သို့ သင်း ဖြင့်မှည့်ခေါ်ထားသော  သူများ အဖို့  ( သီလ ) ကို သူတစ်ထူးတို့ထက်ပင် ပိုမိုစောင့်ထိမ်းမှ အမည်က အကျိုးပြုနိုင်ပေသည်။ အဘယ်ကြောင့်ဟူမူ ..လောကတွင် သီလ သည်သာ အမွှေးပျံ့ ဆုံး ဖြစ်ခြင်းကြောင့်ပင်။ သင်း ဖြင့် မှည့်ထားပြီး သီလနဲပါးလေလေ ဒုက္ခဘေးဘယာ သာမန်ထက်ပိုများလေလေပင် ဖြစ်ပေသည်။

ယင်းသို့ပမာတူပင်  .. ဦး  ဖြင့်မှည့်ခေါ်ထားသူတို့မှာ  ၊  ဦး ဟူသည် စောလျှင်ခြင်း ၊ ကနဦးအစဖြစ်ခြင်း သဘောရှိခြင်းကြောင့်   ၊ မွေးချင်းများတွင် သားဦး သမီးဦး ဖြစ်ပါမှ ဆန်းဝင်ပြီး အမည်နှင့်လူ လိုက်ဖက်ညီ၏ ။  အလားတူပင်  ..နံနက်ကို သူတစ်ပါးမနိုးခင် ထခြင်း၊ အိမ်တွင် သူတစ်ပါးတို့ထက် ဦးစွာ ဘုရားဝတ်ပြုခြင်းမျိုး ပြုပေးရာ၏ ။ သို့မှသာ အမည်နှင့်လူဆန်းဝင် သဖြင့် ..အကျိုးစီးပွား ဖြစ်လွယ်၏ ။ ဒါနအမှုတို့တွင်လည်း သူတစ်ပါးတို့ထက် ဦးစွာ မိမိမှ ပြုရာ၏ ။ သို့မှသာ အကျိုးကျေးဇူးကိုလည်း မိမိတွင် ဦးစွာ ရလွယ်၏။ သို့တည်းမဟုတ်ပါမူ … အစစအရာရာ နောက်ကျတတ်ပြီး ၊ ဘ၀တွင် သူတစ်ပါးတို့ထက်နောက်ကျပြီးမှ အောင်မြင်ခြင်း၊ အရွယ်သုံးပါး တတိယအရွယ်တွင်မှ ကောင်းစားတတ်ခြင်း မျိုး အဖြစ်များကြောင်း တွေ့ရှိရပေသည်။

အမည်အရ တစ်သက်တာ ပြုအပ်သော သဘာဝယတြာ

အထက်ပါ ဇာတာရှင်မှာ မူ ထွန်းထွန်းဦး ဟူသော ပညတ်ဖြစ်ခြင်းကြောင့် ၊ နံနက်စောစောတိုင်း ဘုရားတွင်အလင်းတိုင် ၊ ဆီမီး ၊လျှပ်စစ်မီး စသည်တို့ကို ထွန်းညှိပူဇော်ခြင်း ကို ပြုအပ်ရာ၏။ မောရသုတ်တော်ကို နေ့စဉ် ရွတ်ဖတ်ပူဇော်အပ်ရာ၏။
အမည်အရ ပုတီးစိတ်ခြင်း သို့မဟုတ် ဂုဏ်တော်ပွားခြင်း
အရဟံဂုဏ်တော်ကို နေ့စဉ် ပုတီးခြောက်ပတ်မပျက်မကွက် စိတ်အပ်ပေသည်။ အနက်ကိုပါ အာရုံပြု စိတ်ပေးအပ်ရာ၏ ။

ချမ်းမြေ့သုခ ရရှိနိုင်သည် ဖြစ်ပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

စာကြွင်း /  သို့ အစ်ကို ကိုထွန်းထွန်းဦး ခင်ဗျား  …

အစ်ကို့အတွက်  တွက်စစ်ရေးသားပေးရင်း ၊ အကြောင်းအရာတို့မှာ စာဖတ်သူအများ (အထူးသဖြင့် အစ်ကို့အမည်ကဲ့သို့ ပင် ဦး ဖြင့်မှည့်ခေါ်ထားသူများ ) အတွက်လည်း အကျိုးဖြစ်စေနိုင်သည် ဟု ယူဆမိပါ သောကြောင့် အကယ်၍ အစ်ကို့အနေနှင့် ခွင့်ပြုနိုင်သည် ဖြစ်ပါမူ ..ယခုဟောစာတမ်းကို ကျွန်တော်၏ ဆိုဒ်ဖြစ်သည့်
www.mahabote.org တွင် ဆောင်းပါးအဖြစ် တင်ခွင့်ပြုစေလိုပါသည်။ အစ်ကို၏ အမည်ရင်း နှင့် မွေးခုနှစ်တို့ကို မဖော်ပြစေလိုပါကလည်း  …အနဲငယ်ပြင်ဆင်ပြီး တင်ပေးလိုပါသည်။ အစ်ကို ခွင့်မပြုပါကလည်း ကျွန်တော်အပြစ်မတင်ပါ။ အကျိုးအကြောင်း ပြန်ကြား ပေးစေလိုပါသည် ခင်ဗျား။

ညီမောင် ကိုစိုးမိုးထွန်း

အဆိုပါ .. ခွင့်တောင်းခံခြင်းကို ကာယကံရှင်မှ မွေးခုနှစ် အနဲငယ်လွှဲပြောင်းပေးစေလိုသည့် ဆန္ဒအရ မွေးခုနှစ်ကို ပြောင်းလဲပြီး ၊ဇာတာရှင်၏ ခွင့်ပြုချက်ဖြင့် …ဆောင်းပါးအဖြစ်တင်ပေးလိုက်ရပါသည်။ ယခုဆောင်းပါးသည် ..နောင်အရှည်သဖြင့် ..စာဖတ်သူတို့၏ အကျိုးကို တစ်စုံတစ်ရာသော အတိုင်းအတာ ထိ ကောင်းကျိုးပြုနိုင်မည် ဆိုပါက …အထူးကျေနပ်မိမည်သာ ဖြစ်ပါကြောင်း ။

အပ္ပမာဒေါစ ဓမ္မေသု ..ဧတံ  မင်္ဂလ မုတ္တမံ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
မြန်မာ့ရိုးရာဗေဒင်  www.mahabote.org

Post a Comment
 

Posts Comments

©2006-2010 ·TNB