ပက္ခ ။
ဒီစာလုံးတိုတိုလေးရဲ့ အနှစ်သာရနောက်ကို လိုက်ခဲ့တာ ကျွန်တော့်အတွက် နှစ်ပေါင်း ၂၀ မျှ ကြာမြင့် သွားခဲ့ပါတယ်။ ကြုံလာသမျှတွေကို မှတ်တမ်းတင်ပြီး လေ့လာဖြစ်ခဲ့တာလည်း ဒီစာလုံးလေးကြောင့် ဆိုရင် မမှားပါ။ ပက္ခမိရင် ဘာဖြစ်သလဲ ဆိုတဲ့ မေးခွန်းဟာ ညအိပ်ယာဝင်ချိန်များ ကိုပါ ကိုက်ခဲ ဖဲ့ခြွေ သွားခဲ့ဖူးတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပက္ခမိရင် ကောင်းတာလား ။ ဟင့်အင်း ။ ဒါဖြင့် ဆိုးတာလား ..။ ဒါလဲ ..မဟုတ်သေးဘူး ။ ဒါဖြင့် ဘာလဲ ..ဘာလဲ ..ဘာလဲ ..စသဖြင့် အချိန်ပေါင်း များစွာ ခေါင်းကိုခဲ စေခဲ့ပါတယ်။
ဒီလိုနဲ့ ..တစ်နေ့သော အခါမှာတော့ ထုံးစံအတိုင်း ဆေးပေါ့လိပ်တိုကို မီးညှိရှိုက်ဖွာဖို့ မီးခြစ်ကလေးကို အသဲ အသန် လိုက်ရှာနေဆဲမှာပဲ …ဥာဏ်ထဲမှာလက်ကနဲ မြင်သွားမိပါတယ်။ ဒီမီးခြစ်ကလေးကို ရှာတွေ့လိုက်တာနဲ့ ပက္ခကို အောင်မြင်ပြီ ဆိုတာ ကျွန်တော်ကောင်းကောင်းကြီး ရိပ်မိသွားလို့ပါပဲ ။ အဲဒီ့ခဏမှာပဲ ကျွန်တော်အူလှိုက်သည်းလှိုက်ကို ကိုယ့်ကိုယ်ကို လှောင်ပြောင်ရယ်မောမိပါတော့တယ်။
နှစ်ပေါင်းများစွာ ၊ နေ့ပေါင်းများစွာ ၊ ခေါင်းကို ကိုက်ခဲနေအောင် စဉ်းစားလာခဲ့ရသမျှတွေက တစ်ကယ်တော့ ဘာမှမဟုတ်ပါလား ဆိုတာ သိလိုက်ရလို့ပါ။ အနီးဆုံးမှာရှိတဲ့အဖြေလေးကို အဝေးဆုံးမှာ လိုက်ရှာနေခဲ့တာ ကျွန်တော်ပါပဲ။ ဓမ္မအားနဲရင် ဗေဒင်ကျမ်းဂန်မှာလည်း မပေါက်ရောက်နိုင်ဘူး ဆိုတာ လက်တွေ့မို့ ကျွန်တော်ယုံကြည်လိုက်ရပါတော့တယ်။ တစ်ကယ်တော့ မြတ်ဘုရားရဲ့ တရားတော်မှာ ဒါတွေဟာ အားလုံးပါနှင့်ပြီးသားတွေ ဖြစ်နေပါတော့တယ်။
လွယ်လွယ်ရှင်းရှင်း ရိုးရိုးကလေးကို ..မဟာလျှို့ဝှက်ချက်ကြီးတစ်ပါး ထင်မှတ်ပြီး တွင်းနက်ကြီးတူးပြီး မောင်ဖုန်း ဆင်းရှာနေခဲ့တာ ကြာပါပကောလား ။ တစ်ကယ်တော့ တွင်းနှုတ်ခမ်းဝနားမှာတင် မောင်ဖုန်း ရှာနေတဲ့ အသိဥာဏ် က ထင်းထင်းလင်းလင်း ရှင်းရှင်းပြတ်ပြတ် ခိုင်ခိုင်မာမာ ရှိနေခဲ့ပါတယ်။ ဘယ်လောက်များ ငါသည် ထူလိုက်သလဲ လို့ ..၀မ်းလည်းနဲမိပါတယ်။ ရှက်လည်းရှက်မိပါတယ်။ ငါတော်သားပဲ ဆိုတဲ့ ရေးတေးတေး စွဲနေခဲ့တဲ့ ဘ၀မြင့်စိတ်လေးလည်း အစရှာမရအောင် ပျောက်ဆုံး သွားခဲ့ပါတယ်။
ဥာဏ်က သိလိုက်တဲ့အချိန်ဟာ တဒင်္ဂ ဖြတ်ကနဲ လေးရယ်ပါ။ ဒါပေမယ့် အဲဒီ့တဒင်္ဂလေး မှာ ..တော်တော် လေးကို သံဝေဂ ရသွားသလို ၊ မြတ်စွာဘုရားရှင် နဲ့ မြတ်ဘုရားဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို စိတ်က အလိုလိုကို ရှိခိုးကန်တော့မိပြီးသား ဖြစ်သွားပါတယ်။ ဒီနောက်မှာ မောင်ဖုန်းဆက် ရေးသား ဖော်ပြမယ့် ပက္ခ ဆိုတာဘာလဲ ဆိုတဲ့အဖြေကို ..ဖတ်ပြီး ၊ အဲဒီ့ဖတ်တဲ့သူတွေထဲက ..လူဘယ်နှစ်ယောက် လောက်များ နားလည်သဘောပေါက်ကြမလဲ ဆိုတာ မောင်ဖုန်း သိချင်လှပါတယ်။ မောင်ဖုန်းလိုပဲ ခပ်ထူထူနဲ့ နှစ်ပေါင်းများစွာ ၀ဲလည်ချာရိုက်နေကြဦးမလား ၊ ဒါမှမဟုတ် ဥာဏ်ရည်အလင်း ထင်းကနဲ ရလို့ သဘောပေါက်သွားနိုင်မလား မောင်ဖုန်း သိချင်စမ်းပါဘိတော့။
ကောင်းပြီ …. ပက္ခဆိုတာ ဘာလဲ ။
ပက္ခ ဆိုတာ လိုချင်လို့ ဆင်းရဲတာ ။
မဟာဘုတ်ပညာမှာ အနှစ်သာရ ၊ အသည်းနှလုံးလို့ ဆိုတဲ့ ပက္ခ ။ အဲဒီ့ပက္ခ ဆိုတာ ဘာတုန်းလို့ မေးရင် မောင်ဖုန်းက အဲသလို ဖြေပါတယ်။ မမြင်လို့မသိ ခဲ့ရင်တော့ ခွင့်လွှတ်ပါ။ ဥာဏ်သင့်လို့ မြင်ပြီသိပြီ ဆိုရင်တော့ မောင်ဖုန်း ဒီနေ့ရေးတဲ့ စာလေးကို နဲနဲလေးမျှ ကျေးဇူးတင်ကြပါ။ ခုဒီစာပိုဒ်အောက်မှာ မောင်ဖုန်း စာဖတ်သူတွေ မြင်နိုင်သလောက် ပိုအမြင်ရှင်းအောင်တော့ ကြိုးစားရှင်းပြပေးပါမယ်။ ဘယ်အတိုင်းအတာ ဘယ်ရွေ့မျှ နားလည်နိုင်မလဲတော့ မသိပါ။ အတတ်နိုင်ဆုံးတော့ ကြိုစား ကြည့်ပေးပါ့မယ်။
ပက္ခဟူသည်
ပက္ခ မိတယ် ဆိုတဲ့နာမည်ရှင်တွေအားလုံးကို မောင်ဖုန်းပြောချင်တာက အဆိုပါပုဂ္ဂိုလ်များ ဘ၀မှာ ကြီးမားသော အလိုဆန္ဒတို့အတွက် ၊ ကြီးမားသော ဘ၀စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပါပဲ။
မောင်ဖုန်း ပြောပြီးပါပကော ။ ပက္ခ ဆိုတာ လိုချင်လို့ ဆင်းရဲတာ ။
များများ လိုချင်တော့ များများ ဆင်းရဲမယ်။
နဲနဲလေးပဲ လိုချင်တော့ နဲနဲလေးပဲ ဆင်းရဲမယ်။
အရမ်းအရမ်းလိုချင်တော့ အရမ်းအရမ်းကို ဆင်းရဲပါမယ်။
ကြီးကြီးမားမား လိုချင်ရင် ကြီးကြီးမားမားကိုပဲ ဆင်းရဲပါမယ်။

မောင်ဖုန်းရေ မင်းကောဟ ။ မောင်ဖုန်းလည်း မလွတ်ပါတကား ။ လို ချင်သမျှ ..ဆင်းရဲနေရစမြဲတည်း။ မောင်ဖုန်း ပက္ခ နဲ့ မောင်ဖုန်းဆင်းရဲ မည်။
သင်တို့လည်း သင်တို့ပက္ခတွေနှင့် သင်တို့ဆင်းရဲမည်။
ငွေမရှိသဖြင့် ငွေရှာ ၊ ငွေရှာသဖြင့် ငွေရှိ ၊ ငွေရှိသဖြင့် ဆင်းရဲ …. ရေဆာသဖြင့် ရေရှာ ၊ ရေရှာသဖြင့် ရေတွေ့ ၊ ရေတွေ့သဖြင့် ဆင်းရဲ …ဆေးလိပ်သောက်ချင်သဖြင့် ဆေးလိပ်ရှာ ၊ ဆေးလိပ်ရှာသဖြင့် ဆေးလိပ်ရ ၊ ဆေးလိပ်ရသဖြင့် ဆင်းရဲကောင်မလေးကိုလိုချင် ၊ လိုချင်သဖြင့် ကောင်မလေးကို ရ ၊ ကောင်မလေးကို ရသဖြင့် ဆင်းရဲဘာတစ်ခုမှ မလိုချင် ၊ မလိုချင်သဖြင့် ဘာမှမရ ၊ ဘာမှမရတော့သဖြင့် ချမ်းသာပေတော့သတည်း ။
ဤတွင်မှ ပက္ခများလည်း ဇာတ်သိမ်းပေတော့သည်တကား ။
ဒီတွင် တစ်ချို့ မေးလိုကြမည်။ ကိုဖုန်းရေ ..ငွေမရှိလို့ ငွေရှာ ၊ ငွေရှာသဖြင့် ငွေရှိ ၊ အဲဒီ့လိုငွေရှိတာ မချမ်းသာဘူးလား ။ ရေဆာလို့ ရေရှာ ၊ ရေရှာသဖြင့် ရေတွေ့ ၊ ရေတွေ့တာကော မချမ်းသာဘူးလား ၊ ဆေးလိပ် လိုချင်လို့ ဆေးလိပ်ရတော့ကော ၊ ကောင်မလေးလိုချင်လို့ ကောင်မလေးကိုရတော့ကော ..ဒါတွေကကော မချမ်းသာဘူးလား ၊ ဘယ့်နှယ်ကြောင့်ဆင်းရဲ ..ဆင်းရဲ နဲ့ တစ်ဆင်းရဲထဲ ဆင်းရဲ နေရတာလည်း …စသဖြင့် မေးလိုကြပေလိမ့်မည်။ ဥာဏ်နီးစပ်သူများအဖို့ ဒီအဖြေကို သိပြီး ဖြစ်ပါ လိမ့်မည်။ မသိသေးသူများအတွက် အောက်မှာဖြေပေးလိုက်ပါသည်။
မမြဲလို့
ဆင်းရဲသတည်း ။
သုံးဆယ့်တစ်ဘုံ ကျင်လည်နေသမျှ လိုချင်မှုများနောက် တစ်ကောက်ကောက်လိုက်ရင်း လိုက်ရင်း သာ ဆင်းရဲခြင်း အမှန်ဖြင့် ..လုံးချာလည် ပတ်ကာလည် ၊ အပါယ်ဘုံတွေ ဗြောက်သောက်ရောက်လိုက် ၊ ကံသီသော တစ်ခါတစ်ရံ သုဂတိဘုံ ရောက်လိုက် ၊ တော်နေကြာတော့ အပါယ်ဘုံတွေပဲ ပြန်ရောက်လိုက် ..မဆုံးတမ်း မဆုံးတမ်း လိုချင် ၊ မဆုံးတမ်း မဆုံးတမ်း ဆင်းရဲနေကြရပေတော့သည်။
သတ္တ၀ါဟူသည်က လိုအပ်ချက်ကြီးကြီးမားမား ဖြစ်လာလေလေ လိုချင်မှုကြီးကြီးမားမား ဖွဲ့တည်လာ လေလေပင် ။ ပက္ခက ပြင်းထန်လေလေ လိုအပ်ချက်ကလည်း ကြီးလေလေ ၊ လိုချင်မှုလည်း မြင့်မားစွာ အုံဖွဲ့လာလေလေ ၊ ဘ၀စိန်ခေါ်မှုများကလည်း ပြင်းထန်လာလေလေ ဖြစ်သည်။
ပြည်သူများ ချစ်သော အမေစုကိုပင်လျှင် ကြည့်မြင်သော် ၊ အမေစုနာမည်သည် ဗေဒင်စနစ်အရ မဟာဘုတ် ပက္ခမိနေသော အမည်အမျိုးအစား ဖြင့်မှည့်ခေါ်ထားသည်။ ပြင်းထန်သော မရဏ နှင့် အဓိပတိပက္ခ အမျိုးအစားတွင် ပါဝင်နေသည်။ ပက္ခအင်အားကြီးမားတော့ လိုအပ်ချက် ကြီးကြီးမားမား ကြုံလာသည်။ လိုအပ်ချက် ကြီးမားလာခြင်းကြောင့် လိုလားဆန္ဒလည်း မြင့်မားစွာ ဖွဲ့တည်လာပြန်သည်။ ယင်းသို့ဖြင့် ဘ၀ စိန်ခေါ်မှုတို့ကလည်း သာမန်ထက်များစွာ ပြင်းထန်လာပေတော့သည်။ ပြည်သူ အားလုံးနှင့် သက်ဆိုင်သော မြင့်မားသော လိုလားဆန္ဒမျိုး ဖြစ်တည်လာခြင်းကြောင့် ..ဘ၀စိန်ခေါ်မှု ကလည်း ပြည်နှင့်တိုင်းကား နိုင်ငံအ၀န်းနှင့်အတိုင်းအတာအထိ ကြီးမားစွာ ဖွဲ့တည်လာပေတော့သည်။
ဗေဒင်ပညာအယူအဆပိုင်း နှင့် ပက္ခ
အချို့ကလည်း မောင်ဖုန်း ဗေဒင်အကြောင်း မရေး ။ တရားအကြောင်းနှယ် ရေးသည်ဟု အထင် ရှိနိုင်သည်။ အရင်းစစ်တော့ အမြစ်မြေမှာ ဆိုသလိုပင် ..ဓမ္မ အနှစ်သာရသည်သာ မူလအရင်းခံ တည့် ။ သို့ပေမင့် ဗေဒင်လိုက်စားသူတို့အနေနှင့် အမြင်ပိုမိုရှင်းစေလိုသဖြင့် ထပ်မံ ရှင်းလင်းပေးရပါလျှင် ….
မူလမဟာဘုတ်အရ ပက္ခများသည် တစ်သက်လုံးအတွက် လိုအပ်ချက်များ ၊ လိုအင်ဆန္ဒများ ၊ ဘ၀ စိန်ခေါ်မှုများ ဖြစ်၏။
ကောဇာမဟာဘုတ်အရ ကြုံလာသော ပက္ခများသည် ပစ္စုပ္ပန် မျက်မှောက်ကာလအပိုင်းအခြားတွင် ကြုံတွေ့ရမည့် လိုအပ်ချက်များ ၊ လိုအင်ဆန္ဒများ နှင့် ဘ၀စိန်ခေါ်မှုများ ဖြစ်လေသည်။ အချိန်နာရီမိနစ် ပိုင်းများအရ ပေါ်ပေါက်လာသော ပက္ခများသည် ..မျက်မှောက်ထင်ထင် ယခုပင် ကြုံနေရသော လိုအပ်ချက်များ ၊ အလိုဆန္ဒများ ၊ ဘ၀စိန်ခေါ်မှုများ ဖြစ်ကြသည်။

ယင်းတို့သည် သေးသေးမွှားမွှားလည်း ဖြစ်နိုင်သည်။ ကြီးကြီးမားမားလည်း ဖြစ်နိုင်သည်။ မီးခြစ်ပျောက် သဖြင့် မီးခြစ်ရှာရသော ပက္ခအသေးစားလည်း ဖြစ်ကောင်းဖြစ်မည်။ ငွေကြေးရရှိလိုသဖြင့် ငွေကြေး ရှာဖွေရသော ပက္ခအမျိုးအစားလည်း ဖြစ်ချင်ဖြစ်မည်။ သက်ဆိုင်ရာဂြိုဟ် ၊ မွေးနံအရ ဆက်သွယ်မှုတို့ အပေါ် မူတည်ပြီး … လိုအပ်ချက်အမျိုးမျိုး ၊ အလိုဆန္ဒအဖုံဖုံ ၊ ဘ၀စိန်ခေါ်ချက် အသီးသီး ကွဲပြားစွာ ဖြစ်တည်လာမည်။
မူလမဟာဘုတ်အရ တနင်္ဂနွေဂြိုဟ်နှင့် ပက္ခမိတော့ ..တစ်သက်လုံး ဂုဏ်သိက္ခာ ၊ သြဇာ အာဏာ ၊ အကြီးအမှုး ဖြစ်လိုမှုနောက် တစ်ကောက်ကောက်လိုက်ရတော့၏။ တနင်္လာနှင့် ပက္ခမိတော့ တစ်ဘ၀လုံး မေတ္တာငတ်လိုက် မေတ္တာရှာလိုက် ကျင်လည်ရတော့၏။ အင်္ဂါ နှင့် ပက္ခမိတော့ ..တိုးတက်ချင်လွန်းသဖြင့် မြင့်မားချင်လွန်းသဖြင့် ဆွေ့ဆွေ့ခုန် နေရသော ဘ၀မျိုးပိုင်ရှင် ဖြစ်လာ၏။ စသည်ဖြင့် …ပက္ခများက သက်ဆိုင်ရာ ဇာတာရှင်၏ အလိုဆန္ဒမီးကို ဖော်ပြနေကြ၏။ ရဖို့ခက်လေ လိုချင်လေတည်း ။ ဆားငန်ရေလို သောက်လေ သောက်လေ မက်မပြေတည်း ။
ကောဇာမဟာဘုတ်အရ ..အာယုဂြိုဟ်နှင့် ပက္ခမိတော့ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များ ဖြစ်လာ၏။ ဒီတော့လည်း ပြေးကြရ လွှားကြရ၏။ ဆေးရုံ ဆေးခန်း လူပြင်သည့်ဌာနများကို ရှာကြံရသည့် ဒုက္ခနှင့် ရင်ဆိုင်ကြရတော့၏။ အညွန့်ဂြိုဟ် နှင့် ပက္ခမိတော့ တစ်နှစ်လုံး ရှာသမျှ အကျိုးစီးပွား လွယ်လွယ်နှင့် တစ်ခုမှ မရ ၊ ပိုမိုပင်ပင်ပန်းပန်း အသဲအသန် ကြိုးစားလုံ့လပြုရတော့၏။ သင်စရာဂြိုဟ်နှင့် ပက္ခမိသော နှစ်ရောက်တော့ သင်တန်းတွေ ပြေးတက်ရပြန်၏။ ဓနဂြိုဟ် နှင့် ပက္ခမိတော့ ငွေအများကြီးရဖို့အရေး လောဘဖြင့် ပြေးလွှားကြရပြန်၏။ အာဏာဂြိုဟ်နှင့် ပက္ခမိသောအခါတွင်တော့ ..ရာထူးတိုးဖို့အရေး စိုင်းပြင်း ကြိုးစားကြရပြန်၏။
တစ်နှစ်ပြီးတစ်နှစ် ပက္ခတွေက တစ်မျိုးပြီးတစ်မျိုး ခုနှစ်နှစ်တစ်ခါ အလှည့်ကျ တရစပ်ခိုင်းကြစမြဲ။ သတ္တ၀ါ တွေကလည်း တရစပ်လုပ်ကြ ရှာကြ ..ထိုဒုက္ခဖြင့် ကျင်လည်နေကြရဆဲသာတည့် ။ တကယ်တော့ တရား သံဝေဂ ရဖွယ်သာ ဖြစ်သည်။
မောင်ဖုန်းသည် ဗေဒင်ကိုလေ့လာလိုက်စားရင်း .. ဓမ္မ ကို ရံခါ ဆိုသလို မြင်မြင်လာရ၏။ ဖြစ်နိုင်သမျှ နိဗ္ဗာန်ကို ရက်တိုတို နှင့် မရောက်လိုသေးသော လူမိုက်ဖြစ်သူ မောင်ဖုန်းသည် … ၊ သုဂတိဘုံတို့တွင် ကျင်လည် နေလိုသေးသော အာသီသ လုံ့လရှိသူ မောင်ဖုန်းသည် .. ကိုယ့်ပက္ခ ကို ကိုယ်တိုင်မြင် သော အခါ ၊ တစ်ဘ၀လုံး မောလာသမျှ အမောတွေ ..လိုချင်လာသမျှ ဆန္ဒတွေ ၊ ထိုအရာတွေနှင့် မဆုံးနိုင် ကရွတ် ကင်းလျှောက်နေရသည်ကို ရှက်လာမိ၏။ မပယ် မသတ်နိုင်သေးသော မိမိဥာဏ်ကိုလည်း အားမရ ဖြစ်မိ၏။
ဟေ……….. တို့ကတော့ ကြိုက်လို့ မိုက်သကွဲ့ ဟူသော လူအုပ်စုထဲတွင် မောင်ဖုန်းသည် ထိပ်ဆုံးမှ ဖြစ်နေသကဲ့သို့ ခံစားရ၏။ ကြိုက်သဖြင့် မိုက်နေကြသော လောကအလယ်တွင် မောင်ဖုန်းကား ဗေဒင် ဟူသည်ကို ကြိုက်၏။
သို့ဖြစ်ခြင်းကြောင့် …
ဗေဒင်ဖြင့် မိုက်နေဆဲ ဖြစ်ပေတော့သည်။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment