ခေါင်း သို့မဟုတ် ပန်း

Friday, April 22, 2011


စာရိုက်ပြီး လို့ ခဏနားနေတုန်း သမီးကြီးဖြစ်သူ နှင့် သူ့အမေတို့ စကားသံက နားထဲကိုရောက်လာသည်။ လာမည့်နှစ် ဆယ်တန်းတက်ရမည့် သမီးဖြစ်သူကို … သူ့အမေက ဘယ်ဆရာကောင်းသည် ဘယ်ကျုရှင် ၊ ဘယ်ဝိုင်း ကောင်းသည် ..ပြောဆို ဆွေးနွေးနေသံ ကြားရသဖြင့် ကျွန်တော် နားစွင့်ကြည့်မိသည်။


………ဆရာ က ခုလက်ရှိမြန်မာနိုင်ငံမှာ သချာင်္ပထမဆုရထားတယ်ပြောတယ်။ ဘယ်ဘော်ဒါကတော့ ဘယ်လို ဘယ်ညာ ..စသည်ဖြင့် တိုင်ပင်ဆွေးနွေးနေကြသည်။ သမီးကြီးဖြစ်သူက ဘော်ဒါတော့ မနေလိုကြောင်း သူ့အမေကို ပြန်ပြောနေပုံရသည်။ ကျွန်တော်ကတော့ မနေလိုသော သမီးကြီး ဖြစ်သူကိုပင် ကျေးဇူးတင်မိသည်။ နို့မို့ဆို..ရှာစမ်းဟဲ့ သိန်းနှစ်ဆယ် သုံးဆယ် ။ တစ်ကယ်မလွယ် ..။ ဆယ်ယောက် ဗေဒင်ဟောပေးတော့ ကိုးယောက်က မေတ္တာလက်ဆောင် ဖြစ်နေရသည့်  အခြေအနေတွင် ..အိမ်စားရိတ်ပင် ကွက်တိကျရုံမျှမို့ …အခြားဗာရီရ ၀င်လာသည်နှင့် အကြွေးတင်သည်။ နွေကျောင်းပိတ်လို့ ကျောင်းစာရိတ်အထောင်းသက်သာပြီဟု တစ်ပတ်မျှ ကိုယ်လက်အညောင်း ဆန့်နိုင်ရုံ ရှိသေး …။  ဆယ်တန်း အတွက်ဟူသည့် …မီးနီသံ က ခေါင်းထဲသို့ ခေါင်းလောင်းထိုးလာသည်။  ဗုဒ္ဓေါ …။

ကလေးတို့အမေဖြစ်သူသည် ..ပညာရေးနှင့် ပတ်သက်လျှင်  အလွန်ဇောကြီးသူဖြစ်သည်။ ကျွန်တော့် အပေါ် စိတ်တိုင်းမကျခဲ့လေသမျှ သားသမီးတွေအပေါ် စိတ်အားထက်သန်မှု ပိုထားသွားခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျွန်တော်သည် ရိုးသားခဲ့သည်။ ထိုရိုးသားမှုသည် ယခုအခါ အတ္တမကင်းသလို ကျွန်တော့်ကိုယ် ကျွန်တော် ခံစားရသည်။ ယောက်ခမများက ၀န်ထမ်းဘ၀တွင် အကြီးအကဲများအဖြစ် ဖြစ်နေချိန်တွင် ..ကျွန်တော့်ကိုလည်း စားလို့မြိန်မည့်နေရာမျိုးတွင် ..အလုပ်ထည့်သွင်းပေးခဲ့သည်။ ထိုစဉ်တုန်းက  ကျွန်တော် နယ်စပ်မြို့ကလေးတစ်မြို့မှာ ။ အလုပ်က (….) ဌာနတစ်ခုမှာ  အ၀ယ်ဒိုင်မှုးတစ်ယောက်၏ လက်ထောက် ဘ၀ ဖြစ်သလို ..ဂိုဒေါင်မန်နေဂျာ အဖြစ်တာဝန်ယူရသည့် အလုပ်။ စားလို့လည်းမြိန် ..သောက်လို့လည်းကောင်း  အပ်ချလောင်းဆိုသော  နေရာ။ ဒါကို  ကျွန်တော်က ရိုးသားခဲ့သည်။ ကျွန်တော်ကဲ့သို့သော အခြားသူများက ..တောကြိုအုံကြားတွင် ဟန်နီကယ်လ် နှင့်  တိုက်ဂါးနှင့် ရေခဲဘောက်စ်နှင့်  ရှင်ဘုရင်ပေါက်စလေးများလား အောက်မေ့ရသည်။ အဆင်ကိုပြေလို့ …။ ကျွန်တော့်မှာတော့  ..ဂိုဒေါင်တစ်လုံး နှင့် ဖုန်မှုန်များ လူးကျံနေသော ကိုယ်ထူကိုယ်ထ ရုံးခန်းလေး တစ်ခန်း ၊  အလုပ်ဝင်ကာစက … ပေးထားသော ဆိုင်ကယ်စုတ်လေးတစ်စီး နှင့် ဗေဒင်စာအုပ်များ ထည့်ထားသော လွယ်အိတ်စုတ်လေးတစ်လုံး  ။ ဗိုက်ဆာတော့ ..လမ်းဘေးက ဆိုင်လေးမှာ ရှမ်းခေါက်ဆွဲ (မုန့်ဟင်းခါးကဲ့သို့ ဟင်းရည်ဖြင့် သောက်ရသော ခေါက်ဆွဲဟင်းတစ်မျိုး) ကို သွားသောက် ရသည်။ သူကြီးကို ထမင်းချက်ခိုင်းထားတော့ ..ကျွတ်ကျွတ်အိပ်ထဲမှာ ဆန်ထည့်ပြီး ရေနွေးအိုးထဲကို တုတ်ထိုးပြီး စိမ်ထားသည်။ မောမောနှင့် ပြန်လာလို့ စားမယ်ဆိုပြီး ထမင်းသွားယူခိုင်းလိုက်တော့ ..ကျွတ်ကျွတ်အိတ်ဖြင့် တစ်သားထဲကပ်ပြီး ၊ မုန့်ဖက်ထုပ်အကြည်စား လိုဖြစ်နေသော ထမင်းထုပ် ကလေးကို တွေ့ရသည်။ ဆာတော့လည်းမတတ်နိုင် .. စားရသည်။ ပေါက်ပေါက်ဆုပ်အမာစား ကို စားနေရသလိုမျိုး အရသာကို တစ်ခါတစ်ခါ ပြန်သတိရမိသည်။

ညရောက်တော့ ..သေမလို အေးခဲလာသဖြင့် သူကြီးဆီစောင်သွားတောင်းရသည်။ သူပေးသည့်  စောင်က ခေါင်းကိုခြုံလိုက်လျှင် ဒူးဆစ်လောက်ကနေအောက်ပိုင်းထိ ..က ဟာသွားသည်။ ခြေဖျားလေး လုံအောင်ခြုံလိုက်တော့ ..အပေါ်စောင်စက ချက်ပေါ်မှာ။ ခရစ်စမတ်ညကြီးကတော့  မနေကို မနေနိုင် တော့သဖြင့် ရွာထိပ်က လှဲထားသော မီးတစ်ပိုင်းစွဲခဲ့သဖြင့် တစ်ခြမ်းမဲပြီး ကျွမ်းနေသည့် သစ်ငုတ်ကြီးကို မီးသွားဖိုပြီး ထိုသစ်ငုတ်ကြီးဘေးမှာ နေခဲ့ရသည်။

ထိုညက တရုပ်ပြည်သို့သွားမည့် မြန်မာလူငယ်နှစ်ဦး မီးဖိုလေးကို ခွင့်တောင်းပြီးလာ မီးလှုံသွားသည်။ ကျွန်တော်ကိုလည်း  မဲခေါင်တစ်ပြား မျှတိုက်သွားသည်။ သွေးခဲမတတ်ဖြစ်နေချိန်တွင် တိုက်သွားသော  မဲခေါင်ပြားလေးတစ်ပြား ကို ကျွန်တော်ယခုထက်တိုင် ကျေးဇူးတင်မိပါသည်။ ဒီမိတ်ဆွေနှစ်ယောက်ကို  ဒီဆောင်းပါးလေး ဖတ်မိစေချင်သည်။ ဖြစ်နိုင်မည်တော့မထင်တော့ပါ။ ကြာခဲ့ပေပြီ။ သူတို့နှစ်ယောက် အကြောင်းကို သတိရမိတိုင်း မြန်မာလူငယ်များ ရေကြည်ရာ မြက်နုရာသို့… စွန့်စားသွားလာနေရခြင်းကို ပိုမိုမြင်ယောင်တွေးမိလာသည်။

ရေးရင်းရေးရင်း ဝေးသွားခဲ့ပြန်သည်။ ပြန်ကောက်ရသော် ..ထိုစဉ်က ကျွန်တော်ဖြတ်သန်းခဲ့ရသော ဘ၀ခရီးသည် ခက်ခဲကြမ်းတမ်းမှုများခဲ့သည်။ တောထဲတွင် ..စီးလာသည့်ဆိုင်ကယ်ဖြင့် စမ်းချောင်းကို အဖြတ်တွင် ပလပ်ကို ရေစိုပြီး ဖုံးထိုင်း ဖွတ်ချက် ဖြင့် ရပ်သွားသောအခါ ၊ အသက်ကိုအောင့်ပြီး ဆိုင်ကယ်ကို  စက်နှိုးခဲ့ရသည်။ နေမ၀င် မိုးမချုပ်မီ ရွာကိုပြန်ရောက်ဖို့ ဘုရားတနေရသည့်ဘ၀။ မတလို့လည်း မဖြစ် ..သီချင်းလေးထဲကလို ..ဆောင်းရယ် ..နှင်း ရယ်..ကိုယ့်ချစ်သူရယ် ဟယ်ဟယ်ဟယ်…..မျိုးမဟုတ် ။ တောမြိုင်လယ် …ကျားရယ် …သူပုန်ရယ်..ကိုယ်ရယ်ပါပဲကွယ် …. ဆိုသည့် အနေအထား။ မှောင်ခိုကယ်ရီသမားတွေ  အသုံးပြုသည့်  လမ်းဟုဆိုနိုင်ရုံ တောလမ်းလေး များတွင် လုပ်ငန်းတာဝန်ဖြင့် ဆိုင်ကယ်ဖြင့် သွားခဲ့ရသော ကာလများသည် ..စိုးရိမ်စိတ်ကို လည်ပင်းမှာ ပိဿာလေးတွေ ချိတ်သလို အစဉ် ချိတ်ပြီး သွားလာနေခဲ့ရသည့်ကာလများ။

အနှစ်ချုပ်လိုက်တော့ ..တစ်နှစ်မပြည့်မီ ပြသနာတက်ပြီး ထိုအလုပ်မှ ကျွန်တော်နှုတ်ထွက်ခဲ့သည်။ အလုပ်သမားခေါင်းနှင့် အခြားလေးငါးယောက်က ကျွန်တော့်ကို ၀ိုင်းပြီး ဒုက္ခပေးခဲ့ကြသည်။ ကျွန်တော့်စိတ်ထဲတွင် ပုံရိပ်များ အချို့ မှတ်မှတ်ထင်ထင် ကျန်နေဆဲ ယခုထိတိုင် ။

လမသာ သဖြင့် မဲမဲတုတ်နေသော အမှောင်ထဲတွင် ..ရိုက်သံ နှက်သံများ ၊ ခြေတစ်ဖက်တွင် ပူကနဲဖြစ်သွားသည် ကိုလည်းကောင်း ၊ ရုန်းရင်းဆန်ခတ် အခြေအနေထဲတွင် ..သတိနှင့်လူ ပြန်ကပ်မိသောအခါ  ကျွန်တော့် လက်ထဲတွင် ရုံးခန်းထဲမှ သစ်သားချောင်းတစ်ချောင်းရောက်နေသည်။ အဖျားတွင် သံပါသော ထိုသစ်သားချောင်းကြောင့် ကျွန်တော့်ဘေးနားက ၀ိုင်းထားသူတွေက ကျွန်တော့် ထံသို့ အရမ်းမ၀င်ရဲ ။ ဒီအခိုက်တွင် အလုပ်သမားခေါင်းဖြစ်သူက ၀ါးနှစ်ရိုက်ခန့်ရှိ  သူနေသည့်တဲဆီသို့ ပြန်ပြေးသွားသည်ကို တွေ့ရသည်။ အလုပ်သမားခေါင်း၏ မိန်းမ အော်သံကို  ကြားရသည်။ ဓါးကို သွားယူနေခြင်းဖြစ်သည်။ ဘ၀ ၏ အမှတ်တရ ပုံရိပ်ဆိုးများသာ။ ပြည်သူ့စစ်များ ရောက်လာချိန်တွင် ကျွန်တော့်ခြေတစ်ဖက် ထောက်မရတော့။ ၀ိုင်းရိုက်သည့် လူငါးယောက်က အရင်ဦးအောင် တိုင်ကြသည်။

ကျွန်တော့်လက်ချက်ဖြင့် … အလုပ်သမားခေါင်း၏ ယောက်ဖတော်စပ်သူမှာ နဖူးကွဲသွားသည်။ ကျန်လူများကလည်း အညိုအမည်းကိုယ်စီ။   ကျွန်တော်လက်ချက်ထက် ..သူတို့ချင်း မှောင်ထဲမှာ မှားပြီး လက်ဆ လွန်ကုန်ကြသည်။ ထိုညကို ပြန်တွေးမိတိုင်း ငါကံကောင်းသည်ဟု ကျွန်တော် အမြဲ ပြန်တွေးမိသည်သာ။ သေသွားတောင် အလောင်း ပြန်မရနိုင်သည့် နယ်စပ်ဒေသ ။ တစ်ခါတုန်းက တစ်ရံဆီတွင်။

ဒုက္ခပေးသည့် အကြောင်းအရင်း ကို နောင်သောအခါတွင် ပြန်သိရသည်။ အလုပ်သမားခေါင်းက ကျွန်တော့်အရင် တာဝန်ကျသည့် ဂိုဒေါင်မန်နေဂျာနှင့် ပုလဲနံသင့်သည်။ အချိတ်အဆက် အခိုးအထုတ် လေးများဖြင့် …သူတို့နှစ်ယောက်စလုံး ကိုဂျော်နီနှင့်လမ်းလျှောက်ပြီး ၊ ဟော်တယ်မှာ ပျော်ဖွယ်ရာတို့ စီဝေခဲ့ကြသည်။ ကျွန်တော်နှင့် ကျတော့ …ကျွန်တော်ကိုညှိလို့မရ ၊ ဆွဲဆောင်လို့မလွယ် ၊ ကျွန်တော်က ကျွန်တော့်အတွေးနှင့် ကျွန်တော့်ကမ္ဘာ နေထိုင်ခဲ့သည်။ လူရိုးတော့လူရိုး .. ခွေးမျိုး ဟု ကျိန်ဆဲပြီး ..ဒုက္ခပေးခဲ့ပုံရသည်။ ထားတော့ ..သူလည်း သူ့အကြောင်းနှင့်သူ့ဘ၀ ရှိပေမည်။ ကျွန်တော့် အတွက်ကတော့………………..။

တစ်ခါတစ်ရံတွင် ဘ၀သည် အလွန်မောပန်းနွမ်းနယ်လာသည်။ မိသားစုတာဝန်ကို မကျေပွန်ဟု ကိုယ့်ကိုကိုယ်  ထင်မိသည့်အခါတိုင်းတွင် ….ကျွန်တော့်စိတ်တို့သည် အစွဲမှားတို့ဖြင့် ခြောက်ခြား လာပြန်သည်။ ကျွန်တော်ဆုပ်ကိုင်ထားခဲ့သော အမှန်တရားတို့သည် ခေတ်စနစ် ရေစီးကြောင်းထဲတွင် သက်သေပြစရာ ရှာမရသော တရားခံတစ်ဦးကို ဖမ်းနေရသည့်နှယ်။ ငါမမှားဘူး  ဟု ..အကြိမ်တိုင်းတွင် အားပြန်တင်းခဲ့ရသော်လည်း ..တစ်ကြိမ်တစ်ကြိမ်တွင်တော့ ..သက်ပြင်းမောများဖြင့် ဇဝေဇ၀ါ ဖြစ်လာပြန်သည်။

ဆရာမင်းလူရေးသည့် ၀တ္ထုတစ်ပုဒ်ထဲမှ ဇာတ်ကောင်တစ်ကောင်အကြောင်း ဖတ်ရသောအခါ ကျွန်တော့်တွင်လည်း ခံစားထိရှခဲ့ရသည်။ ထိုဝတ္ထုဇာတ်ကောင်ပြောသလို ပြောရလျှင်ဖြင့်

ကျွန်တော့်သားသမီးများ နှင့် ဇနီး တို့ကို ဤသို့ပြောမိမည်ထင်သည်။

…အဖေရိုးသားခဲ့မိပါတယ်။ ဒီ့ထက်ပိုပြောရရင် အဖေ အတ္တကြီးခဲ့မိပါတယ်။ အဖေ့တစ်ကိုယ်စာ အတ္တ၊ ငရဲမကျဖို့ ဆုံးဖြတ်ချက်နဲ့ အဖေတော့ဖြင့် … ရိုးသားခဲ့မိပါတယ်  ..ခွင့်လွှတ်ကြပါလေ ..ဟုသာ  ။


ကိုစိုး … ။
4  ၊ 3 ၊ 2011

Post a Comment
 

Posts Comments

©2006-2010 ·TNB