အင်္ဂါဂြိုဟ် သို့မဟုတ် ညီတော်မောင် မောင်ပခန်းဆီသို့

Sunday, May 8, 2011




သည်ဆောင်
ပါးကတော့ ကွန်မန့်ကနေ ဆောင်းပါးဖြစ်လာတယ်လို့ ပြောရပါမယ်။ တစ်လောက တင်လိုက်တဲ့ ခေတ်စနစ်နှင့် ယတြာများ ဆောင်းပါးမှာ ကွန်မန့် ပေးပြီး မေးသွားတဲ့ အမောင်ပခန်း ရဲ့ မေးခွန်းကို ဖြေပေးဖို့ ကြိုးစားရင်း  ..ကြိုးစားရင်း များသွားတဲ့အတွက် ဆောင်းပါးတစ်ပုဒ်အဖြစ် နဲ့သာ တင်ပြ ဖြေကြားပေးလိုက်ရပါကြောင်း။


 မေးခွန်းထုတ်သွားပုံလေးကတော့ .. ကောက်ညင်းထုပ်ကို ကြိုးတုတ်ထားသလို စေ့စပ်ပိရိ ပါပေ့ကွယ်ရို့ ။ ပခန်းညီ မေးသွားတာက ဂြိုဟ်တွေရဲ့ သဘာဝအရ စသည် စသည်ဖြင့် .. ယတြာပြုသင့် မသင့် ဆိုတဲ့ မေးခွန်းလို့ ထင်ပါတယ်။ အဲဒီ့ စသည် စသည် မှာ … ဂြိုဟ်တွေရဲ့ သဘာဝတွေကို …ပခန်းညီ ပြောပြ သွားတာလေးတွေဟာလည်း သဘာဝကျလှပါတယ်။ ဒီနေရာမှာ တစ်ချက်ရှိတာက …အင်္ဂါဂြိုဟ်ကို  အတိုင်းအထွာအတွက်အချက်ပြုလို့ရသော ပေတံ၊ ကျင်တွယ် ၊ ကာကူလေတာ အစရှိသော အရာများ ၊ နာရီများ ၊ နဲ့ ကောက်ယူအသုံးပြုသွားတာနဲ့ ပတ်သက်ပြီး နဲနဲရှင်းပြလိုပါတယ် ။ ဥပမာ .. ပေတံဆိုပါတော့ ..ပေတံဆိုတာ စက်ပစ္စည်း တစ်ခုမဟုတ်ပါဘူး ။ ဒါပေမယ့် အင်္ဂါဂြိုဟ်က လွှမ်းမိုးထားပါတယ်။ ဘာကြောင့်လဲ။ 

ဒီမေးခွန်းကို ဖြေမယ် ဆိုရင် ပထမဆုံးအနေနဲ့  ..မောင်ပခန်းနှင့်တစ်ကွ အခြားသော ဘ၀တူ ဗေဒင်ပညာရပ်ကိုလေ့လာလိုက်စားနေသူများကို ပြန်မေးခွန်းတစ်ခုထုတ်ရပါမယ်။ အင်္ဂါဂြိုဟ်ကို .. ဘာကြောင့် .. စက်ပစ္စည်းတွေ နဲ့ သက်ဆိုင်တယ်လို့ ဆုံးဖြတ်ပါသလဲ။ စ အက္ခရာ နဲ့ မှည့်ထားတဲ့အတွက် အင်္ဂါနံလို့ ကောက်ယူလိုက်တာလား ၊ ဘာကြောင့် စက်ပစ္စည်းလို့ ယူဆပါသလဲ ဆိုတာကို ပြန်လည် မေးခွန်းထုတ်လိုပါတယ်။ ဒီမေးခွန်းဟာ အစ်ကို ကိုယ်တိုင် ကိုယ့်ဘာသာကိုယ် ပြန်မေး ပြန်တွေးခဲ့ရတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။

အက္ခရာအရသာ ကောက်မယ်ဆိုရင်တော့  အနောက်နိုင်ငံသားတွေအတွက် ကြာသာပတေးဂြိုဟ်ဟာ စက်ပစ္စည်းတွေကို လွှမ်းမိုးနေပါလိမ့်မယ်။ အဲဒီ့လိုပဲ နိုင်ငံအသီးသီးမှာ အက္ခရာကိုလိုက်ပြီး စက်ပစ္စည်း ဆိုတာကို ဟိုဂြိုဟ်ကလွှမ်းမိုးလာလိုက် သည်ဂြိုဟ်ကလွှမ်းမိုးသွားလိုက်နဲ့ ကပေါက်တိ ကပေါက်ချာ ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ ဒီဇာတ်ထုပ်ကို  တစ်ခုချင်း ဖြေချဖို့အတွက် …အင်္ဂါဂြိုဟ်ရဲ့ မူလသဘာဝတစ်ရပ်ဆီကို အစ်ကိုတို့ ပြန်လိုက်မှ ဖြစ်ပါမယ်။  အင်္ဂါဂြိုဟ် ဟာ နိုင်ငံတစ်နိုင်ငံမှာ စစ်သူကြီးကို လွှမ်းမိုးပါတယ်။ ရန်သူ အတိုက်အခံ နဲ့ အပြိုင်အဆိုင်၊ ရှေ့တိုးမောင်းနှင်တတ်မှု နဲ့ စွမ်းအား ကို ဖော်ပြပါတယ်။ အင်္ဂါဂြိုဟ်ဟာ ရုပ်ပိုင်းနယ်ပယ် ကို လွှမ်းမိုးထားတဲ့ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။  အင်္ဂါဂြိုဟ် အားကောင်းလာရင် အားကောင်းသလောက် …ရုပ်ပိုင်းဆန်လာတယ်။ လက်တွေ့ဆန်လာပါမယ်။ မယုံဘူးဟေ့ ငါတို့က မျက်မြင်ဖြစ်မှ ပဲ လက်ခံမယ်ဆိုတာ အင်္ဂါဂြိုဟ်လွှမ်းမိုးထားသူတွေပါ။ အင်္ဂါဂြိုဟ်အားကောင်းရင် အားကောင်းသလောက် လက်တွေ့ဆန်မှု ..နဲ့ ရန်လိုမှု တိုက်ခိုက်ထိုးဖောက်လိုမှုတွေ များလာ တတ်ပါတယ်။ အရမ်းအားကောင်းလွန်းရင် ..ကွန်မြူနစ်ဝါဒီသမားမျိုး အထိ ဖြစ်လာနိုင်ပါတယ်။ ဘုရားလည်း အုတ်ခဲ  ၊ ရေအိမ်လည်း အုတ်ခဲ ပဲ ဆိုတာမျိုး  မျက်မြင်အသိ အယူသာ လွှမ်းမိုးလာပါမယ်။ သူက  ရုပ်ပိုင်းနယ်ပယ် ကို အားပါးတစ်ရ လွှမ်းမိုးထားတဲ့ဂြိုဟ်ဖြစ်လို့ပါပဲ ။ 

အင်္ဂါဂြိုဟ် ဟာ ကိုင်လို့ရ တွယ်လွယ်ရ ..ထိလို့ရတဲ့ အစိတ်အပိုင်းတွေမှန်သမျှနဲ့ သက်ဆိုင်ပါတယ်။ ဒါ့အပြင်  ဟောဒီ့လူ အရပ် က ငါးပေခြောက်လက်မ ၊ ဟောဒီ့မှာ စာအုပ်သုံးအုပ် ၊ ဟိုမှာ စက်ဘီးငါးစီး ၊ အိမ်နံပါတ် ၆၉ ၊ မနက်ဖြန် ခြောက်နာရီ စသည်ဖြင့် … အတိုင်းအထွာ အရေအတွက် ဘယ်လောက် ဘယ်မျှ အားလုံးကိုလည်း သူကလွှမ်းမိုးထားပါတယ်။ အင်္ဂါဂြိုဟ် အားကောင်းရင် ကောင်းသလောက် တိကျမှု နဲ့ တွက်ချက်နိုင်စွမ်းမြင့်မားလာပါတယ်။ ဒါကြောင့်လည်း အင်္ဂါဂြိုဟ်ကို သချာင်္ဂြိုဟ်လို့ သတ်မှတ်ထားကြတာပါ။

စက်ပစ္စည်းတွေ ဆိုတာ …တိကျတဲ့ အချိတ်အဆက် အတွက်အချက်နဲ့ ၊ ခုတ်မောင်းလည်ပတ်ရတဲ့ စွမ်းအား အစုအဝေးလေးတွေပါပဲ ။ ပင်နယံသွားတွေ၊ မောင်းတံတွေ ၊ ဒေါက်တံတွေ  ၊ ဟိုဟာတွေ သည်ဟာတွေ အတိအကျ ယှဉ်တွဲဆက်စပ်ပြီး ..ဟန်ချက်ညီညီ ရှေ့တိုးမောင်းနှင်ရတဲ့ အရာဝတ္ထုတွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အင်္ဂါဂြိုဟ်ကလွှမ်းမိုးထားတာ ဖြစ်ပြီး (စ၊ဆ၊ဇ၊ဈ၊ည) နံသင့်မို့ အင်္ဂါလို့ ကောက်ယူဆုံးဖြတ်ထားတာ လုံးဝမဟုတ်ကြောင်း မောင်ဖုန်း ပြောလိုပါတယ်။

အင်္ဂါဂြိုဟ်တစ်ချက် အားနဲလိုက်တာနဲ့ ..တိကျတဲ့ အချိတ်အဆက် တွေ ချွတ်ချော်တိမ်းစောင်းပြီး ..စက်ပစ္စည်းတွေလည်း ..ဖောက်ပြန်ပျက်ဆီးကုန်တော့တာပါပဲ ။ မီးရထားတွေ လမ်းချော်သွားတယ်။ ကားဂီယာဂျမ်း ဖြစ်သွားမယ်။ ရေစက်ကြီး ဘာဖြစ်သွားမှန်းမသိဘူး ။ ခုမှဝယ်လာတာ ဟိုမှာစမ်းတုန်းက အကောင်း ခုမရတော့ဘူး ဒီစက်က …စသည်ဖြင့် .. စက်ပိုင်းဆိုင်ရာ ချို့တဲ့ဖောက်ပြန်မှုတွေ ဖြစ်ပွား လာတော့တာပါပဲ။

နောက်တစ်ချက်ကတော့ အစ်ကိုလေ့လာမှတ်တမ်းတင်လာခဲ့သမျှ အတွေ့အကြုံတွေအရ အင်္ဂါဂြိုဟ်ဟာ  ..အတွက်အချက် နဲ့ တိကျတဲ့အတိုင်းအတာ ပမာဏ ပါဝင်နေတဲ့ အစိတ်အပိုင်းကဏ္ဍများစွာ မှာ လွှမ်းမိုးထားတာ အလွန်သေချာလှပါတယ်။ ဒါကြောင့် ကာကူလေတာ ၊ ပေတံ ၊ကျင်တွယ်၊ နာရီ စတာတွေကိုလည်း လွှမ်းမိုးထားပါတယ်။ ဒါဟာ ယူဆချက်တစ်ရပ်မျှသာ မဟုတ်တော့ပါ။ အလွန်သေချာပြီး တိကျပါတယ်။ အိမ်တစ်အိမ် ကိုရောက်သွားရင် အင်္ဂါဂြိုဟ် ဘယ်လောက် အားကောင်းသလဲ သိချင်ရင် အိမ်ကိုတစ်ချက်ဝှေ့ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ အင်္ဂါဂြိုဟ် သိပ်အားကောင်း လွန်းရင် … ခေတ်မီတဲ့နာရီအမျိုးမျိုး ၊ ပြက္ခဒိန်တွေ၊ သတိပေးစာတွေရေးထားတဲ့ နို့တစ်စ်ဘုတ် တွေ ကို အိမ်ရှေ့ဧည့်ခန်းထဲမှာ မြိုင်မြိုင်ဆိုင်ဆိုင်တွေ့ရတတ်ပြီး …အဲဒီ့အိမ်ကလူတွေဟာ နိုးနိးကြားကြား ဖြတ်ဖြတ်လတ်လတ်နဲ့  ..မီးတောက်အောင် သွက်လက်လှုပ်ရှားနေတတ်ကြသူတွေလည်း ဖြစ်နေတတ်ပါတယ်။

လူတစ်ယောက်ကို အင်္ဂါဂြိုဟ်က လွှမ်းမိုးလာပြီဆိုရင်လည်း ဒီအတိုင်းပါပဲ။ နာရီတစ်ကြည့်ကြည့်နဲ့ ဖြိုးဖြိုးဖျတ်ဖျတ် လှုပ်ရှားနေတတ်တာ သူတို့ပါပဲ။ အထူးသဖြင့်တော့ နာမည်အဖျားစာလုံးကို အင်္ဂါနံ တစ်ခုခုနဲ့ မှည့်ထားတတ်သူတွေပေါ့။ အောင်အောင်စိုး ၊ ကျော်သူရဇော်၊ မြင့်မြင့်စန်း၊ သွယ်သွယ်ဇင်၊ စသည်ဖြင့်ပေါ့။

ဒီနေရာမှာ  နာရီဆိုတာကို အင်္ဂါနံအဖြစ်ကောက်ယူဆုံးဖြတ်သွားလို့ အချို့တွေလည်း ဇဝေဇ၀ါ ဖြစ်လာနိုင်ပါတယ်။  မောင်ဖုန်းပြောလိုတာကတော့ မဖြစ်ကြပါနဲ့ ။ရဲရဲသာ အသုံးပြုလိုက်ပါ။  အင်္ဂါဂြိုဟ် ဆိုတာ  ပြက္ခဒိန်တွေ၊ နေ့စွဲတွေ၊ အချိန်နာရီ မိနစ် စက္ကန့်တွေ၊ နာရီတွေ  လည်း ဖြစ်တယ်လို့ မောင်ဖုန်း ဒီနေရာကနေ ရဲရဲ ပြောလိုက်ပါရစေ။

ဒါကြောင့် ရှေ့မှာဖော်ပြခဲ့ပြီးတဲ့ ခေတ်စနစ်နှင့် ယတြာများ ဆောင်းပါးထဲမှာ …ယတြာပြုလိုသော အစိတ်အပိုင်းသည် အင်္ဂါနံဖြစ်ပါမူ ..အသံကျယ်ကျယ်မြည်သော နှိုးစက်နာရီတစ်လုံး သို့မဟုတ်  ဘုန်းတော်ကြီးကျောင်းမှာ ဒင်ကနဲ ဒေါင်ကနဲမြည်သော တိုင်ကပ်နာရီတစ်လုံး ကို သွားရောက် လှုဒါန်းနိုင်သည် ဆိုပြီး ဖော်ပြရေးသားခဲ့တာပါ။

 ဟုတ်တယ်လေ အင်္ဂါဂြိုဟ်အားနဲနေတာကို ယတြာပြုပါတယ် ဆိုမှ .. အင်္ဂါဂြိုဟ် အမှန်တစ်ကယ်လွှမ်းမိုးနေတဲ့အစိတ်အပိုင်းကို အသုံးပြုပြီး ကောင်းမှုကုသိုလ်ဖြစ်စေမယ့် ယတြာမျိုး ပြုမှသာ အကျိုးထိရောက်တော့ပေမပေါ့။ ဖြစ်တာက ..ခြေထောက်နာတာ ၊ သောက်တာက ချောင်းဆိုး ပျောက်ဆေး ဆိုရင် တစ်လွဲဆီဖြစ်ကုန်ပါမယ်။ အရင်ကချောင်းမဆိုးဘူး ..၊ ခုဆေးသောက်ပြီးတော့လည်း ပိုပြီးမဆိုးတော့ဘူး ..ဒါပေမယ့် ခြေထောက်ကတော့နာတုန်းပဲဆရာ ဆိုရင် သေရော ။

ဒါကြောင့် ဗေဒင်ပညာမှာ  ဂြိုဟ်တစ်ခုချင်းဆီရဲ့ သဘောသဘာဝအမှန်ကို နားလည် ဖို့ရာ ကျွန်တော်တို့ တစ်တွေမှာ အရမ်းလိုအပ်လှပါတယ်။ တစ်ကယ့်တစ်ကယ် ဘာပညာပဲသုံးသုံး  လက်ရိုးလက်ဆန်း လက္ခဏာ ဂဏန်းဗေဒင် ဘာညာသာရကာ ကြိုက်တာသုံး ဂြိုဟ်တွေအကြောင်းကို နားမလည် ရင် ဘာမှ ထဲထဲဝင်ဝင် မပေါက်ရောက်နိုင်ပါ။ ယတြာပြုတဲ့အခါမှာလည်း မှန်ကန်တိကျတဲ့ အစိတ်အပိုင်းဆီကို တိုက်ရိုက် ရောက်ရှိမှု နဲပါးပါလိမ့်မယ်။

တစ်ခါက မိတ်ဆွေတစ်ယောက်က  သူ့ဆီမှာ ထူးဆန်းတဲ့နာရီတွေ အတွက်အချက်ကိရိယာတွေ မကြာခဏ ၀င်လာတတ်ကြောင်း ၊ ဘာကြောင့်လဲ ဆိုတာသိလိုကြောင်း မေးတဲ့အတွက် ..၀ကြွင်း မဟာဘုတ်ခွင်ဖွား ဖြစ်တဲ့ အဲသည့်မိတ်ဆွေကို  မရဏမှာရှိတဲ့ အင်္ဂါဂြိုဟ်လေးအကြောင်း ရှင်းပြခဲ့ရပါတယ်။ မရဏမှာရှိတဲ့အင်္ဂါဂြိုဟ်ဟာ  ..နေနာရီ သဲနာရီ တရုပ်ပေသီးခုံ စသဖြင့်သော ထူးဆန်းသော နာရီများ ၊ အတွက်အချက်ကိရိယာများကို အလွန်အားပေးတဲ့ဂြိုဟ်လေးဖြစ်ပြီး အဆိုပါ မိတ်ဆွေဖြစ်သူဟာ နာမည်အဖျားစာလုံးကို အဲဒီ့အင်္ဂါနံလေးနဲ့မှည့်ခေါ်ထားသူမို့ …မကြာခဏဆိုသလိုပဲ သူ့ဆီကို အဲဒီ့ပစ္စည်းမျိုးလေးတွေ ၀င်ဝင်လာတတ်ပြီး သူ့ဘ၀မှာ သတိထားမိစရာ အချင်းအရာ အထိ ဖြစ်လာစေခဲ့ပါတယ်။

ဆိုတော့ ညီမောင်ပခန်းရဲ့ အမေးကို ဖြေဖို့ကြိုးစားရင်းနဲ့ …ဒီမှာတင်ဆောင်းပါးက ဝေ့လည်လည် နဲ့ ရှည်လျားသွားခဲ့ပါပြီ။ တစ်ခြားဂြိုဟ်တွေအကြောင်းလည်း ကျွန်တော် လက်တွေ့မှတ်တမ်းတင် လာသမျှကို ရေးသားဖော်ပြလိုပါသေးတယ်။ ညီမောင်ပခန်းကိုတော့ တောင်းပန်ပါရစေ။ ညီမောင်ရဲ့ မေးခွန်းကို ဖြေကြားဖို့အတွက် က  အလွန်ကျယ်ပြန့်လှတဲ့ မေးခွန်းမျိုးဖြစ်နေပါတယ်။ (ကွန်မန့်ကနေ မေးတော့ မဖြေလို့ကလည်းမဖြစ် ..ခွားမသေးလေး) ထုံးစံအတိုင်းပေါ့ ဆောင်းပါး တစ်ပုဒ်ထဲနဲ့ ဘယ်လိုမှ အရင်းအမြစ်အထိ ရှင်းပြလို့မရတဲ့ ကဏ္ဍတွေ ဖြစ်နေပါတယ်။ လူမှုနယ်ပယ် နှင့် ဂြိုဟ်အသွယ်သွယ် ဆိုပြီး စာအုပ်တစ်အုပ်အဖြစ် ရေးသားထုတ်ဝေဖို့ စိတ်ကူးရှိပေမယ့် စာမူတွေသာ စုထားရပြီး ..မောင်ဖုန်းလည်း အမြစ်ဂြိုဟ်မကောင်းသေးလို့ အရင်းမရှိသေးတာနဲ့ မထုတ်ဖြစ် သေးပါကြောင်း။ တိန် ။ ဒေါင် ။ ဒင် ။

ဘ၀တူညီ လေ့လာနေသည် ဖြစ်ဆဲ ပညာရှာ နောင်တော်ညီတော်များသို့ အမှတ်တရ

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း


Post a Comment
 

Posts Comments

©2006-2010 ·TNB