စာဖတ်သူအချို့ဆီက .. ၊ အထူးသဖြင့်တော့ ဂြိုဟ်အိပ်တစ်ခုကို စ၀င်ခါနီး သူတွေ နဲ့ ဂြိုဟ်အိပ် တစ်ခုကနေ ထွက်ခါနီး ကာလရောက်ရှိနေသူတွေ ဆီကနေ .. ဂြိုဟ်အိပ်များနဲ့ပတ်သက်ပြီး စာရေးသူ ထံကို အမေးများ မကြာခဏ ရောက်လာပါတယ်။ မေးလ်နဲ့ ပေးပို့ပြီး မေးမြန်းထားသူအချို့ပါ ရှိလာ တာကြောင့် … ဒီအချင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်နဲနဲ စတင် ရေးသားပေးလိုက်ပါတယ်။
နဲနဲလို့ သုံးနှုံးရတာကတော့ အရမ်းကျယ်ပြန့်တဲ့ကဏ္ဍ ဖြစ်နေလို့ပါ။ ဂြိုဟ်အိပ်ရှစ်မျိုးရှိပြီး ၊ ဒသာတွေပါ ဆက်တိုက် ခွဲလိုက်ရင် ဒသာ ၆၄မျိုး ရှိပါတယ်။ ဂြိုဟ်အိပ်တစ်ခုချင်းဆီဟာ လူအားလုံးအပေါ် ထပ်တူညီ အကျိုးကျေးဇူးအချို့ကို ဖြစ်ပွားစေနိုင်သလို ၊ နေ့နံများအရ ကွဲပြားသော အကျိုးသက်ရောက်မှုများ ည်း ပေးစွမ်းတတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး (လူတိုင်းကြောက်တဲ့ ကိုစနေ ဆောင်းပါးများ) မှာလည်း ကျွန်တော် စနေဂြိုဟ်အိပ်ကာလနဲ့ စပ်လျဉ်းလို့ အတိုင်းအတာတစ်ရပ်ထိ ရှင်းလင်းရေးသားခဲ့ပြီး ဖြစ်ပါတယ်။
ဆိုတော့ …ဂြိုဟ်အိပ်က ရှစ်မျိုး ၊ နေ့နံသားသမီးက ရာဟုပါထည့်တွက်လိုက်ရင် ရှစ်မျိုး ရှိနေတာမို့ တစ်ကယ် အနုစိတ် ရှင်းလင်း ရေးသားမယ်ဆိုရင် .. ၆၄မျိုး ရရှိလာနိုင်ပြီး ၊ ဒသာပါထပ်ပြီး ခွဲစိတ် မယ်ဆိုရင် ..ဂြိုဟ်အိပ်တစ်ခုချင်းဆီ မှာ ဒသာရှစ်ပိုင်း ပိုင်းနိုင်တာမို့ ၊ အဲဒီ့အစိတ်အပိုင်းကလည်း ၆၄ မျိုး ရပါမယ်။ ဆိုတော့ နေ့နံသားသမီး ရှစ်မျိုး အတွက် ဂြိုဟ်အိပ်ရှစ်မျိုးနဲ့ ဒသာရှစ်မျိုး အားလုံးကို အနုစိတ် ခွဲခြား တင်ပြမယ်ဆိုရင် စုစုပေါင်း ၅၁၂ မျိုး အထိ ရှိပါတယ်။
အဲဒီ့လိုပါပဲ ။ ဆိုင်ရာ မဟာဘုတ် အကြွင်းအမျိုးအစားအလိုက်လည်း ဂြိုဟ်အိပ်များက ပေးတဲ့ အကျိုး ရလဒ်ဟာ ကွဲပြားစွာ ဖြစ်တည်လာကြတာမို့ ..မဟာဘုတ်အကြွင်း (၇) မျိုးကိုပါ ယှဉ်တွဲပြီး တွက်စစ် မယ်ဆိုရင် ( ၃၅၈၄ ) မျိုး တိတိ အသေးစိတ် အနုစိတ် ရေးသားပေးရမယ့် အနေအထားပါ။ တစ်ချို့ ကလည်း အဲလောက်အထိလိုလို့လား လို့ မေးလာနိုင်ပါတယ်။ အထူးသဖြင့် ဂြိုဟ်အိပ်တစ်ခုကို ဘယ်နေ့သားအတွက်ပဲ ဖြစ်ဖြစ် ကောင်းဆိုး တူတူ သတ်မှတ်ထားတတ်သူများ ဆိုပါတော့။ မတူညီကြောင်း ကနဦး စတင်ပြောပါရစေ။ ဥပမာ တစ်ခု တင်ပြပေးပါမယ်။

၁၃၃၈ ခုနှစ်ဖွား အင်္ဂါသား အတွက် ဆိုပါစို့ ။
ဂြိုဟ်အိပ်များ တွက်ချက်ရာတွင် အသုံးပြုသော အဌလဂ်ခွင်
တနင်္ဂနွေ ( ၆နှစ် ) | တနင်္လာ ( ၁၅နှစ် ) | အင်္ဂါ ( ၈နှစ် ) |
သောကြာ ( ၂၁နှစ် ) | | ဗုဒ္ဓဟူး ( ၁၇နှစ် ) |
ရာဟု ( ၁၂နှစ် ) | ကြာသာပတေး ( ၁၉နှစ် ) | စနေ ( ၁၀နှစ် ) |
မူလမဟာဘုတ် တစ်ခုကြွင်း ဇာတာ
| ၅ | |
ဝ | ၃ | ၆ |
၎ | ၁ | ၂ |
အထက်ပါ ဥပမာမှာ အင်္ဂါသားဖြစ်လို့ …အင်္ဂါဂြိုဟ်ခွင် ရှိရာဂြိုဟ်အိပ်ကနေ လက်ယာရစ် တနင်္လာ ဂြိုဟ်အိပ်အထိ … ဂြိုဟ်အိပ်ရှစ်မျိုးကို ဖြတ်သန်းရပါမယ်။ ဂြိုဟ်အိပ် တစ်ခုချင်းဆီဟာ ဆိုင်ရာသတ္တိ ရှိနေကြပြီး .. သက်ဆိုင်ရာ နေ့နံများအရ အကျိုးပေးလည်းကွာဟ ကြပါတယ်။ ဥပမာအားဖြင့် အထက်ပါ ဇာတာမှာ မွေးခုနှစ်အရ ဇာတာရှင်ဟာ အသက် ၃၅နှစ်အတွင်း ၀န်းကျင်ဖြစ်လို့ .. စနေဂြိုဟ်အိပ်အတွင်း ရောက်ရှိနေပါမယ်။
အင်္ဂါသား အတွက် စနေဂြိုဟ်အိပ်
အင်္ဂါသားအတွက် စနေဂြိုဟ်အိပ်ဟာ ဘယ်လိုအကျိုးပေးမျိုးတွေ ဖြစ်စေနိုင်မလဲ ။ စနေဂြိုဟ်ဟာ တာဝန်များ ၊ ၀န်ထုပ်ဝန်ပိုးများ ၊ ဖိစီးမှုများ ၊ ပူဆွေးသောကများ ဝေးမြေရပ်ခြား တိုင်းတစ်ပါး ၊ ပရနယ်ပယ်များ ဆိုင်ရာတို့ကို အုပ်စိုးပါတယ်။ အင်္ဂါသားအတွက်တော့ အောင်မြင်ရေးဆိုင်ရာ ဂြိုဟ်တစ်ခုပါ။ သမ္ပဒါနကာရကဂြိုဟ် ၊ မူလနဂရ ဂြိုဟ်လည်း ဖြစ်လို့ …အဆိုပါ စနေဂြိုဟ်အိပ်ကာလ ဖြစ်သော ဆယ်နှစ်တာ ကာလအတွင်းမှာ … မြို့ပြအရပ်ဒေသ ပြောင်းရွှေ့ရခြင်းတွေ ၊ စပ်တူနဲ့ အစုစပ် ပြုလုပ်ရတဲ့ အဆင်ပြေမှု/ မပြေမှုတွေ ၊ ဝေးမြေရပ်ခြားနဲ့ ဆက်သွယ် လုပ်ကိုင်ရခြင်းများ ၊ နိုင်ငံရပ်ခြားနှင့် စပ်လျဉ်းသော အချင်းအရာများ ၊ အောင်အီးမျိုသိပ်ပြီး သီးခံဖြတ်သန်းနေရမယ့် ဘ၀ အစိတ်အပိုင်းတွေ စသည်ဖြင့်တွေက အဓိကလွှမ်းမိုးထားပါလိမ့်မယ်။ အဲဒီ့လိုပဲ ငွေလက်လွန်ဆုံးရှုံးမှုများ ၊ စိတ်ပိုင်းဆိုင်ရာအရ .. နောင်တရစရာ ၊ အတိတ်ကိုပြန်လည်သတိရနေစရာ ခံစားမှုများ ..ပြည့်နှက် နေတတ်သော ကာလမျိုးလည်း ဖြစ်ပါလိမ့်မယ်။ ဒါက လက်တန်းသဘော ..ကျွန်တော်တို့ ဆိုင်ရာ နေ့နံအရ ဂြိုဟ်အိပ်အမျိုးအစား နဲ့ မိတ်ရန် ကာရက မူလသဘာဝ အနဲငယ်ခွဲစိတ်ပြီး ဝေဖန် ကြည့်ရတဲ့ အဆင့် ဆိုပါတော့ ။ အနုစိတ်ကတော့ အမျိုးမျိုး အပြားပြား ရနိုင်ပါတယ်။ ဘယ်အင်္ဂါသားသမီးကိုပဲ ဖြစ်ဖြစ် အဆိုပါ အခြေခံအချက်များက စနေဂြိုဟ်အိပ်ကာလကို ဖြတ်သန်းနေချိန်မျိုးမှာ .. အနုအရင့် အထူအပါး ကွာခြားတာကလွဲလို့ သက်ရောက်လာနိုင်တဲ့ အချက်အလက်တွေပါ။
တစ်ကယ်လို့ …ဒီစနေဂြိုဟ်အိပ်မျိုးဟာ … တနင်္ဂနွေသားအတွက်ဖြစ်မယ်ဆိုရင် … အလွန်ဝေးလံသော အရပ်ဒေသက ရရှိတဲ့ အကူညီတွေ၊ ဓနဥစ္စာ တိုးပွားခြင်း / ဆုတ်ယုတ်ခြင်းတွေ ၊ လူမျိုးကွဲ ဘာသာကွဲများနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံရမှုတွေ ၊ အဓိကအားဖြင့် ရင်းနှီးမြုပ်နှံမှုပိုင်းဆိုင်ရာ အဓိက ဖြစ်ရပ်တွေက လွှမ်းမိုးလာပါမယ်။
တနင်္လာသားသမီးတွေအတွက်တော့ … စနေဂြိုဟ်အိပ်ဆိုတာ .. ကိုယ်နဲ့မဆိုင်တဲ့ တာဝန်တွေ ယူရမယ့် ကာလမျိုး ဖြစ်လာပါမယ်။ မထင်မှတ်ထားတဲ့ ပြသနာမျိုးတွေ ရင်ဆိုင်ရတတ်ပြီး ၊ အနေမတတ်လို့ ကြားညှပ်ပြီး ကိုယ်ပါအပြစ်ဒဏ်ခံရတတ်တဲ့ ကာလမျိုးတစ်ခုပါ။ …စသည်ဖြင့် ဆိုင်ရာနေ့နံ အလိုက် ဂြိုဟ်အိပ် တစ်ခုဟာ ပြုမူတတ်သော အကျိုးပေးသဘာဝ ကွဲပြားဖြစ်တည်လာပါတယ်။
အထွန်းစနေဂြိုဟ်အိပ် နှင့် အင်္ဂါသား အတွက် အကျိုးပေး
ဒီနေရာမှာ မဟာဘုတ်အကြွင်းဖွားအလိုက် ဆက်ပြီး ..ကွာခြားတတ်ပုံကို တင်ပြပေးပါ့မယ်။ ဥပမာ ဇာတာအရ အင်္ဂါသား ဖြစ်ပြီး တစ်ခုကြွင်းဖွား ဖြစ်လို့ စနေဂြိုဟ်ဟာ အထွန်းဌာနမှာ ရပ်တည် ထားပါတယ်။ အင်္ဂါသားသမီးချင်းတူရင်တောင် ဆိုင်ရာ မဟာဘုတ်ဖွားတွေအလိုက် ကံအကျိုးပေး ဖြစ်တည်လာပုံတွေက ထပ်မံကွဲပြားသွားမှာပါ။ ဆိုပါစို့ လက်ရှိဥပမာ ဇာတာမှာဆိုရင် ..
စနေဟာ အထွန်းမှာ ရပ်တည်ထားတဲ့အတွက် .. နက်နဲသောပညာရပ်များ ၊ နက္ခတ်ဗေဒင်ပညာများ ၊ ဝေးမြေ ရပ်ခြားနဲ့ စပ်လျဉ်းသော အကျိုးပေးပွားစည်းမှုများ ၊ ကိုယ်စားလှယ်လုပ်ငန်းမျိုးတွေမှာ အကျိုးပေး ထက်သန်မှုများ ၊ ဖြစ်ပွားလာစေနိုင်ပါတယ်။ စနေဟာ ပုတိမှာရှိသော ..တနင်္လာဂြိုဟ် နဲ့ ပက္ခမိထားတဲ့ အချင်းအရာကိုပါ မဖြစ်မနေ ထည့်တွက်ပြီး စဉ်းစားသုံးသပ်ရပါတယ်။ ဥပမာဇာတာအရ အခြေအနေမျိုးဟာ … ဒီစနေဂြိုဟ်အိပ်အတွင်း .. ဒီအင်္ဂါသားမျိုးဟာ မကြာခဏ အရင်းပြုတ်ရခြင်းမျိုး၊ အခြေအမြစ်များ ယိုင်နဲ့ရခြင်းမျိုး ကြုံတွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲ ။ ပက္ခမိထားတဲ့ .. တနင်္လာဟာ မူလနေ့နံ အင်္ဂါသားအတွက် အမြစ်ဂြိုဟ် ( ရင်းနှီးမြှပ်နှံမှုဆိုင်ရာပြဂြိုဟ်) ဖြစ်နေလို့ပါပဲ။ ဒါက တစ်ခုကြွင်းဖွား အင်္ဂါသား စနေဂြိုဟ်အိပ်ဖြတ်သန်းချိန်ကို …စတင်ဝေဖန်ကြည့်တာပါ။ အကယ်၍ ဒီနေရာမှာ နှစ်ခုကြွင်း သုံးခုကြွင်းဖွားတွေ စသည်ဖြင့် အခြားအကြွင်းဖွားတွေ ဖြစ်နေမယ်ဆိုရင် …နောက်ထပ် ထပ်မံပြီးအကျိုးပေးပုံတွေ ကွဲပြားသွားပါတယ်။

ပမာအားဖြင့် ..နှစ်ခုကြွင်းဖွား အင်္ဂါသားတွေ စနေဖြတ်သန်းချိန်မှာ လုပ်သလောက် ဘာတစ်ခုမှ အကျိုး အမြတ် များများ တင်ကျန်မနေခဲ့ခြင်း ၊ကျန်းမာရေး ပြင်းပြင်းထန်ထန် ထိခိုက်မှုကြုံရခြင်းများ ကြုံရတတ်ပြီး ၊ သုံးခုကြွင်းဖွား အင်္ဂါသားတွေမှာတော့ ရပ်ဝေးမှာရှိသော ဇနီးသားမယားနဲ့ဆိုင်တဲ့ စောင့်ဆိုင်း သီးခံရမှုတွေ၊ ကာမနဲ့ပတ်သတ်တဲ့ အလိုမပြည့်ဝနိုင်မှု တာရှည်စွာ ကြုံကြိုက်ရခြင်းတွေ ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ ရန်သူအတိုက်အခံတွေ ၊ လူမျိုးကွဲ ဘာသာကွဲများ နဲ့ ရန်ငြိုးရန်ဘက် ဖြစ်ပွား ရခြင်းမျိုးတွေ ဖြစ်တည်လာစေတတ်ပါတယ်။ အဲဒီ့လိုပဲ အနုစိတ်တာဝန်ယူ စစ်ဆေးလုပ်ကိုင်ရသော လုပ်ငန်းများမှာ အောင်မြင်မှုရရှိခြင်း ၊ ရှေးမူများကို ဆန်းသစ်တီထွင်ပြီး အောင်မြင်ခြင်းများ ဖြစ်တည် လာတတ်ပါတယ်။
အထက်ပါအချက်များဟာ ..ဂြိုဟ်အိပ်တစ်ခုချင်းဆီကနေ …နေ့နံတစ်မျိုးဆီ နဲ့ မဟာဘုတ်အကြွင်းဖွား တစ်မျိုးဆီတို့အရ တစ်ဆင့်ချင်း တစ်ဆင့်ချင်း အကျိုးအပြစ် ကွာဟလာတတ်ပုံများကို အကျဉ်းချုပ်ပြီး တင်ပြပေးထားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ့လိုပဲ ဂြိုဟ်အိပ်တစ်ခုဟာ သူရဲ့ ဆိုင်ရာအကျိုးအပြစ်ကို သူပိုင်ဆိုင်တဲ့ ဂြိုဟ်သက်တမ်းကာလ (ထူလဒသာ) တစ်လျှောက်လုံးကို ခြုံငုံလွှမ်းမိုးထားမှာဖြစ်သလို ၊ ဂြိုဟ်အိပ်ကာလကို ရှစ်ပုံပုံပြီးရရှိလာတဲ့ အချိန်ကာလအပိုင်းအစိတ် ရှစ်ပိုင်း ( အန္တရဒသာရှစ်မျိုး) ကလည်း ဆိုင်ရာ ဒသာအပိုင်းအဆစ်များအလိုက် အကျိုးအပြစ်ကို ခွဲခြားပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဂြိုဟ်အိပ်အ၀င် အလည် အထွက် ကာလများမှာ တစ်ခုနဲ့တစ်ခု အကျိုးပေးတွေ မတူကြတာပါ။ အန္တရဒသာကို မထောက်မရှုပဲ အနုစိတ်ဟောလို့မရသလို ထူလဒသာကြီးရဲ့ အကျိုးအပြစ် ခြယ်လှယ် ထားမှုကိုလည်း မေ့ပစ်လို့မရပါဘူး။ အဲဒီ့လိုပါပဲ ထူလနဲ့ အန္တရ ရဲ့ ဆက်သွယ်မှုတွေကို အနုစိတ် ဆန်းစစ်ခွဲခြားနိုင်ခြင်းဟာ ဒသာဟောနည်းရဲ့ နှလုံးသည်းပွတ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ထူလကို အန္တရက တွန်းလှန်မလား ၊ လိုက်လျောမလား ၊ သန်စွမ်းစေမလား ၊ ချိနဲ့စေမလား ၊ မိတ်ပြုမလား ၊ ရန်ပြုမလား ၊ တွန်းမလား ၊ ဆွဲမလား ၊ တစ်ခုနဲ့တစ်ခု ကူညီကြမလား ဆိုတာတွေဟာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းသလို ..ဗေဒင်လေ့လာ လိုက်စားသူတွေကို အထူးပဲ ညှိ့ငင်ဆွဲဆောင်နိုင်တဲ့ အစိတ်အပိုင်းများပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် စနေထူလ နဲ့ သောကြာအန္တရ ဟာ မသင့်တင့်သော ဒသာမျိုးဖြစ်ပြီး ၊ အမှုကိစ္စများ ရှုပ်ထွေးပွေလီမှုနဲ့ အသစ်အဆန်းများစွာ နဲ့ ကြုံကြိုက်ရမှုကို ဖြစ်ပွားစေသော်လည်း ၊ သောကြာထူလ နဲ့ စနေအန္တရမှာတော့ အလွန်ဝေးကွာတဲ့ခရီးရှည်များ ၊ နိုင်ငံရပ်ခြား ခရီးစဉ်များကို တွန်းအားပေး လာတတ်ပါတယ်။ တစ်ကယ်လို့ ဒီထူလနဲ့ အန္တရမျိုးတွေ ဟာ သုံးခုကြွင်း မဟာဘုတ်ဖွားတွေ အတွက် ဖြစ်မယ်ဆိုရင်တော့ …ကြီးမားတဲ့ဘ၀စိန်ခေါ်မှုများ ဖြစ်ပွားမယ့် ဒသာကာလများပဲ မုချဖြစ်လာပါလိမ့်မယ်။ မရဏနဲ့ အဓိပတိ ပက္ခ ကျောရိုးပေါ်မှာ ဒသာတွေက တည်ဆောက် ထားတဲ့ အတွက် ဖြစ်ပါတယ်။
အဲဒီ့ကနေမှတစ်ဆင့် .. ဆိုကြပါစို့ .. အဆိုပါ စနေနဲ့သောကြာ ထူလအန္တရဒသာမျိုးဟာ ..ဆိုင်ရာ နေ့နံသားသမီးများ အပေါ်လိုက်ပြီးလည်း အကျိုးအပြစ်ကွာခြားသွားပါတယ်။ တနင်္ဂနွေသားသမီး တစ်ယောက်အတွက် ..နေရာအသစ်မှာရင်းနှီးမြုပ်နှံခြင်း ဆိုင်ရာ ကောင်းကျိုး/ဆိုးကျိုးမျိုးကို (စနေ+သောကြာ) ဒသာ က ပေးမှာဖြစ်ပေမယ့် ၊ တနင်္လာသားသမီးတစ်ယောက်အတွက်တော့ ..မေတ္တာရေးမှာ ..ဆပွားတိုးပြီး ရှုပ်ထွေးရတတ်သော အနေအထားများ ၊ သူတစ်ပါးကိစ္စကြောင့် မိမိရဲ့ နေရေးထိုင်ရေး ကဏ္ဍမှာ ကောင်းခြင်း/ဆိုးခြင်း ဖြစ်ပွားလာမှုများကို ဖြစ်တည်လာစေတတ်ပါတယ်။ ဒီ့ထက် အသေးစိတ်ရှင်းပြမှ ပိုရှင်းမှာဖြစ်ပေမယ့် ..ဆောင်းပါးလည်း အရမ်းညောင်းနေပါပြီ။ မျက်စိရှင်ပြီး ..ပါးနပ်သူအချို့ကတော့ ကျွန်တော်ဘယ်အချက်တွေနဲ့ အဲဒီ့လိုခွဲခြားပြတယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။
ဒီလောက်ဆိုရင် .. လက်ဆန်းဗေဒင်မှာ ဂြိုဟ်အိပ်တွေကို လေ့လာနေသူတွေအဖို့ ..အတန်အသင့် အခြေခံလမ်းစတွေ ရရှိနိုင်လောက်ပြီလို့ ကျွန်တော်ယူဆမိပါတယ်။ လောကဓံရှစ်ပါး နဲ့ ဂြိုဟ်အိပ်မှန်သမျှကို ခွဲခြားပြီး ဘာနေ့သား ဘာအကြွင်းဖွားလာလာ ..ဒါဘဲ ဟောမယ်ဆိုသူများအဖို့ တော့ ခုတင်ပြတဲ့အချက်တွေဟာ အကျိုးမရှိနိုင်ပါ။ လောကဓံရှစ်ပါးဆိုတာက ..ဂြိုဟ်ခွင်တစ်ခုဆီရဲ့ အခြေခံ သဘောတရားသာ ဖြစ်ပြီး ရိုက်ခတ်လာတတ်တဲ့လှိုင်းရဲ့ အမျိုးအစားကို ကနဦးသိရှိထားဖို့ အတွက်သာလျှင် အသုံးပြုရမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီအချက်ကို ထည့်ရေးရတာလည်း အကြောင်းရှိပါတယ်။
ဒီကနေ့ လက်ဆန်းဗေဒင်လောကမှာ ဟောပြောလိုက်တဲ့ ..ခင်ဗျား စနေထဲရောက်ပြီ ကဲ့ရဲ့ရှုံ့ချခံရခြင်း ဆိုတဲ့ လောကဓံကို ကျောကော့အောင် ခံရတော့မယ်။ ခင်ဗျား တနင်္ဂနွေထဲရောက်ပြီ ..ချီးကျူး ဂုဏ်ပြုမှုတွေ တစ်သီကြီး ခံစားရတော့မယ်။ အောင်မြင်တော့မယ်။ စသည်ဖြင့် သားသတ်နေသလို ဟောပြောနေမှုတွေ ကြောင့် လူတစ်ချို့မှာ တော်တော်လေး ဂြိုဟ်အိပ်တစ်ခုပြောင်းတာနဲ့ ..ဖီလင် စွတ်တက်ပြီး လုပ်ချင်ရာထလုပ် နေသူတွေ၊ ပူပန်ကြောင့်ကျပြီး ဘာမှမကြုံခင် စိတ်ဥပဒ်ဖြစ်နေသူတွေ ကို တွေ့လာရပါတယ်။ တစ်ကယ်တော့ လူတစ်ယောက်ရဲ့ ကံဇာတာကို ထောက်လှန်းတွက်ဆ ရတာဟာ အင်မတန် လက်ဝင်ပြီး ခက်ခဲလှပါတယ်။
လူဆိုတာကလည်း မိမိနှင့် စိမ်းပြီး ၊ နားမလည်တဲ့ အစိတ်အပိုင်းတွေကို ကြောက်ရွံတတ်တဲ့ သတ္တ၀ါ တစ်မျိုးဖြစ်တာကြောင့် ..ကိုယ်နားမလည်တဲ့ ဗေဒင်ဆိုတဲ့ အရာနဲ့ ဗေဒင်ဆရာဆိုသူက ..ခပ်ကြမ်းကြမ်း ဟောလိုက်တဲ့အခါ .. အသိဥာဏ်နုနယ်သူ အချို့မှာ စိတ်ဥပဒ်တွေ စွဲကပ်သွားစေတတ်ပါတယ်။ ဗေဒင် ဟောပြောသူဟာ လာရောက်နာယူ မေမြန်းသူ အမျိုးအစားပေါ်မူတည်ပြီး ၊ ဟောသင့်တဲ့အချက် မဟောသင့်တဲ့ အချက် ဆိုတာကိုလည်း ရွေးခြယ်နိုင်ဖို့ လိုအပ်သလို ၊ မေးသူတွေကလည်း .. ဘာပြောပြောယုံခြင်း ၊ ဘာပြောပြော မယုံခြင်း ဆိုတဲ့ အစွန်းနှစ်ဖက်ကို ဖယ်ခွာပြီး မိမိတို့ဥာဏ်နဲ့ အလယ်အလတ် သင့်တင့်သော နှလုံးသွင်းဆင်ခြင်နိုင်မှုမျိုး ထားနိုင်ဖို့ လိုအပ်လှပါတယ်။
ထားပါတော့ ။ ဒီနေ့ ကျွန်တော်ပြောလိုတာလေး တစ်ခုက ..ခင်ဗျားတို့ အယူအဆမှား တယ် ၊ ကျွန်တော့် အယူအဆမှန်တယ် ဆိုတာမျိုး မဟုတ်ပါဘူး ။ ပညာရပ်တစ်ခုဟာ အလွန်နက်ရှိုင်း ကျယ်ပြန့်လှတဲ့ အတွက် .. ကိုယ်သိထားတဲ့အစိတ်အပိုင်းမျှနဲ့ တင်းတိမ်ကျေနပ်နေပြီး ငါသိတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုယ့်ဘာသာချိတ် ၊ ပညာတံခါးဝကို သော့ခတ်လို့ ပိတ်မိထားခြင်းမျိုး ကင်းဝေးနိုင်စေဖို့ပါပဲ ။ ဖွင့်ထားတဲ့တံခါးကနေ ပညာကို စီးဝင်မြဲစီးဝင်လာနိုင်ကြပါစေ လို့ ……ဘ၀တူ လေ့လာ လိုက်စားနေသူများအတွက် ..ရည်သန်ခြင်းဖြင့် …
သုတေသီ ဝေသာလီမောင်ဖုန်း

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment