မောင်နှင့်မယ် ရွှေလည်တွဲနိုင်ဖို့ စာစု(၃)

Monday, February 21, 2011


ယောက္ခထီး နှင့်  သတို့သားလောင်း


ခက်သည် ။ တူနှစ်ကိုယ် ချစ်လမ်းဖောက်ပြီးခါမှ ..၊ ယောက္ခမလောင်းတွေ က မကြည်ဖြူပြန်လျှင် .. ထိုလမ်းလေးပေါ်တွင် .. ဗွီအိုင်ပီလာသဖြင့် လမ်းပိတ်ထားခြင်း ခံလိုက်ရသည့်နှယ်  ကိုးလို့ကန့်လန့် ဖြစ်ရ တတ်ပြန်သည်။ အထူးသဖြင့်   အမျိုးသားတွေအဖို့ ယောက္ခမလောင်းတွေက တွေ့ဖို့ ခေါ်သည့်အခါ တော်တော်လေး တင်ကြို လေ့ကျင့် သွားရတတ်စမြဲပင်။ အကြောင်းကတော့ လမ်းပိတ် ထားခြင်း ခံရမည်ကို စိုးရွံ့ရခြင်း  အတွက်ပါပေ ။


အထူးသဖြင့် ယောက္ခထီး နှင့် မျက်နှာခြင်း ဆိုင်ရမည့်အရေးမှာ အမျိုးသားတစ်ယောက်အတွက် .. ငါးပူတင်း  ဟိုဒင်းကြား (ချိုင်းကြား / ခါးကြား ) တွတ်နေသလို မနေတတ် မထိုင်တတ်စရာ တစ်မျိုးပင်ဖြစ်သည်။ အဆင်ပြေမှပြေပါ့မလား ဟူသော အတွေး သည်  သွားမတွေ့မီ တစ်ရက်တွင် အနှိပ်စက်ဆုံး အတွေးတစ်မျိုး ဖြစ်၏။ တေ့တေ့ဆိုင်ဆိုင်  တွေ့ကြရပြန်တော့လည်း  ပေါင်နှစ်လုံးကြား လက်ကန်တော့ ထိုးပြီး ..ဘာပြောလို့ ပြောရမှန်းကမသိ ။ ချစ်သူကတော့ အားပေးရှာသည် ။ သို့သော် သူကလည်း မရဲတရဲ ။ သူ့အဖေမျက်နှာ သူ အရိပ်အကဲ တစ်ဖမ်းဖမ်းနှင့်ရယ်သာ။ ဒီတော့ မဟာပုရိသ အမျိုးကောင်းသားတို့ခမြာ .. ယောက္ခထီးအလိုကျအောင် အပိုးကျိုးကျိုး ၊ လိမ်တိမ်တိမ်မာတာတာ စတိုင်လေး ဖမ်းသွားရသည်။ ဟုတ်ကဲ့ ။ ဟုတ်ကဲ့ ဟူသော ဂါထာလေးကိုလည်း ရွတ်တတ် ဖတ်တတ်မှ အဆင်ပိုပြေမည်။ ဒီလိုမှ မဟုတ်ပဲ အေးဗျ ၊ အေးပေါ့ ။ အင်း အင်း အင်း နှင့် လုပ်မိလျှင် ..သမီးမရဘဲ ၊ ဆောင့်ကန်ခံရဖို့ များပေမည်။

တစ်ချို့ ယောက္ခထီးမျိုး ကြတော့လည်း  နားလည်မှု ရှိတတ်သည်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် မှန်တမ်းလေး ဆက်ဆံမည်။ မေးသင့် မေးထိုက်တာလေး မေးမည်။ ဒါတောင် မျက်နှာကတော့ ရှုတင်းတင်းရယ်သာ   ဖြစ်ဖို့များသည်။ သြော် ..သူက သမီးပေးရမှာကိုး ။ ဂလောက်တော့ ရှိမှာပေါ့။ ဒါကို ကိုယ့်ဆရာတို့ဘက်က နားလည်ပေးဖို့လည်း လိုသည်။ ကိုယ်ချင်းစာ နိုင်ဖို့ လိုပေလိမ့်မည်။ ဒီလောက်လေးမျှ ကို  ကိုယ်က ပုံကြီးချဲ့ပြီး ချစ်သူကို မင်းအဖေက ဘာကြီးလဲ ကွာ ၊ မမိုက်ပါဘူး ၊ ဘာညာ သာရကာ လျှောက်အပြစ်တင်လို့ မသင့် ။  သမီးပေးရမည့်ခံစားချက်မှာ လည်း ယောက္ခထီးလောင်း အမျိုးသား တစ်ဦးအဖို့ အီတစ်တစ် နှင့် ရီမဖြစ်ငိုမဖြစ်သည့် ခံစားချက်တစ်မျိုး ပေကိုး။
ချစ်ကြည်ရေး လုံ့လ

..အမျိုးသမီးတစ်ယောက်၏ ဘ၀တွင် အပျိုဘ၀ ကာလတစ်လျှောက်လုံး …သူမကို အုပ်ထိမ်း စောင့်ရှောက်ပေးသော ဖခင်သည် (မိခင်ထက် ဖခင်က ပိုမိုအစိုးရ၏။) သူမအတွက် အားကိုး အားထားပြုရာ ..အရိပ်အာဝါသပင် ဖြစ်သည်။ ဖခင်သည်ပင်လျှင် သူမဘ၀အတွက် အရံအတား ၊ တံတိုင်းများ ဖြစ်သည်။ ထိုတံတိုင်းအတွင်းတွင် သူမသည် ရှင်သန်နေထိုင်ခဲ့ရပေမည်။ အိမ်ထောင်သည် ဘ၀သို့ ကူးပြောင်းသွားသည်နှင့် အဆိုပါတံတိုင်းသည် သူမနှင့် မဆိုင်တော့ပေ။ သူမဘ၀ကို ခင်ပွန်း လင်ယောကျာ်းဖြစ်သူ၏ တံတိုင်းများက ကာရံပေးလိုက်သည်။ ထိုခင်ပွန်းလင်ယောက်ျား ဖြစ်သူ၏ အရိပ်အာဝါသ ကို အားကိုးအားထား ပြုရသည့် လောကဓမ္မတာ ရှိပေသည်။ ဒီတော့ ယောက္ခထီးတွေ ဘက်ကလည်း တွက်ကြရသည်။ ဒီကောင် အချိုးပြေပါ့မလား ၊ ဘယ်လိုကောင်စားလဲမသိ ၊ ငါ့သမီး ကိုကော သစ္စာရှိပါ့မလား ။ ငါ့လိုပဲ အကျင့်တွေရှိနေမလား ၊ ယောကျာ်းကောင်းဖြစ်လွန်းနေမလား ၊ စီးပွားကော ရှာတတ်ပါ့မလား ။ လူကြီးသူမကိုကော သိတတ်ပါ့မလား ..စသည်..စသည်…ထည့်တွက်စဉ်းစားသည်သာ ။ ဒီတော့  အကဲခတ်ဆဲအဆင့်တွင် ပြုတ်ကျမသွားရန် အတော် အရေးကြီးပေမည်။

စာရေးသူ၏ မိတ်ဆွေ တစ်ယောက်ရှိသည်။ ယောက္ခထီး နှင့် တစ်စက်မျှ မသင့်သူ ။ မရခင်ကတည်းက  မျက်နှာကျော မသင့် ။ သဘောမတူသည့်ကြားက ဇွတ်ယူ ။ အိမ်ထောင်မှုထူထောင်ပြီးသည် အထိ ယောက္ခထီးနှင့် ပဋိပက္ခက လျော့မသွား ။ ဟိုကလည်း မတတ်သာသဖြင့်သာ တရားစွဲမရသဖြင့် ဒီသားမက်ကို လက်ခံလိုက်ရသည် ။ ဖြစ်နိုင်လျှင် ဟိုးခေတ်တုန်းကလို ဘိန်းထုပ်ပစ်ပြီး ထောင်ချ ထားလိုက်ချင်သည် ဟု ဆို၏ ။ စာရေးသူ၏ မိတ်ဆွေကလည်း အရွဲ့တိုက်ရမှ စားဝင်အိပ်ပျော်သူ မို့ ..ညတိုင်း ညတိုင်း ယောက္ခထီး အိမ်ရှေ့တွင် အောင်ပြီ ..အောင်ပြီ ..ဟူပြီး သွားသွားအော်လေသည်။ သြော်  … ရွှေမေတ္တာ အပြန်အလှန်  ထားကြပုံများ …  ပြောပါတယ်။

သည်လိုအခြေအနေမျိုးတွင် စိတ်ဆင်းရဲရမည့်သူကတော့ ကာယကံရှင်မိန်းကလေးပဲ ဖြစ်သည်။ တစ်ဖက်က တစ်သက်လုံး  ကျွေးမွေးစောင့်ရှောက်လာပြီး ..  ရိုသေသမှု ပြုရသည့်  ဖခင် ၊ တစ်ဖက်က ကြည်ဖြူနှင်းဆက် ယုံကြည်ချက်ဖြင့် ဘ၀လက်တွဲဖော်  ဖြစ်လေသူ ။ ကဲ ..မခက်လော ။ သင်းကလေးမှ စိတ်မဆင်းရဲလျှင် အဘယ်သူ စိတ်ဆင်းရဲမည်နည်း ။ ဆိုတော့ ..မရခင်ကတည်းက အပေါက်အလမ်း တည့်အောင် သားမက်လောင်းနှင့် ယောက္ခထီးလောင်းတို့ကြား ..ပြေပြစ်ထားဖို့ကလည်း လိုပေသည်။ ဒီနေရာမျိုးမှာက မိန်းကလေးဖြစ်သူဘက်က လည်း ပါးနပ်ဖို့လိုသည်။ ဖခင်ဖြစ်သူ နှင့် အမျိုးသား ကို အဆင်ပြေစေရန် နှစ်ဖက်ကြားတွင် .. ထိမ်းညှိပေးတတ်ရမည်။

( ဖေဖေက အဲလိုပဲ မောင်ရဲ့ ..မျက်နှာထားတင်းပေမယ့် သဘောကောင်းပါတယ် ၊ ဟိုနေ့ကတောင် ..မောင်မလာဘူးလား ဆိုပြီး မေမေ့ကို မေးနေတာ မသိမသာ နားထောင်ရင်း ကြားလိုက်ရသေးတယ်။ မောင့်ရှေ့မှာသာ သူလည်း အနေရခက်လို့  မျက်နှာထား  တင်းပြနေတာ ပါ )

( ဖေဖေ့အတွက် ကိုမျိုးလွင်က .. မန္တလေးဘက်ကိုသွားရင်း ဖေဖေကြိုက်တတ်တဲ့ ရွှေကြည်မုန့်တွေ ၀ယ်လာပြီး လာပို့သွားတယ်ဖေဖေရဲ့ ၊ ဒီမှာလေ ..ဖေဖေစားရအောင် သမီးထည့်လာတယ်။ သူက ဖေဖေ့ကို ကိုယ်တိုင်ကန်တော့ချင်တာ ၊ ဖေဖေ့ကို ရှိန်နေလို့  ..ကိုယ်တိုင်မပေးရဲရှာပါဘူး သူ့ခမြာ )

အမှန်မယ်ကတော့ မဟုတ် ။ လှည်းတန်းကနေ သမီးဖြစ်သူက ကိုယ်တိုင်ဝယ်လာပြီး ဖခင်ကို ကျွေးလိုက်ခြင်းမျိုး ဖြစ်ကောင်းဖြစ်ပေမည်။  စသည် ဖြင့် …ပါးနပ်လိမ္မာစွာဖြင့်  ယောကျာ်းသား နှစ်ဦးကြားက တင်းမာမှုများကို လျှော့ချနိုင်ရန် ..လုံ့လပြုပေးတတ်ရမည်။ ဒီလိုမှ မဟုတ်ပဲ စိတ်ညစ်ပါတယ်ချည်း ထိုင်ညည်းနေလို့ကတော့ ..ပြသနာများလျော့ပါးမသွားပဲ .. ပိုပိုသာ တင်းမာ လာနိုင်သည်။

သည်တော့ မိန်းကလေးဖြစ်သူမှ ပါးနပ်စွာ ရင်ကြားစေ့ပေးဖို့ လိုအပ်သလို  ၊ ရွှေသားမက်လောင်းလျာ တို့ကလည်း ဂါရဝေါစ မင်္ဂလာကို ယခင်ခါတို့ထက်ပင် ဆောင်ကျဉ်းထားပြီး ..သီးခံခြင်း ဖြင့်   သမီးပေးရမည့် ကာယကံရှင်ကို နားလည်ပေးတတ်ဖို့လိုပါမည်။ တစ်နေ့ ကိုယ်သည်လည်း သမီးရှင် ဘ၀ဖြင့် သားမက်ရကောင်း ရလာနိုင်သည်တည်း။

ဗေဒင်ပညာရှုထောင့် နှင့် ယောက္ခမ/ယောက္ခထီးဟူသည်

နက္ခတ်ဗေဒင်ပညာတွင်     လဂ်မှ သုံးတန့်မြောက်ဘာဝဖြစ်သော သဟဇဘာဝသည် ..ယောက္ခမ တို့နှင့် ပတ်သက်သော ကံကို ဖော်ပြနိုင်သည် ဟု ယူဆဖွယ်ရာရှိပေသည်။ အဘယ်ကြောင့်ဟူမူ  ..မိမိလဂ်မှ သုံးတန့်ဘာဝသည် … အိမ်ထောင်ဖက်ကိုဖော်ပြသော ( ခုနှစ်တန့်ဘာဝ) မှ ..ရေသော် ကိုးတန့် ( အကြီးအကဲများ) နှင့် သက်ဆိုင်သော ဘာဝ တစ်ဖန် ဖြစ်နေခြင်းကြောင့်ပင် ။ ထို့ကြောင့် အဆိုပါ မိမိလဂ်မှ သုံးတန့်ဘာဝ သခင်ဂြိုဟ်သည် မိမိဇာတာတွင် မည်သည့်ဘာဝတွင် ရပ်တည်နေသည် ဟူသည့် အချက်မှာ ယောက္ခမ/ယောက္ခထီး များနှင့် ပတ်သက်သော ကံအကျိုးပေးကို သဲလွန်စ  ကောက်ရာတွင် အသုံးဝင်နိုင်ပေလိမ့်မည်။

လက်ဆန်းဗေဒင် ပညာတွင်မူ ..ယောက္ခမ ဟူသည်ကို ဘယ်နား သွားရှာရမှန်း မသိပေ။  လက်လှမ်းမှီသမျှ ကျမ်းဟူသမျှ တို့တွင်လည်း မတွေ့ခဲ့ရပါပေ။ ယင်းသို့ဖြင့် ..လေ့လာရင်း လေ့လာရင်း နောင်သော် ဖြစ်နိုင်ချေ အရှိဆုံး နှင့် လက်တွေ့တိုင်ဆိုင် မှု အရှိဆုံး အချက်  တို့ကိုမူ တွေ့ရှိရလေသည်။ (လက်တွေ့ တွေ့ရှိချက် နဲပါးကျဲပါး သေးသောကြောင့်  မဖော်ပြပေးလိုသေးပါ။ ) အနဲငယ်မျှသော တွေ့ရှိချက်အရမူ … အင်္ဂါသားသမီး တို့အတွက် ..ကြာသာပတေးဂြိုဟ်သည် ယောက္ခမများနှင့် ဆိုင်သော ကံအကျိုးပေးကို ဖော်ပြပြီး   ..အဆိုပါ ကြာသာပတေးဂြိုဟ် နှင့် ပက္ခမိနေသော ဂြိုဟ်၏ သက်ရောက်များ ၊ ဂြိုဟ်အိပ်များ ၊ ဒသာကာလပိုင်းများတွင် ယောက္ခမ များနှင့် ပတ်သက်သော ဆိုးကျိုးများ သို့တည်းမဟုတ် အဆင်မပြေမှုများ ဖြစ်ပွားလာနိုင်ကြောင်း တွေ့ရှိရပေသည်။ အလားတူပင် တနင်္ဂနွေသားသမီးများတွင်လည်း ဆိုင်ရာဂြိုဟ် အားနဲချိန်တို့တွင်  မရမီကတည်းကပင် အိမ်ထောင်ဖက်ဖြစ်သူ၏ မိဘအကြီးအကဲများ နှင့် မသင့်မြတ်မှုများ ပေါ်ပေါက်လာကြောင်း လက်တွေ့အချို့ တွေ့ရှိခဲ့ရပေသည်။

ကတ်သီးကတ်သတ်တွေ ဆရာဖုန်း အပိုတွေ လျှောက်လုပ်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ မဟုတ်ရပေ ။  လောကတွင် ရှိသမျှသော အချင်းအရာအဖြစ်အပျက်တို့ကို ဂြိုဟ်တို့၏ သဘာဝများက လွှမ်းမိုး ထားသည်သာ ဖြစ်ခြင်းကြောင့် ၊ မည့်သည့်အဖြစ်အပျက် မည်သည့် အချင်းအရာသည် မည်သည့် ဂြိုဟ်၏ သဘာဝဖြစ်သည်ကို လေ့လာစူးစမ်းမှု ပြုရန် လိုအပ်ပေသည်။ ဆိုင်ရာအချင်းအရာကို လွှမ်းမိုးထားသော ဂြိုဟ်ကို သိမှသာ .. အဆိုပါပြသနာမျိုးကို နာမ်ပိုင်းဆိုင်ရာ လောကီပညာအရ  … ယတြာပြုသည့်အခါ  ထိထိရောက်ရောက် မှန်မှန်ကန်ကန် ပြုနိုင်ပေလိမ့်မည်။ အနာကို သိမှ ..ဆေးချက်လည်းမိ၏။ သို့မဟုတ်ပါမူ  ဖြစ်တာက ခေါင်းကိုက်ဝေဒနာ  ၊ တိုက်မိတာက ချောင်းဆိုးပျောက်ဆေး  နှယ်   .. တစ်လွဲဆီ လွဲနေရတတ်ပေသည်။

မတည့်အတူနေ ဝေဒနာ

သားမက်နှင့် ယောက္ခမ ယောက္ခထီး တို့ကြား  ပဋိပက္ခဟူသည်မှာ အပျော်တမ်းကြည့် ဗွီဒီယို ဇာတ်ကား မျိုးတို့တွင်သာ ဟာသ အဖြစ် ကြည့်လို့ကောင်းတတ်ပေသည်။ ပြင်ပလောကတွင်မူ အများအားဖြင့် ..ဆိုးရွားသော အချင်းအရာ အခြေအနေမျိုး တို့သာ ဖြစ်ကြသည်။ အလွန်ဆိုးသော သားမက်ဆိုး ရသည်ဖြစ်စေ ၊ အလွန်ဆိုးသော ယောက္ခများ ရသည်ဖြစ်စေ ..ဘယ်ဟာမှ မချောင်သော အနေအထား များသာ ဖြစ်သည်။ မိသားစုများအဖြစ် ပတ်သက်ဆက်နွယ်နေရမည့် သူများ ဖြစ်ကြသဖြင့် ဆီလျော် သင့်လျော်သော အနေအထားဖြစ်အောင် နားလည်မှုပေး နွေးထွေးနိုင်မှသာ အိမ်ထောင်ရေးလည်း အဆင်ပြေပေမည်။ သို့မဟုတ်ပါမူ …အိမ်ထောင်ရေးသုခ တို့လည်း ကြက်ပျောက်ငှက်ပျောက်  အကုန်ပျောက်ကုန်နိုင်သည်သာ။ စာရေးသူသည် အိမ်ထောင်သက် ၁၃နှစ် မပြည့်မီအချိန်အထိ ဘုရားတွင် ဆုတစ်မျိုးကို မကြာမကြာ တောင်းလေ့ရှိခဲ့ဖူးပါသည်။

(ဖြစ်လေရာဘ၀တွင် ..လူဖြစ်သည့်ဘ၀တိုင်း ..ဘ၀တိုင်း ..မိမဲ့ဖမဲ့ တစ်ကောင်ကြွက်တစ်မျက်နှာ ဖြစ်သော ဖူးစာဖက် မိန်းကလေးမျိုးနှင့်သာ လက်ဆက်ရပါလို၏ အရှင်ဘုရား) ဟုပင်။ ၁၃ နှစ်ကျော် ပြီးသည့် နောက်တွင်မှ .. ယင်းဆုမျိုး မတောင်းဖြစ်တော့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်နည်း  ။ စာရေးသူသည် အသက်အားဖြင့် ဆယ့်ရှစ်နှစ်မပြည့်မီမှာပင် အိမ်ယာအမှု စတင် ထူထောင်မိခဲ့ပြီး ၊ နုနယ်သောအသိဥာဏ် မျှဖြင့် …ယောက္ခမ ဆိုးဆိုးဒဏ်ကို အလူးအလဲ ခံစားခဲ့ရခြင်း  ကြောင့်ဖြစ်သည်။

လူ့ဘ၀ဟူသည်ကလည်း နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ လက်ခံပေးနိုင်ရန် ကြိုးစားရသည် များလည်း ရှိပေသကိုး ။ ဆိုတော့ .. မယူမီကတည်းက  နှစ်ဦးနှစ်ဖက် ယောက္ခထီး ယောက္ခမ အ၀၀ နှင့် အဖက်ဖက်က အဆင်ချောဖို့အရေးကိုလည်း မျှော်တွေးသုံးသပ် ကြည့်ဖို့လိုပေသည်။ မလိုပါဘူး ကိုယ့်အိမ်နဲ့ကိုယ်နေမှာပဲ ဟူသော မိတ်ဆွေတစ်ယောက်ရှိဖူးသည်။ လကမ္ဘာပေါ်မှာပဲ တူနှစ်ကိုယ် သွားနေသည် ဖြစ်စေ … ယောက္ခမ ၊ ယောက္ခထီး ဟူသည်ကတော့ ..ပယ်လို့မရသည့် ချစ်သောသူ၏ ကျေးဇူးရှင် နှစ်ပါးပေမို့ …ပတ်သက်ဆက်နွယ်နေမှုကလည်း အစဉ်သဖြင့် ရှိနေသည်သာ ။ ဒီတော့ ကောင်းကျိုး ဆိုးပြစ်တို့ကလည်း အနဲနှင့်အများ မိမိတို့ အိမ်ထောင်ရေး နှင့် မုချ ဆက်နွယ်လာမည်သာ ဖြစ်သည်။

အဲ အတူနေပြီး ..အဆင်မပြေကြသည့် ယောက္ခမများနှင့် သားမက် သို့မဟုတ် ချွေးမတို့ အကြား ပြသနာမျိုးကတော့ ဖြေရှင်းရခက်ပြီး ၊ အကျည်းတန်သည့် စစ်ပွဲမျိုးတို့ပင်ဖြစ်သည်။ ပြင်းထန်လျှင် ပြင်းထန် သလောက် .. ဘ၀ကို စိတ်ကုန်ခြင်း ၊ အိမ်ထောင်ရေးကို စိတ်ပျက်ခြင်း ၊ အဆုံးသတ်လိုခြင်း ဖြစ်လာစေတတ်သည်။ မရခင်က တစ်စက်ကလေးမှ တွေးမထားခဲ့သော ရှုထောင့်များစွာတို့သည် ရပြီးချိန်မှစပြီး …မျက်နှာစာသစ် စာမျက်နှာများအဖြစ် .. တစ်ရွက်ချင်း အသေးစိတ် ဖတ်ကြရတော့သည်။ 

နင့်အကောင်က  ..အလုပ်ကို လက်ကျောကို မတင်းဘူး ၊ ခုလည်း အလုပ်က ထွက်လာပြန်ပြီ မဟုတ်လား ။ အမေကလည်း သူလည်း ဆက်လုပ်လို့မရတော့လို့ပါ ။ အလုပ်ရှင်က မတရားဆက်ဆံတာ အကြိမ်ကြိမ် သီးခံနေရလို့ပါ။ အိုအေ … နားမလည်ဘူး အလုပ်လက်ကျောမတင်းတာ မတင်းတာဘဲ ။ ဘယ်မလည်း ခု နောက် ဆုံးလ အတွက် ရလာတဲ့လခ ..  နစ်နာကြေးကော ပေးလိုက်ရင် ပေးလိုက်တယ် ပြောကြ မြုံမနေကြနဲ့ ။

ဒီချွေးမမျိုး ရမိတာ ဖွတ်တက်တာထက် ဆိုးတယ် တော်ရေ…. ။ ဟဲ့တိုးတိုးပြောပါအေ တော်ကြာ ကြားသွားပါဦးမယ်။ ကြား..ကြား …ကြားလည်း ပိုကောင်းတယ်..ဘယ့်နှယ့်တော် ..ပြောကိုမပြောချင်ဘူး …ထမင်းချက်ခိုင်းတော့ …မနပ်တာရယ် တူးတာရယ်..၊ ဟင်းချက်ခိုင်းတော့ ကြက်ဥကြော် နဲ့ ကြက်ဥပြုတ်က လွဲပြီး …ဘာညာဘာညာ….စသည်……..

ဒါမျိုးတွေက  ဇာတ်ကားတွေထဲမှာလည်း ပါတတ်သလို ..၊ ပြင်ပလောကမှာက ဒီ့ထက်ပွဲကြမ်းတာတွေ အများအပြားရှိသည်။  သားမက်ဆိုး ချွေးမဆိုးကြောင့် …အိုကံပါဆိုးကြသော ယောက္ခထီး ယောက္ခမ တို့လည်း ရှိကြသည်။ တစ်ကယ်တော့ လူ လူချင်း ၊ သားသမီးချင်း ၊ မိဘချင်း ၊ ရှုထောင့်ခြင်း (ကိုယ်တိုင်ဝင်ရောက် အတွေးဖြင့် ခံစားကြည့်ပြီး) ကိုယ်ချင်းစာနာစိတ်လေးဖြင့် မေတ္တာစိတ်ထား ဆက်ဆံခြင်းရှိကြပါမူ …ဒီလိုအဖြစ်ဆိုးတွေ ကင်းဝေးကြပေမည်။ တစ်ဖက်နှင့်တစ်ဖက်  လက်နက်ကိုယ်စီ ကိုင်ဆွဲနေကြသမျှ …စစ်ပွဲဟူသည်ကလည်း  ပြန်ကာလှန်ကာ ဖြစ်နေကြမည်သာ။

ဒီတော့ တစ်ဖက်ဖက်က လက်နက်ကို အရင်ချပေးရမည်။ ယောက္ခမ နှင့် ယောက္ခထီး တို့ဘက်ကလား ၊ သားမက် နှင့် ချွေးမ တို့ဘက်ကလား ။

မေတ္တာ နှင့် ပညာ သာလွန်သည့် ဘက်မှ လက်နက်ကို အရင်ချပေး ပေလိမ့်မည်။  မေတ္တာ နှင့် ပညာ
( အကောင်းအဆိုး အကြောင်းအကျိုးကို မှန်ကန်စင်စစ် ခွဲခြားသိမြင်နိုင်သည်ဖြစ်သော ဥာဏ် ) အင်အား ကြီးမားသူတို့သည် အနိုင်ယူခြင်းဖြင့် ငြိမ်းချမ်းရေး မရနိုင်ကြောင်း ကောင်းစွာ သိရှိကြသူများ ဖြစ်သောကြောင့်ပင်တည့်။

သို့ဖြစ်ခြင်းကြောင့်………….

လက်နက်ချပြီး ငြိမ်းချမ်းရေးယူ အလင်းဝင်လာသော သားမက်စစ်သည်တပ်ပေါင်းစု အဖွဲ့ချုပ် ၏ တပ်ရင်း ၁၃ မှ တပ်ရင်းမှုးဖြစ်သူ မောင်ဖုန်းသည် ..ဤဆောင်းပါးဖြင့် … အကျည်းတန်စွာ တိုက်ပွဲဝင်နေဆဲ …သားမက်စစ်သည် အပေါင်းတို့အား  …..

..ငြိမ်းချမ်းရေးယူခြင်းဖြင့် …ချစ်သော အိမ်သူသက်ထား ၏ စိတ်ဝမ်းနှလုံးကို ရွှင်ပြုံးကြည်သာ လန်းဆန်းပါစေရန် ..လုံ့လပြုကြဖို့အရေး …တိုက်တွန်း  နှိုးဆော်ပေးလိုက်ရ  ပေတော့သတည်း။

မှတ်ချက်            ချွေးမ စစ်သည် တပ်ပေါင်းစု အဖွဲ့ချုပ်နဲ့ ပတ်သက်လို့တော့ ဗေဒင်ဆရာမ တစ်ဦးဦးကို သာ အပူကပ်ကြပါ။ သူ့ကို တိုက်တွန်းနှိုးဆော် ရေးသားခိုင်းပါလေ ။

သုတေသီ ဝေသာလီမောင်ဖုန်း

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB