ခုနှစ်ခုစား ရတနာများ စာစု(၁)
သည်ဆောင်းပါးတွေရဲ့ ကနဦးအစမှာ ကျွန်တော်ပြောချင်တာလေး နဲနဲရှိပါတယ်။ ပထမအချက် ကတော့ ..သည်ဆောင်းပါးတွေမှာ ပညာရပ်ဆိုင်ရာ ရှင်းလင်းချက်တွေ မထည့်ထားပါ။ ဥာဏ်တော်တော် သွက်ပြီး ..လက်ဆန်းဗေဒင် ပိုင်းဆိုင်ရာ ပညာရပ်တွေကို နှံ့စပ်ကျွမ်းဝင်နေသူ အချို့သာ ကျွန်တော် ဘယ်အချက် ဘယ်အချက်တွေသုံးပြီး တွက်ယူထားတယ် ဆိုတာကို အရိပ်အကဲ ဖမ်းနိုင်ပါမယ်။ ဘာကြောင့် ရှင်းလင်းချက်တွေ မထည့်ထားတာလဲ ဆိုတော့ ..၊ …
.. အများစုသော စာဖတ်ပရိသတ် (ဗေဒင်ပညာရပ်များနှင့် စိမ်းကွာသော စာဖတ်ပရိသတ်များ) တွေ အနေနဲ့ ကိုယ်နားမလည်တာတွေကို ယောင်ချာချာ ဖတ်ပြီး ခေါင်းရှုပ်ကုန်မှာစိုးလို့ပါ။

ဒုတိယတစ်ချက် ပြောချင်တာကတော့ … ဒီဆောင်းပါးစာစုတွေကို ကျွန်တော် ..ဒီကနောက်ပိုင်းမှာ .. မကြာခဏ ဆိုသလို ရေးသားတင်ပြပေးသွားပါမယ်။ ဘာကြောင့်လဲ ဆိုတော့အကြောင်းအရာ နှစ် ချက်ထဲကြောင့်ပါ။
ပထမအကြောင်းအရာကတော့ .. ခင်ဗျားတို့ကို မွေးထုတ်ပေးခဲ့တဲ့ အမိမြန်မာနိုင်ငံမှာ ဟောဒီ့လို ကောင်းတဲ့ စနစ်တွေ ပညာတွေ ရှိနေဆဲ ပေါ်ထွန်းရှင်သန်နေဆဲ ဆိုတာကို သတိပြုမိ ၊ တန်ဖိုးထား ဂုဏ်ယူမိစေဖို့ အတွက်ပါ။
ဒုတိယအကြောင်းအရာကတော့ …. ကျွန်တော်တို့တွေ အားလုံး ဖြတ်သန်းနေရတဲ့ ဘ၀အမောထူပြော တဲ့ ခရီးရှည်ကြီးမှာ …ရေချမ်းတစ်ပေါက် ..ရိက္ခာခြောက်တစ်မျှင် ..အဖြစ် ပညာအသိနဲ့ ဖြည့်ဆည်း ကူညီပေးချင်လို့ပါပဲ။
ဒီဆောင်းပါးတွေကို ဘာဗေဒင်မှ မတတ်သူတွေလည်း ဖတ်ပြီး လက်တွေ့ဆောင်နိုင်/ရှောင်နိုင် အသုံးပြု နိုင်ပါတယ်။ ခေါင်းထဲပေါ်တာကို အရင်ချရေးခဲ့တာမို့ ဘယ်နေ့သားသမီးတွေ အတွက် ပိုရေးပေးတယ် ဆိုတာမျိုး မရှိပါ။ တစ်ကယ်လို့ မိမိတို့ သိလိုတာ/ ရေးသားဖော်ပြပေးစေလိုတာ ရှိရင်လည်း .. ကွန်မန့်မှာ ၀င်ရောက် အကြံပေးခဲ့နိုင်ပါတယ်။ အများစုအတွက်လိုအပ်မယ် ကျွန်တော်လည်း နားလည်ကျွမ်းဝင်ပြီး အစိတ်အပိုင်းများ ဖြစ်မယ်ဆိုရင် ..တောင်းဆိုတဲ့ကဏ္ဍတွေကို ဒီဆောင်းပါးစု စာစုတွေမှာ ရေးသား ဖော်ပြပေးပါမယ်။ အဲ ကွန်မန့်နဲ့ပတ်သက်လို့ တစ်ခုတင်ကြို ပြောချင်တာကတော့ ကွန်မန့်တွေကို ထိမ်းချုပ်ထားတဲ့အတွက် ချက်ချင်း ကွန်မန့်မတက်ပါ။ သုံးရက် တစ်ကြိမ်လောက် ကွန်မန့်တွေကို စုပြီး တင်ပေးပါတယ်။ ရေးထားခဲ့လိုသူများအနေနဲ့ ရေးသာထား ခဲ့ပေတော့ဗျာတို့ ။
ကောင်းပြီ အချီးနိဒါန်းနဲ့တင် နေကုန်သွားနိုင်ပါတယ်။ ပြောချင်တာတွေရှိသေးပေမယ့် …အလုပ်နဲ့လည်း သက်သေပြ ပေးဖို့ လိုတာကြောင့် ..ပထမဆုံးအနေနဲ့ အောက်ပါ ကဏ္ဍတစ်ခုကို စတင် တင်ပြ ရေးသားပေးလိုက်ရပါတယ်။

ကြာသာပတေးသားသမီးတွေ ကြောက်တဲ့ အသက်ပိုင်းများ
အသက်ကိုတည် ခုနှစ်နဲ့စားလို့ .. (၂) နဲ့ (၃) ကြွင်းတဲ့ အသက်ပိုင်းတွေဟာ ကြာသာပတေးသားသမီး တွေကို ထုမယ့် ထောင်းမယ့် အသက်ပိုင်းတွေပါပဲ။ ဒီ၂မျိုးမှာ ပထမတစ်မျိုးဖြစ်တဲ့ ၂ကြွင်းတဲ့ အသက်ပိုင်း တွေကို အရင် စပြောပါမယ်။ တစ်ခုကြိုမှာပါရစေ။ အသက်ကလေးကိုတည် ၇နဲ့စား လို့ ၂ကြွင်း တာလေးက အလွန်တွက်လို့ လွယ်ပါတယ်။ ကလေးပေါက်စတောင် သင်ပေးလို့ရပါတယ်။ တွက်ခိုင်းလို့ ရပါတယ်။ ဒါပေမယ့် အဲဒီ့နှစ်ခုကြွင်းရင် ဘာဖြစ်တတ်တယ် ဆိုတာကိုတော့ သိသူ အလွန်နဲလှပါတယ်။ မောင်ဖုန်းကတော့ ရေးပြပေးလိုက်ပါမယ်။ ခုနှစ်ခုစား/ရှစ်ခုစား ဆိုပြီး နှိမ်ချတတ်သူများကို ပြောလိုတာကတော့ .. ဥာဏ်ရှိရင် …ခုနှစ်နဲ့မှမဟုတ်ဘူး ..ဘာနဲ့စားစား ဟောသလို ဟောလို့ရတယ် ဆိုတာလေးပါပဲ။
အသက်ကိုတည် ၇နှင့်စား အကြွင်း (၂) များ ကျခဲ့သော်…ကြာသာပတေးသားသမီးတို့သည်…

(၁) နေလို့ကို ဂဏှာမငြိမ်တဲ့ အသက်ပိုင်းပါပဲ။ ဒီ့ထက်ကံဆိုးရင် ဆောက်တည်ရာမဲ့ ၊ အားကိုးရာမဲ့ သလို ပြာတောက်နေပါလိမ့်မယ်။ နေရာထိုင်ခင်းကံလား ..ညံ့တတ်တဲ့ အသက်ပိုင်းပေါ့ ။ နေထိုင်ခွင့်တွေ ၊ နေရာထိုင်ခင်း ပျက်ဆီးမှုတွေ၊ နေရာပေးမခံရတာတွေ၊ နေစရာကို မရှိတာတွေ ၊ မိမိတို့ကံ အနိမ့်အမြင့် အလိုက် .. အထူအပါး ကွဲပြားပြီး ကြုံတွေ့ကြရပါမယ်။ တော်တော် တည်ငြိမ်တတ်တဲ့ သူမျိုးတွေတောင် .. ဒီအသက်ပိုင်းမျိုး ရောက်လာရင် .. ဖင်တစ်ကြွကြွနဲ့ ဟိုသည် ယောက်ယက်ခတ်လာပါတယ်။
(၂) ကိုယ်နဲ့မဆိုင်ဘဲ ဓါးခုတ်ရာလက်ဝင်လျှိုမိသလို အဖြစ်မျိုးတွေ ဖြစ်လာတတ်တာ ဟောဒီ့လို အသက်ပိုင်းတွေမှာပါပဲ။ အလုပ်အကိုင် အသက်မွေးမှုတွေမှာလည်း ..အပြောင်းအရွှေ့ အပြောင်းအလဲတွေ၊ အခက်အခဲ နဲ့ ပြသနာတွေ ၊ စိတ်တိုင်းမကျရမှုတွေ ဖြစ်လာရတတ်သလို .. ကျန်းမာရေးပိုင်းမှာလည်း .. ဂရုစိုက်ရမယ့် ကာလတွေပါ။ ဖြစ်လိုက်တာနဲ့ မထူနိုင် မထနိုင် ..ဘုန်းဘုန်းလဲ သွားတဲ့အထိ ညံ့သွားတတ်တာမို့ …သေချာဂရုစိုက်မှ ဖြစ်မယ့် အသက်ပိုင်းတွေပါ။

(၃) ခေါင်းထဲမှာရှုပ်ရှက်ခတ်ပြီး ၊ ဘဲဥကို အစရှာမရသလို ..ဘယ်က ဘယ်လိုစလိုက်ရမှန်းမသိ ဖြစ်ရတတ်တာလည်း ဒီအသက်ပိုင်းမျိုးတွေပါပဲ ၊ ..အိမ်ထဲနေတော့ စိတ်ရှုပ် ၊ အိပ်ယာပေါ်ခွေတော့ ..စိတ်အိုက် ..သိပ်ခိုက်တဲ့ အသက်ပိုင်းမျိုးပေါ့ဗျာတို့။
(၄) အဲ..အကယ်၍များပေါ့ဗျာ…ခင်ဗျားတို့နာမည်လေးတွေက ….ကြာသာပတေးနံ (ပ၊ဖ၊ဘ၊ဗ၊မ) နဲ့ တနင်္ဂနွေနံ (အ၊ဥ) တွဲပြီး မှည့်ထားမိရင်တော့ …၊ သပွတ်အူကို ချည်ခင်ထွေးနဲ့ပတ်ပြီး ..ခေါင်းထဲ ထည့်ထားမိသလိုပါပဲ ။ လမ်းမမြင်….ကမ်းဘယ်ဆီတွင် ရှိပါလိမ့်ရယ်ဟယ်ဟယ်ဟယ်..လို့ ..ဆိုပြီး မင်းသားဟဲ ဟဲလိုက်ချင်တော့တယ် ဆိုတာ ဒီအသက်ပိုင်းမျိုးဖြစ်သွားပါလိမ့်မယ်။
(၅) အဆိုးဆုံးကတော့ … နာမည်ကို (ယ၊လ၊၀၊ရ) နဲ့ (ပ၊ဖ၊ ဗ၊ ဘ၊ မ) တွဲပြီး မှည့်ခေါ်ထားသူတွေပါပဲ။ ဥပမာအားဖြင့် ..မိုးဝေ ၊ ဖြိုးဖြိုးလဲ့ ၊ ယဉ်ယဉ်မိုး ၊ ရဲမြင့် ၊ ရွှေဘော် ၊ ဖုန်းနိုင်ဝင်း ..စသော နာမည်ရှင်မျိုး တွေအဖို့ …ကျန်းမာရေး/လူမှုရေး/စီးပွားရေး/မိသားစုရေးရာတွေမှာ ..ဘယ်ထောင့်ဘက်ကနေ ဆိုးကျိုး ပေးရမလဲ ဆိုပြီး အကုသိုလ်ကံက ကျားချောင်း အချောင်းခံရတာ ဟောသည့် (၂) ခုကြွင်းတဲ့ အသက်ပိုင်းမျိုးတွေပါ။
ကဲကဲ တော်ပါပြီ ။ ဒီထက်ထပ်ရေးရင်လည်း အကြောက်ကြီးတတ်တဲ့သူတွေမှာ စိတ်ဆင်းရဲစရာ ဖြစ်လာ ပါ့မယ်။ ကောင်းပြီ ။ အနာဖြစ်နိုင်တာကိုတော့ သိပြီ ၊ ဆေးအပိုင်းကို ဆက်ပြီး ကြည့်ကြပါစို့ ။
ဘာလုပ်သင့်သလဲ …ဘယ်လိုတင်ကြိုကာကွယ်မှု ပြုကြမလဲ
အကောင်းဆုံးကတော့ ဘာသာရေးကို အဆိုပါအသက်ပိုင်းများမှာ မမေ့မလျော့ မပေါ့မဆ သတိဖြင့် နေထိုင်ကြခြင်းပါပဲ ။ လောကီပညာရပ်အပိုင်းကနေ အဆိုးအညံ့သက်သာစေမယ့် ..အကြံဥာဏ်လေး တွေကို လည်း အောက်မှာ ဖတ်ရှုပြီး ကာနိုင်သလောက် ကာကွယ်ကြပါ။ အတိတ်ကံဆိုတာက ခင်ဗျား တို့ ကျွန်တော်တို့ လုပ်ခဲ့ပြီးပါပြီ။ ဘာမှပြန်ပြင်လို့မရတော့ပါဘူး။ မျက်မှောက်ကံကတော့ ခင်ဗျားတို့ ကျွန်တော်တို့ ရဲ့ လက်ထဲမှာ ရှိနေပါတယ်။ အဲဒီ့မျက်မှောက်ကံကလေးကိုပဲ အားပြုပြီး ဥာဏ်သုံး ဖောက်ထွက်မှ ..အကုသိုလ်အရိပ်မည်း အောက်က လွတ်မြောက်နိုင်ပါလိမ့်မယ်။ ဗေဒင်ကို ခင်ဗျား ယုံသည် ဖြစ်စေ ၊ မယုံသည်ဖြစ်စေ.. ၊ ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် .. ၊ ဘာသာမဲ့ပဲဖြစ်ဖြစ် ၊ ဘာလူမျိုးပဲဖြစ်ဖြစ် ၊ (နှာခေါင်းကြီးတဲ့ ..လူဖြူဥရောပသားတွေလည်း မလွတ်ပါဘူး) …ကြာသာပတေး သားသမီးလဲ ဖြစ်မယ်..၊ ဖော်ပြပါအတိုင်း အကြွင်း ၂ရတဲ့ … အသက်အားဖြင့် .. ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ် ၊ ၆၅နှစ်၊ ၇၂နှစ်၊ ၇၉နှစ်၊ ၈၆နှစ် ..စသော အသက်ပိုင်းတွေကို ဖြတ်သန်းပြီ ဆိုတာနဲ့ ..အကုသိုလ်ကံက ကျားချောင်းချောင်းနေတာကို သတိထားပြီး နေထိုင်တတ်ဖို့ လိုပါလိမ့်မယ်။
ဘယ်လိုနေထိုင်သင့်သလဲ ဒီအသက်ပိုင်းမျိုးတွေမှာ …
သိပ်မစဉ်းစားပါနဲ့ ။ ခင်ဗျားခေါင်းထဲမှာ အကြံဥာဏ်တွေ တုံးနေ သုန်းနေတာကို ဇွတ်အတင်းညှစ်ချပြီး အမောမခံပါနဲ့။ သိပ်စိတ်အိုက်လာရင် သစ်ပင်တွေစိမ်းစိမ်းစိုစို ရှိတဲ့ နေရာမှာ အပန်းဖြေပါမယ်။ ဥယျာဉ် ပန်းမန် ပန်းခြံတွေဟာ ဒီအသက်ပိုင်းမှာ ဆေးတစ်ပါးပါပဲ။ သြော်…မရောက်ဖြစ်ဘူးလား။ ရပါတယ်။ ပိုစတာ / ပန်းချီကား သစ်ပင်ပန်းမန် သစ်သီးဝလံပုံလေးတွေကို ခင်ဗျားနေတဲ့ နေရာလေး တွေမှာ ကပ်ထားမယ်။ ဆောင်ထားမယ်ဗျာ။
အစဖော်လို့မရဘူးလား။ အစပျိုးရခက်နေသလား .. ဘယ်က ဘယ်လို စလုပ်လိုက်ရမှန်းမသိဘူးလား ..လက်ရှိ ခင်ဗျားသုံးနေတဲ့ ခေါင်းအုံးကို ပြောင်းပစ်လိုက်ဗျာ။ ခေါင်းအုံးဖိုးအကုန်မခံချင်ဘူးလား။ ချွတ်..ခေါင်းဦးစွပ် ၊ ပြီးရင်လျှော်ဖွပ် ၊ အဲသည့်လောက်လေးတော့လုပ်လိုက်ပါ။ ခေါင်းရှုပ်လာတိုင်း အဲဒါမျိုးလေးတွေ လုပ်ပါ။ ဒီထက်အခြေအနေဆိုးနေလား .. အရှေ့မြောက်အရပ်ကို လက်ရှိသုံးနေတဲ့ ခေါင်းအုံး စွန့်သာပစ်လိုက်တော့။ နိုင်ငံရပ်ခြားက ကိုကိုမမ လေးတွေတော့ သတိထား အစွန့်မတော်လို့ ရဲဖမ်းရင် မောင်ဖုန်းအပြစ်မဟုတ်။ တစ်လက်စတည်း ..ကိုယ့်အခန်း ကိုယ့်အိမ်မှာ ပြန်ရှာ ..ဓါတ်ခဲ အဟောင်းတွေ အားကုန်နေတာတွေ သုံးမရတော့တာတွေ ..အကုန်ထုပ်ပြီး အရှေ့မြောက် အရပ်မှာ သွားစွန့်မယ်။
လမ်းသွားရင်းလာရင်း သက်ကြီးရွယ်အိုတွေများ အကူညီလိုအပ်နေတာ တွေ့ရင် အားရ၀မ်းသာ ကူညီလိုက်စမ်းပါ။ အဲဒီ့အကျိုးလေးက ဒီအသက်ပိုင်းမှာ ခင်ဗျားတို့ကို ..အင်မတန် ကောင်းကျိုးပေး နိုင်လွန်းလို့ပါ။ ဖြစ်နိုင်သမျှ ဒီအသက်ပိုင်းမျိုးတွေမှာ အိမ်ထဲမအောင်းနေပါနဲ့။ အိပ်ယာပေါ် ခွေခေါက် မနေပါနဲ့။ ခရီးထွက်မယ်။ လှုပ်ရှားသွားလာမှုလေးတွေလုပ်မယ်။ တစ်ယောက်ထဲ နေတာမျိုးကို ဖြစ်နိုင်သမျှ ရှောင်ရပါမယ်။
ဗုဒ္ဓဘာသာဝင်များ …တရားစခန်းတွေမှာ ယောဂီတွေအတွက် တရားထိုင်ရင် သက်သာစွာထိုင်နိုင်ဖို့ အထောက်အကူ ဖြစ်စေမယ့် ကုသိုလ်အမှုမျိုးလေးတွေ လုပ်နိုင်အောင် ကြိုးစားကြပါ။ ဒီအသက်ပိုင်း မျိုးမှာ အလွန်အံဝင်ခွင်ကျရှိလှတဲ့ ယတြာကောင်းတစ်ပါးကို ခင်ဗျားတို့ ချေပြီးသားပါပဲ။

ကဲ…ဒီလောက်ဆို ..ကျေနပ်ကြလိမ့်မယ်ထင်ပါရဲ့။
နောက်ဆုံးပြောချင်တာလေးတစ်ခုက ..ခုဆောင်းပါးကို ဖတ်နေတဲ့ အခြားသောနေ့နံသားသမီးများ အနေနဲ့ ဆရာဖုန်းပြောတာတွေ ဟုတ်ရဲ့လားသံသယ ၀င်လာပါလိမ့်မယ်။ ဒီလောက် လွယ်လွယ်လေးတွက် ပြီး ဟောလို့ရတာ ဟုတ်ပါ့မလား ။ ကြာသာပတေးသားသမီးတိုင်းဖြစ်မှာလား ၊ ဟုတ်ရဲ့လား စသည်ဖြင့်တွေးမိလာပါလိမ့်မယ်။
မောင်ဖုန်းတစ်ခုပြောချင်တာက .. ကြာသာပတေး သားသမီး အယောက်တစ်ရာမှာ ၉၉ယောက် မှန်မှာမဟုတ်ပါ။ ၁၀၀ တိတိ ကြုံပါမယ်။ အခြား ဂြိုဟ်အိပ်၊ သက်ရောက်၊ ဒသာတွေ ၊ မူလမဟာဘုတ်အနေအထားတွေအရ ..အထူအပါး အတိမ်အနက် တစ်ယောက်နဲ့ တစ်ယောက် မတူပေမယ့် ..အခြေခံကျောရိုးကံတရားကတော့ ..အားလုံး အတူတူပဲ ရင်ဆိုင်ကြရပါလိမ့်မယ်။ အဖျားခတ်တဲ့လူနဲ့ ပယ်ပယ်နယ်နယ် ထိခတ်ခံရတဲ့လူ ပဲကွာပါမယ်။
အထူးသဖြင့် ကြာသာပတေး သားသမီး ဖြစ်တဲ့အပြင် နာမည်တွေပါ .. တွဲပြီးတိုက်ဆိုင် လာခဲ့မယ်ဆိုရင် ..ထိချက်တွေ ပိုမိုပြင်းထန် လာပါမယ်။ ဒါကို အခုဆောင်းပါးကိုဖတ်မိနေတဲ့ လက်ရှိ အသက်ပိုင်း ကလည်း တိုက်ဆိုင်နေတဲ့ ကြာသာပတေး သားသမီးများ ..အဖို့ ..မှန်ကန်မှုရှိကြောင်း သိမြင်နေ ပါလိမ့်မယ်။ ကျွန်တော်တစ်ခု တောင်းဆိုချင်တာက …ဒီဆောင်းပါးဖတ်ပြီး ..မှန်ကန်ကြောင်း လက်တွေ့ ရင်ဆိုင် နေရသော ကြာသာပတေးသားသမီးအချို့ အနေနဲ့ ..ကွန်မန့်မှာ ရေးသားဖော်ပြ ပေးသွားစေ လိုပါတယ်။ ဒီလို တောင်းဆို ရတာကလည်း တစ်ခြားကြောင့်မဟုတ်ပါ။ မောင်ဖုန်း တော်တယ် ..မှန်တယ် လို့ ပီတိတွေ ၀ါးစားချင်နေတာကြောင့် မဟုတ်။
ခုနှစ်ခုစား /ရှစ်ခုစားဆိုပြီး နှိမ်ချနေတဲ့ လူတွေရဲ့ ပါးစပ်ပေါက်တွေကို ကော်စေးထည့်ပေးချင်လို့…

ခင်ဗျားတို့နည်းတူ ..ကြာသာပတေးသားသမီးများ ..ဒီအသက်ပိုင်းတွေကို ရောက်တဲ့အခါ ဂရုစိုက်မိ ၊ သတိထားပြီး ..ရှောင်ကွင်းနိုင်စေဖို့ ..
မြန်မာ့ဗေဒင်ပညာဆိုတာ အဲသလိုလွယ်လွယ်တွက်နိုင်ပြီး …မှန်အောင်ဟောလို့ရတယ်ဆိုတာကို ..ဂုဏ်ယူနိုင်စေဖို့ …
လက်တွေ့ကြုံနေရသူများ ကွန်မန့်မှာ ..မှတ်ချက်လေးတွေ ရေးခဲ့ဖို့ ..တောင်းဆိုလိုက်ရပါတယ်။ု
အဲဒီ့လိုပါပဲ ။ ကိုယ်တိုင်ကြာသာပတေးသားသမီးမဟုတ်သည့်တိုင်အောင် …ကိုယ့်မိသားစု ဆွေမျိုး မိတ်သဟာများထဲမှာ …ကြာသာပတေးသားသမီးများ ရှိနေခဲ့ရင်လည်း သူတို့ကို စောင့်ရှောက် ပေးနိုင်ပါတယ်။ အသက် အားဖြင့် ၂နှစ်၊ ၉နှစ်၊ အရွယ် ကလေးသူငယ်တွေမှာ …အမြင့်က ပြုတ်မကျအောင် ၊ ခလုတ်တိုက် ..ချော်လဲ ..မဖြစ်အောင် ..အဓိကကတော့ ..ဒီအသက်ပိုင်းလေးတွေမှာ ထိမိခိုက်မိ ဖြစ်ခဲ့ရင် …ခြေ၊ ခါး နဲ့ ကျောရိုးမ တွေမှာ ထိခိုက်မိပြီး ..မထနိုင်အောင်ဖြစ်တတ်ပါတယ်။ ၁၆နှစ်၊ ၂၃နှစ်၊ အရွယ် လူငယ်ပိုင်းတွေမှာတော့ ..မနေချင်တဲ့နေရာ မှာနေရတဲ့ပြသနာတွေ ..အလုပ်အကိုင် နဲ့ အထက်အရာရှိကြောင့် စိတ်ညစ်ရတာတွေ၊ မိသားစုထဲမှာ မနေချင်တော့တာတွေ၊ အဖ ဦးလေး စသော အကြီးအကဲများနဲ့ ပတ်သက်ပြီး စိတ်ညစ်ရတာတွေ ..ပိုမိုအဖြစ်များ ကြပါတယ်။ အသက်ကြီးပိုင်း ဖြစ်တဲ့ ၅၈နှစ် ၊ ၆၅နှစ်၊ ၇၂နှစ်၊ ၇၉နှစ်၊ ၈၆နှစ် တွေမှာတော့ ..လေမဖြတ်အောင် အထူး ဂရုစိုက်ရပါတယ်။ အအေးမိခံလို့ မဖြစ်တဲ့ အသက်ပိုင်းတွေ ဖြစ်ပြီး .. ဘာရောဂါပဲဖြစ်ဖြစ် ..ဖြစ်လိုက်တာနဲ့ ..မထူနိုင်မထနိုင် ..မတ်မတ် မရပ်နိုင်အောင် ဖြစ်လာ တတ်ပါတယ်။
ဒါကြောင့် ဒီအသက်ပိုင်းရောက်ရှိကြပြီဖြစ်တဲ့ ကြာသာပတေးသားသမီးများ အားလုံးကို ..ဒုက္ခိတဆေးရုံ တွေ၊ ဘိုးဘွားရိပ်သာတွေမှာ ကုသိုလ်အမှု မမေ့မလျော့ ပြုဖြစ်ကြဖို့ အရေး ..ဒီဆောင်းပါးလေးနဲ့ တင်ကြိုအသိပေးလိုက်ရပါတယ်။ နောက်ဆုံးအဆင့် ကျွန်တော်ပြောလိုတာကတော့ …လွယ်လွယ်လေး ချရေးပြလိုက်လို့ …တန်ဖိုးမထား မလုပ်လိုက်ကြပါနဲ့ ..တစ်ကယ်တော့ ဒီအချက်တွေဟာ ကျွန်တော့် အနေနဲ့ နှစ်ပေါင်းများစွာ အချိန်ယူပြီးမှ ..လေ့လာအားထုတ် သိမြင်ခဲ့ရတာတွေပါ။ ဟင်းစားပဲပေး ကွန်ချက်ကို မပြနဲ့ ဆိုတဲ့ ဆိုရိုးရှိသည့်တိုင်အောင် .. အများစုအကျိုးရှိနိုင်ရင် ကျေနပ်ဖို့သင့်တာကြောင့် ..ဗေဒင်ဆရာရဲ့ထမင်းအိုးထဲကနေ ..အခမဲ့မျှဝေ ပေးလိုက်တာပါ။ ယုတ်စွအဆုံး ကျွန်တော့်ကို ကျေးဇူး မတင်ပါနဲ့ ၊ ခင်ဗျားတို့ကို မွေးထုတ်ပေးခဲ့တဲ့ အမိမြန်မာပြည်ပေါ်က ပညာရပ်တွေကို နဲနဲလေး လေးစားသမှု ထားနိုင်လာပြီဆိုရင် ..သည်ဆောင်းပါးလေးတွေ ရေးရကျိုးနပ်ပါပြီ။
တန်ဖိုးမသိ တန်းဖိုးမရှိတဲ့ ဗွီဒီယို ရုပ်ရှင် လောကသားတစ်ချို့ကတော့ ဗေဒင်ဆိုရင် ..ဟားစရာ ၊သရော်စရာလို ရိုက်ပြပြီး ပရိသတ်ကို တင်ပြနေကြပေမယ့် … တစ်ကယ့်တစ်ကယ် ဗေဒင်ပညာ ဆိုတာက လူတွေကို အကျိုးပြုနိုင်ဖို့ တည်ရှိနေခြင်းသာ ဖြစ်ပါကြောင်း ဆိုရင်းဖြင့် ….။
သုတေသီ ဝေသာလီမောင်ဖုန်း

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
Post a Comment