သည်ရက်ပိုင်း မောင်ဖုန်း ခြေဆစ်များ ယောင်နေသဖြင့် အင်တာနက်ဆိုင်သို့ မရောက်နိုင်သည်မှာ ဆယ်ရက်မက ကြာမြင့်သွားပါသည်။ နှစ်ပတ်မြောက်လောက်မှ အွန်လိုင်းတက်ဖြစ်သည်။ အဲသည့်နေ့မှာ ..ယူအက်စ်က အစ်မကြီးတစ်ယောက်က ယတြာများနှင့် ပတ်သက်ပြီး ၊ ရေးသားဖို့ တိုက်တွန်း နှိုးဆော် လာခြင်း ရှိလာပါသည်။
ဆရာရယ် (……) ဆိုဒ်မှာ ရေးထားတဲ့အတိုင်း ယတြာတွေက လုပ်လို့မဖြစ်ဘူး ၊ ကျွန်မတို့မှာ တော်တော် အခက်တွေ့ရတယ်။ လမ်းပေါ်မှာ ဘာစွန့်ပါ ဆိုတဲ့ ယတြာမျိုးက ဒီမှာသွားလုပ်ရင် ရဲအဖမ်းခံရမှာ ။ စသည်ဖြင့် ….သူပြောခဲ့သည်ကို မှတ်မိနေပါသည်။ ဒီတော့ … ဆရာတို့ အနေနဲ့လည်း ယတြာလေး တွေကို ခေတ်နဲ့အညီ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာတွေ ..လုပ်လို့လွယ်အောင် ပေါ့နော် ..ရေးသားစေ့ချင်ပါတယ် ဆရာ …တဲ့ ။
သူပြောတာလည်း ဟုတ်တုတ်တုတ် ။ အင်း စဉ်းစားပြီးရေးဦးမှပါဘဲ ဆိုပြီး ဒီဆောင်းပါးလေး ရေးဖြစ်ခဲ့သည်။ ဟုတ်သည် …ဘာအသား ညာအသား ရှာပြီး ဘာလုပ်ညာလုပ် ဆိုတာမျိုးက နိုင်ငံရပ်ခြား မှာက အခါတိုင်း လွယ်ကူနိုင်အံ့မထင်။ ထို့အတူ ဘာစွန့် ညာစွန့်ပါ ဆိုတာမျိုးကလည်း တစ်ခါတစ်ရံ အခက်အခဲ ရှိနိုင်သည်။ ဂွကျသည်က ကျွန်တော်တို့လောကီပညာနယ်ပယ်တွင် …စွန့်ခြင်း …ပယ်ခြင်း ဟူသော အလုပ်မျိုးကလည်း ယတြာပြုရာတွင် အရေးပါလှသည်သာ ဖြစ်သည်။ ဆပွတ်ကိုးခိုင်ပညာတွင် ..ဘယ်အရပ်မှာ ဘာရှိမယ် ဖယ်ပစ် ၊ စွန့်ပစ်ရမယ် ၊ ဘယ်အရပ်မှာ ဘာကို စိုက်ရမယ် ဆိုတာမျိုး လေးတွေ အမြောက်အများရှိသည် ။ ဒါတွေက ကော တစ်ကယ်ဟုတ်ရဲ့လား မေးစရာ ရှိသည်။
ဒီမေးခွန်းအတွက် ဥပမာ တစ်ခုပေးရပါလျှင် ကံဟူသည်မှာလည်း လိုအပ်လာပါက ..ဆံပင်ညှပ်သလို ၊ ခြေသည်းလက်သည်း လှီးဖြတ်ရသလို ၊ သွားတိုက် မျက်နှာသစ်ရသလို ..မလိုအပ်သော အစိတ်အပိုင်း များကို ကံတရားတွင် ပေကျံမနေစေရန် ..(ခေတ်စကားဖြင့်ပြောရလျှင်) နဲနဲ ရှိုင်း ပေးရသည်။ ပိုနေလျှင် ပယ်ရမည်။ လိုနေလျှင် ဖြည့်ရမည်။ ပိုနေပြီး အကျိုးမဖြစ်သည့် အစိတ်အပိုင်းတို့ကို မစွန့်လျှင် .. ကံသည် လည်း လူနည်းတူ ညစ်လာတတ်သည်။ ဆံပင် မုတ်ဆိတ် မရိပ်မသင် ကြာရှည်စွာထားလျှင် .. ကြည့်ရဆိုး သကဲ့သို့ပင် .. ကံဟူသည်တွင်လည်း .. ပိုလျှံလာသော ..မကောင်းသောကံ အနေအထားအချို့ ကို အဟောသိကံ ဖြစ်နိုင်သမျှ ဖြစ်စေရန် ၊ သို့တည်းမဟုတ် ဖြေပြေသက်သာစေနိုင်ရန် အတွက် ပယ်ခြင်း စွန့်ခြင်း ယတြာအချို့ကို လုပ်ကြရတော့သည်။ …ဒီနည်းအားဖြင့် …ပယ်ရစွန့်ရသည့် အစိတ်အပိုင်းများ သည် … လောကီပညာတွင် အရေးပါလာသည် ။ ဆန်းကျမ်းဗေဒင် စနစ်တွင် နိစ်ကြိုးပြကြိုးအရ .. လည်းကောင်း ၊ ကပ်ဂြိုဟ်အဆိုးအကောင်း အရလည်းကောင်း .. ၊ ပယ်သည့်စွန့်သည့် နည်းစနစ် ကောင်းများ ရှိသည်ကို တွေ့ရလေသည်။
တစ်ခါတစ်လေ မောင်ဖုန်းကိုယ်တိုင် ပင်လျှင် … ဘာအရောင် ဆံညှပ်ကလေးတစ်ခုကို ဘယ်အရပ်ကို စွန့်လိုက်ပါ ဆိုတာမျိုး ယတြာပေးနေရပြန်သည်။ မလုပ်လို့မှ မဖြစ်တာကိုး ။ ပယ်ရန်လိုသော ကံအချို့ကို ပယ်စေလိုသော အခါ မဖြစ်မနေ ယတြာပေးရပြန်သည်။ ဒီတော့ လွယ်လွယ်ကူကူ နိုင်ငံရပ်ခြားမှာ ရောက်နေသူတွေ လုပ်လို့ အဆင်ပြေစေမည့် ယတြာမျိုးလေးတွေ စဉ်းစားပြီး ပေးရသည်။ ကာကူလေတာကို ခေါင်းဦးအောက်ထား အိပ်ခိုင်းသူကိုလည်း အိပ်ခိုင်းရသည်။ စာရေးစားပွဲနားတွင် ရေဖန်ချိုင့် ထားပြီး ပညာရေးအထောက်အကူ ဖြစ်အောင်လည်း ကြံဖန် စီစဉ်ပေးရပြန်သည်။ စသဖြင့် ခေါင်းထဲထွက် သလောက် တော့ ..ကြံဖန်ပြီး အဆင်ပြေမည့်ယတြာ ပေးရသည်သာ။
ယတြာ၏ အချိုးအစား
ယတြာ နှင့် ပတ်သက်ပြီး ဆက်ပြောရပါလျှင် .. ယတြာပေးခြင်းသည် မျက်မှောက်ကြုံတွေ့နေရသော အခက်အခဲ အမျိုးအစား နှင့် ကံဇာတာ အခြေအနေ ပေါ်မူတည်ပြီး အမှန်တစ်ကယ် ထိထိရောက်ရောက် ဖြစ်စေမည့် ယတြာမျိုး စဉ်းစားပေးရန်လိုသည်။ စာရေးသူအနေနှင့် ..ဘယ်သူလာလာ ဒီယတြာပဲ လုပ်ခိုင်းခြင်းမျိုးကို သဘောမကျမိပါပေ။ သဘောမကျရသည့် အကြောင်းအရင်းကလည်း ရှိသည်။ လူတိုင်းတွင် နေ့နံတစ်မျိုးဆီ ရှိကြသည်။ ဆိုတော့ ဆိုင်ရာနေ့နံတွေအလိုက် ယတြာဆိုသည်ကိုလည်း ပေးကြရပြန်သည်။ ယင်းသို့ပမာပင် လူတိုင်းတွင် နာမည်တစ်မျိုးဆီလည်း အနဲဆုံး ရှိကြသည်။ ဒါကြောင့် နေ့နံ ရှစ်မျိုး ကွဲသည့်အတိုင်း ..တနင်္ဂနွေသားများ အတွက် ယတြာ အမျိုးအစားတို့မှာပင် …တနင်္ဂနွေသား အောင်မင်း နှင့် အေးအေးသိန်း တို့ကို ယတြာ တစ်ပုံစံတည်း ပေးသည်ထက် သက်ဆိုင်ရာ နာမည်အလိုက် ..ကိုက်ညှိပြီးပေးသော ယတြာမျိုးတို့က ပိုမိုထိရောက်သလို ..၊ အဆိုပါ ဇာတာရှင် အမည်ရှင် အတွက်လည်း အကျိုးပိုမို ပွားစည်းစေနိုင်ပေသည်။ ယင်းအချက်ကို သာမန်လူတို့ အဖို့ ..လက်ခံနိုင်ရန် ..ဥာဏ်အလှမ်းကွာ ကောင်း ကွာနိုင်ပေသည်။
ပမာအားဖြင့် ဆိုရပါမူ … ဆေးကုရာတွင်ပင် ..အောင်မင်း ကို အောင်မင်း လိုကု ၊ ကြည်အေး ကို ကြည်အေးလိုကု ရသည် ဟူသော အဆိုရှိသကဲ့သို့ပင် …၊ အမည်အရ ဓါတ်ဆင်ခြင်း ၊ ယတြာပေးခြင်း ၊ ကံဟောခြင်း ၊ အမျိုးမျိုး ပြုလုပ်နိုင်ပြီး နေ့နံအရ ပြုခြင်းများထက် ပိုမိုအနုစိတ်ကာ ..အစွမ်းသက်ရောက်မှု အားကောင်းစေပေသည်။
ထို့အတူပင် … ယတြာပေးသည့်အခါတွင်လည်း … ပြသနာအမျိုးအစားပေါ်မူတည်ပြီး ဥာဏ်ဖြင့် စီစဉ် စီရင် ပေးသော ယတြာတို့သည် အခါအားလျော်စွာ ကွက်တိကျပြီး ..အချိုးအစား မှန်ကန်သွားသည့်အခါ .. အမှန်ပင်လျှင် သက်ဆိုင်ရာ ဇာတာရှင်အဖို့ ချမ်းသာခြင်း ဖြစ်စေနိုင်ပေသည်။ သို့ရာတွင် …လောကဟူသည်ကား ကိစ္စများမြောင်လှပြီး ၊ အမျိုးမျိုးအဖုံဖုံသော ပြသနာအ၀၀ ရှိကြလင့်ကစား … ယတြာပေး ရသည်မှာလည်း တစ်ခါတစ်ရံ အမှန်ပင် ..ဦးနှောက်ခြောက်ရသည်များ ရှိလေသည်။
တစ်ခါက ချစ်သူနှင့် ကွဲကွာပြီး အပူသင့်နေသော မိန်းကလေးတစ်ဦး နပူနဆာလုပ်လွန်းသဖြင့် ယတြာပေး ခဲ့ရဖူးသည်။ ကောင်လေး၏ ဓါတ်ပုံကို ရေချိုးခန်းအတွင်းရှိ မှန်နှင့် မျက်နှာချင်းဆိုင်တွင် ကပ်ထားပြီး ထိုပုံကိုကြည့်ပြီး ရေချိုးရန် အကြံပေးလိုက်ရသည်။ ( မြန်မြန်သွက်သွက်လည်း ချိုးဦး ၊ အအေးမိနေလို့ ..မောင်ဖုန်းပေးတဲ့ယတြာလုပ်မိမှ ဆေးခန်းရောက်တော့တယ် ဖြစ်ဦးမယ်..ဟုလည်း မှာရသေးသည်။ ) အဆိုပါ ယတြာမှာ အချိုးအစား မှန်ကန်သွားခဲ့သည်ဖြစ်သဖြင့် တစ်ပတ်ခန့် အကြာတွင် .. ကာလအတန်ကြာကွဲကွာနေခဲ့သော ကောင်လေးနှင့် ပြန်လည် သင့်မြတ် သွားခဲ့ပေသည်။ အဘယ်ကြောင့် ရေချိုးခိုင်းခြင်း ၊ မှန်ရှေ့တွင် ..ဓါတ်ပုံကို မျက်နှာချင်းဆိုင်တွင် ကပ်ထားခြင်း ပြုရန် အကြံပေးရသနည်း။ ရေသည် လည်းကောင်း ၊ မှန်သည်လည်းကောင်း ၊ ဓါတ်ပုံ သည်လည်းကောင်း ၊ မေတ္တာရေးသည်လည်းကောင်း တနင်္လာဂြိုဟ်နှင့်စပ်လျဉ်းသော အချင်းအရာများ ဖြစ်ကြ၏။ မှန်နှင့် မျက်နှာချင်းဆိုင် အနေအထား ကပ်ခိုင်းခြင်းသည် …မေတ္တာရောင်ပြန်ဟပ်စေရန် ..ဖြစ်၏။ အထူးသဖြင့် ရေနှင့်နီးစပ်သော နေရာတွင် အဆိုပါယတြာကို ပြုခိုင်းခြင်းမှာ …အကြောင်းရှိ ပေသည်။ ရေသည် …စိမ့်ဝင်ပျော်ဝင်လွယ်သော ကြားခံတစ်မျိုးဖြစ်ပြီး … ပရလောကနှင့် ဆက်သွယ်ရာတွင် ဖြစ်စေ ရေကိုကြားခံအဖြစ် အသုံးချလေ့ရှိကြ၏။ ရေမှတစ်ဆင့် …နာမ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမျိုး ကို လုပ်ကိုင်လေ့ရှိကြသော ရှေးဟောင်းဓလေ့အချို့ ရှိကြသောကြောင့် ဖြစ်ပေသည်။
ဒီအကြောင်းရေးမိသဖြင့် အချို့သော ရည်းစားပူမိနေသည့် သူအချို့လည်း ရေချိုးခန်း များများဝင်ကုန် ကြနိုင်သည်။ တစ်ခါတည်း ကြိုပြောလိုက်ပါမည်။ မိမိတို့အနေနှင့် အမှန်တစ်ကယ်မေတ္တာရှိနေပြီး ၊ သင့်လျော်သော အနေအထားရှိနေသော ..ချစ်သူမျိုးကသာ ..အကြောင်းတစ်ဖန် ပြောင်းလှန်ပြီး ပေါင်းရန် ဖြစ်လာနိုင်ပါသည်။ ဘုန်းကြီးဝတ်သွားသော ငယ်ရည်းစားကိုဖြစ်စေ …၊ ဘယ်လိုမှကိုယ့်ကို မေတ္တာ မရှိတော့သူကို ဖြစ်စေ ၊ အိမ်ယာအမှုထူထောင်သွားပြီး ကလေးဘုစုခရုနှင့်  ဘ၀ခရီးနှင်နေပြီဖြစ်သည့် ချစ်သူကို ဖြစ်စေ … တမ်းတပြီး ရေမချိုးပါနှင့် ။ အအေးပတ်ပြီး ဂန့်သာသွားမည် ။ ချစ်သောသူကတော့ ပြန်လာမည် မဟုတ်ပေ ။
ယတြာဟူသည်မှာ နဂိုရှိမှ နဂိုင်းထွက်နိုင်သော ဓါတ်မြေသြဇာနှင့် အလားတူ၏။ ပင်ကိုယ်မျိုးစေ့ အပေါ်မူတည်ပြီး အပင်အမျိုးအစား ကွဲမည်သာဖြစ်သည်။ ဓါတ်မြေသြဇာဟူသည်မှာ ထိုမျိုးစေ့ အပင်ကို ကြီးထွား ရှင်သန်စေရန်သာ လုံ့လပြုပေးနိုင်ပေသည်။ မိမိတွင် နဂိုကတည်းက ရှိနေသော ကံအမျိုးအစား သည်သာ တည်တံ့နိုင်သည် ဖြစ်ကြောင်း သတိချပ်ပါလေ။ တစ်သက်လုံး ဆင်းရဲကံ ပါလာသူအား ချမ်းသာမည့်ယတြာပေးလို့ မချမ်းသာနိုင်။ အတိတ်က ဒါနမပြုခဲ့သဖြင့် ဒါနမျိုးစေ့မှ ပါမလာပေသကိုး ။ ဒီတော့ မျက်မှောက်ကံ ဒါနကိုသာတွင်တွင်ပြုခိုင်းရသည်။ တနည်း ..မျိုးစေ့အသစ်ကို မြန်မြန်ချ ခိုင်းရသည်။ ကြီးမြန်သစ်ပင်ကဲ့သို့ ..အမြန်အလျှင် ပထမဇောကံဖြင့် အကျိုးပြုစေမည့် ဒါနကုသိုလ် တို့ကို ပြုခိုင်းရုံဖြင့်သာ ..ဖြည့်ဆည်းပြုပြင်နိုင်၏။ ဆင်းရဲကံကိုဖျောက် ..ချမ်းသာကံ ကိုရောက်…ကရော ဟဲ့ ..ဥုံဖွ ..လုပ်ချင်လို့မရ ။
စာရေးသူ၏ အတွေ့အကြုံအရ … သက်ဆိုင်ရာ ဇာတာရှင်၏ နေ့နံ နှင့် နာမည်ကို တွက်စစ်ပြီး …ချင့်ချိန်ကာ ထိုဇာတာရှင် အမည်ရှင်အတွက် တစ်သက်တာ ဆောင်အပ်သော ယတြာကို ပြုခိုင်းခြင်းသည် အမှန်ပင်ထိရောက်ပြီး ..ကောင်းကျိုးချမ်းသာရောက်စေနိုင်ကြောင်း ကြိမ်ဖန်များစွာ တွေ့ရှိရလေသည်။ ပိုမိုနားလည်လွယ်အောင် ရှင်းပြရပါမူ … ကတ္တုကာရက အမည်ရှင်များသည် ..တစ်ကြိမ်ထဲနှင့်  ဘယ်သောအခါမှ ယတြာမစွမ်း ၊ အကျိုးမပြ တတ်ပေ။ အကြိမ်ကြိမ်ဆောင်ရွက်ပြီးမှ ပြီးမြောက် အထမြောက်စေတတ်၏။ အလားတူပင် ယင်းတို့အနေဖြင့် ယတြာပြုသည့်အခါ …ပုံစံတူ ယတြာ တစ်မျိုးမျိုးကို တစ်ကြိမ်မက ထပ်ခါထပ်ခါ လုပ်ကိုင်သင့်၏။ သာမိကာရက အမည်ရှင်တို့မှာမူ မိမိကိုယ်တိုင် ယတြာပြုသင့်၏။ သို့သော် ..မိမိတစ်ဦးတည်းအတွက် မလုပ်အပ်။ အခြားသူတစ်ဦး၏ အကျိုးအတွက် ယတြာကိုပါ ထိုသူ့ကိုယ်စား မိမိက လုပ်ကိုင်ပေးရင်း ဆောင်ရွက်မှသာလျှင် မိမိလုပ်ကိုင်သော ယတြာမှာလည်း အထမြောက်အောင်မြင်၏။
သမ္ပဒါနကာရက အမည်ရှင်တို့မှာမူ တစ်ဦးတည်းယတြာပြု၍ မရကြသူများ ဖြစ်သည်။ အဖွဲ့လိုက် အသင်းလိုက် အဖော်နှင့် အပေါင်းနှင့် ယတြာပြုမှ အမှန်တစ်ကယ် ထိရောက်တတ်ပေသည်။ တစ်ခါတစ်ရံ တစ်ဦးတည်းဖြစ်နေလျှင် ယတြာပြုရ အခက်ကြုံရတတ်ပေသည်။ ယင်းသို့အခါတွင် ..လမ်းတွင် မိမိတို့နေ့နံအလိုက် …ကျောက်ခဲလေးကို အရောင်ကြည့်ပြီး ခေါ်သွားရ၏။ ဥပမာ တနင်္ဂနွေသား ဖြစ်ပါမူ လိမ္မော်ရောင် ကျောက်ခဲကလေးကို အဖော်ခေါ်သွားရ၏ ။ တနင်္လာသား ဖြစ်ပါမူ အဖြူရောင် ကျောက်ခဲကလေးကို အဖော်ခေါ်သွားရ၏။ ..စသည်…။ ယတြာပြုရာတွင်လည်း မောင်ကျောက်ခဲရေ မင်းအတွက်လည်း ပန်း သို့မဟုတ် ရေချမ်း အတူတစ်ကွ ကပ်ပေးမယ်။ ကပ်ကြရအောင် စသည်ဖြင့် ပြောဆိုပြီး အဖော်ပြုပြီး ယတြာကို လုပ်ကိုင်ရ၏။ သို့မှသာ အနာနှင့် ဆေး အတိအကျ သက်ဝင်ပြီး ထိရောက်သော ယတြာဖြစ်စေ၏။ .. ထားတော့ ..။ ရေးလျှင် ဆုံးမည်မထင် ။
နိုင်ငံရပ်ခြားမှာ ပြုဖို့ယတြာ
ပြည်ပရောက်နေသော မြန်မာအများစု အဖို့ ယတြာပြုရာတွင် သက်ဆိုင်ရာ နေ့နံ အသား ၊ အခက် ၊ အရွက် ၊ အညွှန့်တို့ ရှာရဖွေရခက်ရတတ်သည်။ ဒီကိစ္စအတွက် … အကြံပေးရပါမူ …တနင်္ဂနွေနံ ဖြစ်ပါက … အုန်းလက် ရှာဖို့ခက်နေလျှင် .. ပူပူနွေးနွေး သို့မဟုတ် ပူပူစပ်စပ် အစားအစာ တမျိုးမျိုး အသုံးပြု နိုင်သည်။ ဒါက ..ဘုရားကပ်ဖို့ ၊ လှုဖို့ ဒါနပြုဖို့ ၊ သို့တည်းမဟုတ် မိမိကိုယ်တိုင် စားဖို့လိုသော ယတြာများ ပြုရင်တွင် အသုံးပြုလို့ရသည်။ အဲ ..စွန့်ဖို့ပြုဖို့ ယတြာများ ကျလျှင်တော့ အုန်းလက်အစား .. ဓါတ်ခဲဟောင်းအချို့ကို စွန့်ပစ်နိုင်သည်။ ဆရာ ..ဓါတ်ခဲ ဆိုတော့ စနေနံမဟုတ်ဘူးလား ..ဆိုပြီး ..စောဒက တက်သူအချို့ရှိလာနိုင်သည်။ မဟုတ် ။ လောကတွင်ရှိရှိသမျှသော … အပူစွမ်းအင် အလင်းစွမ်းအင် ပေးစွမ်းနိုင်သော အချင်းအရာတို့ကို တနင်္ဂနွေဂြိုဟ်မှ လွှမ်းမိုးထားသည်။ ဘတ္ထရီ ၊ မီးချောင်း ၊မီးသီး ၊ ဓါတ်မီး ….စသည်ဖြင့် တို့ကို တနင်္ဂနွေမှပင် လွှမ်းမိုးထားသည်။ အထူးသဖြင့် စွမ်းအား သိုလှောင်နိုင်သော အစိုင်အခဲတို့ကို တနင်္ဂနွေမှ လွှမ်းမိုးထားသဖြင့် ဓါတ်ခဲဟောင်းဟူသည်မှာ မကောင်းသော တနင်္ဂနွေပင် ဖြစ်ရာ ..စွန့်ခြင်းယတြာတို့ပြုရာတွင် များစွာအသုံးဝင်လေသည်။
တနင်္လာနံဖြစ်ပါမူ … ကံကော်သား ၊ ဘာသား ညာသား ရှာရခက်နေလျှင် ခြေထောက်ကိုရေဆေးပြီး အဆိုပါရေကို ..တစ်ည အိမ်တွင်ထား ..ယတြာပြုမည့်နေ့တွင် စွန့်ပစ်လိုက်ရုံသာ။ တနင်္လာနံကို ဆောင်ရန် ဖြစ်ပါမူ … ပရိတ်ရေကိုဆောင်ပေတော့ ။ ဘာအသားမှ ရှာစရာမလို ။ အဆင်ကိုပြေလို့ ။ လောကတွင် ရှိရှိသမျှသော အရည်ဓါတ်ကို တနင်္လာဂြိုဟ်မှ လွှမ်းမိုးထားသည်ဖြစ်ခြင်း ကြောင့်ပင် ။
အင်္ဂါနံဖြစ်ပါမူ … အိမ်တွင်ရှိနေသော ပေတံ အကျိုး ၊ ဂဏန်းပေါင်းစက် အပျက် ၊ စသဖြင့် အတိုင်းအထွာ အတွက်အချက် ပြုရသော ကိရိယာမှန်သမျှ ထဲမှ အနာအဆာပါသော အရာတို့ကို စွန့်နိုင်၏။ ဆောင်လို ပါကမူ … နှိုးစက် အသံကျယ်ကျယ်မြည်သော နာရီတစ်လုံး ဆောင်ထားနိုင်၏။ ဘုန်းတော်ကြီး ကျောင်းတွင် ဒင်ကနဲ ဒေါင်ကနဲ မြည်သော တိုင်ကပ်နာရီမျိုး လှုဒါန်းနိုင်၏။ ပြောရလျှင်တော့ ကျယ်ပြန့်လှပါသည်။ သည်ဆောင်းပါးတစ်စောင်ထဲနှင့်လည်း အကုန်အစင် ချရေးပြနိုင်ရန်မှာ မဖြစ်နိုင် ပါပေ။
အဓိက သိစေလိုသည်မှာ .. ဆိုင်ရာနေ့နံအသား ရှာမရသည့်တိုင် ..အစားထိုးအသုံးပြုစရာ အရာဝတ္ထုများ ကျွန်ုပ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်တွင် အမြောက်အများ ရှိနေခြင်း ကိုဖြစ်သည်။ ယင်းတို့သည်လည်း အရွက်အခက် အပွင့်များနည်းတူ …ဆိုင်ရာ ဂုဏ်သတ္တိ ရှိနေကြသည်သာ ဖြစ်သဖြင့် ယင်းတို့ကို အသုံးပြုပြီး ဆိုင်ရာ ယတြာတို့ကို ပြီးမြောက်စေနိုင်ပေသည်။
လောကသည်ကား ကျယ်ဝန်းလှ၏။ ဆရာအမျိုးမျိုး မူအသွယ်သွယ် စီးဆင်းနေသော လောကီပညာရပ် နယ်ပယ်တွင်လည်း ယတြာတို့သည် အဖွယ်ဖွယ်အဖုံဖုံ အမျိုးမျိုး စုံလင်လှပေသည်။ ယတြာဟူသည်မှာ ချေဖျက်ခြင်းကိုပင် ဆိုလိုသည်ဖြစ်ရာ မကောင်းခြင်းကို ချေဖျက်နိုင်ရန် အတွက် ယတြာပြုခြင်းဖြင့် ကောင်းခြင်းကို မျှော်လင့်  ကြိုးစားခွင့် ရရှိနိုင်ကြပေသည်။ ကျွန်တော်သည် ယတြာသမားမဟုတ်။ ယတြာချေခြင်းကိုလည်း အလွန်အမင်း တိုက်တွန်းခြင်း မပြုလင့်ကစား ..၊ လုံးဝတော့ မျက်ကွယ် ပြုနိုင်ခြင်း မရှိပါပေ။ ထိုက်သင့်စွာ လမ်းညွှန်ပေးနေရဆဲသာ ဖြစ်ပေတော့သည်။
အထူးသဖြင့် ဆိုင်ရာ အမည်အမျိုးအစားအလိုက် …တစ်သက်တာကာလပတ်လုံး အစဉ်တစ်စိုက် ပုံမှန် လုပ်ဆောင်သွားခြင်းမျိုးဖြင့် …အဟုတ်အမှန် ဧကန် အကျိုးရစေနိုင်သော နာမက္ခရ သဘာဝ ယတြာတစ်မျိုး ကိုမူ .. လောကီလူသားတို့ အကျိုးစီးပွား အတွက် ယနေ့တိုင် တွက်ချက် လမ်းညွှန်ပေး နေရဆဲသာ ဖြစ်လေသည်။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment