ကျွန်တော်မတတ်သေးသော ဆန်းကျမ်းဗေဒင်

Monday, May 2, 2011


ဆန်းကျမ်းဗေဒင် စာစု(၁)


စာရေးသူ၏ ဘ၀တွင် မွေးနေ့လက်ဆောင်အဖြစ် ရခဲ့ဖူးသော ပထဆုံးသော ကျမ်းစာအုပ် လက်ဆောင်မှာ  ဆန်းကျမ်းဗေဒင် စာအုပ်ဖြစ်လေသည်။ အဆိုပါ စာအုပ်ကို ဆရာဒဂုန်မှ ပြုစုခဲ့ပြီး ၊ ဆန်းကျမ်းဗေဒင် ဆိုင်ရာ ဆရာသမားတော်တော်များများ၏ အယူအဆ အတွေးအခေါ်များ နည်းနိသယများကို ထည့်သွင်း ဖော်ပြထားလေသည်။


စာရေးသူအတွက် မွေးနေ့လက်ဆောင်အဖြစ် အဆိုပါ ဆန်းကျမ်းဗေဒင်စာအုပ်ကို စာရေးသူ၏ ဦးလေးဦးမင်းဖြစ်သူ တစ်ဦးက လက်ဆောင်ပေးခဲ့ဖူးပေသည်။ ယင်းအချိန်မှ အစပြုပြီး စာရေးသူသည် ဆန်းကျမ်းဗေဒင်တည်းဟူသော ပညာတွင် နှစ်ပေါင်းများစွာ နစ်မြုပ်သွားခဲ့ရပြန်၏။

သို့သော် ပညာပါရမီ နဲခြင်းကြောင့်ထင့် ..ဆန်းကျမ်းဗေဒင်ကို ယခုထက်ထိတိုင် သူငယ်တန်းအဆင့်မျှသာ လျှင် တတ်သိနားလည်ခဲ့ရပေသည်။ ယခုခေတ်တွင်မူကား သူငယ်တန်းအဆင့်မျှပင် မတတ်သည့်တိုင် ခပ်တည်တည်ဖြင့် ဆန်းကျမ်းဗေဒင်ဆရာဟူသော ဆိုင်းဘုတ်ထူဝံ့သူများ များပြားလှချိန်ဖြစ်ပေသည်။ အ၀င်အထွက် ကပ်ဂြိုဟ် အဆိုးအကောင်း ဌာနအဆိုးအကောင်း အနဲငယ်မျှသာ သိရုံမျှဖြင့် လည်း ခြောက်ဟော မြှောက်ဟောများ လုပ်နေကြသည်ကို များစွာတွေ့မြင်နေရပေသည်။ အမှန်စင်စစ်မူ ..ဆန်းကျမ်းဗေဒင်ပညာမှာ သာမန်လူတို့နှင့် မထိုက်လျော်သည့် အလွန်အဆင့်မြင့်သော နက်နဲလှသည့် ပညာရပ်တစ်ခုသာ ဖြစ်ပေသည်။

စာရေးသူအနေဖြင့် ဆန်းကျမ်းဗေဒင်သမားလည်း မဟုတ် ။  ဆန်းကျမ်းဗေဒင်ကိုလည်း သူငယ်တန်းအဆင့်မျှသာ နားလည်သိရှိထားရ လင့်ကစား ၊ သိနှင့်တွေ့နှင့်ထားသော အချို့သော အချင်းအရာအချက်အလက်တို့ကို .. လေ့လာလိုက်စားသူ ဘ၀တူ ပညာရှာသူများအတွက် ရည်သန်ပြီး အချို့ကို ဖော်ပြပေးလိုက်ရပါသည်။ အများစု မှာ စာရေးသူ၏ အတွေ့အကြုံအရ ယူဆချက်များသာ ဖြစ်ပြီး မှန်မမှန် ကြောင်းကျိုးညီညွတ်မှု ရှိမရှိကို မိမိတို့ဘာသာ လေ့လာမှတ်တမ်းတင်ပြီး ကောက်ယူကြပါလေကုန်။

ဆန်းကျမ်းဗေဒင်ပညာသည် မည်သည့်ပညာများမှ ဆင်းသက်လာသနည်း 

ကျွန်တော်တို့မြန်မာပြည်၏ လက်ရှိဗေဒင်လောက ဟူသည်ကား။  အင်္ဂ၀ိဇ္ဇာသမား က အင်္ဂ၀ိဇ္ဇာ၊ မဟာဘုတ်သန်သူက မဟာဘုတ် ၊ အဆိုးဆုံးကတော့ ဆန်းကျမ်းဗေဒင် သမားအချို့ ။ ဆန်းကျမ်းဗေဒင်မှ ဗေဒင်ပညာဟု ထင်ကြသည်။ ထင်မှာပေါ့ ..တွက်စရာတွေးစရာ ပိုပေါတာကိုး။ ကပ်ဂြိုဟ်လေးတွေလည်း ပါသည်။ မနိုင်လျှင်စစ်ကူတောင်းလို့ရအောင် ..မူလ/ကောဇာ ဇေယျတိုင်လေးတွေကို ပြေးကြည့်ချင် သေးလား ။ ရသည်။ မဟာဘုတ်မှာက မလွယ်။

မူကောသက်ဆိုပြီး မဟာဘုတ်တိုင် သုံးတိုင်ထူ ပြီး ဟောမယ်ကြံပြန်တော့လည်း ရေရေရာရာရယ်လို့ မမြင်၊ အင်း ..နှစ်ခွင်မှာ အထက်မှာရပ်တယ်။ တစ်ခွင်မှာတော့ အောက်မှာရပ်တယ်.. ဒီတော့ အကောင်းဘက် ပိုဟောရမယ်ထင်တယ်.. စသည်ဖြင့် မယုံရဲ ယုံရဲ မျက်စိမှိတ်သုံးရသည်။ အင်္ဂ၀ိဇ္ဇာ သမားလည်း သိပ်မထူး။ အိုင်ထဲမြရွှေငွေ ဖြင့် တိုင်ငါးတိုင်   ထူပြီးဟောလို့ရသည့်တိုင် ..တစ်ကယ့် တစ်ကယ်တမ်းမှာ  .. ဒေါင်လိုက်တိုင်တွေသာ မျက်လုံးထဲပိုရှုပ်လာမည်။

ဆန်းကျမ်းဗေဒင်မှာက ဒီလိုမဟုတ် ။ အလှအပလေးတွေ ရှိသည်။ ကပ်ဂြိုဟ် အဆိုးအကောင်း။ သက်ရှိ သက်မဲ့  ခွဲမလား။ ကာရက  ဝေဖန်မလား။ မိတ်/ရန် အနုစိတ် ဆန်းစစ်မလား ။ အို..စုံလို့ ။ ဒီတော့  ..ဆန်းကျမ်း ဗေဒင်ပညာကို အမှန်တစ်ကယ် နားမလည်သည့်တိုင်အောင် ..ဟိုဒင်းဖြစ်တာ ဟ၀ှာကြောင့် မဟုတ်ရင် ဟိုဥစ္စာကြောင့် ဖြစ်ရမယ်ဆိုပြီး တရားခံရှာစရာလေးတွေ ပေါသည်။

မဟာဘုတ်  တို့ အင်္ဂ၀ိဇ္ဇာ တို့ မှာက သည်လိုမဟုတ် ။ အထွန်းမှာဂြိုဟ်အိပ် သက်ရောက်ကြုံနေပြီး  ..လက်တွေ့တွင် ဆိုးကျိုးကြုံနေသူများ ၊ တြိရန်းတွင်ရောက်နေသောနံသင့် ပစ္စည်းမျိုး ၀င်လာခြင်းများ..စသည်ဖြင့် ကြုံကြိုက်လာသည့်အခါ ..ပညာရပ်များအပေါ်တွင် စိတ်ပျက်ခြင်း၊ သံသယ ၀င်လာခြင်း ဖြစ်လာတော့သည်။ ထို့အတူ  ..ဆန်းကျမ်းဗေဒင်ကဲ့သို့ နားမလည်သည့်အပိုင်းကို ကျော်လွှား ခဲ့ပြီး ၊ ထပ်မံအသစ်နာယူစရာများဆီ ခြေလှမ်းအလွယ်တစ်ကူလှမ်းနိုင်သော ပညာရပ်တို့ဆီကို ဦးတည် လိုက်စားကြတော့သည်။ 

မဟာဘုတ်မှာက နားမလည်လျှင် ဆက်တက်လို့ကိုမရ ။ ဘင်္ဂဌာန ဟေ့ ဟူလျှင် ဘင်္ဂဌာနကို  နားကိုလည် ရမည်။ နားမလည်လျှင် ရှေ့ကို ဘယ်လိုနည်းနှင့်မှ တက်မရ ။  ဒီတော့  လာခဲ့စမ်း ။ ပုတိ ၊ ဘင်္ဂ ၊ မရဏ အဆိုး..၊ အောက်သုံးအိမ်။ ကျန်တဲ့လေးအိမ် အထက်အိမ်တွေက အကောင်း ..အပ်ချလောင်း ဟောရ တော့သည်။ ဟောစရာက ဖွယ်ဖွယ်ရာရာမရှိလှ။ ဆန်းကျမ်းဗေဒင်မှာက အထက်အောက် ဘယ်ညာ ..ဖွယ်ဖွယ်ရာရာ လေးတွေ ကြည့်ရှုသုံးသပ်နိုင်သည်။ ဒါက လက်တွေ့ ..သည်ကနေ့ခေတ် ဗေဒင်ပညာ လမ်းကြောင်းပေါ်က အမှန်တရားတစ်ခုဖြစ်သည်။

ဆိုတော့ ဆန်းကျမ်းဗေဒင်ပညာသည်  လက်ဆန်းဗေဒင်များထဲတွင် နှင်းဆီခိုင်လေး  သဖွယ်ဖြစ်သည်။ အဲသည့် နှင်းဆီခိုင်ကလေး ဘယ်ကဆင်းသက်လာပါသလဲ ။ ဒီမေးခွန်း၏  အဖြေကို အချို့ သိလိုကြလိမ့်မည်ဟု ထင်ပါသည်။ နှင်းဆီခိုင်လေးသည် မဟာဘုတ်ပညာ နှင့် အင်္ဂ၀ိဇ္ဇာပညာမှ  မွေးဖွား ထားသော သားလှရတနာတစ်ပါးဖြစ်သည်။ ထပ်မံ ပြောပါမည်။

ဆန်းကျမ်းဗေဒင်ပညာဟူသည်မှာ မဟာဘုတ်ဗေဒင်ပညာ နှင့် အင်္ဂ၀ိဇ္ဇာပညာကိုပေါင်းစပ်ပြီး၊ .. အနုစိတ်အသုံးပြုနိုင်ရန် ဆင့်ကဲတီထွင်ဖန်တီးထားသော ဆင့်ပွားပညာရပ်တစ်ခုဖြစ်သည်။

သည်အချက်ကို ကျွန်တော် ထည့်သွင်း ရေးသား ဖော်ပြပေးလိုက်သည့်အတွက် … အတိုက်အခံ အငြင်းအခုန် ပြုလိုသူများ ရှိကောင်းရှိလာနိုင်သည်။  တစ်ခါထဲ ပြောလိုက်ပါမည်။ ကျွန်တော့်တွင် သက်သေ သာဓက အခိုင်အမာ ရှိပြီးဖြစ်သည်။ လာငြင်းလျှင်  ငြင်းသူသာ ပက်လက်လန်ပြီး ၊ ပြုံးပြုံးကြီး လက်ခံကျေနပ် သွားလောက်အောင်ကို ခိုင်မာသည်။ မခံချင်အောင် ဆွ၍ဖြစ်စေ ..၊ အဖိုးမထား မလေးမစားဖြစ်စေ ..ဘယ်လို သက်သေသာဓကမျိုးလဲ လာမမေးပါနှင့်။ တစ်ကယ်ပညာကို မြတ်နိုး တတ်ပြီး၊ စိတ်ချယုံကြည်ထိုက်သော  ..ပေးထိုက်ပေးအပ်သူမျိုး ဖြစ်လျှင် သည်အချက်အလက် လမ်းစ များကို ဝေမျှပေးပါမည်။

 ခွင်လွှဲစနစ်သည် .. အင်္ဂ၀ိဇ္ဇာ  ပညာမှ ဆန်းကျမ်းဗေဒင်စနစ်ကို ပြောင်းလဲအသုံးပြုရာတွင် သော့ချက်ဖြစ်သည်။  လွန်ခဲ့သော  ရှစ်နှစ်ကျော် ဆယ်နှစ်ဝန်းကျင်ခန့်က ဆန်းကျမ်းဗေဒင်ကို လေ့လာရင်း အဆိုပါအချက်တို့ကို အမှတ်မထင်  တွေ့ရှိခဲ့ရသည်။ ဆန်းကျမ်းဗေဒင်ဘက်ကို ဆက်မလိုက် နိုင်သေးသဖြင့် ..သည်အတိုင်း ထားထားရသော်လည်း ဆန်းကျမ်းဗေဒင် လိုက်စားသူများအတွက်မူ အဆိုပါအချက်သည် ..ကောင်းစွာအသုံးဝင်သော လမ်းစတစ်ခု ဖြစ်ကြောင်း ကျွန်တော် သိ၏။ ဆန်းကျမ်းဗေဒင် ဘိုးအေများက မင်းဘယ်လောက်သိလို့ တတ်လို့လည်း မေးလာနိုင်သည်။ မောင်ဖုန်း မတတ်ပါ။ ဆန်းကျမ်းဗေဒင်ပညာသည် အလွန်လှပသေသပ်ပြီး ..စနစ်ကျလှသော ပညာရပ်တစ်ခု ဖြစ်သည်။ သာမန်ဥာဏ်စဉ်မျှဖြင့်လည်း အရသာအမှန်ကို မထိတွေ့နိုင်လောက်အောင် နက်ရှိုင်းသည်။ အဓိက သိသာထင်ရှားသည်ကတော့ ..  ဥာဏ်ရည်ဥာဏ်သွေးကို အလွန့်အလွန်ကွန့်မြူး ဆော့ကစား ရသည့် ပညာရပ်ဖြစ်ခြင်းပင်။

သည်ပညာရပ်ကို မောင်ဖုန်းနားလည်ထားသည်ကတော့.. မဟာဘုတ်ပညာရပ်ကို ဆန်းကျမ်း ဗေဒင်ပညာတွင်   မူလနှင့်ကောဇာ  ဇေယျတိုင်များအဖြစ် သိသိသာသာ ထင်ထင်ရှားရှား အသုံးပြု ထားသည်။ အင်္ဂ၀ိဇ္ဇာပညာကိုမူ ခွင်လွှဲစနစ်အဖြစ် သာမန်အမြင်အားဖြင့် မမြင်နိုင်အောင် အသုံးပြုထားသည် ဟူသော အချက်ဖြစ်သည်။

ဆန်းကျမ်းဗေဒင်စနစ်ကို ကနဦးစတင် တီထွင်ဖန်တီးခဲ့သူ ဆရာသခင်သည် မဟာဘုတ်ပညာနှင့် အင်္ဂ၀ိဇ္ဇာပညာကို ထုံးလိုချေ ရေလိုနှောက်ပြီး အသုံးပြုနိုင်ရုံမျှမက ..အကျယ်ဖြန့် စနစ်တစ်ကျ ဝေဖန်နိုင်ရန်အတွက် ဆန်းကျမ်းဗေဒင်စနစ်ကို ဖန်တီးခဲ့ခြင်း ဟု မောင်ဖုန်း ယုံကြည်မိပေသည်။ ထို့အတူ အကြင် ဆရာသခင်ဖြစ်သူ၏ ဥာဏ်စဉ်ကိုလည်း လေးစားကြည်ညိုမိလှပါတော့သည်။

ဆန်းကျမ်းဗေဒင်တတ်လိုလျှင်

ဆန်းကျမ်းဗေဒင်ပညာကို အမှန်တစ်ကယ်တတ်မြောက်လိုပါလျှင် ..သင်သည် .. ၊ မဟာဘုတ်ဗေဒင်ကို အခြေခံအားလုံး နားလည်သိကျွမ်းနေဖို့လိုသည်။ ထို့အတူ သင်သည်.. အင်္ဂ၀ိဇ္ဇာပညာကိုလည်း ပိုင်နိုင် ကျွမ်းကျင်နေရန် လိုသည်။ ဖခင် နှင့် မိခင် တို့ ပြည့်စုံမှသာလျှင် သားသမီးဟူသော ရတနာကို ပိုင်ဆိုင်နိုင် လိမ့်မည်။ မဟာဘုတ်ပညာနှင့် အင်္ဂ၀ိဇ္ဇာပညာတို့ကို ပိုင်နိုင်ကျွမ်းကျင်မှုရှိပါမှ ဆန်းကျမ်းဗေဒင်ဟူသော ပညာရပ်ကို သင်သည်အမှန်တစ်ကယ် တတ်မြောက်ပါလိမ့်မည်။ ယင်းကို  ယုံမှားသံသယ စိုးစဉ်မျှ  မရှိပါလင့်။ ဖခင်နှင့်တူသော မဟာဘုတ်ဗေဒင်ပညာကိုသော်လည်းကောင်း ၊ မိခင်နှင့်တူသော အင်္ဂ၀ိဇ္ဇာ ပညာကို သော်လည်းကောင်း သင်သည် ကောင်းမွန်ပိုင်နိုင် မှန်ကန်စွာ နားလည်နိုင်မှု မရှိသေးပါဘဲနှင့် .. ဆန်းကျမ်းဗေဒင်ဟူသည်ကို မျက်စောင်းလေးတောင် ထိုးမနေပါနှင့် ။ မျက်တောင်ညောင်းလို့ မျက်လုံး စွေစောင်းရုံသာ  အဖတ်တင်ပါလိမ့်မည်။

အခြေခံမှစတင်ပြီး  ပိုင်နိုင်စွာမတည်ဆောက်လျှင် အဘယ်အဆောက်အဦးဟူသည်မှ ..သက်တမ်း မရှည်နိုင်သလို ၊ မြင့်မားစွာ ဖွဲ့တည်နိုင်ခြင်းလည်း မရှိနိုင်ပေ။ မဟာဘုတ်နှင့်အင်္ဂ၀ိဇ္ဇာ အခြေခံ သဘောတရားတို့ကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိပါက ဆန်းကျမ်းဗေဒင်ပညာကိုလည်း  အငွေ့အရိပ်မျှသာ နားလည် အသုံးပြုနိုင်ပြီး ၊ မသိခြင်းများစွာ များစွာဖြင့်သာ .. နားမလည်ခြင်း များစွာ များစွာဖြင့်သာ ..သို့လောဝင်္ကပါကို ခြာခြာလည်အောင်  ပတ်နေရပေလိမ့်မည်။

တစ်ကယ် ဟုတ်သလိုလို အစိတ်သား ၊ မဟုတ်သလို ဟုတ်သလိုက ..အစိတ်သား ၊ ဘာကြောင့်မှန်း မသိသည်က အစိတ်သား ၊ မှန်တယ်ဟေ့ တစ်ကယ်ပါပဲ ..ဒါပေမယ့် တစ်ချို့နေရာတွေ ကျတော့ မဟုတ်ပြန်ဘူး ဆိုတာလေးက အစိတ်သား.. ၊      ပေါင်း ..အီလည်လည်တစ်ပိဿာ ဘ၀တွင် ပညာသည် ရပ်တန့်သွားပါလိမ့်မည်။

 မောင်ဖုန်းကား သို့လောဝင်္ကပါကို ကြောက်လှသဖြင့် ..ကကြီးရေက ..စလုံးရေစ  ..အဆင့်အဖြစ် မိမိကိုယ်ကို သတ်မှတ်ပြီး မဟာဘုတ် နှင့် အင်္ဂ၀ိဇ္ဇာပညာရပ်တို့ကိုသာ နှစ်ပေါင်းများစွာ လေ့လာနေမိဆဲ ဖြစ်သည်။ ကျွန်တော်သည် လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်ကတည်းကပင် ..အဆိုပါဆက်သွယ်နေမှုတို့ကို သိမြင်သွားသဖြင့် ယခုထက်ထိတိုင်အောင် .. ဆန်းကျမ်းဗေဒင်ကို မတို့ရဲ မထိရဲ အလှကြည့်နေမိဆဲ ဖြစ်သည်။ ကျွန်တော့်အတွက်တော့ ဆန်းကျမ်းဗေဒင်ဟူသည်မှာ ..နောင်လာမည့် အတန်းသစ် သို့မဟုတ် နောင်တွင်ဖြေရမည့် စာမေးပွဲတစ်ခုဖြစ်လေသည်။ အဘယ်ကြောင့်ဟူမူ အောက်ခြေမှစပြီး မပိုင်နိုင်ပါလျှင် အထက်ရောက်လေ  ခက်ခဲလာလေ ဖြစ်တတ်သော သဘာဝကို ကျွန်တော်နားလည်နေပြီ ဖြစ်သောကြောင့်တည်း။

မဟာဘုတ်မှ မှန်တယ်၊ အင်္ဂ၀ိဇ္ဇာကမှ ပညာအစစ်၊ ဆန်းကျမ်းဗေဒင်သာ အကောင်းဆုံး စသည်ဖြင့် ငြင်းခုန်နေကြသူများကို မူ တစ်ခုသာပြောလိုပါသည်။ အဖေက ကောင်းသည် အမေက မှန်သည် သားကမှ အဟုတ် ဟူပြီး ငြင်းမနေပါနှင့် ..အားလုံးသည် မိသားစုတစ်စုသာ ဖြစ်လေသည်။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB