မြန်မာနှစ်သစ် ၁၃၇၃ ခုနှစ် အကြောင်း

Saturday, April 9, 2011

Src: www.allthingsburmese.com

ရောက်လာတော့မယ့် နှစ်သစ်တစ်ခု ဖြစ်တဲ့ ကောဇာမြန်မာခုနှစ် ၁၃၇၃ခုနှစ် ဟာ  တစ်ခုကြွင်း မဟာဘုတ်ခွင် နှစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနှစ်သစ်ကို ကူးပြောင်းပြီးသွားတာနဲ့ လူတွေအားလုံးဟာလည်း  ကံဇာတာ အနေအထားတွေ ..အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ လက်ရှိရောက်ဆဲနှစ်ထဲမှာ ကံဆိုး နေကြသော အချို့သော သူတွေလည်း ကံကောင်းလာကြပါမယ်။ အဲသလိုပဲ လက်ရှိရောက်ဆဲ နှစ်ထဲမှာ လုပ်သမျှ ဟုတ်လှဖြစ်နေတဲ့ အချို့သောသူတွေလည်း  နောင်အနာဂတ်နှစ်ထဲမှာ … ကံဇာတာ ညှိးမှိန် သွားခြင်းမျိုး ကြုံတွေ့လာရတတ်ပါတယ်။


ကောဇာခုနှစ်ပြောင်းတာနဲ့ ကံတွေက ဘာလို့ပြောင်းတာလဲ လို့ အချို့လည်း တွေးကောင်းတွေးကြ ပါလိမ့်မယ်။ တစ်တိုးစနစ်ရဲ့ အာနိသင်ကို နားမလည်သေးသမျှတော့ ဒီမေးခွန်းရဲ့ အဖြေကိုလည်း သိနိုင်မှာ မဟုတ်လို့ မရှင်းပြတော့ပါဘူး။ ဒီတော့ ယုံတဲ့လူတွေ ဆက်ဖတ်ပါ။ မယုံတဲ့လူတွေ ဖတ်မနေနဲ့ ရပ်ခဲ့ပါ။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး …သေချာစဉ်းစား တွေးတောဆက်စပ်ပြီးမှ ..အမှန်ကန်နိုင်ဆုံး ဖြစ်မယ့် အချက်တွေကို အဓိကထား တင်ပြပေးသွားပါမယ်။

တစ်ခုတင်ကြိုမှာလိုတာက အခုတင်ပြပေးသွားတာတွေ အားလုံးဟာ တင်ကြိုစိုးရိမ်ဖို့ ၊ ကြိုပြီးဝမ်းသာနေဖို့ ၊ လည်စင်းပြီး ခံစားဖို့ ရေးသားတင်ပြပေးထားတာတွေ မဟုတ်ပါ။ ဥတုရာသီရဲ့ အခြေအနေကို တင်ကြို ခန့်မှန်းခြင်းအားဖြင့် .. အကျိုးကျေးဇူး ရရှိနိုင်သလိုမျိုး သဘောထားပြီး ဖတ်ကြပါ။ မကြာခင် ရောက်လာ တော့မယ့်  နှစ်သစ်ရဲ့ အာနိသင်တွေနဲ့ ကိုယ်ရင်ဆိုင်နေရတဲ့ ဘ၀ရှုထောင့်တွေမှာ ဆီလျော်အောင် အကျိုး ဖြစ်အောင် ဖန်တီးပြုပြင်နိုင်စေဖို့နဲ့ ကာကွယ်သင့် ထိမ်းသိမ်းသင့်တာတွေကို ကာကွယ်ထိမ်းသိမ်း နိုင်စေဖို့ ရည်ရွယ်အပ်ပါကြောင်း ။

တစ်ခုကြွင်းသော ယခုနှစ် ……..
၁၃၇၃ ခုနှစ်

ဒီလို ကောဇာခုနှစ်မျိုး ရောက်ပြီဆိုရင် … ကမ္ဘာပေါ်မှာ ရှိရှိသမျှသော နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ ..မင်းအစိုးရပိုင်းတွေ ဖွဲ့စည်းပုံ နဲ့ အုပ်ချုပ်မှုရေးရာတွေမှာ အပြောင်းအလဲတွေဖြစ်ပေါ်လာပါလိမ့်မယ်။ များများ ဖြစ်တဲ့ နိုင်ငံ နဲ့ နဲနဲဖြစ်တဲ့နိုင်ငံပဲကွာပါမယ်။ အစိုးရအသစ်ပြောင်းတယ် ဆိုတဲ့ဝေါဟာရဟာ နိုင်ငံ များစွာမှာ ဟိုနေရာက ပေါ်လာလိုက် ..သည်နေရာက ပေါ်လာလိုက် ဖြစ်လာပါတယ်။ ဥပဒေ ရေးရာတွေ ပြောင်းလဲလာမယ်။ စည်းကမ်းတွေ ကျင့်ဝတ်တွေ ပြောင်းလဲသတ်မှတ်မှု ပြုလာပါမယ်။ ဒါတင်ပဲလား …။ မဟုတ်။

ဆေးဝါး နဲ့ ရောဂါကုထုံးတွေမှာလည်း အများအပြား ရှေးယခင်နဲ့ မတူ ကုထုံးသစ်တွေ ..နည်းပညာသစ်တွေ ပေါ်ထွန်းလာပါမယ်။  ထူးထူးခြားခြား ဖြစ်တတ်လာတာက ….အစဉ်အဆက် ဆင်းသက်လာတဲ့ .. နှစ်ရှည်လများ အသိမှတ်ပြု ခံလာရတဲ့ .. ဓလေ့ထုံးစံများ ၊ ကျင့်ဝတ်များ ၊ အစဉ်အလာ များပါ ပြောင်းလဲချိန် တန်လာတတ်တာပါပဲ။ ဒီနေရာမှာ ဒီလိုလေးလုပ်ရမယ် ဆိုတဲ့ ကာလရှည်ကြာ သတ်မှတ်မှုမျိုးတွေဟာ ယခုကောဇာနှစ်မျိုးထဲမှာ ပြောင်းလဲစရာ အလားအလာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။


ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်


ဒီ့ထက်ထူးခြားတာက ….

လူသားတိုင်း လူသားတိုင်းမှာ အလုပ်အကိုင် အသက်မွေးမှု အနေအထားပိုင်းဆိုင်ရာ အပြောင်းအလဲ တွေ အများအပြား ကျရောက်လာတတ်တဲ့ ကောဇာခုနှစ်မျိုးဟာ ဟောဒီ့တစ်ခုကြွင်းမဟာဘုတ်ခွင် နှစ်မျိုးတွေပဲ ဖြစ်ပါတယ်။

အလွန်လှပပြီး  ကြောက်စရာ သို့မဟုတ် ၀မ်းမြောက်စရာကောင်းလှတဲ့ အချက်ကတော့ ..နဂိုက သိပ်ပြီး အလုပ်အကိုင် ကောင်းခြင်း အောင်မြင်ခြင်း ဖြစ်နေသူတွေ အများစုအဖို့ အလွန် သတိထားရမယ့်  ကာလ ပါပဲ။ ဒင်္ဂါးပြားကို ဟိုဘက်သည်ဘက်လှန်ပစ်လိုက်သလို .. ချက်ချင်းပြောင်းလဲ သွားနိုင်တဲ့ကာလမျိုးပါ။ တစ်ချိန်ထဲမှာပဲ….

အလုပ်အကိုင် အသက်မွေးမှု ဆိုးရွားပြီး တာတေလန်နေတဲ့  … လူသားများအဖို့တော့ ..လက်ရှိ ရောက်လာမယ့် ကောဇာမြန်မာ နှစ်သစ်ဟာ …ကံထူးရှင်ရွေးပေးမယ့်  နှစ်သစ်မင်္ဂလာပဲ ဖြစ်ပါတယ်။ ဒီတော့  မျှော်လင့်ပါ။ တင်ကြို အားယူထားပါ။ ကြိုးစားဖောက်ထွက်ပါ။ အခြား ကံဇာတာ အချက် အလက်များ အရလည်း  တိုက်ဆိုင် ညီညွတ်လာပြီဖြစ်တဲ့  .. (လက်ရှိ ဘ၀အောင်မြင်မှု  မရရှိသေးဘဲ ရူးမတတ် ဖြစ်နေရသူများ) အောင်မြင်မှုလမ်းစကို ..မိမိရရ ဖမ်းဆုပ်ကိုင်နိုင်ရန်  အသင့် ပြင်ထားဖို့ တပ်လှန့်ပေးလိုက်ရပါတယ်။ ဒင်္ဂါးပြားရဲ့တစ်ဖက်ခြမ်းကို ရောက်ဖို့အတွက် …သင်တို့ရဲ့ လက်ထဲမှာ …ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။ အချိန်ကတော့ တစ်နှစ်ပဲရပါမယ်။ နောက်တစ်ခါ ကြုံဖို့အတွက် ခုနှစ်နှစ် တိတိ  ပြန်စောင့်ရပါမယ်။

ဒီဟောကိန်းကတော့ ….အခြားသာမန်လူတွေအတွက် …သာမန်ဘ၀ပိုင်ရှင်တွေအတွက်မဟုတ်ပါ။ လက်ရှိ ကာလအထိ အသက်မွေးမှု အလုပ်အကိုင် အောင်မြင်မှု မရဘဲ ..အရှုံးတရားထဲမှာ မျောပါနေကြသူများ အတွက်သာ ရည်ရွယ်ပါတယ်။ အဲ…အောင်မြင်ပြီဆိုရင်လည်း …ပြောင်းပြန်လှန်ပစ်လိုက်သလိုကို ...ဥပမာ အားဖြင့်  အနှုတ်ကိုးကနေ အပေါင်းကိုး ဖြစ်သွားသလို …အောင်မြင်လာပါလိမ့်မယ်။ ဒါကြောင့်  … ဇွဲမလျော့ လိုက်ကြပါနဲ့။

လက်ရှိကာလမှာ  အောင်မြင်မှုသရဖူ  ဆောင်းနေသူများကို ပြောလိုတာလေး  တစ်ခုကတော့  .. မိမိတို့ရဲ့ အောင်မြင်မှုကို ကောဇာနှစ်သစ်ရဲ့ အာနိသင်ထဲမှာ ဆက်လက်ထိမ်းသိမ်းထားနိုင်ဖို့ အတွက် ..မိမိတို့ရဲ့ လုပ်ငန်းခွင် ၊ ရုံးခန်း အဆင်အပြင် ၊ နေရာ  ၊ စသည်တို့ကို ပြောင်းလဲမှု ပြုပေးဖို့ လုံလစိုက်ထုတ်သင့်ချိန် ရောက်လာပါပြီ။ ဖြစ်နိုင်သမျှ …အသက်မွေးမှုအနေအထား ကို အပြောင်းအလဲလေးတွေနဲ့ ပြုပြင် မွန်းမံမှုလေးတွေ ..လုပ်ပေးသင့်ချိန် ဖြစ်လာပါပြီ။  ဒီအချက်က ယတြာကောင်းတစ်ခုလိုပါပဲ။ အင်မတန်မှ အရေးကြီးလှပါတယ်။


ကညာပျိုနဲ့ဇရာအို


ဒီတစ်နှစ်က အရမ်းထူးဆန်းတဲ့ နှစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ ..အစွန်းနှစ်ဖက်မှာ ရပ်နေတဲ့သူနှစ်ဦး တေ့တေ့ဆိုင်ဆိုင် တွေ့မိကြပြီး …ထူးခြားတဲ့ ပေါင်းစည်းမှုမျိုး ဖြစ်လာတတ်တာ ဒီလိုနှစ်မျိုးပါပဲ။ ဒီနှစ်ထဲမှာ ကညာပျိုလေးနဲ့ ဇရာအိုလည်း လက်ထပ်ကြပါမယ်။ လူမျိုးမတူသူတွေ ၊ ဘာသာမတူသူတွေ ၊ ဂုဏ်ဓန အဆင့်အတန်း ကွာလှမ်းကြသူတွေ၊ စသည်ဖြင့် … ကောင်းကင်နဲ့ မြေပြင်ပေါင်းဖက်ကြမယ့် ကာလမျိုးလို့လည်း ဆိုနိုင်ပါတယ်။ မတူလေလေ ကံတရားက လက်တွဲပေးဖို့ ဖန်တီးလာလေလေ ဖြစ်တတ်တဲ့ အချိန်သမယမျိုးကို ရောက်လာပါတယ်။ ဒီလိုနှစ်မျိုး ထဲမှာ …

မင်းကုသ  နဲ့  ပပ၀တီ  လည်း ပေါင်းစည်းနိုင်ပါတယ်။ ကညာပျို နဲ့ ဇရာအို လည်း ရွှေမေတ္တာ ဂဟေဆက် နိုင်တယ်။ မာမူကြီး နဲ့ မကျင်စွမ် တောင် ..   တူနှစ်ကိုယ်ဘ၀  တည်ဆောက်ခွင့် ကြုံလာပါမယ်။ အရှေ့ဘက် ကမ္ဘာတစ်ခြမ်းက ကောင်လေးနဲ့ အနောက်ဘက်ကမ္ဘာတစ်ခြမ်းက ကောင်မလေးလည်း ထူးထူးဆန်းဆန်း ဆုံတွေ့မိတာမျိုး ဖြစ်လာနိုင်တာ ဒီကာလမျိုးတွေပါပဲ။ အချစ်မှာ ကန့်သတ်ချက် မရှိဘူး ဆိုတာ ဒီနှစ်မျိုးပဲ ဆိုပါစို့ ။

ပညာရှင်များ နှစ်

ဒီနှစ်မျိုးမှာ အလွန်ထူးချွန်တဲ့ ပညာရှင်တွေ နယ်ပယ်အသီးသီးမှာ ပေါ်ထွန်းလာတတ်ပါတယ်။ အမှန်တစ်ကယ် အရည်အသွေးရှိပြီး ထူးခြားထက်မြက်သူ ပညာရှင်တွေ အမြောက်အများ ပေါ်ထွန်းလာ နိုင်သော ကာလတစ်ခုပါ။ အဲဒီ့လိုပဲ  ဒီလိုနှစ်မျိုးထဲမှာ …ပညာရှင်တွေနဲ့ ပညာရပ်တွေဟာ အထူးအရေးပါ လာပါတယ်။ တစ်ကယ့်တစ်ကယ် အရေးပါတဲ့အစိတ်အပိုင်းတွေနဲ့ ကဏ္ဍတွေကို ပညာရှင်တွေရဲ့ အစွမ်းနဲ့သာ ပြီးမြောက်စေနိုင်မယ့် ကာလတွေပါပဲ။

စစ်မှန်တဲ့ပညာရပ် တွေကို လေ့လာလိုက်စားလိုသူများအတွက်ကတော့ ဟောဒီ့နှစ်မျိုးဟာ ခုနှစ်နှစ်တစ်ခါ ကြုံရတတ်တဲ့ ကောင်းမြတ်သော နှစ်မျိုးတစ်ခုပါပဲ။ ထို့အတူ …ဒီနှစ်ထဲမှာ ပညာရပ်ဆိုင်ရာ စစ်ပွဲတွေ ၊ နည်းပညာ ပြိုင်ပွဲတွေ ၊ ပညာပြိုင်ဆိုင်မှုတွေ အမြောက်အများ ဖြစ်ပွားလာပါမယ်။ ယုန်နားရွက် ခေါင်းပေါင်းလေးတွေနဲ့ …စီးချင်းထိုးကြမယ့် နှစ်မျိုး ဆိုပါတော့ ။

အပြောင်းအလဲများ  နှင့်  ကမ္ဘာ့စီးပွားရေးအခြေအနေ

တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသွားနှစ်မျိုး လို့ ဆိုနိုင်ပါတယ်။ ပြောင်းရွှေ့မှုတွေလည်း အလွန်များပြားကြမယ့် နှစ်တစ်နှစ်ပါ။ အဲဒီ့လိုပဲ ကမ္ဘာ့ထိပ်သီး အုပ်စုကြီးတွေ (ဘယ်လိုအုပ်စုကြီးမျိုးတွေ မဆို) ထဲမှာ ပြသနာတွေ ပေါ်ပေါက်လာပြီး ခွဲထွက်တာတွေ၊ အုပ်စုပြိုကွဲသွားတာတွေကို လူသားတွေ မျက်မြင် ကိုယ်တွေ့ ကြုံလာကြရပါလိမ့်မယ်။ အုပ်စုအားလုံးမဟုတ်ပေမယ့် .. အင်အားကြီးအုပ်စုတစ်ချို့ပါ ပြိုကွဲ သွားမှာ ဖြစ်တဲ့အတွက် သည်အချက်ဟာ ..ကမ္ဘာပေါ်မှာ အတိုင်းအတာ တစ်ရပ်အထိ အင်အား သက်ရောက်မှု ရှိစေပါလိမ့်မယ်။ အဲဒီ့လိုပဲ လူသားတွေရဲ့ အသက်မွေးမှု အပြောင်းအလဲများ ဖြစ်ပွား စေသော ဒီနှစ်မျိုးဟာ ..ကမ္ဘာ့စီးပွားရေး အခြေအနေတွေကိုလည်း အပြောင်းအလဲကြီးတွေ ဖြစ်ပွားလာ စေတတ်ပါတယ်။ အမှန်ပြောရရင်တော့ လူသားတွေအဖို့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့ကြရတဲ့ ကာလမျိုးပါပဲ။ ကဲ..ဟုတ်မဟုတ် ပဲ စောင့်ကြည့်ကြရအောင် ။

နေ့နံ ရှစ်မျိုး ..နှင့် ကောဇာမြန်မာနှစ်သစ် ၁၃၇၃ခုနှစ်

ဒီလိုတစ်ခုကြွင်း နှစ်မျိုးမှာ အားရစရာအကောင်းဆုံးလို့ ဆိုနိုင်တာကတော့ …သောကြာသားသမီးတွေ ပါပဲ။ ကံတရားရဲ့ မျက်နှာသာပေးမှု အများဆုံးရနိုင်တဲ့ နေ့နံမျိုးလို့ ဒီနှစ်အဖို့ ဆိုနိုင်ပါတယ်။ စနေ ၊ ကြာသာပတေး ၊ တနင်္ဂနွေ သားသမီးများ အဖို့  သင့်တင့်သော ခုနှစ်မျိုးလို့ ဆိုနိုင်သော်လည်း ..ဒီနေရာမှာ တနင်္ဂနွေသားသမီးတွေကိုတော့ ..ကြိုးဝိုင်းထဲမှာ ရောက်ရှိနေချိန်လို့လည်း တင်စားနိုင်တာမို့ …ဘ၀ စိန်ခေါ်မှုများပြားမယ့် ကာလလည်း ဖြစ်နေပါတယ်။ ဗေပေါင် ထီ …ဗေပေါင်ထီ …အသံမြည်နေပြီ ဗျာတို့… ၊ မကြာခင် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲလို့ ထိုးသတ်ရပါတော့မယ်။ ဘယ်သူနဲ့တဲ့လည်း ….။ အသက်မွေးမှု ..အနေအထား ၊ အထက်အရာရှိ ၊ အုပ်ထိမ်းသူအကြီးအကဲ ၊ ကိုးကွယ်ယုံကြည်မှုပိုင်း ဆိုင်ရာ နဲ့ ..ကျန်းမာရေး အနေအထားတွေ နဲ့ ဆိုပါတော့ ။ ကဲ …အထိုးအသတ် မကျင်လယ် ရင်တော့ ….မျက်ကွင်းရာ အညိုသားနဲ့ ..ကြိုးဝိုင်းထဲမှာ ပတ်ပြေးနေရတတ်တာမို့ …မတိမ်းမစောင်း ဘိမ်းမောင်း….ရွာစားးးးးးးးးးးးးးး  … ပွဲမ၀င်ခင် လေ့ကျင့်ထားစို့ဗျားးးးးးးးး  ။

အင်္ဂါသားသမီးတွေ အတွက်ကတော့ သည်တစ်နှစ်ဟာ ..နိုင်ငံရပ်ခြားနယ်ပယ်ဆိုင်ရာ အကျိုးစီးပွား ရရှိနိုင်သော ကာလဖြစ်သလို …ကိုယ်စားလှယ်လုပ်ငန်းမျိုးတွေနဲ့ အကျိုးဖြစ်ထွန်းနိုင်တဲ့ကာလပါ။ သိပ်မဆိုးဘူးလို့ ဆိုနိုင်တဲ့ နေ့နံပဲ ဆိုကြပါစို့။  အဲ…..ဆိုးနိုင်တာကတော့  တနင်္လာသားသမီးတွေနဲ့ ..ဗုဒ္ဓဟူး ရာဟုသားသမီးတွေပါ။ ရာဟုသားသမီးတွေ အရှက်ကွဲတတ်သော အရှက်ရတတ်သော ၊ ဂုဏ်သိက္ခာ ကျဆင်းလွယ်သော ခုနှစ်မျိုး ဖြစ်ပါတယ်။ ဗုဒ္ဓဟူးသားသမီးတွေ အတွက် အတူနေ အဖွဲ့အသင်းများထဲမှာ ပြသနာများရတတ်ပြီး ..ဗုဒ္ဓဟူးကော ရာဟုပါ ဒီတစ်နှစ်ထဲမှာ ..အခက်အခဲ အကျပ်အတည်းများထဲမှာ ရုန်းကန်ပင်ပန်းကြရတတ်ပါတယ်။

ဒီတစ်နှစ်မှာ အထူးသတိပြုမိတာကတော့ တနင်္လာသားသမီးတွေပါပဲ။ ထောင်ကျစရာရှိရင် သူတို့ အများဆုံး ကျပါမယ်။ ထောင်ကျစရာအကြောင်းမရှိတဲ့ တနင်္လာသားသမီးတွေမှာလည်း …သူတစ်ပါး ၀န်ထုပ်ဝန်ပိုးတွေ မဆီမဆိုင် လေးပင်အောင် ထမ်းလိုက်ရတတ်တဲ့ကာလ ဖြစ်နေပါတယ်။ အခါအားလျော်စွာ မိမိတို့ လွတ်လပ်မှုကို ..ထိပါးခံရတတ်သော ကာလမျိုးရောက်နေပြီး ၊ အနိုင်ကျင့် ခံရသလိုမျိုး …ပြန်မတုံ့ပြန်နိုင်လောက်အောင် ..တစ်ဖက်သတ် နှိပ်စက်ကလူပြုတာမျိုး ကြုံတွေ့ လာရတတ်ချိန်ပါ။ ဖြစ်လိုက်ရင်လည်း ကိုယ်နဲ့ တိုက်ရိုက်မဆိုင်ပဲ သူတစ်ပါးအတွက် ဓါးခုတ်ရာ လက်ဝင် လျှိုလိုက်ရသလို ….ခံရတတ်ချိန်ပါ။ သွားလာနေထိုင် ပြောဆို ပြုမူ အားလုံး သတိဆောင် ထားရမယ့် ကာလတစ်ခု ဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

နေ့နံတစ်ခုချင်းဆီအတွက်လည်း  ….ယခင်နှစ်ကနည်းတူ  …သီးသန့်တင်ပြပေးပါဦးမယ်။

Post a Comment
 

Posts Comments

©2006-2010 ·TNB