စိတ်တန်ခိုး နဲ့ ပတ်သက်ပြီး ၊ ပြီးခဲ့သော လပိုင်းများက စိတ်တန်ခိုး ဖြင့် အောင်နိုင်ခြင်း ဆောင်းပါးမှာ အတန်အသင့် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ …စိတ်တန်ခိုးကို လက်တွေ့ အသုံးပြုရာမှာ …အထောက်အကူဖြစ်စေဖို့ ဆက်လက်ရေးသား ပေးလိုက်ခြင်းပဲဖြစ်ပါကြောင်း ။
အပိုင်း (၁)
စိတ်တန်ခိုး နဲ့ ပတ်သက်ပြီး ၊ ပြီးခဲ့သော လပိုင်းများက စိတ်တန်ခိုး ဖြင့် အောင်နိုင်ခြင်း ဆောင်းပါးမှာ အတန်အသင့် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ …စိတ်တန်ခိုးကို လက်တွေ့ အသုံးပြုရာမှာ …အထောက်အကူဖြစ်စေဖို့ ဆက်လက်ရေးသား ပေးလိုက်ခြင်းပဲ ဖြစ်ပါကြောင်း။
စိတ်တန်ခိုး အား အကောင်းဆုံး သော အသက်ပိုင်းများ
အသက်အားဖြင့် .. ၆နှစ် ၊ ၁၃နှစ် ၊ ၂၀နှစ် ၊ ၂၇နှစ် ၊ ၃၄နှစ် ၊ ၄၁နှစ် ၊ ၄၈နှစ် ၊ ၅၅နှစ် ၊ ၆၂နှစ် ၊ ၆၉နှစ် ၊ ၇၆နှစ် ၊ ၈၃နှစ် ။
အထက်ပါအသက်ပိုင်းများဟာ မည်သည့်နေ့နံသားသမီးမဆို ၊ လူမျိုးမရွေး ဘာသာမရွေး ..အားလုံးသော လူသားတွေ အဖို့ စိတ်တန်ခိုး ထူးခြားတောက်ပလာတဲ့ အသက်ပိုင်းများပဲ ဖြစ်ပါတယ်။
ဆရာဖုန်း ဟုတ်ရဲ့လား မမေးပါနဲ့ ။ လက်တွေ့ပဲ သတိထားကြည့်ကြပါစို့ ။ ဆရာဖုန်း ..ဒါ ဘယ်ကျမ်းက လာသလဲလို့လည်း မမေးပါနဲ့ ။ ဘယ်ကျမ်းကမှ မလာပါဘူး ။ လေ့လာခဲ့သမျှ ဗေဒင်ပညာ ၊ ဘ၀အတွေ့အကြုံ နဲ့ ..ဂရုတစ်စိုက် ရှာဖွေမှတ်သားမှု များကနေ …ဒီအချက်လေးတွေကို မောင်ဖုန်း ရရှိခဲ့တာပါ။ ယုံဖို့ မယုံဖို့ထက် …လက်တွေ့ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့ ..အဓိက ရည်ရွယ်ပြီး ..မောင်ဖုန်း လျှို့ဝှက်သိမ်းဆည်းထားတာလေးကို ထုတ်ပေးလိုက်တာပါ။ ကောင်းပြီ …နဲနဲ ထပ်ပြီး ရှင်းအောင် ပြောပြပါ့မယ်။
လူသားတွေဟာ အဆိုပါ အသက်ပိုင်းများ ကို ရောက်ပြီဆိုတာနဲ့ ကျားမ မရွေး စိတ်တန်ခိုး တောက်ပ လာပါတယ်။ ဒါကို အားလုံးလိုလို မရိပ်မိကြပါဘူး ။ ကိုယ်ကိုယ်ကို သတိထားမိတဲ့သူ အချို့လောက်သာ .. တစ်စိုးတစ်စ ရိပ်မိလာတတ်ပါတယ်။ ရိပ်မိသည့်တိုင်အောင်လည်း မိမိမှာ တန်ခိုးစွမ်းအင် တစ်စုံတစ်ရာ ဖြစ်တည်စ ပြုလာပြီဆိုတာမျိုး မသိဘဲ ၊ ငါအခုတစ်လော စိတ်တွေမြန်ပြီး ၊ စွန့်စားလိုစိတ်တွေများ နေပါလား ဆိုတာမျိုးလောက်သာ ရိပ်မိတတ်ကြပါတယ်။
ကောင်းပြီ ။ ဒီအချက် ဟုတ်မဟုတ် သိရအောင် ..မိမိတို့ ပတ်ဝန်းကျင်မှာ မိမိတို့ လေ့လာကြည့်နိုင်ပါတယ်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင် မှာ ရှိတဲ့ အဆိုပါအသက်ပိုင်းမျိုးကို ရောက်ရှိနေတဲ့ သူတစ်ချို့ကို လက်တွေ့ လေ့လာ အကဲခတ်ကြည့်ပါ။ ၆နှစ်သား ကလေးလေးကိုပဲဖြစ်စေ ၊ ၁၃နှစ်အရွယ် မြီးကောင်ပေါက်တို့ကိုပဲ ဖြစ်စေ ၊ အသက်၂၀အရွယ် လူငယ်တွေ ကိုပဲဖြစ်စေ ၊ …… စသည်ဖြင့် … သက်ကြီးရွယ်အို အသက် ၈၃နှစ် ကိုပဲ ဖြစ်စေ ဆိုပါတော့။
အဆိုပါအသက်အပိုင်းအခြား ကာလများနဲ့ တိုက်ဆိုင်ညီညွတ်နေတဲ့သူတွေမှာ …စွန့်စားမယ်ဆိုတဲ့ စိတ်တွေ ၊ လက်တွေ့ကျကျ ဆောင်ရွက်အကောင်အထည်ဖော်မယ် ဆိုတဲ့ စိတ်တွေ ၊ ယှဉ်ပြိုင်မယ် ဆိုတဲ့ စိတ်မျိုးတွေ … များနေတာကို မုချတွေ့ရပါလိမ့်မယ်။ တစ်ကယ်တော့ သူတို့ ဆီမှာ ထူးခြားတဲ့စိတ်တန်ခိုး တွေ နိုးကြားတောက်ပနေခြင်းပဲ ဖြစ်ပါတယ်။
ဒါကို သူတို့ကိုယ်တိုင်တော့ သတိမမူမိတတ်ကြပါဘူး။ အဲဒီ့လို သတိမမူမိသည့်အတွက်ကြောင့်လည်း ..ဒီစွမ်းအင်တွေကို အကျိုးရှိအောင် အသုံးချဖို့ မသိကြတာပါ။ တစ်ကယ်လို့ တင်ကြိုသိရှိနေမယ်။ သတိလည်း ပြုမိလာမယ်။ အကျိုးရှိအောင်လည်း အသုံးပြုတတ်မယ်ဆိုရင် ..အင်မတန် အကျိုးရနိုင်ပြီး ဘ၀မှာ ရည်မှန်းထားတဲ့ ပန်းတိုင်အချို့ဆီကို …အရောက်လှမ်းနိုင်မယ့် အသက်ပိုင်းတွေပါပဲ ။
အဆိုပါ အသက်ပိုင်းခြား ကာလတွေမှာ … တစ်စုံတစ်ရာကို ရည်ရွယ်မျှော်သန်ပြီး ထက်သန်သော ဇွဲလုံ့လ ယုံကြည်ချက်မျိုးနဲ့ …ကြိုးစားထွင်းဖောက်မယ်ဆိုရင် …မဟာကျောက်တောင်ကြီးကို လက်ညှိးလေးနဲ့ ပင့်မလိုက်သည့် ပမာနှယ် … ၊ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အချင်းအရာတွေကိုတောင် ..ဖြစ်မြောက်လာအောင် စွမ်းဆောင်နိုင်လာတာ အမှန်ပါပဲ။ တစ်ခုတော့ ရှိတယ်။ သာမန်လူတွေအဖို့တော့ သာမန်မျှသော စွမ်းဆောင်နိုင်မှုမျိုးလောက်သာ လုပ်နိုင်ပါလိမ့်မယ်။ ရည်ရွယ်ချက်ကြီးကြီးမားမား ထားရှိ တတ်ပြီး ၊ ခိုင်မာသော ယုံကြည်ချက်ရှိကြသော ..အမျိုးကောင်း သားသမီးတွေ အဖို့တော့ …ဒီအသက်ပိုင်းတွေဟာ ဘ၀ခရီးမှာ ရှေ့တိုးတိုက်စစ်ဆင်ပြီး အောင်ပွဲခံနိုင်မယ့် .. ထူးခြားသော အသက်ပိုင်းမျိုးတွေ ဖြစ်ပါလိမ့်မယ်။
စိတ်တန်ခိုး နှင့် ဆင်ခြင်ဥာဏ်စွမ်း
စိတ်တန်ခိုး တောက်ပလာတတ်သော အသက်ပိုင်းများမှာ ရည်ရွယ်ချက်ပြင်းပြင်းပြပြ ရှိလာတတ်ပါတယ်။ အလွန်ပျင်းရိတတ်ပြီး .. ၀ီရိယဆန္ဒ နဲပါးသူတွေတောင် အဆိုပါအသက်ပိုင်းများ မှာ … အလိုလို တက်ကြွပြီး ယခင်ကထက်ပိုမို ၀ီရိယထားလာတတ်ကြပါတယ်။ ဟုတ်ပြီ။ အဓိကပြောလိုတာက တော့ အဆိုပါအသက်ပိုင်းများမှာ စိတ်တန်ခိုး အားကောင်းလာတတ်တယ် ဆိုတာကို စာရှုသူတွေ လက်ခံနိုင်ဖို့ ပထမအဆင့် အရေးကြီးကြောင်းပါပဲ ။ ဘာကြောင့်လဲ ။ ဒီအချက်ကို သတိမပြုမိရင် …အဆိုပါအသက်ပိုင်းများမှာ …. နိုးကြားလာတဲ့ ..စိတ်တန်ခိုး စွမ်းအင်ဟာ အဖျက်သဘောဘက်ကို လှိုင်းသွားတာမျိုး ၊ မဟုတ်တဲ့နေရာမှာ အသုံးချမိတော့တာမျိုး ဖြစ်တတ်လွန်းလို့ ပါပဲ ။
ဒါကြောင့်လည်း အိမ်ကထွက်ပြေးတာ ၊ လင့်နောက်လိုက်ပြေးတာ ၊ အဆော့လွန်လို့ ဘေးဖြစ်တာ ၊ မူးယစ်ဆေးဝါး စတင်သုံးစွဲမှု / အလွန်အကျွံသုံးစွဲမှုများ ပြုမိတာ၊ အရက်အလွန်အကျွံသောက်သုံးပြီး မူးယစ် ရမ်းကားတာ ၊ ရန်ပွဲတွေ ဖြစ်တာ ၊ ဆိုင်ကယ် ကား စသည်တို့ကို စတန့်ထွင်ပြီး စီးနင်းရာက ဘေးဖြစ်တာ … စသည်ဖြင့် အရွယ်အလိုက် … စွမ်းအင်ကို အမှားဘက်မှာ အသုံးပြုမိခြင်းမျိုးတွေ ဖြစ်ပွားလာတော့တာပါပဲ ။
ဘာကြောင့်သူငယ်ပြန်ရသလဲ
အဲ…အရွယ်ကြီးရင့်နေသော အသက်အားဖြင့် … ၆၂နှစ် ၊ ၆၉နှစ် ၊ ၇၆နှစ် ၊ ၈၃နှစ် စသော အသက်ပိုင်းအရွယ် တွေမှာတော့ …ဒီစွမ်းအင်ဟာ သတိမမူမိရင် ဘယ်လိုမျိုးဆိုးကျိုး ပေးနိုင်ပါသလဲ ။ အသေးစား အားဖြင့် … အရွယ်လွန်ချိန်မှာ အိမ်ထောင်ပြုခြင်းမျိုး ဖြစ်ပွားတတ်ပြီး ၊ တစ်ခါတစ်ရံ မူလဇာတာ အနေအထားအရ လည်း ညံ့ဖျင်းချိန်နဲ့ တိုက်ဆိုင်လာခဲ့မယ် ဆိုရင်တော့ … အသက်ကြီးမှ ..သိက္ခာကျစေမယ့် လိင်ပိုင်းဆိုင်ရာ အမှားအယွင်းတွေ လုပ်မိစေတတ်တာမျိုးကို ဖြစ်ပွားလာစေ တတ်ပါတယ်။ တစ်ချို့သော သူတွေမှာတော့ … အဆိုပါအသက်ပိုင်းများမှာ သူငယ်ပြန်ကြတော့တာကို တွေ့ရှိရပါတယ်။ အရွယ်က ရင့်အိုနေချိန်ဖြစ်ပြီး ..ဖြစ်တည်လာတဲ့ စိတ်တန်ခိုးစွမ်းအင်ကို လိုက်လျောညီထွေ အသုံးမချနိုင်တော့ တဲ့အတွက် … သူငယ်ပြန်တဲ့အခြေအနေမျိုးကို သာ ရင်ဆိုင်ကြ ရပါတော့တယ်။ ဒါကြောင့် အဆိုပါအသက်ပိုင်း ရောက်ရှိနေပြီဖြစ်တဲ့ မိမိတို့ရဲ့ မိကြီးဖကြီး ဆရာသမား အကြီးအကဲများကို ..လက်တွေ့လေ့လာအကဲခတ်ပြီး ..ဖြစ်နိုင်သမျှ မေတ္တာရှေ့ထား ..ကူညီ ပေးနိုင်ကြဖို့ လိုပါတယ်။ သူတို့မှာ ဖြစ်တည်လာတဲ့ တက်ကြွဆန္ဒအချို့ကို ကောင်းတဲ့ဘက်ကို ဦးတည် နိုင်အောင် …တပည့်သားမြေးတို့ အနေနဲ့ကလည်း .. ၀ိုင်းဝန်းပံ့ပိုး ပေးနိုင်ကြဖို့ လိုပါတယ်။
အဓိက အားဖြင့်တော့ စိတ်တန်ခိုးကို နည်းမှန်လမ်းမှန်နဲ့ ကောင်းတဲ့ဘက်မှာ ဦးတည်မိစေဖို့ ဆင်ခြင်ဥာဏ်စွမ်း လိုအပ်ပါတယ်။ ဒီဆင်ခြင်ဥာဏ်စွမ်းမှ မရှိရင်လည်း သက်ရောက်လာတဲ့ စိတ်တန်ခိုးစွမ်းအင်ဟာ .. အဖျက်သဘာဝနဲ့သာ တစ်နှစ်တာကာလကို ကသောင်းကနင်းဖြစ်အောင် ဖျက်ဆီးသွားတတ်ပါတယ်။ စာရေးသူရဲ့ လေ့လာတွေ့ရှိထားချက်များအရ … ဒီစွမ်းအင် ဖြစ်တည်လာတတ်တဲ့ … သက်လတ်ပိုင်းကာလများဖြစ်သော .. ၃၄နှစ် ၊ ၄၁နှစ် ၊ ၄၈နှစ် ၊ ၅၅နှစ် စသော အရွယ်လေးပါးဟာ .. စိတ်တန်ခိုးစွမ်းအင်ကို လိုသလိုအသုံးချနိုင်ဖို့အတွက် အကောင်းဆုံး အသက်ပိုင်းများပဲ ဖြစ်ပါတယ်။ .. ဒီအရွယ်လေးပါးဟာ အသိဥာဏ် ၊ အတွေ့အကြုံ ၊ စွမ်းဆောင်ရည် အားလုံး သင့်တင့်စွာရှိနေပြီ ဖြစ်သော အရွယ်များ ဖြစ်လို့ပါပဲ ။ အရွယ်နုငယ်စဉ်မှာတော့ … ဒီစွမ်းအင်ကို ထိမ်းချုပ်နိုင်ဖို့ခက်ခဲမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ လူကြီးမိဘများကပဲ .. အဆိုပါ အသက်ပိုင်းကို ဖြတ်သန်းနေတဲ့ ကလေးသူငယ် လူငယ်ပိုင်းတွေကို ထိမ်းကြောင်း တည့်မတ် လမ်းညွှန်ပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
အထူးသဖြင့် .. ၁၃နှစ် ၊ ၂၀နှစ် ကလေးလူငယ် တို့ကို ထိမ်းသိမ်းပေးဖို့လိုပါလိမ့်မယ်။ ဒီအရွယ်တွေဟာ အသိဥာဏ်အားဖြင့် နုနယ်သေးသလို ..အတွေ့အကြုံလည်း နဲပါးတတ်သေးတဲ့အတွက် … အဖျက်စွမ်းအင်ဘက်ကို အလိုလိုရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် အဆိုပါအသက်ပိုင်းကို ရောက်ရှိ လာတဲ့ လူငယ်တွေရဲ့ တောက်ပစူးရှတဲ့ …စွန့်စားမယ်ဆိုတဲ့ စိတ်မျိုးတွေကို အကောင်းဘက်မှာ ဦးတည်နိုင်အောင် မိဘလူကြီးတွေကလည်း ထိမ်းသိမ်း လမ်းပြပေးနိုင်ဖို့ သတိရနေကြဖို့ လိုအပ်ပါကြောင်း ……။
စာကြွင်း / ဆောင်းပါးအရမ်းရှည်နေပြီဖြစ်လို့ သည်မှာတင် တစ်ပိုင်းရပ်ခဲ့ရပါတယ်။ ပထမဦးစွာ စိတ်တန်ခိုး တောက်ပစွာ ဖြစ်တည်လာတတ်သော အသက်ပိုင်းများနဲ့ ပတ်သက်ပြီးသာ အနဲငယ် စတင် ရေးသားခဲ့ရပါတယ်။ ဆက်ပြီး အသုံးချသင့်တဲ့ နည်းလမ်းတွေနဲ့ .. လက်တွေ့ အမှုကိစ္စအချင်းအရာတို့ကို အောင်မြင်အောင် ..ဘာလုပ်သင့်တယ် ဆိုတဲ့အချက်တစ်ချို့ကို နောက်ဆက်တွဲ ဆောင်းပါးတွေမှာ ဆက်လက်ရေးသား ဖော်ပြပေးပါဦးမယ်။
အားလုံးပဲ …. စိတ်ကိုဆောင်၍ ..အောင်မြင်ကြပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment