အကြီး နှင့် အငယ်

Saturday, March 19, 2011


 

(၁)
ဒါဖြင့်  ဆရာက  ဓါတ်ရိုက် မပေးနိုင်ဘူးပြောပါ  ။

မှန်ပါတယ် ။  ဓါတ်လည်း မရိုက်ပေးနိုင်ပါဘူး။  ဒီအမှုကိစ္စ အချင်းအရာနဲ့ ပတ်သက်ပြီး အစ်မကြီး အဆင်ပြေ လိုတယ်ဆိုရင် …မေတ္တာတရားနဲ့သာ ဖြေရှင်းပါ။ ဘာယတြာ ဘာဓါတ်ရိုက်ဓါတ်ဆင်မှ မလုပ်ပါနဲ့ ။ အစ်မအတွက် အကျိုးသာ ယုတ်ပါလိမ့်မယ်။




ငွေ  ..အဲ ..ဥာဏ်ပူဇော်ခ ဆရာတောင်းပါ ။ ကျွန်မ အများကြီး ကန်တော့နိုင်ပါတယ်။ ဒါလေးသာ ဖြစ်အောင်  လုပ်ပေးပါဆရာ ။ ကျွန်မအတွက် အရမ်းအရေးကြီးလို့ပါ ။

မဟုတ်ဘူးခင်ဗျ  … အစ်မငွေကြေးတတ်နိုင်တယ် ။ ကျွန်တော်တောင်းသလောက် ယတြာခ ပေးနိုင်တယ် ဆိုတာ အစ်မ ကျွန်တော်ဆီရောက်လာကတည်းက သိသာထင်ရှားပြီးသားပါ။ အဓိက က ငွေကြောင့် မဟုတ်ပါဘူး ။ မလုပ်သင့် မလုပ်အပ်တဲ့ အ ချင်းအရာ ဖြစ်နေလို့ပါ။ ကျွန်တော် မဆောင်ရွက် ပေးနိုင်တာ ခွင့်လွှတ်ပါ။

ကျွန်တော့် စကားအဆုံးတွင် ..စိန်နားကပ်တစ်ဝင်းဝင်းနှင့်  အဆင်းတင့်တယ်သော အမျိုးသမီးကြီးမှာ မျက်နှာ အမူအယာ တော်တော်ပြောင်းသွားသည်။

ရတယ် ။ ဒီလိုမှန်းသိရင် ..အစကတည်းက လာတောင် မလာပါဘူး။ မင်း မလုပ်ပေးနိုင်လည်း ဗေဒင်ဆရာတွေ အများကြီးရှိတယ် ငွေပေးရင် လုပ်ပေးချင်လွန်းလို့မှ ..အမြီးကလေးနှံ့လို့ ။ 

တော်တော်ရိုင်းသည့် စကားများဖြစ်သည်။ သို့သော်  ကျွန်တော် အပြုံးမပျက်ခဲ့ပါ။ သူ့ကို သနားသည်ပဲ ရှိသည်။ သူ့ဥာဏ်က ဒီလောက်ပဲရှိလို့ ဒီလို ဆက်ဆံသွားခြင်း  ပဲဖြစ်သည်။ နေထိုင်ရသည့် လူမှု အဆင့်အတန်း ရုပ်ရည်နှင့် မလိုက်ဖက်သော ..စိတ်ဓါတ်အင်အား နဲပါးမှုကို ယင်းအမျိုးသမီးကြီးထံတွင် တွေ့ရလေသည်။ စော်ကားသွားပုံကတော့ ကျွန်တော့်ကိုတင်မဟုတ် ..ဘ၀တူ ဗေဒင်ဆရာများကို ပါ ခွေးနှင့် နှိုင်းသွားသည်။ ကောင်းရော ။

ထိုစဉ်က သူမ စီးလာသော ပေါ်ကာစ အက်စ်အီးကား ချောကလက်ရောင် ကိုသော်လည်းကောင်း၊ စိန်တွေ  ရွှေတွေ တစ်ဝင်းဝင်း ကြားထဲက ..အပူသောက မကင်းသော သူမ၏ မျက်နှာကိုလည်းကောင်း ကျွန်တော် ယခုတိုင် မှတ်မိနေဆဲဖြစ်သည်။

ဖြစ်ပုံအလုံးစုံကား ….

(၂)

ဇာတ်လမ်းအစက  .. သူမ၏ တူတော်စပ်သော အမျိုးသားတစ်ယောက်ကို ကျွန်တော် ယတြာပြု ပေးခဲ့သည်က စသည်။ မှတ်မိသလောက် ပြန်တွေးကြည့်သောအခါ မြေတိုင်းဌာနမှ ဖြစ်မည်ထင်သည်။ ထိုအမျိုးသားသည် ယင်းဌာနတွင် အလုပ်လုပ်ရင်း ..ရာထူးနေရာ အတွက် ပြသနာကြုံနေသူဖြစ်သည်။ အမှန်တစ်ကယ် သူရထိုက်သော နေရာနှင့် ခဏခဏ လွဲနေရသည့် ပြသနာ။ သည်ပြသနာကို ကျွန်တော့်ထံ  ဗေဒင်မေးရင်း အကူညီတောင်းလာသည်။ ကျွန်တော်ကလည်း ထိုစဉ်က   ..  ဗေဒင် ဟောပေးရင်း  တရားထိုင်သော   ယောဂီများအတွက် အခင်းခုံကလေးများ အလှုခံနေသည့်ကာလ  .. ။  ထိုအမျိုးသား၏ ဇာတာကို စစ်ဆေးပေးသောအခါ တွင်လည်း ..သူ့ဇာတာတွင် ..ဌာနဂြိုဟ် တော်တော် အားနဲသည်ကို တွေ့ရသဖြင့် ..နံတူအသားဖြင့် တရားထိုင်သည့်အခါ အသုံးပြုရန် အခင်းခုံ ကလေး လေးခုံ ရိုက်ခိုင်းပြီး ဘုရားတွင် သွားလှုခိုင်းခဲ့ရသည်။ တစ်ခြားဆောင်ရွက်ရန် လိုက်နာရန်လေး များကိုလည်း မှာကြားလမ်းညွှန် ပေးလိုက် မိသည်။

ဗေဒင်လိုက်စားမှု သက်တမ်းတစ်လျှောက်လုံး တွင်  ဌာနဂြိုဟ်သည် ကျွန်တော် အလွန်စိတ်ဝင်စားသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ယင်းနှင့် စပ်လျဉ်းပြီး အမြောက်အများကိုလည်း လက်တွေ့မှတ်တမ်းတင် လာခဲ့မိသည်။ လူတစ်ယောက်  မနေချင်သော နေရာတွင် နေနေရခြင်း ၊ မလုပ်လိုသော  ဌာနတွင် လုပ်ကိုင်နေရခြင်း  ၊ မိမိ ရလိုသော နေရာကို မရခြင်း၊ မိမိနေလိုသော  နေရာကို  မနေရခြင်း စသည်ဖြင့် မြောက်များစွာသော (နေရာ) တည်းဟူသော ကဏ္ဍအစိတ်အပိုင်းများစွာကို အဆိုပါ ဌာနဂြိုဟ်လေး အားနဲခြင်း ကြုံသည့် အခြေအနေများတွင် တွေ့မြင်လာခဲ့ရသည်။

ထိုအမျိုးသားကို မှ မဟုတ် ၊ အခြား သောသူများစွာကိုလည်း ယင်းကဲ့သို့   ဌာန  အားကောင်းစေနိုင်သော ယတြာတစ်မျိုးကို ကျွန်တော် အမြဲပေးခဲ့ပါသည်။ ယင်းအတွက်လည်း ကျွန်တော် ငွေကြေးတောင်းခံခဲ့ခြင်း မရှိသလို ..ယတြာကို ရောင်းစားမည့် စိတ်မျိုးလည်း စိုးစဉ်းမျှ မ၀င်ခဲ့မိပေ။ လုပ်ဆောင်သဖြင့် အကျိုး ခံစားသွားရသူများ အတွက် ၀မ်းသာမိရုံသာ ။ တစ်ကယ်တော့လည်း ကိုယ်တိုင်လုပ်ရမည့် ယတြာတို့ကို သာ ကျွန်တော်ပေးလေ့ ပေးထရှိသည်။ ကိုယ်တိုင်ဆောင်ရွက်မှ ရမည်။ ကျွန်တော်ဘာမှ လုပ်ပေးလို့မရ။ ကျွန်တော် လုပ်ပေးနိုင်တာက  လမ်းညွှန်ပေးနိုင်ရုံသာ။

ယခုအမျိုးသားမှာလည်း  ကျွန်တော်လမ်းညွှန်မှုကို သူက နှစ်ခြိုက်သည်။ ဘာသာရေးနှင့်လည်း ဆက်နွယ် နေသဖြင့် .. လိုလိုချင်ချင်  ပြုသည်။ ယတြာခ ဘာညာ မတောင်းပဲ စေတနာထား ကူညီမှန်းလည်း  သိသဖြင့် ကျွန်တော့်အပေါ် သူ ပိုယုံကြည်သည်။ ထိုယုံကြည်စိတ်ကြောင့်ပင် ..သူကုသိုလ်ပြုရာတွင် စိတ်နှလုံး ပိုမိုခိုင်မာလာပုံရသည်။ လက်သမားဆရာထံတွင် နေ့နံအသားဖြင့် .. ခုံကလေးများ ရိုက်ခိုင်းပြီး   ၊ ထိုခုံကလေးများကို ကိုယ်တိုင်ထမ်းပြီး  တောင်ပေါ်စေတီထိတိုင်အောင် အပင်ပန်းခံပြီး   အလှုပြုသည်။ ကျွန်တော် လမ်းညွှန်သလို ဆိုင်ရာ နေ့နံထောင့်များတွင် ရွတ်သည် ဖတ်သည် ၊ တရား ထိုင်သည်။ သူလုပ်နိုင်တာ  အားလုံးလုပ်သည်။ (တော်တော်လေးကို လိုချင်ခဲ့ ပုံလည်း ရပါတယ်။)

အကြောင်းတိုက်ဆိုင်မှုကြောင့်ဆိုဆို  ၊ သူ့စေတနာနှင့် ယုံကြည်မှုကြောင့်ပဲဟု ပြောပြော ..ရက်လေးဆယ် ခန့်ဝန်းကျင်ကြာပြီးနောက် ..သူလိုချင်သော နေရာ ၊ ရာထူး ကို သူရသွားသည်။

ဇာတ်လမ်းက အဲဒီ့ကပဲစသည်။ ထုံးစံအတိုင်းပေါ့  ။ လူတွေဆိုတာကလည်း ကိုယ်လိုချင်တာလေးပြည့်  ၀သွားခဲ့ရင် .. အဲသည့်ဆရာဆိုသူကို တန်ခိုးရှင်လို အောက်မေ့ပြီး ၊ ဟိုဟာထပ်ပူဆာ  သည်ဟာ ထပ်ပူဆာ လုပ်လာပြန်ပါရော ။ သြော် ခွီးတယ်မှ ရုက္ခစိုးတွေ သစ်ပင်ပေါ်မှာ နားပူလို့ မနေနိုင်တာ ဒါကြောင့်ပဲ ဖြစ်မယ်  ဟု ..ကျွန်တော် မကြာခဏတွေးမိသည်။ သူကတော့ သူ့အဒေါ် အပူသည်ကို ခေါ်လာခဲ့လေသည်။ သူ့အဒေါ်ဆိုသူကား  အခြားမဟုတ် ..စော်ကားမော်ကား ပြောဆိုသွားသော အမျိုးသမီးကြီးပါပေ။

(၃)

တစ်ကယ်တော့ သူမပြသနာက ဘာမှမဟုတ် ။ ရိုးစဉ်းသည်။ သူမ အမျိုးသားဖြစ်သူက စမောလေးနှင့် ချိတ်သည့် ကဏ္ဍ ။  စမောလေးက တိုင်းရင်းသူ ဟုဆိုသည်။ သူမ အမျိုးသားက အလုပ်နှင့် မိုင်နှစ်ဆယ်ကျော်ခန့်ဝေးသော အခြားတစ်မြို့တွင် မကြာခဏ သွားနေရသည်။ ကြာတော့ … ဇနီးနှင့် ဝေးတာကြာသော ကိုရွှေပုရိသတို့  ထုံးစံအတိုင်း ..ငြိပုံရသည်။  အဲသဟာကို  ကွဲအောင်လုပ်ပေးပါ တဲ့။ ..ဘယ့်နှယ် ..မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင် ။

ဒီနေရာမှာ ဆိုချင်တာလေးတစ်ခုရှိသည်။  အမျိုးသမီးတော်တော်များများ ယောကျာ်း အငယ်အနှောင်း ထားခြင်း ကို လက်မခံနိုင်အောင် ဖြစ်ကြရသည်။ အနည်းစုသော အမျိုးသမီးတို့သာလျှင် သဘောထား ကြီးကြီး  ထားပေးနိုင်ကြသည်။ အလားတူပင် အချို့သော အမျိုးသမီးများက ဒီလို အဖြစ်အပျက်မျိုးကို ..ပညာပါပါနှင့် ယောကျာ်းသားကို ထိမ်းပြီး  ကိုင်တွယ်ဖြေရှင်း  တတ်ကြသော်လည်း ၊ အချို့သော အမျိုးသမီးတွေက တော့ မရှင်းတတ်။ ပြသနာ  တက်ဖို့သာ စိုင်းပြင်းတတ်ကြသည်။ ကျွန်တော့် အနေနှင့်ကတော့ ..ဘယ်သူ့ကိုမှ ဘာမှ မပြောလို  ။ သို့သော် တစ်ခုတော့ ပြောလိုသည်။

ယောကျာ်းတစ်ယောက် အငယ်အနှောင်း ထားသည့် ကိစ္စတွင်  ၊ အငယ်အနှောင်း  ဟူသည့် မိန်းကလေး အပေါ်  အများစုက တရားခံကြီး တစ်ယောက်လို တွေးထင်သတ်မှတ်ထားတတ်ကြခြင်း ဖြစ်သည်။ ဒုတိယဇနီးလို့ မတွေး၊ မယားငယ်မလို့ပဲ တွေးကြသည်။ တစ်ကယ်တော့ ကိုယ့်ယောကျာ်းက ယူမယ်ဆို ယူချင်သလောက် ယူခွင့်ရှိသည်မှာ  အမှန်။ နောက်ဆုံးအပြစ်တင်ချင်လျှင် ယောကျာ်းသား ဖြစ်သူကိုသာ အဓိက တင်သင့်သည်။  အငယ်အနှောင်းဟူသည့် မိန်းကလေးကို  လွန်လွန်ကျူးကျူး အပြစ်မဖို့သင့် ဟု ကျွန်တော် ယူဆမိသည်။ အငယ်အနှောင်းဖြစ်ရသည့် မိန်းကလေး   ဆယ်ယောက်လျှင် ငါးယောက်သည် အလိမ်ခံရခြင်းကြောင့် ဖြစ်ပြီး  ၊ သုံးယောက်သည် မလွှဲသာအောင် အခြေအနေ များကြောင့်  ရင်ဆိုင်ရခြင်းမျိုး  ဖြစ်တန်ရာသည်။ ကျန်နှစ်ယောက်ကတော့  တမင်ကို ငွေကြေး အတွက်ဖြစ်စေ ၊ အကျိုးစီးပွား  မျှော်ကိုးစိတ် သက်သက်ဖြင့် ဖြစ်စေ ..ဖြစ်နိုင်သည်။

ထားတော့ ဒီအပိုင်းကို  မဆွေးနွေးလိုပါ။ ဘာကြောင့်ပဲ အငယ်အနှောင်းဖြစ်ဖြစ် ၊ ကွဲစေလိုသော စေတနာ ထားလျှင်  …  ထိုစေတနာကံသည် အမှားသာ ဖြစ်သည်။ သူတစ်ပါးပျက်ဆီးစေလိုသော ဆန္ဒသည် ကုသိုလ်ရမည် ဟု မထင်ပါလေနှင့် ။

ကဲ…အဲဒီ့  ဒုတိယဇနီး သို့မဟုတ်  မယားငယ် ဆိုသည့် မိန်းကလေးမှာ ကလေးငယ်လေးကို ကိုယ်ဝန် လွယ်ပိုးထားရမည်  ဆိုပါလျှင် …၊ သို့တည်းမဟုတ် ..ဖွားမြင်ပြီး သားသမီးပင် ရှိနေပြီဟု ဆိုပါလျှင် ကော .. ဘယ့်နှယ့်လုပ်ကြမည်နည်း။ ထိုသားအမိတို့သည်ကော လူများပင် မဟုတ်လော ။

ကျွန်တော့် အမြင်ကတော့ ရှင်းသည် ။ ယောကျာ်းတစ်ယောက်တွင်  ပထမဇနီးနှင့်ပင် ဖြစ်စေ ၊ ဒုတိယ  သို့မဟုတ် တတိယဇနီးနှင့်  ပင်ဖြစ်စေ ..မည်သည့်အရေအတွက်မြောက်ဖြစ်သော ဇနီးနှင့်ပင်ဖြစ်စေ …သံယောဇဉ် နှောင်ဖွဲ့ထား   သော အခြေအနေတစ်ရပ်သည် မိသားစုအသိုက်အမြုံ ဘ၀တစ်ရပ်ပင် ဖြစ်သည်။ မည်သည့် အသိုက်အမြုံမျိုးကိုမှ  ထိခိုက်နစ်နာစေလိုသော စေတနာဆိုးမျိုး ကျွန်တော် သေသည်ထိတိုင်အောင် ထားလိမ့်မည် မဟုတ်။ လုပ်လည်း မလုပ်သင့်ဟု အခိုင်အမာယုံကြည်သည်။

ကိုယ်ယောကျာ်းက ကိုယ့်အပေါ် ပိုချစ်ခင်တွယ်တာလာအောင် ကိုယ့်ဘာသာကိုယ်  ဥာဏ်ဖြင့် ဆင်ခြင် သင့်သည်။ သိပ်ယုတ်မာပြီး အိမ်ထောင်မှုဘ၀တွင် သုံးမဖြစ်သည့်ယောကျာ်းမျိုးဖြစ်ပါမူ ..မပေါင်းနေနှင့် ။ လိင်ကိစ္စအတွက် မယားငယ်ထားတတ်သော ယောကျာ်းမျိုးဖြစ်ပါမူ ..ခြံအပြင် မထွက်အောင် ..သင်းကို ..တားနိုင်သည့် နည်းတွေ အများကြီးရှိသည်။ အကိုင်အတွယ် အထိမ်းအကျောင်း တတ်သော လိမ္မာ ပါးနပ်သော အမျိုးသမီးတစ်ယောက်သည် ..ပြသနာများကိုလည်း ပိုမို ဖြေရှင်းနိုင်စွမ်း ရှိသည်သာ ။

လူတို့၏ အခက်အခဲများကို နည်းပြလမ်းညွှန်ပေးရသော ဗေဒင်ပညာရှင်တစ်ယောက်သည် .. မလွှဲသာသည့် အခြေအနေမျိုးတွင်သော်မှ ..ပထမဇနီးကြီးဖြစ်သူကို (လင်ယောကျာ်းပိုချစ်စေမည့် ယတြာမျိုး ) လမ်းညွှန်ပေးရုံသာ ၊ အကြံပြုပေးရုံသာ  ပြုသင့်သည်။ အိမ်ထောင်ရေးသာယာစေမည့် လောကီပညာဘက်မှ ပံ့ပိုးမှုမျိုးသာ လုပ်ပေးသင့်သည်။

မယားငယ်နဲ့ ကွဲအောင်လုပ်ပေးပါဆရာ ။ ဟာ လုပ်ပေးမှာပေါ့ဗျာ။ ဒါမျိုးဆို လာထား။ ကဲ ပေး ယတြာခ..ဘယ်လောက် ဘယ်မျှ ။ စိတ်သာချ ....ဒီကောင်မနဲ့ ကွဲစေရမယ်ဗျာ  ..ဆိုသူများလည်း လောကမှာ ရှိပေသည်။

သူတစ်ပါး ပျက်ဆီးအောင်လုပ်သဖြင့် ဗေဒင်ဆရာဆိုသူများ ကျခံရသော ငရဲတွေ အများကြီးရှိသည်။ သိချင်လျှင် ကျမ်းဂန်စာပေ ပြန်ဖတ်ကြပေတော့ဗျား။ အဲ..မယားကြီးလည်း ကျရသည်။ သူကလည်း သူ့ငရဲနှင့်သူ ။ ဇာတ်တော်တွေ နိပါတ်တွေလည်း ပြန်သာရှာဖတ်ကြပေတော့။  ဒီပြသနာမျိုးတွေက ခုမှ မဟုတ် ။ ဘုရားရှင် လက်ထက်တော်မှာလည်း အများအပြားရှိသည်။ မယားငယ်အပေါ် ဆိုးယုတ်သည့် စိတ်ထားမိခြင်းကြောင့် ငရဲကြရသော မယားကြီးတွေ ဒယ်အိုးနှင့်ပင် မဆန့်။

ဒါဖြင့် ဆရာရယ် ။ ကျွန်မကို စိတ်ဆင်းရဲအောင်လုပ်တဲ့ သည်မယားငယ်ကို ကျွန်မက စိတ်ကောင်း ထားရမှာတဲ့လား ။ အဲသလိုမေးလာရင် တစ်ခွန်းပဲ ဖြေပါမည်။ မယားငယ်အပေါ်မှ မဟုတ် ..ဘယ်သူ့ အပေါ်ပဲ ဖြစ်ဖြစ် စိတ်ကောင်းထားနိုင်အောင်သာ ကြိုးစားပါလေ ။

ဒီကနေ့ ကျွန်တော်ရေးသော ဆောင်းပါးအတွက် အချို့လည်း မကျေမနပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ အထက်ပါ အမျိုးသမီးကြီးမှာလည်း ထိုနည်းလည်းကောင်း ပါပေ။ သူပြောသလို အမြီးလေးနှံ့ပြီး လုပ်ပေးမည့် သူမျိုးမဟုတ်သည့်အတွက် ကျွန်တော် ယနေ့တိုင် လိပ်ပြာသန့်ပါသည်။  သူ့ဆန္ဒအရ   ..ငွေပေးပြီး ခိုင်းနိုင်မည့် ဗေဒင်ဆရာအချို့ကို သူလိုက်ရှာပေလိမ့်မည်။ သူ့အပူသောကတွေကို ထိုဆရာ ဆိုသူက ငွေယူပြီး ငြိမ်းသတ်ပေးနိုင်ပါမည်လား။ ကျွန်တော် မထင် ။  လောကတွင် မေတ္တာခြုံမှ လုံခြုံ နိုင်သည်။ မေတ္တာဖြင့်ကာရံထားမှ ဘေးကင်းနိုင်သည်။ မေတ္တာသည်သာ အကောင်းဆုံး အကာအကွယ်ဟု ဆိုလေသည်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို မာန်နတ်က  ညဥ့်သုံးယံ ပတ်လုံး တစ်ရစပ် နည်းအမျိုးမျိုး၊ တန်ခိုးအဖုံဖုံဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းကို ၊ မြတ်စွာဘုရားရှင်ကိုယ်တော်  ကိုယ်၌ပင်လျှင် တန်ခိုးဖြင့် ပြန်တိုက်ပြီး ကာကွယ်နိုင်ခဲ့သည် မဟုတ်။ မေတ္တာဖြင့် ခြုံပြီး လုံခြုံစွာ ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ယတြာထက်  ..  မေတ္တာ ခြုံ၍ လုံပါစေ။ မေတ္တာဆေးဖြင့်သာ အေးချမ်းခြင်းသို့ တိုင်ပါစေ။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB