ခြေရာကောက်လို့ လိုက်ခဲ့သည်

Monday, February 14, 2011

(၁)
အမှတ်ရမိနေသေးသော  စကားစုလေးကတော့  ( နောက် … ပဲ ) ဟူသတည်း ။  ၂၀၀၀  ခုနှစ် အချိန်တွင်  ကျွန်တော် တာချီလိတ်မြို့တွင်  .. ရှိနေရဆဲဖြစ်သည်။ တာချီလိတ်မြို့သည် ထိုင်းနှင့် နယ်စပ်မြို့ကလေး ဖြစ်ပြီး ၊ လောင်းကစားမှု လည်း အလွန်များပြားသော မြို့တစ်မြို့ဖြစ်သည်။ အဲသည့် အချိန်တွင် .. ကျွန်တော့်တွင် ဗေဒင်သင်ပေးနေရသော တပည့်မိတ်ဆွေ တစ်ဦးရှိသည်။  ကိုအောင်မင်းသိန်း (ခ) အကွမ် ဟူသော တရုတ်လူမျိုး ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ကျောင်းဆရာလေး တစ်ဦးကို  ဗေဒင်ပညာ သင်ကြားပေးနေချိန်ဖြစ်သည်။



ထို တပည့်မိတ်ဆွေ ဖြစ်သူ အကွမ် ၏ မိတ်ဆွေ အချို့သည်  သုံးဆယ့်ခြောက်ကောင် လောင်းကစားကို ခုံခုံမင်မင် ပြုလုပ်ကြသူများ ဖြစ်သည်။ ဒီမှာပဲ  … အတိတ်နိမိတ်များအကြောင်း  အကွမ်အား သင်ကြား ပြောပြပေးနေရင်း  သုံးဆယ့်ခြောက်ကောင် အတိတ်စိမ်းကို   သူတို့က  ကောက်ပြီး ဘာကောင်လည်း ဆုံးဖြတ်ပေးရန် တောင်းဆိုလာလေသည်။ ကျွန်တော်က သုံးဆယ့်ခြောက်ကောင်ကိုလည်း နားမလည်ကြောင်း ၊ မည်သည့်အချင်းအရာကိုပဲဖြစ်စေ သေချာပိုင်နိုင်စွာ ကျေညက်အောင်လေ့လာ သုံးသပ်ခြင်း ၊ အဖန်ဖန် လက်တွေ့ဆန်းစစ်ခြင်း များပြုပြီးမှသာ  ဆုံးဖြတ်လုပ်ကိုင်သင့်ကြောင်း ပြန်ရှင်းပြ ရသည်။  သို့သော် .. ရုတ်တရက်တွေ့လိုက်ရသည် က  ထိုမိတ်ဆွေတစ်ဦး၏ မျက်နှာပေါ်မှ အထင်အမြင် သေးသည့် စိတ်ဖြစ်သည်။ စာရေးသူသည်  ထိုစဉ်က ငယ်ရွယ်စဉ်သာ ဖြစ်သေးခြင်းကြောင့် .. စိတ်ကလည်း  မခံချင်စိတ် ကျိတ်ပြီးဖြစ်လာသည်။ ဒါဖြင့် ..ကဲ ပြောစမ်းဗျာ ..အတိတ်စိမ်း  ဟူပြီး မေးလိုက်မိလေသည်။

အတိတ်စိမ်းဟူသည်မှာ    ဖွက်ထားသော သုံးဆယ့်ခြောက်ကောင်  ထဲမှ အကောင်တစ်မျိုးမျိုး၏  ပရိယာယ်ကို ဥာဏ်ဖြင့်ဖော်ယူနိုင်ရန် ပေးထားသော သဲလွန်စ စကားစုလေးမျိုး ဖြစ်သည်။ ဒါကို ကျွန်တော်က ဗေဒင်ဖြင့်ကောက်ယူဆုံးဖြတ်ပေးရမည်။ အင်း ….  မှားရင်တော့ ကိုယ်တိုင်ပါ သိက္ခာကျ ရုံတင်မဟုတ်  ..  မြန်မာ့ရိုးရာ ဗေဒင်ပညာကိုပါ အထင်သေးခံရဦးတော့မည်။ မှန်ရာကို ၀န်ခံရလျှင် ကျွန်တော်နဲနဲ ရင်ခုန်နေခဲ့မိပါသည်။ နောက်တစ်ခုကတော့ …ကျွန်တော်သင်ပေးနေသော ကျောင်းဆရာလေး အကွမ်၏ ရှေ့တွင် ..အထင်သေးခံရမည်ကို ကျွန်တော် ကြောက်နေမိကြောင်း ၀န်ခံရပေမည်။

(၂)
ထိုစဉ်က အတိတ်စိမ်းကို ကျွန်တော် အားလုံး မမှတ်မိတော့ပါ။  မမှတ်မိသည့် အကြောင်းအရင်းကလည်း ရှိသည်။  စကားစုအားလုံးကို ခြုံပြီး ထိုစဉ်က ကျွန်တော် ကောက်ချက်ချခဲ့မိသည်  မဟုတ်ပဲ …အစ စာလုံး နှင့် အဆုံးစာလုံး နှစ်ခုကိုသာ ကောက်ချက်ချမိခဲ့ခြင်းကြောင့်  ၊ ထိုအစ နှင့် အဆုံးကို သာ ယခုအချိန်တွင် မှတ်မိနေပါတော့သည်။ အစစာလုံးမှာ  (နောက်) ဖြစ်ပြီး ၊ အဆုံးစာလုံးမှာ (ပဲ) ဟူ၍ ဖြစ်လေသည်။

အစစာလုံးကို တွေးမိပုံ

အစစာလုံးတွင်  နောက် ဟူသော ပညတ်တွင်  .. န အက္ခရာသည် .. ဟေဌအုပ်စုဝင် အမင်္ဂလာ အက္ခရာ မျိုး ဖြစ်သည်။ လူနှင့် တိရိစ္ဆာန် ခွဲရာတွင် ၄င်းသည် တိရိစ္ဆာန် အက္ခရာမျိုး ဖြစ်သည်။ ထို့ကြောင့် အစတွင်  အမင်္ဂလာ ဖြင့် စထားသည်။ တိရိစ္ဆာန်မျိုးဖြစ်သည် ..ဟူသော သဲလွန်စအချို့ ကျွန်တော်ရသည်။

အဆုံးစာလုံးကို ဆက်လက်တွေးမြင်ပုံ

အဆုံးစာလုံးမှာ  ပဲ  ဖြစ်သည်။  ပဲဟူသောပညတ်တွင်  ပ အက္ခရာသည် ဥပရအုပ်စုဝင်  မင်္ဂလာ အက္ခရာမျိုး ဖြစ်သည်။ ပဲဟူသော ပညတ်တွင်  ထူးခြားသော အချက်မှာ နောက်သို့ပစ် သရဖြစ်သည်။

ခြံငုံသုံးသပ်ပုံ

ကောင်းပြီ ။ နောက် ..ပဲ  ဟူသော စာလုံးနှစ်လုံးကို ကြည့်သော် ၊  အစတွင် အမင်္ဂလာဖြင့် စပြီး ၊ အဆုံးတွင် မင်္ဂလာဖြင့် အဆုံးသတ်ထားကြောင်း ထင်ရှားစွာတွေ့ရှိရမည်။ အစစာလုံးသည်  တိရိစ္ဆာန်မျိုး ဖြစ်သဖြင့် ..သတ္တ၀ါများထဲမှ စဉ်းစားမည်။  ဘယ်လိုသတ္တ၀ါမျိုးဖြစ်မလဲ ။

အမင်္ဂလာကနေ  မင်္ဂလာဖြစ်စေမယ့် သတ္တ၀ါ ၊ တနည်းအားဖြင့်   ..တိရိစ္ဆာန်တော့  တိရိစ္ဆာန် …မင်္ဂလာရှိသော တိရိစ္ဆာန် သတ္တ၀ါ မျိုး ဖြစ်ရမည် ဟု ကျွန်တော် ဆုံးဖြတ်ယူဆလိုက်ပါသည်။ ဒီနေရာမှာ နောက်ဆုံးအဆင့် ကျွန်တော့်ဥာဏ်ထဲမှာ ထူးထူးခြားခြား မြင်မိနေတာက  ..ပဲ ဟူသော ပညတ်မှ ..နောက်သို့ပစ် ကလေးပဲ ဖြစ်သည်။  သရများ၏ အနက်အဓိပ္ပါယ် ကို  ကျွန်တော် အလွန်စိတ်ဝင်စားပြီး လေ့လာနေခြင်းကြောင့်လည်း  ပါပေမည်။

အမင်္ဂလာကနေ မင်္ဂလာဖြစ်လာတာကိုမှ  နောက်သို့ပစ်ကလေးနှင့် (ပဲ) ဟူပြီး ၊ နောက်သို့ပစ် ၏ အကူအညီဖြင့်  မင်္ဂလာဖြစ်ရမည့် မင်္ဂလာရှိသော တိရိစ္ဆာန် သတ္တ၀ါ … အင်း …ဘာကောင်များဖြစ်မလဲ ။   ဒါနှင့်  သုံးဆယ့်ခြောက်ကောင်မှာ ဘာကောင်တွေပါသည်ကို သေချာမသိသော ကျွန်တော်က သူတို့ကိုပဲ ..ပါသည့်အကောင်တွေကို ရွတ်ပြခိုင်းရသည်။  သူတို့ရွတ်ပြသည်ကို နားထောင်ရင်း တစ်နေရာအရောက်တွင် ..ကျွန်တော်အတွေးထဲ လက်ကနဲဖြစ်သွားသည်။

(၃)
ဟိုးထား…ဟိုးထား… ၊ ခုနကပြောလိုက်တာ ဘာ တဲ့ ဘာကောင်တဲ့ ပြန်ပြောပါဦး ။
ဒေါင်း လေ ။
အင်း ရပြီ။  အဲဒါထွက်မယ်ဗျာ ။ ဒေါင်းပဲ ။
ကိုယ်စားလှယ်ကောင်ကော ထိုးရမလား ။
မလိုဘူး …  ဒေါင်းဆိုမှ    ဒေါင်းပဲ ။

သည်တစ်ခါတော့ ကျွန်တော် စွတ်တင်ပြီ ဖြစ်သည်။ ကျွန်တော့်ကို ကျွန်တော်ထက်ပင် နာမက္ခရဆန်းခေါ် နာမည်တွေ၏ အလုပ်လုပ်တတ်သော သဘာဝကို ပိုယုံသည်။ ဒေါင်းဟု ကျွန်တော် ဘာကြောင့် ဆုံးဖြတ်ရသနည်း။ ဒေါင်းသည် မြန်မာလူမျိုးတို့အဖို့ မင်္ဂလာဟုသတ်မှတ်ထားသော ..ငှက်ကျေးတိရိစ္ဆာန် သတ္တ၀ါ တစ်မျိုးဖြစ်သည်။ အထူးသဖြင့်  သူ့အမြီးလေးကို နောက်သို့ပစ် ပြီး  ဖြန့်ကျက်လိုက်သည့်အခါ အလွန်ကျက်သရေရှိ မင်္ဂလာရှိလှပေသည်။ ပအက္ခရာ  တွင် နောက်သို့ပစ်သရလေးနှင့်  မင်္ဂလာရှိလာမည့် တိရိစ္ဆာန် သတ္တ၀ါ ဟူသည်မှာ အမြီးလေးကို နောက်သို့ပစ် ၍ ဖြန့်ကျက်ပြီး  မင်္ဂလာရှိလှ တင့်တယ် လှသော ဒေါင်း ကလေးပင် ဖြစ်ရပေမည်။

တစ်ကယ်တော့ ကျွန်တော် ရိုးရိုးသားသားတွေးလိုက်ခြင်းပင် ဖြစ်သည်။  ဗေဒင်ပညာတွင် ရိုးရိုးတွေးခြင်းသည် လမ်းအမှန်ဆုံးဖြစ်သည်။ နောက်ဆုံးတစ်ချက် စစ်ကူအဖြစ် တောင်းလိုက်ရသည် ကတော့ …အင်္ဂ၀ိဇ္ဇာအခါတိုင်ပညာပင်ဖြစ်သည်။ ကျွန်တော်သည် မေးခွန်းကို ဖြေရန်ကြိုးပမ်းနေချိန်မှာ အင်္ဂါအခါတိုင် ဖြစ်သည်။ န၀င်းစီးနေသော အားအကြီးဆုံးဂြိုဟ်သည် စနေဂြိုဟ်/စနေနံ ဖြစ်ခြင်းကြောင့် …(ဒေါင်း) ဟူသော အဖြေသည် ..မြေကြီးကို လက်နှင့် ပုတ်သည်ကမှ .. အရှိန်လွန်လျှင် လွဲပြီး  နဖူးနှင့်ဆောင့်မိဦးမည်။  သည်အဖြေသည်ကား မလွဲနိုင်တော့ပြီတည်း ။


(၄)

ထွက်ပါသည်။ ဒေါင်း တည့် ။ ပေါက်ကျသည် ။ ယုံကြည်သလောက်အတိုင်းအတာ အရ ကိုယ်စီ ကိုယ်စီ ။  မထိုးသော လောင်းကစား မလုပ်မိသော ကျွန်တော်ကမပေါက်။  မပေါက်သဖြင့်လည်း ၀မ်းမနဲ။ ထို့အတူ နောင်သောအခါတွင်လည်း ကျွန်တော် မခံချင်စိတ်မျိုးဖြင့် သည်အမှားမျိုး မလုပ်လိုတော့ပါ။  မှန်သဖြင့် အကျိုးခံရစားရသည့်တိုင် အကျိုးကျေးဇူးကို သိတတ်သသူ နဲလှသည်။ မှားသော် ကျွန်တော်သည် လည်းကောင်း ပညာရပ်သည်လည်းကောင်း လက်ညှိးထိုးအပြစ်တင်စရာ ဖြစ်ကျန်ရစ် ခဲ့ပေမည်။

ကျွန်တော်ကြောင့် သူတို့တွေ ပေါက်ကျ  ချမ်းသာရာရကျသည်။ ကုသိုလ်ရပေမည်။ ကျွန်တော်ကြောင့် ဒိုင်ခမြာ လျော်ရပြုရ ဆင်းရဲရာ ကျရောက်သည်။ အကုသိုလ် မကင်းပေတကား ။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB