(၁)
မပေါင်းဘူး ၊ ရှင်နဲ့ ကျွန်မ ဒီတစ်ခါ အပြတ်ပဲ ..
ဒီတစ်ခါတွေ များနေပြီ မိသူ ၊ ဒီတော့ ခုတစ်ခါ နင်နဲ့ငါ အပြတ်ရှင်းကြတာပေါ့ …
မိသူသည် ပြောလည်းပြော ၊ ငိုလည်းငို ၊ လက်ကလည်း တွေ့ကရာရှစ်သောင်း တိုလီမိုလီ ထွေကာလီကာ သူမ၏ ပစ္စည်းမှန်သမျှကို လက်ဆွဲအိတ်ထဲ သို့ ထိုးသွတ် ထည့်နေတော့သည်။ ကိုစိုးနိုင် သည် ဒေါသ ထွက်ထွက်ဖြင့် နံရံကို ခြေဖြင့်ဆောင့်ကန်ရန်ရွယ်လိုက်၏။ သို့သော် ပြီးခဲ့သည့် လေးငါးရက်ခန့်ကမှ တစ်ကြိမ် ဒေါသဖြင့် ကန်ခဲ့မိပြီး ဖြစ်သဖြင့် .. ခြေမတွင် ခြေသဲခွံလန်သွားခဲ့သည်။ ဆေးပလာစတာ ကပ်ထားရသော ခြေမကို ကြည့်ပြီး ကိုစိုးနိုင် တွန့်သွားသည်။ ဒါနဲ့ ..အနီးနားမှာ တွေ့သော ခေါင်းအုံးကို လက်သီးဖြင့် ဆောင့်ထိုးချလိုက်ရသည်။
မိသူက ရွှီးကနဲ နှပ်ညစ်ပြီး ဘိုးဘတ်ကနဲ ပစ်ထည့်လိုက်သည်။ သူ့အနီးမှဖြတ်သွားသဖြင့် ကိုစိုးနိုင် တွန့်ကနဲ ထပ်ဖြစ်သွားသည်။ တယ်….ဒီမိန်းမ … ။
(၂)
တစ်ကယ်တော့ ကိုစိုးနိုင် နှင့် မိသူသည် မိဘပေးစားသဖြင့် ယူလာခဲ့ရသူများ မဟုတ်။ ကိုယ့်သဘောဖြင့် ကိုယ် .. နှစ်ဦးသဘောတူသဖြင့် နှစ်ဖက်အသိုင်းအ၀ိုင်း သဘောမတူကြသည်ကို လွန်ဆန်ပြီး ..လက်ထပ် ခဲ့ကြသူများ ဖြစ်ကြသည်။ ဒါဆို ..ဘာဖြစ်လို့ .. ရန်ဖြစ်နေကြရသလဲ မေးစရာရှိသည်။ အသိုက်အ၀န်းမတူ ၊ အမိအဖမတူ ၊ အနေအထားမတူ ၊ ဘ၀ဖြတ်သန်းခဲ့ပုံခြင်း မတူညီကြသော လူသားနှစ်ဦး ..တစ်ခရီးထဲ အတူ မငြီးဘဲအတူ ..လျှောက်နိုင်ဖို့အတွက် ဆိုတာက ..တစ်ကယ်တော့ မလွယ်။ အလွန်အင်မတန် ညှိရသည်။ ခံယူချက်ခြင်းမတူ ကြသော နေရာများတွင် အတိုက်အခံ ဖြစ်ကြရသည်။ နှစ်ဦးစလုံးက ထက်မြက်ကြသလို .. ခေါင်းမာကြသူများ ဖြစ်သဖြင့် ..ပိုဆိုးသည်။ ခုပဲကြည့် ။ ရုံးက ကောင်မလေး ကို လမ်းကြုံ ကားပေါ်တင်ခေါ်လာမိသဖြင့် အပြစ်ကြီးတစ်ခု အဖြစ်သတ်မှတ်ခံရကာ သူ့ကို မိသူ ရန်လုပ်သည်။ သူက အကျိုးသင့် အကြောင်းသင့် ရှင်းပြသည်။ လူမှုရေး အရ ဖြစ်ကြောင်း ပြောပြသည်။ ဒါကို မိသူကနားမလည် ။
ရှင့်ဘာသာ ဘာအကြောင်းပြချက်ပဲ ပေးပေး ၊ ရှင့်ဘက်က ဘယ်လောက်ရိုးသားပြနေနေ ၊ ကျွန်မတို့ မိန်းမသား ဆိုတာ က အူတိုတတ်တဲ့အမျိုး ၊ ကိုယ့်ယောကျာ်းမောင်းလာတဲ့ကားပေါ်မှာ တစ်စိမ်း မိန်းမ တစ်ယောက် အခန့်သား ထိုင်ပါလာတာကို ပြုံးပြုံးလေး မုဒိတာ ပွားနိုင်တဲ့ မိန်းမစားထဲမှာ ကျွန်မ မပါဘူး။ ဒါကို နှစ်ကြိမ်တိတိ သတိပေးထားလျှက်နဲ့ ရှင်က ထပ်လုပ်တယ်။ နောက်ပြီး အဲဒီ့မိန်းမအတွက်နဲ့ ..ကျွန်မကို အော်လား ငေါက်လားလုပ်တယ်။ ရှင့်လိုယောကျာ်းမျိုးနဲ့ ကျွန်မ မပေါင်းနိုင်တော့ဘူး ။ ကွာမယ် ။ ဒါဘဲ …..တဲ့ ။
သူမပြောတာလည်း သဘာဝကျသင့်သလောက်ကျမှန်း ကိုစိုးနိုင်သိပါသည်။ ဒါပေသိ ကိုစိုးနိုင်က ထစ်ကနဲရှိ ကွဲမယ် ကွာမယ် လုပ်တတ်သော မိသူအကျင့်ကို မကြိုက်။ ပြသနာတစ်ခုခုဖြစ်လာလျှင် အဆင်ပြေအောင် အရင်ဆုံး ညှိနှိုင်းဆွေးနွေးကြည့်ဖို့ မကြိုးစား ။ ဂျိုလိမ်ငရုတ်သီး ငါးတောင့်လောက် ကို အစိမ်းလိုက် ကိုက်စားထားရသော မျက်နှာမျိုးနှင့် ရှုးရှုးရှဲရှဲ ထထ လုပ်သည် ။ စိတ်ရှိသလောက် ရိုက်လိုက် ရလို့ကတော့ ဒီမိန်းမ ..လမ်းထိပ် လက်ဖေ့ရည်ဆိုင်က ပလာတာလို ဖြစ်သွားရောမယ် ။
အားကျွတ်ကျွတ် ..။ ပြောသာပြောရသည်။ ရန်ဖြစ်သည်နှင့် သူက ရွယ်ရုံရှိသေးသည်။ ကရာတေး ကစားဖူးသော မိသူ ၏ လက်သီးက အရင်ဝင်လာတတ်သည်။ ခုပဲကြည့် ..ပါးချိတ်တစ်ဖက် က ယောင်နေပြီ ။ ဒါတောင် မိန်းမ အားနဲ့မို့ ။ အရှောင်မြန်တာကြောင့်လည်း ရှပ်ပြီးထိလိုက်တာကြောင့်သာ သက်သာသည်။ တည့်တည့်မိလိုက်ရင် မစားသာ။ တွေးရင်းတွေးရင်း ကိုစိုးနိုင်ဒေါသပိုဖြစ် လာပြန်သည်။ မိသူကို လှမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း သူ့ကြီးဒေါ်ကြီးအိမ်ကို ဆင်းသွားဖို့အတွက် အထုပ်အပိုးတွေ ရယ်ဒီ ဖြစ်နေပေပြီ။ အင်း….သူကလည်း ထုံးစံအတိုင်း လိုက်ခေါ်ရ ပြုရ ၊ မိသူမရှိသည့် အချိန်တွင် နေရခက် စားရခက် အိပ်ရခက်သည့် ဒုက္ခတွေကို သည်ပိုးထမ်းရွက် ရဦးတော့မည်။ မဖြစ်သေးပါဘူးလေ …….. ။

(၃)
မိသူ …
………………….
မိသူ အကောင်းပြောမလို့ ခေါ်နေတာ ..မကြားဘူးလား ။
မကြားဘူး ..မကြားဘူး ..ဘာမှလာမပြောနဲ့ ဆင်းမှာပဲ ။
အေး …ဆင်းချင်ဆင်း ၊ မဆင်းချင်နေ… ဟိုတစ်လောက သေထားတဲ့ မမူကြီး က မကျွတ်ဘူးပြောတယ်။ နင် ..အချိန်လည်း ကြည့်ဦး ။ မိုးချုပ်နေပြီ ။ တော်ကြာ..လမ်းမှာ …မမူကြီးခြောက်တာ ခံနေရဦးမယ်။
ရှင်နော်…မဟုတ်က ဟုတ်ကတွေ လာမပြောနေနဲ့ …ဟီးးးအီးအီးးး ။
မိသူက ယောကျာ်းကို မကြောက်သမျှ ၊ သရဲကိုတော့ အတိုးချပြီးကြောက်တတ်သူ ။ ဒါကို ကိုစိုးနိုင် ကောင်းကောင်း သိသည်။ ခုလဲ လမ်းထိပ်နားက ဆုံးသွားသော မမူကြီး ဆိုသည့် အမျိုးသမီး နှင့် ခြောက်လိုက်သဖြင့် ဖင်ထိုင်ချပြီး ကြူကြူပါအောင် ငိုနေပေပြီ။ ဟီးးး ။ ကိုစိုးနိုင် စိတ်ထဲက ကြိတ်ပြီး မှတ်ဟ ..မှတ်ဟ နှင့် ရယ်နေမိသည်။
(၄)
ဒါပဲ …မနက်လင်းတာ နဲ့ ကျွန်မအဆင်းပဲ။ ဒီည ရှင် အပြင်ဘက်က ဆက်တီပေါ် သွားအိပ် ။
ဒါမျိုးတော့ ..စိုးနိုင်ဆိုသည့် မဟာယောကျာ်းကို လာလုပ်လို့မရ ။ လက်မခံ ။
ရမလား ။ ဒီကုတင် နဲ့ မွေ့ယာ က …မင်း လိုချင်လွန်းလှပြီဆိုလို့ ငါကိုယ်တိုင် ..၀ယ်ပြီး အမောခံ သယ်ထားခဲ့ရတာ မေ့သွားပြီလား။ လုံးဝပဲ ..။ မအိပ်ချင်ရင် မင်းထွက်အိပ်။ ငါကတော့ အိပ်ပြီ။
ပြောပြေဆိုဆိုဖြင့် ကိုစိုးနိုင် ကုတင်ပေါ် လှဲချလိုက်သည်။
မိသူက သူ့ကို ဖက်အုံး ဖြင့် လွှဲပြီးနှစ်ချက် ဆင့်ရိုက်သည်။
လူညစ်ပတ်ကြီး ..ကဲဟယ်.. ကဲဟယ်..။
ဖက်အုံးဖြင့်မို့ ကိုစိုးနိုင် ဂရုမစိုက် ။ တစ်ဖက်လှည့်နောက်ကျောပေးပြီး ပြုံးစိစိ နှင့် မျက်စိမှိတ် အိပ်ချင်ယောင် ဆောင်နေလိုက်သည်။ ကြာတော့ မိသူမောသွားပုံရသည်။ ငိုလိုက် ..သူ့ကို ဖက်အုံးဖြင့် ရိုက်လိုက်လုပ်နေရာမှာ ရပ်ပြီး ၀င်အိပ်သွားသည်။ ၀က်မ .. မီးတောင် ပိတ်မသွား ။ ကိုစိုးနိုင်က မီးဖွင့် ပြီး မအိပ်တတ်သူ ဖြစ်သဖြင့် ပြန်ထပြီး မီးခလုတ်ကို သွားပိတ်လိုက်ရသည်။ ဟင်း ..တွေ့မယ် ..ဒီမိန်းမ ညကျမှ ။
(၅)
ည….
တိုင်ကပ်နာရီလက်တံများက အမှောင်ည ၏ တိတ်ဆိတ်မှုထဲတွင် ..စည်းချက်မှန်မှန်ဖြင့် ရွေ့လျားနေသံ ပြုနေသည်။ ကိုစိုးနိုင်သည် ဂျိမ်းစ်ဘွန်း ၏ ပါးနပ်မှုမျိုးဖြင့် ..တစ်ရွေ့ရွေ့ ..သူ့လက်ကို ဖြေးဖြေးချင်း မိသူရှိရာသို့လှမ်း နေသည်။
……………………
………………………………
…………………………………………..
ခွပ်
အောင်မလေးဗျ……။
ဂျပန်နင်ဂျာ တစ်ယောက်၏ သွက်လက်မှုမျိုး ဖြင့် မိသူ၏ တံတောင်တစ်ဖက်က ဂျိမ်းစ်စဘွန်းလို လုပ်မိသော ကိုစိုးနိုင်မျက်နှာပေါ်တည့်တည့် မိတ်ဆက်သွားလေသည်။
(၆)
နိဂုံး ။ ။
အ..အ..
ကျွတ်…ကျွတ်…ကျွတ်…
ဖြေးဖြေး ..ဖြေးဖြေး ….. ၊ ကန်းသွားပြီလားမသိပါဘူး ၊ ဒီမျက်လုံးသာကန်းသွားရင်တော့ မင်းလည်း တစ်ဖက်လပ် မယားဖြစ်ပြီမှတ် ။ တံတောင်စာမိသွားသဖြင့် အကွင်းသားညိုပြီး ဖူးယောင်ယောင်ဖြစ်နေသော မျက်ကွင်း ဖြင့် ..ဒေါသထွက်နေသော ကိုစိုးနိုင်ကို ကြည့်ပြီး မိသူ ရယ်ချင်လာသည်။
ကိစ္စမရှိဘူး .. တစ်ဖက်ကန်းသွားလည်း .. သားရေပြားအနက်အုပ်လိုက်ရင် ..ကိုကိုက ချောပါတယ်။ ပင်လယ်ဓါးပြ မင်းသားနဲ့တောင် တူသွားဦးမယ်။
ဝက်မ…လာမပြောနဲ့ …အား ..လားလား ..
ကျက်ထုပ် ထိုးပေးနေရင်း … ယောကျာ်းကို မိသူ သနားသွားသည်။ သူကလည်း သူ ။ လက်က ငယ်ငယ်ထဲက အင်မတန်မြန်သည်
ခွင့်လွှတ်ပါ ယောကျာ်းရယ်…မိသူ မရည်ရွယ်ပါဘူး ၊ ရုတ်တရက်ဆိုတော့ ယောင်ပြီး ၊ ရှင်ကလည်း အိပ်နေတာကို လက်နဲ့ လာတို့တာကိုးလို့ ..။ ယောင်တတ်မှန်းသိရဲ့သားနဲ့။
ငါတော့ မထင်ပါဘူး …၀က်မ..သက်သက်တီးထည့်လိုက်တာ မဟုတ်လား …အား…အအ…ဖြေးဖြေး ဖြေးဖြေး ကျက်ထုပ်က မပူတော့ဘူး ..။
ကိုစိုးနိုင်ကို ကျက်ထုပ်ထိုးပေးနေရင်း …မိသူ ..သူတို့အိမ်ထောင်ရေးအကြောင်းကို ပြန်စဉ်းစားမိသည်။ တစ်ကယ်တော့ လက်မြန်လွန်းလို့လည်း ဒီယောကျာ်းကို မိသူ ရလာတာဖြစ်သည်။ နှစ်ဖက် အဆင်မပြေသော ဘယ်လိုမှ ညှိနှိုင်းလို့မရသော အခြေအနေထဲတွင် …အရာရာတုံ့ဆိုင်းလွန်း သော ကိုစိုးနိုင်သည် .. ခိုးပြေးဖို့ အတွက်လည်း စဉ်းစားနေတာက စိတ်မရှည်နိုင်လောက်အောင် ရစ်လည် ရစ်လည် ဖြင့်သာ။ ဒီတော့ အရာရာစိတ်မြန်သော မိသူက ဦးဆောင်ပြီး လာခဲ့ဆိုကာ လက်ဆွဲ ခေါ်ခဲ့ရသည်။ တနည်းအားဖြင့် မိသူက ဦးဆောင်ပြီး ခိုးလာခဲ့ရသည်ဆိုလျှင် မမှား။ သူတို့ နှစ်ယောက်လုံးနှင့် ငယ်ပေါင်းကြီးဖော်ဖြစ်သော သူငယ်ချင်းဗေဒင်ဆရာ ပြောဖူးသည်ကို သတိရမိသည်။
မိသူ …နင့်နာမည်က အရာရာကို စိတ်မြန်လက်မြန် ဆုံးဖြတ်ပြီး စွန့်စားချင်တဲ့နာမည်မျိုး ၊ (သူမနာမည်က သူသုဆွေဖြစ်သည်။) ဟိုကောင် စိုးနိုင်ကျတော့ …ဖြေးဖြေးအေးအေး နဲ့ ..ဆုတ်ဆိုင်းဆုတ်ဆိုင်း လုပ်တတ်တဲ့နာမည်။ နင်တို့နှစ်ယောက် အိမ်ထောင်ကျပြီးရင်လည်း …ဒီအချက်နဲ့ပဲ ..နောင်ဂျိန်တွေ ချရဦးမှာ သေချာတယ်…တဲ့။ ဗေဒင်ဆရာသူငယ်ချင်း ပြောတာမှန်သည်။ ဒီကောင်လည်း ဘယ့်နှယ် ဘယ်လို ဗေဒင်ဆရာ ဖြစ်သွားမှန်းမသိ ။ ကျောင်းတုန်းကတော့ နံရံကပ်စာစောင်တွေမှာ ..သူက ဦးဆောင်ပြီး စာရေးပေရေး နှင့် စာပေသမား လိုလို ကဗျာဆရာလိုလိုပုံ မို့ ..တစ်နေ့စာရေးဆရာပဲ ဖြစ်လာမည် ထင်ခဲ့သည်။ ခုတော့ ဗေဒင်ဆရာ ဖြစ်နေသည်။ နေပါဦး အွန်လိုင်းပေါ်မှာ ဝေသာလီ မောင်ဗျိုင်း ဆိုလား ..ဟုတ်ပါဘူး ၊ မောင်ဖုန်း ဆိုလား ..ကလောင်နာမည်နှင့် စာတော့ ရေးနေသည် ကြားရ၏။ တစ်နေ့လောက်မှ ၀င်ဖတ်ကြည့်ရဦးမည်။ ဒီကောင်က စိတ်ချရသူမဟုတ်။ မတော် သူတို့ အကြောင်း ..ငယ်ကျိုးငယ်နာဖော်ပြီး ဆောင်းပါးရေးတင် လိုက်မှ ..ဟုတ်ပေ့ဖြစ်နေမည်။ ဆိုးတော့မဆိုး ဗေဒင်ဆရာ ဖြစ်တော့လည်း … ဗေဒင်ပညာနဲ့ သူတို့အိမ်ထောင်ရေးဘ၀ကို နာမည်တွေကို ဝေဖန်ပြီး ..ဆောင်ရန် ရှောင်ရန်တွေ မှာသွားသည်။ သူငယ်ချင်းဆိုတော့လည်း အားကိုးရသည်။ ထိုသူငယ်ချင်း ဗေဒင်ဆရာ ပြောသွားတာတွေကို မိသူပြန်တွေးနေမိပါသည်။
မိသူ ..နင်က အင်္ဂါ အဓိပတိဖွား ။ စိတ်ကမြန်သလို…လက်တွေ့ကျကျ ဖြေရှင်းတတ်တယ်။ အဓိကက နင့်ရဲ့ နာမည်အဖျားစာလုံး ဆွေ ..က အင်္ဂါဂြိုဟ်ပိုင် အက္ခရာမို့ .. ၊ မှားတာမှန်တာကို နောက်မှ ခွဲခြားနိုင်မယ် ၊ ထစ်ကနဲရှိ စိတ်လိုက်မာန်ပါ လုပ်မိပြီးသားပဲ ။
ဟိုကောင် စိုးနိုင် ..မင်းကလည်း အင်္ဂါသား အဓိပတိဖွားပဲ ။ ဒါပေမယ့် မင်းနာမည်ရဲ့ နာမည်အဖျားစာလုံးက စနေနံ ဖြစ်နေပြီး ..ပုတိမှာ အဆုံးသတ် ထားလို့ …မင်းက အရာရာကို ရစ်တတ်တယ်။ ဟိုနေရာ ကန့်လန့်ကန့်လန် ၀င်ပါမိ ၊ သည်နေရာမှာ ကြားညှပ်မိ ဆိုတာမျိုး လူမှုရေး ..ကဏ္ဍတွေမှာ ကြားညှပ်ခံရတာလည်းမကင်း နိုင်ဘူး ။ နောက်ပြီး နာမည် အဖျားစာလုံး စနေဖြစ်တာက ..မိသူရဲ့နာမည်အဖျားစာလုံး အင်္ဂါ ဖြစ်တာနဲ့ ဆန့်ကျင်ဘက် ပြုထားတယ်။
ဒီအချက်က မင်းတို့အိမ်ထောင်ရေးရဲ့ အဓိကသော့ချက်ပဲ ..။ တစ်ယောက်က အရှေ့ဆိုရင် တစ်ယောက်က အနောက် ဆိုပြီး ..ဖီလာကန့်လန့် ဖြစ်ရတတ်တဲ့ သဘာဝပဲ။ နှစ်ယောက်စာလုံးကလည်း … အဓိပတိဖွားတွေမို့ ..ကိုယ့်အယူအဆနဲ့ကိုယ် သေလုခမန်း ခေါင်းမာ ကြလိမ့်မယ်။ ဒီတော့ နင်တို့ နောင်ဂျိမ်တွေ မကြာခဏ ဖြစ်ကြမယ်။ ငါအဓိက မှာလိုတာက ဖြစ်တာကို မဖြစ်နဲ့လို့ မတားဘူး။ တားလည်း နင်တို့ဖြစ်မှာပဲ ။
ဒီတော့ …နင်တို့နှစ်ယောက်စလုံး ..အိမ်မှာ ရှိတဲ့ ဘုရားစင်ကို သေချာ အမြဲ သပ်သပ်ရပ်ရပ် ဖြစ်အောင် ရှင်းလင်းပါ။ ဘာအင်းကွက် ..ဘာအဆောင်လက်ဖွဲ့ ..ဘာညာသာရကာတွေမှ မတင်မိပါစေနဲ့။ နောက်ဆုံး တစ်ချက်ကတော့ …နားလည်မှုအပြန်အလှန် ထားနိုင်သည်ထက် ပို၍ ပို၍ ..ထားနိုင်အောင်သာ ကြိုးစားကြပါ။ ဒါက နင်တို့ရဲ့သူငယ်ချင်း ..ငယ်ပေါင်းကြီးဖော် ဗေဒင်ဆရာ သူငယ်ချင်းတစ်ယောက်က နင်တို့ကို ပေးနိုင်တဲ့ လက်ဆောင်ပါပဲ ။

မိသူသည် ..ကိုစိုးနိုင်ကို ကျက်ထုပ်ထိုးပေးနေရင်း …လင်တော်မောင်၏ မျက်ကွင်းရာအညိုသား မျက်နှာ ကို ငေးကာ သူငယ်ချင်းဗေဒင်ဆရာ ၏ စကားတို့ကို ပြန်လည်ကြားယောင်နေမိသည်။ ကိုစိုးနိုင်သည်လည်း တစ်ခုခုကို အလေးအနက်ထား တွေးမိနေဟန်တူ၏။ စကားသံဆိတ်လျှက် ..အခန်းထဲတွင် နာရီသံ တစ်ချက်ချက်သာ …ယခုအခါ ..ကြားနေရပေတော့သည်။
ချမ်းမြေ့ကြပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment