အတွေးစုဗူး (၁)

Saturday, March 12, 2011


တစ်ခါတစ်လေကျတော့လည်း ဆောင်းပါးတစ်ပုဒ်လုံးစာ မရေးလိုတော့ပဲ ၊ အပိုင်းအစအတိုလေးဖြင့်သာ ပြောလိုတာလေးတွေကို ရေးလိုပါတော့တယ်။ ဒါနဲ့  ..ဘယ်လိုခေါင်းစဉ်တပ်ရမလဲ ဆိုပြီး  အမျိုးမျိုး စဉ်းစားရပါတယ်။ အတိုအထွာ မှတ်စရာ ၊ သိစရာ ဖတ်စရာ ၊ စသည်ဖြင့် ဘာတစ်ခုမှ သဘော မကျမိပါဘူး။ နောက်ဆုံးတော့ တိုတိုနဲ့ လိုရင်းဖြစ်တဲ့ အတွေးစုဗူးဆိုတဲ့ ခေါင်းစဉ်လေးကိုသာ တပ်လိုက် မိပါတော့တယ်။ ဒီအတွေးစုဗူး ထဲမှာ စာဖတ်သူတွေအတွက်  အကျိုးဖြစ်နိုင်မယ်လို့ ယူဆတဲ့ အချင်း အရာလေးတွေကို ထည့်သွင်းပေးနိုင်အောင်လည်း ကြိုးစားပေးထားပါကြောင်း ။
 



သမားအတတ် နှင့်  အသက်ကိုကယ်တင်နိုင်သောဂြိုဟ်

ဒီကနေ့  .. ဆရာဝန်ကြီးတွေ ၊ သမားတော်ကြီးတွေ ဖြစ်စေချင်တဲ့ မိဘတိုင်းက သားသမီးများအပေါ် ထားရှိတဲ့ ရည်ရွယ်ဆန္ဒများကို မြင်မိတဲ့အခါ ..မောင်ဖုန်းသတိရမိတာကတော့ တနင်္ဂနွေဂြိုဟ်ကို ပါပဲ ။ တနင်္ဂနွေဂြိုဟ်ဟာ ကမ္ဘာသူ ကမ္ဘာသား အပေါင်းကို အလင်းနဲ့ အပူစွမ်းအင် ပေးအပ်ပြီး အသက် ရှင်သန်မှုကို လှုံ့ဆော်ပေးသော ဂြိုဟ်တစ်ခုဖြစ်ပါတယ် ။ အဆိုပါတနင်္ဂနွေဂြိုဟ် သာ အနေအထား တိမ်းစောင်း ချွတ်ချော်ပြီး အရမ်းပူလာခဲ့မယ်ဆိုရင် သို့တည်းမဟုတ် အပူဓါတ် အရမ်း နဲပါးသွားခဲ့မယ် ဆိုရင် ..သတ္တ၀ါတွေ အဖို့ အသက်ရှင်ရပ်တည်နေဖို့ရာ  မလွယ်ကူတော့ပါဘူး ။

အဲဒီ့လိုပါပဲ …အသက်ဓါတ်နဲ့ အထူးဆက်နွယ်နေသော  …တနင်္ဂနွေဂြိုဟ်ဟာ ကမ္ဘာလောကမှာ ရှိရှိသမျှသော  ..အသက်ကိုရှင်သန်စေသော အချင်းအရာမှန်သမျှကို လွှမ်းမိုးထားပါတယ်။

ဒါကြောင့်လည်း  ဘယဆေးများ ၊ အသက်ကိုကယ်တင်သော လုပ်ငန်းများ ၊ သမားအတတ်ဖြင့် အသက်မွေးရခြင်းများ ကို တနင်္ဂနွေဂြိုဟ်က လွှမ်းမိုးထားခြင်း ပဲ ဖြစ်ပါတယ်။

သို့ဖြစ်ခြင်းကြောင့် သမားတော် သို့တည်းမဟုတ် ဆရာဝန် ဆိုသူတွေ ဖြစ်လာဖို့အတွက်  ..တနင်္ဂနွေဂြိုဟ် အားကောင်းဖို့  အဓိကလိုအပ်လာပါတယ်။  တနင်္ဂနွေဟာ အားကောင်းပြီး ကြာသာပတေး နဲ့ပါ ဆက်နွယ် နေခဲ့မယ် ဆိုရင် .. အသက်ကယ်သော အတတ်ပညာရှင် သို့တည်းမဟုတ် ပါရဂူကြီး ၊ သမားတော်ကြီး ဖြစ်လာပါမယ်။ အင်္ဂါဂြိုဟ် အားကောင်းလာခဲ့မယ်ဆိုရင်တော့  ခွဲစိတ်ကုသမှုဆိုင်ရာ ကျွမ်းကျင်သူမျိုး ဖြစ်လာပါမယ်။

တနင်္လာဂြိုဟ်အားကောင်းရင် ပြုံးပြုံးလေးနဲ့ လူနာတွေကို ဆွဲဆောင်ပြီး စိတ်ချမ်းသာစေပါလိမ့်မယ်။ အဲဒီ့လိုပဲ  …ဆရာဝန်ဘ၀နဲ့ လူသိများပြီး  ထင်ရှားစေနိုင်ပါတယ်။ ဒါ့အပြင် ကလေးအထူးကု ဘက်ကို  တနင်္လာဂြိုဟ်က တွန်းပို့ပါလိမ့်မယ်။  စနေဂြိုဟ်နဲ့ပတ်သက်ဆက်နွယ်လာရင်တော့ …ကောင်းသော ဆက်နွယ်မှုမျိုး ဖြစ်မယ်ဆိုရင် .. တိုင်းရင်းဆေးဝါး ဆိုင်ရာ ပညာရှင်မျိုး ဖြစ်လာနိုင်ပြီး ၊ ဆိုးသော ဆက်နွယ်မှုမျိုး ဖြစ်မယ်ဆိုရင်တော့ …တရားမ၀င် ဒေါက်တာရမ်းကု မျိုး ၊ ကလေးဖျက်ပေးသောလုပ်ငန်း နဲ့ အသက်မွေးသော ဆရာဝန်မျိုး ဖြစ်လာပါမယ်။ တနင်္ဂနွေဟာ နံတူတနင်္ဂနွေ နဲ့ပဲ ထပ်မံ ဆက်နွယ် လာရင်တော့ .. အရိုးအထူးကု ၊နှလုံးအထူးကု ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ အထူးကု စသဖြင့်  ရပ်တည်ရပါမယ်။

တနင်္ဂနွေဂြိုဟ်ဟာ ၊ သောကြာဂြိုဟ် .. ဗုဒ္ဓဟူးဂြိုဟ်များနဲ့ အားကောင်းသော ဆက်နွယ်မှုမျိုး ရှိနေရင်တော့ မီးယပ်နဲ့သားဖွား ၊ အရေးပြားအထူးကု ၊ ကာလသားရောဂါကု ဆရာဝန် စသည်ဖြင့် ဖြစ်လာနိုင်ပြီး ၊ ဒီအနေအထားမှာ  အားနဲသော အင်္ဂါဂြိုဟ်ပါ ပါဝင်ပတ်သက်လာမယ်ဆိုရင်တော့ …စိတ်ရောဂါကု ဆရာဝန်ကြီးမျိုး ဖြစ်လာစေနိုင်ပါတယ်။ ထားတော့ .. ဘာပဲဖြစ်ဖြစ် ..သမားအတတ်နဲ့ သတ္တ၀ါများစွာရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက်  တနင်္ဂနွေ နဲ့ ကြာသာပတေးဂြိုဟ်ဟာ ကောင်းမွန်တဲ့ ဆက်နွယ်မှုမျိုး ရှိကိုရှိနေရပါမယ်။ အဲဒီ့လိုပဲ…လူနာကို ညင်ညင်သာသာ နဲ့ မေတ္တာရှေ့ထား ကုသပေးနိုင်တဲ့  တနင်္လာဂြိုဟ်လည်း အားကောင်းခဲ့မယ်ဆိုရင်    စိတ်သဘောဖြူတဲ့  ပညာရှင် သမားတော်ကြီးဘ၀နဲ့ လူသိများပြီး ထင်ရှားသူတစ်ဦး   ဖြစ်ကိုဖြစ်လာပါလိမ့်မယ်။

လိင်တူချစ်ကျွမ်းဝင်မိကြသူများ

တစ်ကယ်တော့  ..တစ်ဦးနဲ့တစ်ဦး ၊ အမျိုးသားချင်းပဲဖြစ်စေ ..အမျိုးသမီးချင်းပဲ ဖြစ်စေ .. သံယောဇဉ် နှောင်ဖွဲ့မိပြီး  မဖြစ်သင့်ဘဲ ချစ်ကျွမ်းဝင်ခဲ့ကြရတဲ့ သူတွေအပေါ် နားလည်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ လိင်ကိစ္စသက်သက်အတွက် မဟုတ်မူဘဲ .. ဖြူစင်တဲ့မေတ္တာကို အခြေခံပြီး  ချစ်ကျွမ်းဝင်မိကြသူများ ကို  အပြစ်မတင်သင့်ဘူးလို့ ယူဆမိပါတယ်။  အများအားဖြင့် ..ပတ်ဝန်းကျင် အသိုက်အ၀န်းက သူတို့တွေအပေါ် ကဲ့ရဲ့ဝေဖန်ပြစ်တင် မှု ပြုတတ်ကြပြီး ၊ ပျက်ရယ်ပြုစရာ တစ်ပါးလိုလည်း တွေးထင်  သတ်မှတ်  ထားကြလေ့ရှိ ပါတယ်။ အများအားဖြင့်ကတော့ ကျွန်တော်တို့ အရှေ့တိုင်းမှာ ပိုဆိုးပါတယ်။ လုံးဝနီးနီးလောက်ကို လက်မခံဘဲ ..အပြစ်တင်စရာ အဖြစ် ၊ တစ်ချို့ကဆို ရွံစရာအဖြစ်တောင် သတ်မှတ်ထားကြပါတယ်။

တစ်ကယ်တော့   သူတွေတစ်တွေမှာလည်း စိတ်ခံစားချက်နဲ့ ဘ၀ပေးအခြေအနေအချို့ကြောင့် ..ဒီအခြေအနေမျိုးနဲ့ ရင်ဆိုင်ကြရတာပါ။ အခြားတစ်ဖက်ကတော့ …မူလမွေးဖွားလာတဲ့ ကံဇာတာ  အနေအထား အချို့ကြောင့်လို့ ပြောရပါမယ်။ မဟာဘုတ်ဗေဒင်ပညာမှာ   … ဆပွတ်ဂြိုဟ်ဟာ .. မရဏဌာနမှာ ရပ်တည်ပြီး နေခဲ့မယ်ဆိုရင် ..ဓလေ့ထုံးစံ နဲ့  ပုံမှန်သဘာဝ ကို ဆန့်ကျင့်နေသော  ချစ်မှုရေးရာကဏ္ဍများကို ရင်ဆိုင်ရတတ်ပါတယ်။ လူမျိုးကွဲ ဘာသာကွဲ စသည်တို့နှင့်  ဖြစ်စေ၊ အသက်အရွယ် အလွန်ကွာဟနေသူနှင့် ဖြစ်စေ ၊ မိမိအသိုက်အ၀န်းမှ လက်မခံနိုင်သူနှင့် ဖြစ်စေ ၊ မလွတ်လပ်သော အိမ်ထောင်ရှိသူနှင့် ဖြစ်စေ ၊ လိင်တူခြင်းဖြစ်စေ ..ချစ်ကျွမ်းဝင်မိစေနိုင်ပါတယ်။

အဲဒီ့လိုပဲ မေတ္တာတရားကို  အဓိကကြီးစိုးနေတဲ့ တနင်္လာဂြိုဟ် မရဏမှာ ရပ်တည်ထားတဲ့ ..ခြောက်ခုကြွင်း မဟာဘုတ်ဖွား ဇာတာရှင်များ မှာလည်း အဆိုပါအခြေအနေမျိုးတို့နဲ့  အမှတ်မထင် ကြုံတွေ့ရစေတတ်ပါတယ်။ အားလုံးမဟုတ်ပါ  ။ မူလမွေးနံ နာမည်နဲ့လည်း အဓိကဆက်နွယ်နေတတ်ပါတယ်။ အခြားအားဖြင့်တော့ …
အမျိုးသား ဇာတာရှင်တွေမှာ   နာမည် သို့မဟုတ် မွေးနံ ဟာ တနင်္ဂနွေဂြိုဟ် ၊ အင်္ဂါဂြိုဟ် ၊ ဗုဒ္ဓဟူးဂြိုဟ်  တို့နဲ့ ပက္ခမိနေခဲ့ရင်  … အမျိုးသမီး ဇာတာရှင်တွေမှာ  နာမည် သို့မဟုတ် မွေးနံ ဟာ  သောကြာဂြိုဟ် ၊ တနင်္လာဂြိုဟ် ၊ ဗုဒ္ဓဟူးဂြိုဟ် တို့နဲ့ ပက္ခ မိနေခဲ့ရင် ဖြစ်စေ .. လိင်တူချစ်ကျွမ်းဝင်စေမှုကို လှုံ့ဆော် ပေးတတ်ပါတယ်။ အထူးသဖြင့်ကတော့  ဗုဒ္ဓဟူးဂြိုဟ် ဟာ  လိင်တူချစ်ကျွမ်းဝင်စေမှုမှာ အဓိက ဇာတ်ဆောင်ပါဘဲ ။

ဘာပဲ ဖြစ်ဖြစ် ..မောင်ဖုန်းပြောချင်တာကတော့…  သူတို့တွေအပေါ် ..နစ်နစ်နာနာ ဖြစ်စေ ၊ သရော် အတွေးမျိုးနဲ့ ဖြစ်စေ မရှုမြင်ဘဲ …၊ စေတနာထား ဆက်ဆံဖို့လိုအပ်တယ် ဆိုတာပါပဲ ။ မိမိတို့မျိုးရိုး သားစဉ် မြေးဆက်ထဲမှာလည်း ဒီလိုအဖြစ်မျိုး ကြုံတွေ့လာရတတ်တာမို့ …အဲဒီ့ကျမှ ကိုယ်ချင်းစာမိမယ့် အစား ..တင်ကြိုနားလည် စာနာနိုင်ဖို့ လိုအပ်ပါကြောင်း ။

ယောကျာ်းကောင်း ဖြစ်လွန်းကြသူများ

ယောကျာ်းကောင်း မောင်းမတစ်ထောင် လို့ ဆိုပါတယ်။ ဒီအဆိုကို ပြန်လည် ဖုန်သုတ် အရောင်လက် ပေးနေတဲ့ မောင်ဖုန်းကို အမျိုးသမီးထုကြီးက  အမြင်ကပ်ကြမှာကိုလည်း တင်ကြို မြင်ယောင်နေပါတယ်။ အထူးသဖြင့် … အပျိုကြီးဘ၀နဲ့ တစ်ကိုယ်တည်း  ဒေါထနေကြတဲ့ အစ်မများက  ပိုမယ်ထင်ပါတယ်။

ရှေးကတည်းက ယခုထက်တိုင်အောင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သည်နေရာမှာ အထူးအခွင့်အရေး သာလွန်ကြပါတယ်။ အမျိုးသားတစ်ယောက်အဖို့  သူစောင့်ရှောက်ကျွေးမွေး နိုင်မယ် ဆိုရင် ဇနီးမယား ထားနိုင်သမျှ ယူခွင့် ရှိတာကိုပါ တွေ့ရပါတယ်။ ဥပဒေများကလည်း ဒီအခွင့်အရေးကို ပေးထားတာကို တွေ့ရှိရပါတယ်။ အချို့သော ရှေးကျသော လူမျိုးနွယ်စုအချို့မှာ ယခုထက်ထိတိုင်အောင် …အမျိုးသား တစ်ယောက်ကို  ဇနီးသုံးယောက်ပြည့်အောင် ယူရတဲ့ ထုံးတမ်းစဉ်လာ အချို့ ရှိနေဆဲ ၊ ကျင့်သုံးနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။ အဲ…

အမျိုးသမီးတွေအဖို့တော့ ဒီအခွင့်အရေးမျိုး မရကြပါဘူး။ ရလို့လည်း မဖြစ်ဘူးပေါ့လေ ။  တစ်ချို့သော အမျိုးသမီးတော်တော်များများက ဒီအချက်ကို တော်တော်လေးမုန်းတီးကြပြီး မတရားတဲ့ ယောကျာ်းတွေ ဆိုပြီး  ဟစ်ကြွေးလေ့ရှိကြပါတယ်။ ဂွကျတာက  လူ့ပြည်မှမဟုတ် ..နတ်ပြည်အထိပါ ဒီ နိယာမ ထုံးတမ်းက ရှိနေတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာ  လို့ပဲ ဆိုရိုးပြုခဲ့ကြတာ တွေ့ရပြီး ၊ နတ်သားလေးတွေ တစ်ဖက်လေးငါးရာ လို့ တစ်ခါမှမတွေ့ဖူးခြင်း ပဲ ဖြစ်ပါလိမ့်မယ်။ အံမယ်…နတ်သမီးစဖြစ်တာတောင် …နတ်ပြည်မှာ ကလေးမွေးသလို   မွေးတာ မဟုတ်ဘူးတဲ့ခင်ဗျာ ။  တစ်ခါတည်း ဆယ့်ခြောက်နှစ်အရွယ် နတ်သမီးငယ်အဖြစ်  ..ဘွားကနဲ နတ်ပြည်မှာ ပေါ်လာတာဆိုပဲ ။

ဂွကျတာကတော့ အဲသလို ဘွားကနဲ ပေါ်လာတာက နတ်သားတစ်ပါးပါးရဲ့ ပိုင်နက်နယ်ပယ်ထဲမှာ ဖြစ်ပါသတဲ့။ အဲဒီ့နတ်သား ကံကောင်းပုံများ ..အဆိုပါနတ်သမီးငယ်ဟာ သူ့ပိုင်သတဲ့ဗျား    ဒီကံစမ်းမဲမျိုးက တော်တော်ကောင်းပါလား လို့တောင် တွေးစရာပါ ။ တစ်ခါတစ်လေတော့  ..ကတ်သီးကတ်သတ် ပေါ်လာတဲ့ နတ်သမီးငယ်ဟာ ခြံစည်းရိုးခွထိုင်ပြီး ဘွားကနဲပေါ်လာတတ်တဲ့အခါ …ဆိုင်ရာ ပိုင်နက်ပိုင်ရှင် နတ်သားတွေမှာ သူပိုင်တယ် ငါပိုင်တယ် နဲ့ အငြင်းပွားကြရပါလေရော ..။

သြော် …ဒီသူငယ်မ နတ်သမီးလေးနှယ် … ဘယ့်နှယ် နယ်စပ်မှာ မှ ထပေါ်လာပါလိမ့်။ တန်တော့ ..လူပြည်မှာတုန်းက  ..ရည်းစားများခဲ့ပုံပါပဲ ။ ဒါမှမဟုတ်လည်း  ..  ဟိုတစ်ယောက်လည်း မပြတ်မသား ၊ သည်တစ်ယောက်လည်း မြွေမသေတုတ်မကျိုး ကြိုးရှည်ရှည် လှန်ထားတတ်တဲ့ မမလေးများ  သေလွန်ပြီး နတ်ပြည်ရောက်တဲ့အခါ အဲသလိုပဲ ခြံစည်းရိုး ခွထိုင်ပြီး ဘွားကနဲပေါ်လာတတ်မယ် ထင်ပါရဲ့ ။

အဲသလို နတ်သားအချင်းချင်း  နတ်သမီးကို သူပိုင်တယ် ငါပိုင်တယ် နဲ့ အငြင်းပွားစရာ ဖြစ်လာတဲ့အခါ …သိကြားမင်းက ၀င်ရောက်ပြီး ဘယ်သူပိုင်တယ်ဆိုတာကို  နတ်သမီးပေါ်လာတဲ့နေရာကို  အကဲခတ်ပြီး ဆုံးဖြတ်ပေးရပါတယ်။ (ပေကြိုးနဲ့ တိုင်းမလားတော့မသိ။)  အင်း …ဖြစ်တော့မဖြစ်နိုင် ..နတ်ပြည်ဆိုတော့ နတ်တို့တန်ခိုးနဲ့ …တိုင်းမယ်ပဲ ထင်ပါရဲ့ ။

တစ်ကယ်လို့ နတ်သမီးဟာ ဘယ်သူပိုင်တယ်လို့ ဆုံးဖြတ်လို့ ..မရလောက်အောင် နယ်နိမိတ်ရဲ့ အလယ်တည့်တည့်မှာ ပေါ်လာတယ် ဆိုရင်တော့ …သိကြားမင်းက သူပိုင်အဖြစ် သိမ်းယူရ  ပါသတဲ့ဗျာတို့ ။ (နိုင်ငံတော်ဘဏ္ဍာ အဖြစ် အပိုင်သိမ်းလိုက်သလိုပေါ့လေ …။ )ဆိုတော့ …ရီတော့ ရီစရာ အကောင်းသား ။ ပေတိုင်းတဲ့အခါ ..နတ်သားတွေကလည်း  ငါ့ဘက်ကို ပိုရောက်နေပါစေ လို့ ကိုယ်စီ ဆုတောင်းကြမှာဖြစ်သလို ..သိကြာမင်းကလည်း  ခပ်တည်တည်နဲ့ နေနေပေမယ့် စိတ်ထဲကတော့ ..အလယ်ကျစမ်းကွာ ၊ အလယ်ကျစမ်းကွာ ဆိုပြီး …ဆုတောင်းနေမလားပဲ ခင်ဗျ ။

လူပြည့်က  မောင်ဘုန်းသိင်္ဂါတို့ မောင်ပခန်းတို့  မောင်ရန်း တို့များ သိကြားမင်းဖြစ်လို့ မဖြစ်ဘူး။ ဘုန်းသိင်္ဂါသာ သိကြားမင်းဖြစ်ရင် …အိုနားမလည်ဘူး မင်းတို့ အငြင်းမပွားနဲ့ အငြင်းပွားတာနဲ့ အဲဒါငါ့ဟာပဲ လုပ်မှာသေချာပါတယ်။ ပခန်းဆို  ပိုတောင်ဆိုးဦးမယ် ခင်ဗျ … ဘယ်နေရာမှာ အငြင်းပွားနေလဲ ဆိုတာကို လိုက်ကြည့်နေတာနဲ့ နတ်တို့ရဲ့ တစ်နေ့တာ ကုန်မှာပါပဲ ။ မောင်ရန်းကတော့     သိကြားမင်းဖြစ်ရင်  ..  ယောက္ခမဖြစ်တဲ့ အသူရာနတ်မင်း နဲ့ စစ်ခင်းနေတာနဲ့ မအားလပ်နိုင်တာမို့ ၊  အငြင်းပွားတဲ့ကိစ္စ မှန်သမျှ .. အစစ်အဆေး အမေးအမြန်းမရှိ .. ငါ့ဟာလို့သတ်မှတ်လိုက် ဆိုပြီး စည်းကမ်းထုတ်ထားမှာ သေချာပါတယ်။

ဆိုတော့  မ ဖြစ်ရတာ လူ့ပြည်မှာပဲ ဖြစ်စေ ၊ နတ်ပြည်မှာပဲ ဖြစ်စေ … အမျိုးသားတွေနဲ့ အခွင့်အရေး မတူညီနိုင်ပါဘူး။ ကမ္ဘာဦးအစကတည်းက နိယာမ သဘာဝ တစ်ရပ်အနေနဲ့သာ သဘောပိုက် ရပါတော့တယ်။ အမျိုးသားတွေအဖို့  ကျွေးမွေးစောင့်ရှောက်ပြီး အရိပ်အာဝါသ ပေးနိုင်စွမ်းမယ် ဆိုရင် .. ဇနီးကညှာ အိမ်ယာသက်ထားတွေ အများအပြား ယူနိုင်ကြပြီး ၊ ယောကျာ်းကောင်းတော့ မောင်းမ တစ်ထောင် ဆိုတဲ့ ဆိုရိုးကလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆက်ပြီး တင်ပြပေး လိုတာက    ဗေဒင်ပညာရှုထောင့်အရ  .. အဘယ်အချင်းအရာ အချို့က  ..အမျိုးသား တွေကို  မောင်းမ တစ်ထောင် ဖြစ်စေဖို့  လှုံ့ဆော်ပေးနိုင်သလဲ ဆိုတာပါပဲ ။

လက်ဆန်းပညာတစ်ခုဖြစ်တဲ့ မဟာဘုတ်ဗေဒင်ပညာနဲ့ပဲ စပြောပါ့မယ်။ အမျိုးသားတစ်ယောက်ရဲ့ မွေးနံ သို့မဟုတ် နာမည်ဟာ  သောကြာ ၊ တနင်္လာ ဂြိုဟ်တွေနဲ့  ပက္ခ မိနေခဲ့ရင်  .. ဇာတာရှင်အမျိုးသားကို  ကာမရော မေတ္တာပါ  ..လိုလားမှု ပိုစေပါလိမ့်မယ်။ ပက္ခသောကြာဟာ ကာမဂုဏ်အာရုံ  ကို အထူး နှစ်သက်စေပြီး .. ပက္ခတနင်္လာကတော့ …မေတ္တာကို သာမန်ထက် ပိုလိုလားစေနိုင်ပါတယ်။ အထူးသဖြင့်  သောကြာနဲ့ ပက္ခမိခြင်းဟာ     သောက်လေသောက်လေ မက်မပြေတဲ့ ဆားငန်ရေကို သောက်မိသလို ..ကာမဂုဏ်မှာ မတင်းတိမ်နိုင်အောင် ..နှစ်သက်မိစေနိုင်ပါတယ်။ မွေးနံ ၊ နာမည်အရင်းစာလုံး ၊ နာမည် အဖျားစာလုံး  .. ဒီသုံးပါးဟာ ..တနင်္လာ ၊ သောကြာ နဲ့ ဆပွတ်ဂြိုဟ် သုံးမျိုးကို ပက္ခမိထားရင်တော့ …သေချာပေါက်ကိုပဲ ဒီဇာတာရှင်မျိုးဟာ   မေတ္တာရေးမှာ သာမန်ထက် ထူးခြားသော အခြေအနေများ မုချ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ညီအစ်မ နှစ်ယောက် နဲ့လက်ဆက်ပေါင်းသင်းနေသူ ၊ ဇနီးသုံးယောက်နဲ့ တစ်အိမ်ထဲမှာ သင့်မြတ်စွာ ပေါင်းသင်းနေထိုင်သူ  ..စသည်ဖြင့်တို့ကို ဒီအခြေအနေ ဇာတာမျိုးတွေမှာ …ထူးခြားစွာ တွေ့ရှိရပါတယ်။

အဓိကကတော့  သောကြာဂြိုဟ်လို့တောင် ဆိုရပါမယ်။  သောကြာဂြိုဟ်ဟာ အမျိုးသားကိုဖြစ်စေ ၊ အမျိုးသမီးကို ဖြစ်စေ ..ပက္ခမိလိုက်တာနဲ့ လောကီအာရုံ ကာမဂုဏ်တွေအပေါ် တပ်မက်စိတ်  ပြင်းထန် စေတတ်ပါတယ်။ တနင်္လာနဲ့ ပက္ခ မိရင်တော့ မေတ္တာငတ်မွတ်စေတတ်ပြီး ၊ ကိုယ့်အပေါ် မေတ္တာထား မယ့်သူကို တစ်ဘ၀လုံး လိုက်ရှာဖွေနေမိ စေတော့တာပါပဲ။  ဗုဒ္ဓဟူးနဲ့ ပက္ခ မိထားခြင်းဟာ ( အမည် အရလည်း  အားနဲခဲ့မယ်ဆိုရင် ) လိင်ဆက်ဆံမှု မှာ ပြသနာ မကင်းစေသော ဆိုးကျိုးမျိုး ပေးစွမ်း ပါလိမ့်မယ်။ ဆိုတော့ …မဟာဘုတ်ဗေဒင်ပညာ ရှုထောင့်အရ  အထက်ပါအချက်ကလေးများက အမျိုးသားတွေကို မောင်းမတစ်ထောင် ဖြစ်စေဖို့ တွန်းအားပေးလာ တတ်ပါတယ်။

နက္ခတ်ဗေဒင်အရကတော့ အရမ်းများပြားတဲ့အချက်တွေကို မဖော်ပြလိုတော့ပါဘူး။ ကိုယ်တွေ့ထဲက အချို့ကိုပဲ ဖော်ပြပါရစေ။ တစ်ခါက  ..အရာရှိပိုင်း ကြီးကြီးမားမား ထဲက ပုဂ္ဂိုလ်ကြီး တစ်ဦးနဲ့ တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့ဖူးပါတယ်။  သူ့အဖြစ်က .. အရွယ်ကြီးရင့်မှ  အမျိုးသမီးတစ်ဦးနဲ့ ထပ်မံ ငြိစွန်းမိတဲ့ သာမန်ဇာတ်လမ်းတစ်ပုဒ်ပါ။ သို့သော် နဲနဲဆန်းတာက ..နောက်ထပ်ငြိစွန်းတဲ့ အမျိုးသမီး ကလည်း  ထက်ထက်မြက်မြက်နဲ့ ..အရေးပါတဲ့ လူကြီးပိုင်း  အသိုက်အ၀န်းကပဲ ဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်က သူ့ဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သလို … သားသမီးမြေးမြစ်တွေ တောင် ရနေပြီမို့ သည်အဖြစ်က သူ့မိသားစုအားလုံးကို လှုပ်ခါနိုင်ခဲ့တာလည်း အမှန်ပါပဲ။ သူကလည်း  ဗေဒင်ပညာကို အတန်အသင့် နားလည်နေသူမို့  သူ့ဇာတာကို ပြပြီး  ခုနှစ်တန့်ဘာဝမှာ  ကြာသာပတေးဂြိုဟ် စီးနင်းနေတုန်းမှာ ဘာကြောင့် ဒီပြသနာမျိုး ဖြစ်ရတာလည်း နားမလည်ကြောင်း မေးပါတယ်။

ကျွန်တော်ကလည်း နားလည်သလောက် ပြန်ရှင်းပြရပါတယ်။ ကြာသာပတေးဆိုတာက  ဘယ်နေရာကိုပဲ ရောက်ရောက်  ပေါကြွယ်ဝစေ ၊ များစေ ၊ ပွားစေ တဲ့ သတ္တိကို ပြုတတ်တယ် ဆိုတဲ့အကြောင်း လေးပါ။ ဘိန်းခင်း ပေါ်ကြရင် ဘိန်းပွင့်တွေ ပွင့်စေမယ်။ ဘယဆေးခင်းပေါ် ကျရင် ဘယဆေးပင်တွေကို ရှင်သန် စေပါမယ် ဆိုတဲ့အကြောင်း သူ့ကိုရှင်းပြရပါတယ်။ သူ့ဇာတာရဲ့ နဂိုရှိရင်းစွဲ အနေအထားအရ  အပြစ် အချို့နဲ့ ကောဇာကြာသာပတေးက ဖြစ်မြောက်စေအောင် တွန်းအားပေးလာမှု တို့ကို သေချာ ရှင်းပြ ရပါတယ်။ အဓိကကတော့ …  ကြာသာပတေးသည် သဘာဝသောမဂြိုဟ်စစ်စစ် ဖြစ်သည့် တိုင်အောင် … အဆိုးသဘော ပြုပြီဆိုတာနဲ့ ကင်ဆာလိုရောဂါမျိုးတွေ ၊ ပွားစေတတ်သော ရောဂါ ဝေဒနာတွေမှာ ပါဝင်လှုံ့ဆော်ပေးတတ်သလို ၊ လူမှုနယ်ပယ်မှာလည်း  ဖြေရှင်းရခက်လောက်အောင် ပြသနာတွေ ပွားစေ တတ်ကြောင်း သူ့ကို ရှင်းပြခဲ့ရပါတယ်။ စနေသည် လျော့နဲစေပြီး ၊ ကြာသာပတေးမှာမူ တိုးပွား စေတတ်ကြောင်း ၊ ယခု အစ်ကိုကြီး၏ ဇာတာမှာ ခုနှစ်တန့်ဘာဝမှာ ကြာသာပတေးရှိချိန်တွင် ဇနီးကညာ ယုတ်လျော့သွားခြင်းမဟုတ်  ၊ တိုးပွားလာခြင်းသာ ဖြစ်ကြောင်း အရွှန်းအသော့လေးနဲ့ ရှင်းပြခဲ့ပါတယ်။ သူလည်း အဲဒီ့အခါမှပဲ ပြုံးပြီး နောက်တော့ မတိုးပါရစေနဲ့တော့ မောင်ရာ လို့  ပြန်ပြောပါတော့တယ်။ အဓိက ပြောပြဖြစ်ခဲ့တာကတော့  … သောမဆိုတာနဲ့ အမြဲကောင်းပြီလို့ မှတ်နေတဲ့ အစွဲတွေကို မယူစွဲသင့်ကြောင်း ဆိုပါတော့ ။  

တစ်ခါက  နယ်မြို့လေးတစ်မြို့မှာ စာအုပ်သွားဝယ်ရင်း ဗေဒင်မေးဖြစ်တော့ ၊ … ဗေဒင်ဆရာက  စာရေးသူရဲ့ဇာတာကို ကြည့်ပြီး    မောင်ရင် ဇနီးသုံးယောက်ရမယ် .. မောင်ရင်က စစရာမလိုဘူး။ သူ့အလိုလို ခြင်ထောင်ထဲထိ ၀င်လာမယ်လို့ ဟောပါတယ်။ စာရေးသူက ပြုံးပြီး နောက်ရွှတ်ရွှတ်နဲ့ ..ခုတော့ နှစ်ယောက်ခွဲပဲရှိသေးတယ်ခင်ဗျ လို့ ဖြေခဲ့ပါတယ်။ ဒါပေသိ …ကိုယ့်ဇာတာ ကိုယ်သိနေသူမို့ ..အပြင်းအထန်တော့ ငြင်းချက် မထုတ်ခဲ့မိတော့ပါ။ ဇာတာမှာ  သောကြာနဲ့ စနေဟာ ပူးယှဉ်နေပြီး လဂ်ရဲ့ဆယ်တန့် ၊ စန်းရဲ့ ခုနှစ်တန့်မှာ ဖြစ်နေတာကြောင့် … ဘ၀တစ်လျှောက်မှာ မေတ္တာဆိုတာနဲ့ပတ်သက်လို့ …ထိခိုက်နာကျင်ရမှုတွေ မကင်းခဲ့သလို ၊ ထူးထူးဆန်းဆန်းအခြေအနေ တွေလည်း အများအပြား ကြုံခဲ့ရပါတယ်။ ဒါကြောင့် …


လက်ဆန်းမှာပဲ ဖြစ်ဖြစ် ..လက်ရိုးစနစ်မှာပဲ ဖြစ်ဖြစ် ၊ တနင်္လာနဲ့ သောကြာဟာ … မေတ္တာရေးနဲ့ ကာမဂုဏ် ကိစ္စ တွေမှာ  အဓိကထားပြီး စစ်ဆေးရမယ့် ဂြိုဟ်တွေလို့ ပြောနိုင်ပါတယ် ဆိုတာကို တင်ပြရင်း  မောင်ဖုန်းရဲ့ အတွေးစုဗူးကိုလည်း  ဒီနေရာမှာ ခဏရပ်နားခွင့် ပြုပါခင်ဗျား ။  


သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)


Post a Comment
 

Posts Comments

©2006-2010 ·TNB