ကျွန်တော်တို့ခေတ် ဗေဒင်ပညာ

Friday, January 7, 2011

အတိတ်သမိုင်းတွင်  အားကြဖွယ်ရာ ကောင်းလှသည့် ဗေဒင်ပညာရှင် အမြောက်အများ ကို စာသိဖတ်ရှု လေးစားခဲ့ရပေသည်။ အနီးဆုံး သက်ဦးဆံပိုင်စနစ်ခေတ်တွင်ပင် အယူတော်မင်္ဂလာဦးနိုး နှင့် စလေဦးပုည .. စသောသူတို့မှာ ဗေဒင်ပညာရပ်များတွင် နှံ့စပ်လိမ္မာကြသော ပညာရှိ အကျော်ဒေးယျများ ဖြစ်ကြသည်။ သူတို့ခေတ် သူတို့အခါဝယ် .. နေလိုလလို ထွန်းပခဲ့ကြသူများ လည်း ဖြစ်သည်။
စာရှုသူတို့ ငယ်စဉ်ကာလ ကို ပြန်သွားရလျှင် ဆရာမင်းသိင်္ခသည် သည် စာရေးကောင်းသလောက် ၊ ဗေဒင်လက္ခဏာတွင်လည်း အလွန်မှန်ကန်သည် ဟု နာမည်ကျော်ကြားလှသည့် ပညာရှင် တစ်ဦးအဖြစ် စတင် သိရှိလာခဲ့ရသည်။ နောင်သောအခါတွင်လည်း ဆရာမင်းသိင်္ခ၏ ကျယ်ပြန့်သော ပညာပါရမီမှာ အံ့ဖွယ်အဆင့်တွင် သတ်မှတ်ထိုက်ကြောင်း တွေ့ရှိခဲ့ရပေသည်။ အလားတူပင် မြန်မာပြည် ဗေဒင်ပညာရှင် လောကတွင် ဗေဒင်ပညာကျော် အမြောက်အများ ပေါ်ထွက်လာခဲ့သည်။ ပညာဖြင့် အကျိုးကျေးဇူးပြုသော ပညာရှင်များလည်း များလှသည်။

စကားစပ်မိသဖြင့် ဆိုချင်သော အချင်းအရာတစ်ခုမှာ ဆရာဒဂုန်သည် မြန်မာပြည်တွင် ကျမ်းဂန်ဗေဒင်ဆိုင်ရာ စုဆောင်းဖြန့်ဝေသည့် ကျေးဇူးရှိသူ ဖြစ်သည်။ မြောက်များစွာသော .. ဆရာသမားပေါင်း များစွာထံမှ လိုက်လံရှာဖွေ စုဆောင်းပြီး .. တစ်ပြည်လုံးရှိ ပညာလေ့လာ ဆည်းပူးသူတို့ ထံ ကျယ်ပြန့်စွာ ဖြန့်ဝေပေးခဲ့သော ..ဆရာဒဂုန်၏ ကြိုးပမ်းမှုများသည် နှောင်းခေတ် ပညာရှာသူ လူငယ်များပေါ်တွင် ကျေးဇူးပြုသော အချက်တစ်ရပ် ဖြစ်သည်။

စာရေးသူ၏ အသိထဲတွင် စွဲမြဲစွာစိုက်ထူထားသော ဆရာသမား အချို့ အကြောင်း ဆက်ပြောရပါမူ ..ဆရာဦးမောင်မောင်သန်း (ရင်ကိုအေးမြစေသား) သည် ၊ စာပေဖြင့် ဗေဒင်ကျမ်းဂန်ဆိုင်ရာ အသိလမ်းစ ကို ပြတ်ပြတ်ထင်ထင် အမှန်ပင် ကျေးဇူးပြုနိုင်သော ပညာရှင်တစ်ဦး ဖြစ်သည်။ လျှပ်စစ်ဗေဒင် ဦးအုန်းသွင် ၊ ဆရာဦးမြတ်အောင် ဘီအက်စ်စီ(သစ်တော) ၊ ဒေါက်တာဗိုလ်လေး ၊ ဆရာဦးမြကြီး ၊ ဆရာမင်းကျော်ဇော် ၊ ဆရာဦးမောင်မောင်ကြည် စသော ပညာရှင်တို့မှာလည်း မြင်ဆရာအဖြစ် ကြည်ညိုရသော ပုဂ္ဂိုလ်ကြီးများပင် ဖြစ်ကြသည်။

စကားစပ်သဖြင့် ၀မ်းနည်းဖွယ်ရာတစ်ခု ..ကြုံခဲ့ရသည်မှာ ..အဆိုပါမြင်ဆရာအဖြစ် ကြည်ညိုရင်းစွဲ ရှိရသော ဆရာတို့ထဲမှ တစ်ဦးသောဆရာဖြစ်သူ နှင့် ဆုံမိရာတွင် ..ပြိုင်ဟောမလား အကြိမ်ကြိမ် စိန်ခေါ်ခြင်းကို ခံခဲ့ရဖူးပေသည်။ စာရေးသူမှာ အကြိမ်ပေါင်းများစွာ ယင်းသို့စိန်ခေါ်လာသည့်အခါ မည်ကဲ့သို့ ဆုံးဖြတ် ဖြေဆိုသင့်သည်ကို အချိန်အတော်ကြာ စဉ်းစားပြီးနေခဲ့ရပါသည်။ အခန်းထဲတွင် အတော်အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ ..၊ အရမ်း ကျယ်ပြန့် နက်ရှိုင်းလွန်းပါတယ် ဆရာ .. ဟူ၍သာ ပြောခဲ့ရပါသည်။ စိတ်လည်း မကောင်း ဖြစ်မိခဲ့ပါသည်။ မိမိကြည်ညိုလေးစား ရသော မိမိက မြင်ဆရာအဖြစ် အသိမှတ်ပြု ကြည်ညိုရသော ပုဂ္ဂိုလ်ကြီးမှ ယင်းသို့ စိန်ခေါ်လာသည့်အတွက် လည်း . ဘာမှ  ပြောလိုစိတ်  မရှိတော့အောင် ဖြစ်ခဲ့ရသည်။
ဗေဒင်ပညာ ကို အသုံးပြုရာဝယ်

ဗေဒင်ပညာဟူသည်မှာ လူအထင်ကြီးခံရရန် ၊ မှန်သည်ဟု လူပြောများရန်၊  ပြိုင်ဟောရန် သက်သက်  မဟုတ်ဟု စာရေးသူ ယုံကြည်မိပါသည်။ ဗေဒင်ပညာဟူသည်မှာ အတိတ်အကြောင်းကြောင့် မျက်မှောက်အကျိုး မည်သို့မည်ပုံ ဖြစ်တတ်ပုံကို ဥာဏ်ဖြင့် ဆင်ခြင်ပိုင်းဖြတ်ပြီး ၊ လာရောက်နာယူ  ဆည်းကပ်မေးမြန်းသူ၏ အကျိုးကို ရှေးရှုလျှက် လမ်းညွှန်လမ်းပြ ပေးရသော ပညာဟု သာ စာရေးသူ ယူဆမိပါသည်။ ဗေဒင်ဘယ်လောက်မှန်သလဲ ဟူသည်ထက် ဗေဒင်ပညာဖြင့် ဘယ်၍ဘယ်မျှ အကျိုးကျေးဇူးပြုနိုင်ခဲ့ပြီ  ဖြစ်သနည်းဟူသော အချက်ကသာ အဓိကကျနိုင်ပါလိမ့်မည်။

တစ်ခါက စာရေးသူသည် အထက်အညာမြို့လေးတစ်မြို့တွင် သန့်ရှင်းစင်ကြယ်စွာ ၀တ်စားလျှက် ဗေဒင်ဟောနေသော လူငယ်လေးတစ်ယောက်ကို မြင်သဖြင့် မနီးမဝေး သစ်ပင်ရိပ်မှ အကဲခတ်ကြည့်ရာ မဟာဘုတ်တိုင် နှင့် သုံးတန်ပေါ်နိစ်တိုင် နှစ်တိုင်ဖြင့် တော်တော်များများကို ဟောကြားပေးနေသည် ကို တွေ့ရလေသည်။ ကြားသိရသလောက် ဟောကွက်များမှာလည်း ကျမ်းပါအတိုင်း နှင့် လင်္ကာရွတ်ပြီး ရိုးရိုးမျှသာ ဖြစ်သဖြင့် အထင်သေးမိပေသည်။ သို့သော် အဆိုပါ လူငယ်လေးသည် ယတြာပေးသည့် အခါတိုင်း ဘုရားကျောင်းကန် ၏ ဘယ်နေရာ ဘယ်အစိတ်အပိုင်းကို ပြုပြင်ရန်အတွက် အလှုငွေထည့်ဝင်ပြီး ယတြာပြုရန်သာ လှုံ့ဆော်ပေးနေသည်ကို တွေ့ရလေသည်။

ယင်းအခါတွင်မှ စာရေးသူလည်း အမြင်ပြောင်းပြီး သာဓုခေါ်မိရပေသည်။ စေတနာအမှုသည် မျက်ကွယ်ပြုမရသော အချက်ပင်တည်း။ စာရှုသူများပင် ..စဉ်းစားတွေးခေါ်ကြည့်ပါလေ ။ ယတြာခ ဘယ်မျှဟူပြီး  ..လိမ်ယူနေကြသူ များ ဒုနှင့် ဒေးဖြစ်သော ယခုခေတ်အချိန်အခါ သမယတွင် ..တစ်ပဲခြောက်ပြား ဥာဏ်ပူဇော်ခလေးမျှဖြင့် တစ်နေကုန်ထိုင်ဟောနေပြီး ၊ ဘုရားကျောင်းကန် အလှုဒါနများ ကို ယတြာပြုစေရန် လမ်းညွှန်ပေးနေသော အကြင်လူငယ်ဗေဒင်ဆရာလေး သည် ..ပညာဖြင့် အကျိုးကျေးဇူးပြုနေသူသာ ဖြစ်ပေသည် ။


ထိမ်းထိမ်းသိမ်းသိမ်း နေရပါတယ်ကွယ်

ဗေဒင်ပညာဖြင့် အသက်မွေးရာတွင် အလွန်ဂရုစိုက်ရပါသည်။ မိမိက ဟောလိုက်သော ဟောကိန်းများသည် တစ်ဖက်သား၏ စိတ်ထဲတွင် ဥပါဒါန်အစွဲမျိုး ဖြစ်မသွားအောင်လည်း ထိမ်းထိမ်းသိမ်းသိမ်း ဟောဆိုပေး ရပါသည်။ တစ်ခါက ..စာရေးသူ ငယ်ဘ၀တွင် ..ဖခင်ဖြစ်သူ၏ မိတ်ဆွေ တနင်္လာသား တစ်ဦးကို စနေအထွက်တွင် မြောက်အရပ်သို့ ရေကြောင်းခရီးမသွားအပ် ၊ သွားသော် သေမည် ဟု ဟောခဲ့မိသည်။ အကြောင်း တိုက်ဆိုင်မှုကြောင့် ထင့် ..အဆိုပါ တနင်္လာသားမှာ စနေအထွက် တွင် မုံရွာကလေးဝ ဘက်သို့ စက်လှေဖြင့် ကုန်ကူးသွားရာမှ နစ်မြုပ်ဆုံးပါး သွားခဲ့ရာ ..စာရေးသူအား မသာဟော ဗေဒင်ဆရာ ဟု နောက်ပြောင်ပြောဆိုခြင်း ခံခဲ့ရလေသည်။ စာရေးသူထံသို့လည်း ဗေဒင်မေးမည့်သူ ထိုစဉ်က အတော်ပင် ရှားပါးသွားခဲ့လေသည်။ နောင်သော် ဗေဒင်ဆရာ နှုတ်စီးသည် ဟူသော စကားကို လက်ခံရမလို ဖြစ်လာခဲ့ပါသည်။ ငါသည် ဆိုးကျိုးကို မည်သည့်အခါမှ ယင်းသို့ မဟောလိုတော့ ဟု ဆုံးဖြတ်ကာ ယနေ့တိုင်  ဆင်ခြင်ရပါတော့သည်။

အလားတူပင် မိမိ၏ တွက်ကိန်းအရ သေချာတပ်အပ်  ရှိနေလင့်ကစား ဆိုးမည် / ကောင်းမည် ဟု ကျိန်းသေကံမ မဟောပြောသင့် ဟု ယူဆမိပါသည်။ အဘယ်ကြောင့်ဟူမူ ကာယကံရှင် ဇာတာရှင်၏ မျက်မှောက်ပြုသောကံ …တို့က ပိုမိုအစိုးရခြင်းကြောင့် ဆိုးကိန်းရှိသော်လည်း အဟောသိကံ ဖြစ်သွားနိုင်သလို ၊ ကောင်းကိန်းရှိလင့်ကစား အဟောသိကံ ပြုသွားတတ်ခြင်းကြောင့်ပင်တည်း ။

တစ်ခါက ဗေဒင်မေးသူတစ်ဦးက ဆရာ ကျွန်တော့်ကို ပြတ်ပြတ်သားသား ဟောပေးပါ ဟုဆိုလာသည်။ စာရေးသူက ပြတ်ပြတ်သားသား မဟောနိုင်ဘူးမောင် ၊ ဘာလို့လည်းဆိုတော့ မောင်ရင်ဘယ်လမ်းကို ရွေးပြီးလျှောက်မယ်ဆိုတာ ပြတ်ပြတ်သားသား ကိုယ်က ၀င်ဆုံးဖြတ်လို့ မရလို့ပဲ ။ အဲသဟာက မောင်ရင်သာ ဆုံးဖြတ်နိုင်မယ် ဟု ပြန်ဖြေခဲ့ရဖူးပေသည်။ အဓိကအားဖြင့် ထိုသူ့အား  မိမိကံသည် မိမိရွေးခြယ်မှုအပေါ် အဓိကမူတည်နေကြောင်း သိစေလိုခြင်း အတွက် ဖြစ်၏။

ဗေဒင်ဟောသူ ( ကံစစ်ဆေးပေးပြီး အကြံဥာဏ်ပေးသူ) ဆရာဟူသည် …မေးမြန်းသော ဇာတာရှင် ဖြတ်သန်းရမည့် ဘ၀ခရီးပေါ်မှ ကောင်းကွက် ဆိုးကွက် ၊ အားနဲချက် အားသာချက်များ ကို ထောက်ပြဝေဖန် ထိုက်သင့်စွာ အကြံဥာဏ်ပေးရုံသာ တည့် ။ ထိုခရီးကို မုချအမှန် ကိုယ်တိုင်ဖြတ်သန်းရမည်မှာ မေးမြန်းသော ဇာတာရှင်သာလျှင်ဖြစ်သည်။

လမ်းတွင် မည်သည့်နေရာတွင် ချောက်  ရှိနိုင်သည်။ မည်သည့်နေရာဝယ် အိုအေစစ်လေး ရှိနိုင်သည်။ မည်သည့်အကွေ့တွင် မည်သို့အရှိန်ထိမ်းသင့်သည် ။ မည်သည့် လမ်းခွတွင် မည်သည့်လမ်းကို ဆက်လျှောက်သင့်သည် ။ ရွေးသင့်သည် ။ စသည်ဖြင့် မြင်မိတွေ့မိ ဆင်ခြင်မိသမျှ အကြံဥာဏ်ပြုရုံသာ ။
လူလည်ကျတတ်သည့်  အချို့သော ဗေဒင်ဆရာများ

တစ်ခါတစ်ရံတော့လည်း ကံစစ်ဆေးပေးရင်း ဖြင့် ထိုဇာတာရှင်၏ အလွန်အားကြီးသော (ကောင်းမှု/ဆိုးမှု) ကံတို့ကို ထောက်ဆတွေ့မြင် သွားသည်တို့လည်း ရှိပေသည်။ အဆိုပါနေရာတွင် လူလည်ဖြစ်သော ပါးနပ်သည့် ဗေဒင်ဆရာ အချို့က ယင်းအချက်ကို ပိုင်နိုင်စွာ အသုံးချပြီး ၊ သက်ဆိုင်ရာဇာတာရှင်ဆီမှ အကျိုးအမြတ်ရအောင် ညှစ်ယူသွားတတ်ကြသည်။ အဘယ်သို့နည်း ။

ဥပမာအားဖြင့် ဇာတာတစ်စောင်ကို စစ်ဆေးပြီးနောက် ၊ မကြာမီ သည်ပုဂ္ဂိုလ်သည် အိမ်ထောင်ရေးတွင် အခိုက်အတန့် အညံ့ကြုံတော့မည် ၊ တစ်လခွဲမျှကာလအတွင်း ပြသနာအခိုက်အညံ့များ ထူပြော တော့မည်ကို သိနှင့်သည်ထား ။ ..ထိုအချက်ကို လက်ကိုင်ထားပြီး ... ၊ ခြေမျက်စိ ရေစိုတတ်ရုံ ကံလေးမျှကို ..တစ်ကိုယ်လုံးစွပ်ကနဲ မကြာမီ  မြုပ်တော့မလောက် ခြောက်လှန့်ဟောတော့သည်သာ ။

အဟောခံရသူမှာလည်း မယုံတစ်ဝက် ယုံတစ်ဝက် နေရာမှ ထိုဆရာဟောသည့်အတိုင်း သတ်မှတ်ထားသော ရက်အခိုက်အတန့်တို့တွင် အိမ်ထောင်ရေးမသာမယာ ဖြစ်လာလျှင် လန့်ဖြန့်လျှက် ..၊ အကြင်ဆရာလူလည် တောင်းသော ယတြာခ အဆောင်ခ ကို တောင်းသလောက်ပေးပြီး ..၊ အိမ်ထောင်ရေး မပြိုကွဲစေရန် ကာကွယ်မှု ပြုရတော့၏ ။ သည်ဆရာ အဟောမှန်သည် ဟုလည်း အထင်ကြီးရတော့သလို ကိုယ့်အိမ်ထောင်ရေး ကို ပြိုကွဲမည်ကိုလည်း ထိတ်လန့်ကြီးစွာ ဖြစ်ရတော့သည်သာ။ သည်လိုနှင့် အဆိုပါဆရာပေးလိုက်သော အဆောင်ကို ဆောင်၊ ယတြာကို ပြုဖြင့် …တစ်လခွဲမျှ အညံ့ကြုံပြီးနောက် ၊ အခြေအနေပြန်လည် ကောင်းမွန်သွားသည့် အခါ ..ယင်းဆရာအား တော်ပေစွတကား ၊ အားကိုးထိုက် ပေစွတကား ဟု ..စိတ်တွင် စွဲထင်ကာ ၊ အဖန်ဖန် ဆည်းကပ်မှုပြုပေတော့သည်။

အကြင်ဆရာ ပုဂ္ဂိုလ်မှာလည်း  နောင်သောအခါတွင်မှ သံတလင်းတွင် ခေါင်းပြူလျှက် ဒလိမ့်ဖြင့် အကျိတ်ခံပြီး ငရဲကျချင်ကျပါစေ ၊ မျက်မှောက်တွင် အနေအစား ချောင်သဖြင့် ..တွင်တွင်ကြီး ယင်းသို့ လာသမျှလူကို လူလည်ကျကာ စားပေါက်ထွင်တတ်ကြလေသည်။ (အမှန်စင်စစ်မူ ..သူပေးသော ယတြာကို ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ၊ အဆောင်ကိုလည်း ဆောင်သည်ဖြစ်စေ ၊ မဆောင်သည်ဖြစ်စေ ၊ တစ်လခွဲမျှကြာလျှင် အဆင်မပြေမှုများ ပပျောက်သွားမည်သာဖြစ်ပေသည်။ ) ဒါကို မသိသော ဗေဒင်မေးသူ၏ အားနဲချက်ကို ဗေဒင်ဆရာ ကိုလူလည်က ကောင်းစွာ အသုံးချလိုက်ခြင်းသာ ဖြစ်လေသည်။

သြော် ငရဲမကြောက်လျှင်ဖြင့် …စားပေါက်ချည်းသာ ဖြစ်သကိုး ။ မသိသူ များ  မြက်တောလိုထူသည့် သည်လိုခေတ်အခါ သမယမျိုးတွင် …ဆရာဦးအံ့( ဘုံဘေ၀ိဇ္ဇာ) ရေးသကဲ့သို့ပင် ၊ မြန်မာပြည်တွင် ..အလိမ်ခံလိုသဖြင့် သူ့ထက်ငါ အလုအယက် တန်းစီနေသူများ များလှသည်။ ပြည်အကျိုးယုတ်ဖို့ပင်တည်း ဟူသည့်နှင့်အညီ ..မဟုတ်တာ ကို အဟုတ်ထင်ပြီး ၊ အလိမ်ခံရမှ စားဝင်အိပ်ပျော် ကြသူများလေသည်။

ယတြာအစွမ်း နှင့် လူ့အစွမ်း

ဘယ်ဆရာ ဘယ်လောက်စွမ်းသနည်း ။ ဘယ်ယတြာဘယ်လောက်စွမ်းသနည်း ။ နာမည်ကြီးလျှင် ငါလည်း လုပ်မည်ဟူသော စိတ်သာများလျှက် ..အစွမ်းဟူသည်တို့ကို ငွေဖြင့်ဝယ်ရန် တစ်ကောက်ကောက်လိုက်ကြသဖြင့် ..ကိုယ်စွမ်းကိုယ်စလည်း ယုတ်လျော့ခဲ့ကြ များလှပြီ ။

ငါသာလျှင် အစွမ်း ဖြစ်၏။ ငါသာလျှင် တန်ခိုးဖြစ်၏။ ငါလုပ်လျှင် ဘာမဆိုဖြစ်ရမည် ဟူသော စိတ်ကိုမူ မွေးမြူရမည်ကိုပင် မသိကြသူ များသည့် ခေတ်ပါပေ ။ နိုင်ငံရပ်ခြားတွင် အလုပ်အကိုင် အဆင်ပြေလိုသည် ။ ယတြာတောင်း၏။ ကုန်ရောင်းကောင်းလိုသည် ယတြာတောင်း၏။ အတတ်ပညာ မပြည့်စုံ ။ စပီကင်က ချာတူးလန် ။ အဆင်ပြေပါလိမ့်မည် နိုင်ငံရပ်ခြားတွင် ။ မျက်နှာပေါက်က ဆိုး ၊ အပြောအဆိုက ပက်စက် ။ အင်း..ရောင်းသွက်ပါလိမ့်မည် ကုန်စည်တွေ ။

မှတ်သင့်ကြပေသည်။

ယတြာစွမ်းသည် လူစွမ်းကိုသာ မ၏ ။ လူမစွမ်းလျှင် ယတြာလည်း ကန်းသတည်း ။

ဗေဒင်လေ့လာသူများလမ်းညွှန်

ဘ၀တူဖြစ်သော လေ့လာနေဆဲအဆင့် ပညာရှာသူများအတွက် စာရေးသူ ပြောပြလိုသော အချက်တစ်ချို့မှာ … ကျမ်းအတိုင်း တစ်သွေမတိမ်း မသွားပါနှင့် ။ ကိုင်းကူးကိုင်းဆက် ဖြန့်ထွက်ပြီး တွေးမှသာ ဗေဒင်ပညာ၏ အရသာကို ထိတွေ့နိုင်၏။ သို့သော် ကျမ်းရိုးအခြေခံ အချက်အလက်များကို မူ မပစ်ပယ်အပ်။ ဥပမာအားဖြင့် ကျမ်းရိုးသည် ၁ ဖြစ်သည်ဆိုပါစို့ ။ မိမိက ၁+၂ ပြုတတ်ရမည်။ သို့မှသာ ၃ ဟူသော အရသာကို ခံစားထိတွေ့မိမည်။ ၁ ကို ၁ အတိုင်း ဆက်ပြီးထားပါက ၁ မှ ဆက်ပြီး တက်နိုင်လိမ့်မည်မဟုတ်ပါပေ။

အထူးသဖြင့် ဗေဒင်ပညာကို အမှန်တစ်ကယ် သိနားလည် လိုပါလျှင် ရိုးသားစွာ တွေးမြင်ခြင်းသည် အနှစ်ချုပ် လိုအပ်ချက်ဖြစ်၏။ ငါသည် လျှို့ဝှက်ရှားပါးသော သည်ပညာရပ်ကြီးကို ဆန်းဆန်းကြယ်ကြယ် တွေးမှ တွက်မှ တတ်တော့မည် ဟု ထင်လျှင် တက်တက်စင်အောင် လွဲပါလိမ့်မည်။ အရိုးသားဆုံးတွေးပါ ။ ဗေဒင်ပညာ တတ်မြောက်နိုင်ပါသည်။

အခြားတစ်ခုမှာ ထင်ယောင်မှား အမှားများကို ပြုပြင်ရန်လွယ်ကူသော စိတ်နှလုံးထားရမည်။ အချို့သော သိမှုအမှားများသည် မိမိတို့ ဥာဏ်တွင် ကာလရှည်ကြာ စွဲထင်ပြီး အမှန်ဟု အယောင်ဆောင် နေတတ်ကြသည်။ ယင်းအချက်များသည် ဗေဒင်ပညာရပ်ကို ရှေ့ဆက်တိုးပြီး မသိအောင် ပိတ်ဆို့ဆီးတားကြသည့် အဓိက အချက်များ ဖြစ်လေသည်။ အထူးသဖြင့် ဂြဟကာရက ခေါ် ဂြိုဟ်တို့၏ ပရိယာယ်ကို အမှန်အတိုင်း သိအောင် အဖန်ဖန် ကြိုးစားနေရမည်။ သိထားသည်များကိုလည်း မှန် မမှန် အချိန်တိုင်း လက်တွေ့တိုက်ဆိုင် စစ်ဆေးနေရမည်။

ဥပမာ ဆိုရပါမူ  လူတစ်ယောက် အိတ်ကြီးတစ်လုံးကို မနိုင်မနင်းထမ်းလာသည်  ဆိုပါစို့ ။ ယင်းသည် စနေဂြိုဟ်၏ သဘာဝဖြစ်ကြောင်း သိရမည်။ ထိုအိတ်ကြီးကို ပစ်ချလိုက်ချင်းသည် စနေမှ လွတ်ခြင်းပင် ဖြစ်သည်။  စနေသည် လောကတွင် ထမ်းထားရမည့် ၀န် မှန်သမျှ ကိုလွှမ်းမိုးနေခြင်း ဖြစ်ကြောင်း ကောင်းစွာ သိရှိထားရမည်။ ယင်းသို့ ဂြဟကာရက ကျယ်ပြန့်စွာ နိုင်နင်းသော အသိရှိပါမှ ဗေဒင်ပညာ တွင်လည်း သင်ယူတတ်မြောက် ထိုးဖောက်ချဲ့ထွင်နိုင်စွမ်းရှိသည်။ ပန်းချီဆရာသည် ဆေးရောင်စုံလင်စွာ အသုံးပြုခြင်းဖြင့် ..ပန်ချီးကားကို လှပခြယ်မှုန်း ရှုမဆုံးအောင် ရေးခြယ်နိုင် သကဲ့သို့ပင်   ၊  ဗေဒင်ဆရာ ဟူသည်မှာလည်း ဂြဟကာရက ကြွယ်ဝစွာ အသုံးပြုပြီး ဟောချက်ထုတ်မှသာ ပြည့်စုံညီညွတ်သော ဟောချက်မျိုးတို့ ရရှိလာနိုင်ပေသည်။ ဆေးမကောင်းလျှင် ပန်းချီကား  ပျက်ပြယ်ရတတ်သကဲ့သို့ပင် ၊  ဂြဟကာရက မှန်ကန်စင်ကြယ်ခြင်းမရှိလျှင် ဟောပြောချက်များသည်လည်း ချွတ်ချော်တိမ်းစောင်း မှားယွင်းစေသော အကြောင်းအမှန် ဖြစ်လေသည်။

ဂြဟကာရက သဘောကိုလည်း ကျမ်းရိုးပါ အတိုင်းမျှဖြင့် တင်းတိမ်ပြီးဟောနေပါမူ ..မဲပြာပုဆိုး ကဲ့သို့ ဘယ်သူလာလာ ဒါပဲ ဖြစ်နေပါမည်။ မိမိတို့ ဥာဏ်စွမ်းဖြင့် ခေတ်နှင့်လျော်ညီစွာ ပေါင်းစပ်ပြီး အသုံးချတတ်ရမည်။ ဥပမာဆိုပါစို့  တနင်္လာဂြိုဟ် သည် ယာဉ်ကာရက ဖြစ်သည်။ ရှေးအခါကမူ ဝေါယာဉ် ၊ မြင်းလှည်း ၊ နွားလှည်း ၊ စသည်…တို့ဖြစ်မည်။ ခေတ်အခါ ပြောင်းလာတော့ မော်တော်ကား ၊ သဘောင်္ ၊လေယာဉ် စသည်ဖြင့် ဖြစ်လာသည်။ တနင်္လာကို စနေက ပါဝင်ပတ်သက်လာလျှင် … (အဆိုးသဘောဖြစ်ပါက ) ယာဉ် ပျက်ဆီးမှု ၊ ထိခိုက်မှု ကို ဖော်ပြခြင်း ၊ (သင့်တင့်သော သဘောဖြစ်ပါက) ယာဉ်ဟောင်း ၊ ဟောင်းနွမ်းအိုမင်းနေသော ယာဉ် သို့မဟုတ် ခေတ်ဟောင်းကား/ဆိုင်ကယ် စသည်ကို ဖော်ပြကြောင်း သိရမည်။ တစ်ခါတစ်လေတော့လည်း စနေနှင့် တနင်္လာ၏ ပတ်သက်မှုက ကပ်သီးကပ်သတ်နိုင်စွာ လှလှပပ ဆက်နွယ်နေတတ်သေးသည်။ စနေသည် ခြေအောက်ပိုင်း နှင့် ဖိနှိပ်ရမှု ၊ ဖိနင်းရမှု များကို ဖော်ပြပြီး ယာဉ်ကာရကဂြိုဟ် တနင်္လာဖြင့် အကျိုးပြုသော သဘောပေါင်းစပ်လာသည့်အခါ ခြေနင်းစကိတ်ကဲ့သို့ အသေးစား ယာဉ်ငယ်ကလေးကို ၀င်လာစေကြောင်း တွေ့ရလေသည်။ ယင်းသို့ ...လောကသဘာဝနှင့် ခေတ်စနစ် ပတ်ဝန်းကျင် ဒေသ အလျောက် ဂြဟကာရကများကို ဆက်စပ် သိမြင်နိုင်ရမည်။ (ကောင်းသောသဘော ဖြစ်သော တနင်္လာနှင့် စနေ ဆက်စပ်ခြင်းမျိုးသည်)   ယာဉ်ကား တစ်စုံတစ်ရာကို အမွေအနှစ်ကဲ့သို့ ရခြင်း ၊ အလကားရခြင်း မျိုး ဖြစ်စေသည်။ သာမန်အနေအထားမျှ ဖြင့် တနင်္လာနှင့် စနေ ဆက်နွယ်နေမှုသည် .လိုင်စင်မဲ့ ယာဉ်ကားများကို ဖြစ်စေသည်။ (အဆိုပါ တနင်္လာနှင့် စနေ ဆက်နွယ်မှု သည် ဇာတာရှင် တစ်ဦးတစ်ယောက်ကို ဆိုးကျိုးပေးတော့မည် ဆိုပါစို့ ။ လိုင်စင်မဲ့ ယာဉ် ကြောင့် ဘေးဒုက္ခရောက်ခြင်းမျိုး ကြုံတွေ့ရစေတတ်ပေသည်။

ယင်းသို့ပမာတူပင် အခြားအရာများ အခြား ဂြိုဟ်များကိုလည်း ဆက်စပ် တွေးခေါ် သုတေသနပြုသင့်သည်။ သို့မှသာ ခေတ်နှင့်လျော်ညီပြီး ..အသုံးဝင်သော ဟောချက်များ ဖြစ်လာနိုင်သည်။ သို့မဟုတ်ပါမူ …ကျမ်းရိုးအတိုင်းသွားနေပါက ..ဟောကွက်ဟောစရာ ခေါင်းပါးပေလိမ့်မည်။ ရှေးပညာရှိတို့က  ဆန်ကိုပေးခဲ့ပေပြီ။ ထမင်းဖြစ်အောင်တော့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်နိုင်ကြရန်လိုသည်။ ဆန်ကို အစိမ်းကိုက်စား နေသမျှတော့ ထမင်းအရသာကို ထိတွေ့နိုင်မည် မဟုတ်ပါပေ။

အမှားများကို ပြန်လည်ရှာဖွေ ပြုပြင်ခြင်း

ဗေဒင်လေ့လာသူတစ်ယောက်အတွက် သူ့ဦးနှောက်ထဲတွင် စွဲမြဲနေသော ၊ ကာလရှည်ကြာ ခြေကုပ်ယူထားသော မှားယွင်းသော အသိအစွဲများသည် ကြောက်ဖို့အကောင်းဆုံးသော ပညာဖျက်/ပညာမတက် စေသည့် အကြောင်းတရားများ ဖြစ်လေသည်။ ဥပမာအားဖြင့် ... ဗုဒ္ဓဟူးသည် လင် ဟု ယူဆသော ၊  (ယ/လ/၀) နံသင့် သဖြင့် လင်ဟုယူဆသော ..၊ အယူအဆမျိုးသည် ကြောက်မက်ဖွယ်ရာ အမှားမျိုးဖြစ်သည်။ ၄ဟူးမကောင်းလျှင် လင်မကောင်း ဟု ယူဆခြင်း လင် နှင့် ပတ်သက်သော ဆိုးကျိုးဟောဆိုခြင်းများမှာ သဘာဝမကျသော အချက်များပင်ဖြစ်သည်။ ၄ဟူးသည် ကျားအတွက် ဖြစ်စေ ၊ မအတွက်ဖြစ်စေ လိင်ဆက်ဆံဖက် အဖော် ကို ဖော်ပြသည်။ တစ်ဦးနှင့်တစ်ဦး .. လင်နှင့်မယားလည်း တော်စပ်ချင်မှတော်စပ်မည်။ ကြေးစားမိန်းကလေးတစ်ယောက်နှင့် စပ်ယှက်ခြင်းသည်လည်း  ၄ဟူးမှပင် လွှမ်းမိုးသည်။ ထို့အတူ .. အမျိုးသားတစ်ယောက်အတွက်လည်း ၄ဟူးဂြိုဟ်သည် ..သူ၏ လိင်ဆက်ဆံဖက်( မိန်းကလေး) ကို ဖော်ပြသည်။ ဒါကိုသွားပြီး ၄ဟူးကို ကျားအတွက် လင်ဟု သွားသုံးမည်လော ။ မဖြစ်။ ၄ဟူးသည် ..သက်ဆိုင်ရာ ဇာတာရှင် ၏ ထိပ်တိုက်တွေ့ဆုံရမည့် ရန်သူ သို့မဟုတ် မိတ်ဆွေကို ဖော်ပြသော ဂြိုဟ်ဖြစ်သည်။

အမှန်စင်စစ်မှာမူ  ..အနောက်တိုင်းအယူအဆများဖြစ်သော တနင်္ဂနွေ သည် အမျိုးသား (ခင်ပွန်း) ၊ တနင်္လာသည် အမျိုးသမီး (ဇနီး) ဟူသော ယူဆချက်သည် အလွန်မှန်ကန်ပြီး ကြောင်းကျိုးညီသော ယူဆချက်ဖြစ်သည်။ ယနေ့ခေတ်လက်ဆန်းပညာကို လက်ရိုးသမားများ က နှိမ်ချကြခြင်းမှာ ဂြိုဟ်တို့၏ သဘာဝကို စင်ကြယ်အောင် အသုံးမပြုကြခြင်းကြောင့်လည်း အဓိက ပါဝင်ပေမည်။

ဒီစာပိုဒ်များအတွက် မောင်ဖုန်းကို လူမုန်းများကောင်းများပေမည် ကို ကြိုသိပါသည်။ အထူးသဖြင့် .အဆိုပါကဲ့သို့ ၄ဟူးကို လင်ဟု ..အစွဲသန်နေသကဲ့သို့ ..၊ အရာရာကို အက္ခရာနံသင့်အလိုက် …ကောက်ယူပြီး ဂြိုဟ်ဟု သတ်မှတ်ဟောဆိုဖို့သာ စိတ်သန်နေကြသူများက မောင်ဖုန်းကို မုန်းကြပေလိမ့်မည်။ မုန်းချင်လည်းမုန်း ၊ ပြုံးချင်လည်း ပြုံးပေတော့ ၊ နှောင်းလူများ အတွက် ဝေ့လည်လည်ဖြင့် ကျမ်းမဝေးရအောင် လမ်းကလေးတော့ မောင်ဖုန်း ထားခဲ့မည်။ ၄ဟူးသည် လင်မဟုတ် ။

ယင်းသို့ဖြင့် ဂြဟကာရကများကို စင်ကြယ်နိုင်သမျှ စင်ကြယ်အောင် မိမိတို့အသိထဲတွင် အဖန်ဖန် ဆန်းစစ်ရှာဖွေပြီး မှားယွင်းနေသည်ကို တွေ့ရှိပါက အမှန်ကို ပြုလွယ်ပြင်လွယ်သော စိတ်သဘောထား ရှိသင့်ပေသည်။ သို့မှသာ ပညာရပ်ပိုင်းတွင် ဖောက်သလောက် ပေါက်ပြီး ၊ ထဲထဲဝင်ဝင် ရောက်ရှိ နိုင်ပေမည်။

ယနေ့ခေတ် ကျွန်တော်တို့ခေတ် ဗေဒင်ပညာသည် ရှေးကနှယ် မထက်မြက်တော့လျှင် ကျွန်တော်တို့တွင် အပြစ်ဖြစ်ပေမည်။ မြန်မာ့ဗေဒင် ပညာများကို  တိုင်းတစ်ပါးသားများ ကပင်လျှင် လေးစားလာနိုင်ရန် ၊ ကျယ်ပြန့်စွာ အသိမှတ်ပြုလာနိုင်ရန် အတွက် ..မြန်မာပြည်သား  ဗေဒင်ပညာ လေ့လာနေသူတိုင်း တွင် တာဝန်ရှိသည်သာ ဖြစ်ပါကြောင်း …ဆိုရင်းဖြင့်…..။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB