bakaung.blogspot.com
ဒီတစ်နှစ်တော့ .. နေ့နံရှစ်မျိုးကို တနင်္ဂနွေကနေ စမရေးတော့ပဲ ၊ စနေကနေ စတင်ရေးသားတင်ပြ ပေးလိုက်ရပါတယ်။ မနှစ်ကတုန်းက ကြာသာပတေး ၊ သောကြာ ၊ စနေ သုံးခုကို အတော်ကြီးကြာမှ တင်ဖြစ်ခဲ့ပါတယ်။ စောင့်ဖတ်ရတဲ့သူတွေလည်း စိတ်ကိုမရှည်နိုင်အောင် ဖြစ်ကြမှန်း ရိပ်မိခဲ့တာကြောင့်၊ ဒီတစ်နှစ်တော့ နောက်ဆုံးနေ့နံဖြစ်တဲ့ စနေတို့ ရာဟုတို့ကနေ စပြီး တင်ပြပေးသွားတာပါ။
ဒီဟောကိန်းတွေကို မဟာဘုတ်ဗေဒင်ပညာစနစ်နဲ့ ဟောဆိုသွားတာလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဗေဒင် ပညာတွေထဲမှာ မဟာဘုတ်ဗေဒင်ပညာဟာလည်း အလွန်အင်မတန်မှ အားကိုးအားထားပြုရပြီး ၊ ကောဇာ အဟောပိုင်းတွေမှာပါ အကျိုးရှိလှတဲ့ပညာရပ်တစ်ခု ဆိုတဲ့အကြောင်း ဟောစာတမ်းများမှ နေပြီး ဖော်ပြပေးလိုက်ရပါတယ်။ အားလုံး ကျေနပ်နှစ်သက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။
ဒီဟောကိန်းတွေကို မဟာဘုတ်ဗေဒင်ပညာစနစ်နဲ့ ဟောဆိုသွားတာလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဗေဒင် ပညာတွေထဲမှာ မဟာဘုတ်ဗေဒင်ပညာဟာလည်း အလွန်အင်မတန်မှ အားကိုးအားထားပြုရပြီး ၊ ကောဇာ အဟောပိုင်းတွေမှာပါ အကျိုးရှိလှတဲ့ပညာရပ်တစ်ခု ဆိုတဲ့အကြောင်း ဟောစာတမ်းများမှ နေပြီး ဖော်ပြပေးလိုက်ရပါတယ်။ အားလုံး ကျေနပ်နှစ်သက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း။
စနေသားသမီးများနှင့် ကောဇာမြန်မာခုနှစ် ၁၃၇၃ခုနှစ်
တစ်ခုကြွင်းမဟာဘုတ်ခွင်ကျရောက်သော မြန်မာခုနှစ် ၁၃၇၃ခုနှစ် အတွင်း စနေသားသမီးများ သည်
ဆိုးသည် ဖြစ်စေ ၊ ကောင်းသည်ဖြစ်စေ မိမိတို့အား ပတ်ဝန်းကျင်အသိုက်အ၀န်းမှ သိလွယ်မြင်လွယ် ထင်ရှားပေါ်လွင်ရန် လွယ်ကူသော ကာလမျိုးကြုံကြိုက်လာသည်။ ရင်တစ်မမ အခြေအနေများထဲမှ လက်တစ်လုံးခြား ပွတ်ကာသီကာ ကံကောင်းထောက်မမှုအချို့ကို ကြုံတွေ့ရတတ်သော ကာလများ ဟုလည်း ဆိုနိုင်ချိန်ဖြစ်၏။ စုတ်ကောင်းလာဘ်ကောင်း ၀င်ချိန်ဟု ယျေဘုယျအားဖြင့် ဆိုနိုင်သော ကာလများ ကျရောက်လာပြီ ဖြစ်လေသည်။ အများစုသော စနေသားသမီးများ အဖို့ ကံဇာတာ အားသာချိန်ပင် ဖြစ်ပေတော့သည်။
အလုပ်အကိုင် နှင့် အသက်မွေးမှု ကံဇာတာ
အပြောင်းအလဲများ ပေါ်ပေါက်လာမည့် ကာလများဖြစ်သည်။ အနည်းဆုံးအဆင့် မိမိတို့ နှစ်ပေါင်းများစွာ လုပ်ကိုင်လာသော လုပ်ငန်းအစဉ်အလာအချို့ ပြောင်းလဲစရာအကြောင်း ပေါ်ပေါက်လာမည်။ အထက်အရာရှိ အကြီးအကဲများ နှင့် မမျှော်လင့်ဘဲ မသင့်မတင့် ဖြစ်ရခြင်း၊ မင်းအစိုးရများ နှင့် စပ်လျဉ်းပြီး .. အခက်အခဲ ကြုံရခြင်း ရှိတတ်သော ကာလများလည်း ဖြစ်ပေသည်။ အထူးသဖြင့် ဥပဒေ နှင့် မလွတ်ကင်းသော အသက်မွေးမှု လုပ်ကိုင်နေသူများ အဖို့မူ ..လုပ်ငန်းတွင် မင်းအစိုးရတို့ နှင့် ရင်ဆိုင် ဖြေရှင်းရသော ပြသနာများ အမှန်ပင် ပေါ်ပေါက်လာချိန်တည့်။ သာမန်လူများအဖို့မူ လုပ်ငန်းလိုင်စင် ၊ သက်တမ်းတိုး ပြသနာများ၊ ပါမစ်များ အတွက် ကြိုးစားဖြေရှင်းရခြင်းများ ၊ မှတ်ပုံတင် ပြောင်းလဲရခြင်းများ ၊ ပေါ်ပေါက်လာမည်ဖြစ်သည်။
ကောင်းသည်ဆိုးသည် ဟူသည်ထက် ကျရောက်လာသော အပြောင်းအလဲများကို လိုက်လျောညီထွေ လက်ခံနိုင်ရန် အချက်မှာ အရေးကြီးလှသော အချက်တစ်ရပ်ဖြစ်သည်။ အဓိက သတိပြုရမည်မှာ စနေသားသမီးများအဖို့ ယခုကောဇာခုနှစ်သည် ..အသက်မွေးမှုဆိုင်ရာ စိန်ခေါ်မှုများ အချိန်မရွေး ကျရောက်လာနိုင်ကြောင်း သတိပြုထားရန် ဖြစ်ပေသည်။ တနင်္ဂနွေသားသမီးများ ၊တနင်္ဂနွေနံ နာမည်ရှင်များ ၊ တနင်္ဂနွေနေ့များကို ဂရုပြုဖြတ်သန်းခြင်း ဆက်ဆံခြင်း ပြုရမည့်ကာလဟု သတိပေး အပ်ပါကြောင်း။
မေတ္တာရေးရာ ကံဇာတာ
သည်တစ်နှစ်တော့ ဖူးစာရေးနတ်က စနေသားသမီးများကို ..မိမိတို့ထက် ငယ်ရွယ်သော ၊ သို့တည်းမဟုတ် ထက်မြက် ဖြတ်လတ်ပြီး စတိုင်ကျကျနေတတ်သော ၊ အရည်အသွေးရှိသော ၊ ရန်လိုပြီး … စိတ်ဆတ်သော ၊ ခေတ်မီပြီး တိုးတက်သော အမြင်ရှိသော ..စသဖြင့်သော ဖူးစာဖက်မျိုး နဲ့ ဆုံစမ်းဟ ဆိုပြီး မြှားတံ လွှတ်ဖို့ ပြင်နေတာကို မောင်ဖုန်း တွေ့လိုက်ရပါတယ်။ ဒါနဲ့ ..မောင်ဖုန်းက အဲဒီ့နတ်ကလေးကို တစ်ကယ်ပစ်တော့မှာလားဗျ လို့ မေးကြည့်လိုက်တော့ ၊ ပစ်မှာဂျတဲ့ …ကလေးကို မုန့်ပေး ကြိုက်မိအောင်ကို ပစ်မှာ လို့ ပြန်ဖြေပါတယ်။ အဘယ်မည်သော စနေသားသမီးတွေကို အဲဒီ့မြားကလေးတွေ မှန်တော့မှာလည်း တော့ မသိရပါကြောင်း။
အဲဒီ့လိုပါပဲ မေတ္တာဂြိုဟ်လို့ခေါ်တဲ့ တနင်္လာဂြိုဟ်နဲ့ . . ပက္ခမိနေတဲ့ အချိန်ဖြစ်လို့ ..၊ ဒီလိုနှစ်မျိုးမှာ စနေသားသမီးများ အဖို့ မေတ္တာစစ် မေတ္တာမှန်ကို လိုလားစိတ် ထက်သန်လာတတ်ပါတယ်။ ယခင်တုန်းက ချစ်ခြင်းမေတ္တာ ဆိုတာကို မေ့မေ့လျော့လျော့နေခဲ့မိသူတွေတောင် ခုချိန်မှာတော့ ..မေတ္တာတရားကို တောင့်တ လာမိတတ်ကြပါတယ်။ တစ်ချို့သော စနေသားသမီးများအဖို့ မိမိတို့နဲ့ ဆန့်ကျင့်ဘက်သဖွယ် ဖြစ်နေသော ..အနေအထားမျိုးမှ ဖူးစာဖက်မျိုးကို ကြုံတွေ့ရပြီး ခရေစီ ဖြစ်လောက်အောင် စွဲလမ်းမိ တတ်ပါသေးတယ်။
ကံဇာတာအားနဲသော စနေသားသမီးအချို့မှာတော့ ချစ်သောသူအချို့ကို စွန့်ပစ်ခွဲခွာရမယ့် အနေအထားမျိုးကြုံ လာပါလိမ့်မယ်။ စွန့်ပစ်ရခြင်း နဲ့ ပြန်လည်တောင့်တရခြင်း ဆိုတဲ့ အစွန်းနှစ်ဖက် ကြားမှာ မခံချိမခံသာ ခံစားရတတ်တာမို့ ..ဒီအချက်ကလေးကိုလည်း သတိပြုမိဖို့လိုပါတယ်။ မေတ္တာရေးရာ ကံကို ..အတိတ်ကာလက အစိတ်အပိုင်းများက ထိုးနှက်တိုက်ခိုက်တတ်သော ကာလဖြစ်တာမို့ ၊ နောက်ကြောင်း မရှင်းတဲ့ စနေသားသမီးများအဖို့ ….မိမိတို့နောက်ကြောင်းကို မေတ္တာရေးမှာ အနှောက်အယှက် မဖြစ်အောင် ရှင်းလင်းသုတ်သင် တည်းဖြတ်ထားဖို့လည်း လိုအပ်ပါလိမ့်မယ်။
အိမ်ထောင်သည်များ အဖို့ကတော့ မိမိတို့ရဲ့ အိမ်ထောင်ဖက်ဟာ သည်တစ်နှစ်ထဲမှာ စိတ်ဆတ်လာတာ၊ ရန်ုလိုလာတာ၊ အရည်အသွေးပြလာတာ၊ သူက ပဲ ဦးဆောင်ချင်လာတာမျိုး ကြုံလာရတတ်ပါတယ်။ အိမ်ထောင်ရေး အနှောက်အယှက်ကြုံနေသူများအဖို့ ..ယခုနှစ်အတွင်း အစိမ်းရောင်တွေကို ဖြစ်နိုင်သမျှ ရှောင်ရှားအသုံးပြုကြဖို့ သတိပေးလိုက်ရပါတယ်။
ကျန်းမာရေးရာ ကံဇာတာ
ဆေးစစ်ခြင်း၊ ကျန်းမာရေးအတွက် ..ဆန်းစစ်ရှာဖွေရခြင်း များကြုံတွေ့လာရတတ်ချိန်ပါ။ ၀မ်းပျက် ၀မ်းလျောခြင်း၊ ရင်ကျပ်ခြင်း ၊ သွေးပေါင်ကျခြင်း၊ ကျောက်ကပ်အားနဲခြင်း ..ခြေ ခါး စသည်တို့တွင် ဥပဒ်ပေးလွယ်ခြင်း ရှိသော ကာလမျိုးလို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေးအညံ့ကြုံနေသူများ အစိမ်းရောင် အနုအရင့် အမျိုးမျိုးကို ရှောင်ဖယ်အသုံးပြုပါ။ ရေသတ္တ၀ါများ ဘေးမဲ့လွှတ်ပေးခြင်းဖြင့် ကျန်းမာရေး အညံ့များကို ကုစားထိုက်သော ကာလမျိုးလည်း ဖြစ်ပါကြောင်း။
ပညာရေးရာ ကံဇာတာ
ကိုယ်ကပညာတွေကို သင်လိုနေသေးတယ်ဆိုရင်တောင် ကိုယ့်မှာရှိတဲ့ပညာတွေကို အခြားသူတွေကို ဖြန့်ဖြူးပေးထိုက်တဲ့ ကာလမျိုးလည်း ဖြစ်ပါတယ်။ အချို့သော စနေသားသမီးများ ပညာတော်သင်ခရီး ထွက်ရန် ကြိုးပမ်းရခြင်းနဲ့ ပတ်သက်လို့ အခက်အခဲရှိရတတ်သော ကာလဖြစ်ပါတယ်။ သင်တန်းကိစ္စ ၊ သင်ကြားရေးဆိုင်ရာ ကိစ္စတွေမှာ အနည်းငယ် အခက်အခဲပေါ်ပေါက်လာတတ်ပါတယ်။
အချို့သော စနေသားသမီးများ အဖို့တော့ ပညာရှင်အဖြစ် အသိမှတ်ပြုခံရခြင်းမျိုး ၊ ထင်ရှားခြင်းမျိုး ကြုံကြိုက်ချိန် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပညာရေးတိုးတက်ကောင်းမွန်စေရန်အတွက် ရေကုသိုလ်များများ ပြုကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း။
လူမှုရေးရာ ကံဇာတာ
သူတစ်ပါးကိစ္စတွေနဲ့ အများဆုံးပတ်သက်မိနေတတ်တဲ့ ကောဇာနှစ်မျိုးမှာ ၊ သူတစ်ပါးကြောင့် လာဘ်ရခြင်း မျိုးလည်း မထင်မှတ်ဘဲ ကြုံကြိုက်ရတတ်ပါတယ်။ တနင်္ဂနွေ သားသမီးများ နဲ့ ဗုဒ္ဓဟူး/ရာဟုသားသမီး များကို သတိချပ် ပေါင်းသင်းဆက်ဆံရမယ့် ကာလဖြစ်ပြီး ၊ အိမ်ထောင်ဖက်သို့မဟုတ် ချစ်သူ ကို အကြောင်းပြုပြီး လူမှုဆက်ဆံရေး အဆင်မချောမှုလေးတွေ ပေါ်ပေါက် လာတတ်ပါတယ်။ အများအားဖြင့်တော့ လူချစ်လူခင် ပိုမိုပေါများလာတတ်ပြီး အဆင်ချောတတ်တဲ့ကာလလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီတစ်နှစ်ဟာ စနေသားအများစုအဖို့ အမျိုးသမီးထုရဲ့ စိတ်ဝင်စားအလေးထားမှုကို အခံရတတ်ဆုံး နေ့နံ ဖြစ်နေတာကြောင့် လူမှုဆက်ဆံရေးမှာလည်း အမျိုးသမီးတွေနဲ့ ဆက်ဆံထိတွေ့ရမှု ပိုမိုများပြား ပါလိမ့်မယ်။
လာဘ်လာဘ နှင့် ထီ ကံဇာတာ
ထီပေါက်ကံအားနည်းသော ကာလဖြစ်ပေမယ့် ၊ မမျှော်လင့် မထင်မှတ်ဘဲ စိုင်ကော်ပြီးခြုံပေါ် ရောက်ရ တတ်တဲ့ ကံကုသိုလ်အကျိုးပေးမျိုး ရရှိနိုင်သော ကာလဖြစ်ပါတယ်။ ထီဝါသနာရှင်များအဖို့တော့ မိမိတို့ ကိုယ်တိုင် မထိုးဘဲ … တစ်ခြားသူတစ်ဦးဦးကို ထိုးခိုင်းတာက ပိုမိုသင့်လျော်ပါလိမ့်မယ်။ အကျိုးစီးပွားဂြိုဟ် ဘင်္ဂမှာ ရပ်တည်နေတဲ့ ကာလဖြစ်တာကြောင့် …ဖြစ်နိုင်ရင် ဈေးထဲက ထီဆိုင်တစ်ခုခုမှာ ထီကံစမ်းတာ ပိုမို သင့်လျော်ချိန်လည်း ဖြစ်ပါတယ်။
အမည်များနှင့် ကံဇာတာ
အမည်များနှင့် ကံဇာတာ ဟောကိန်းများကိုလည်း အကျဉ်းချုံးပြီး ထည့်သွင်းရေးသား ဖော်ပြပေး လိုက်ပါတယ်။ အသေးစိတ် ဟောဖို့မဖြစ်နိုင်တာကြောင့် အဓိကကျတဲ့ အမည်အဖျားစာလုံး အသုံးပြုစနစ် အရ ပဲ ဖတ်ရှုအသုံးပြုနိုင်အောင် စီစဉ်ပေးလိုက်ရပါကြောင်း။
(၁) အမည်အဖျားစာလုံး (က၊ခ၊ဂ၊ဃ၊င) ဖြင့်မှည့်ခေါ်ထားသော စနေသားသမီးများ
ထူးခြားသော ခရီးစဉ်များပေါ်ပေါက်လာမည်။ မရေရာမသေချာသော အနေအထားများ ရင်ဆိုင်ရမည်။ စိတ်ဒွိဟ ဖြစ်ရာ နှင့် ဝေခွဲရခက်ခဲသော အစိတ်အပိုင်းများ ကြုံမည်။ တာဝန်များ ကြောင့် စိတ်ပင်ပန်းရမည်။ လျှို့ဝှက်စွာ ခရီးထွက်ရခြင်းများ ကြုံရတတ်သည်။ အများမသိသော နည်းလမ်းဖြင့် ငွေကြေး ကုန်ကျမှု ၊ သုံးစွဲရမှု များ ဖြစ်ပွားလာမည်။ (ဖြစ်နိုင်လျှင် ယခုနှစ်အတွင်း ကျွဲသားနွားသား ခေတ္တ ရှောင်ကျဉ်ပါ။)
(၂) အမည်အဖျားစာလုံး (စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသော စနေသားသမီးများ
နေရာကောင်းရမည်။ အထောက်အပံ့ကောင်းကြုံမည်။ အားကိုးထိုက်သော ငယ်သားကောင်းများ ပေါ်ပေါက်လာတတ်သည်။ နေရာပေးခံရမည်။ အပြည့်အစုံမဟုတ်သော်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ဖြစ်သော ကောင်းကျိုးမျိုး ကို ခံစားရမည်။ သူတစ်ပါးကြောင့် မိမိတွင် အနေရခက်စရာ ပြသနာအချို့ ပေါ်မည်။ မိမိရရှိနေသော နေရာကို သူတစ်ပါးတို့က မရှုစိမ့်နိုင်အောင် ဖြစ်တတ်သော ကာလဖြစ်သည်။ သောကြာသားသမီးများ ကို သတိပြုဆက်ဆံအပ်ရာ၏။
(၃) အမည်အဖျားစာလုံး (ယ၊ရ၊လ၊၀) ဖြင့်မှည့်ခေါ်ထားသော စနေသားသမီးများ
ကျန်းမာရေး ၊ မေတ္တာရေးရာများ တွင် အားနဲချက်ပေါ်ပေါက်လွယ်သော ကာလဖြစ်သည်။ အခက်အခဲများ ၊လက်လွန် ဆုံးရှုံးမှုများ ၊ နောင်တရစရာအခြေအနေများ ရင်ဆိုင်ရတတ်သည်။ အတိတ်ကာလမှ အလွန် မုန်းတီးရသော သူအချို့နှင့် ပြန်လည် ဆုံတွေ့ရတတ်သည်။ နိုင်ငံရပ်ခြား သို့မဟုတ် ရပ်ဝေး နှင့် ပြန်လည် ဆက်သွယ်ရခြင်း၊ အဆက်အသွယ်များ ပေါ်ပေါက်လာခြင်း ကြုံမည်။ အဝေးနှင့် ပတ်သက်သော ၊ လူမျိုးကွဲများ နိုင်ငံရပ်ခြားဒေသများနှင့် ပတ်သက်သော အောင်မြင်မှုအချို့ ပေါ်ပေါက်လာတတ်သည်။
(၄) အမည်အဖျားစာလုံး ( ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ်ထားသော စနေသားသမီးများ
သူတစ်ပါးအတွက် မိမိက၀င်ရောက် စွမ်းဆောင်ပေးရမှုများ ပေါ်ပေါက်ကြုံတွေ့ရမည်။ ယခင်နှစ်များထက် ပိုမိုပြီး အရည်အသွေး ပြည့်ဝလာသော ကာလလည်းဖြစ်သည်။ စူးစမ်းလိုစိတ် ပိုမိုထက်သန်လာမည်။ အပြိုင်အဆိုင် ပြုလိုစိတ်များပြားလာမည်။ မေ့လျော့မှု မကြာခဏဖြစ်မည်။ တစ်ကျော့ပြန်လုပ်ကိုင်ရခြင်း အချို့ကြောင့် ပင်ပန်းမည်။ ဂုဏ်သတင်း ညှိးမှိန်ရတတ်သည်။ အရှက်ရတတ်သည်။ စုတ်ကောင်း လာဘ်ကောင်းအချို့ အတိုက်အခံများပြားသည့်ကြားမှ ၀င်မည်။
(၅) အမည်အဖျားစာလုံး (အ၊ဥ) ဖြင့်မှည့်ခေါ်ထားသော စနေသားသမီးများ
မင်းအစိုးရတို့နှင့် ဖြစ်စေ ၊ အထက်အရာရှိအကြီးအကဲများ ၊ အဖ၊ အစ်ကိုကြီး ၊ ဦးလေးဦးမင်း စသော သူများနှင့် ဖြစ်စေ ..ပြသနာတစ်စုံတစ်ရာ ဖြစ်ပွားရတတ်သော ကာလဖြစ်သည်။ အသက်မွေးမှုတွင် အပြောင်းအလဲ ပိုမိုကြုံကြိုက်ရတတ်သည်။ မိမိပိုင် ဥစ္စာဓနအချို့ ပြုပြင်ရခြင်း၊ အလဲအထပ်ပြုရခြင်း၊ ပြောင်းလဲ ပြင်ဆင်ရခြင်း၊ အပျက်အဆီး များပြားခြင်း များ ရှိတတ်သော ကာလဖြစ်သည်။ အာရုံကြော နှင့် ဦးနှောက် ပင်ပန်းနွမ်းနယ် ရတတ်သည်။
(၆) အမည်အဖျားစာလုံး (သ၊ဟ) ဖြင့် မှည့်ခေါ်ထားသော စနေသားသမီးများ
မထင်မှတ်ထားသော ရှုထောင့်မျိုးမှ လာဘ်ဝင်ခြင်း၊ ကောင်းကျိုးခံစားရခြင်း ရှိတတ်သော ကာလ ဖြစ်ပါတယ်။ သူတစ်ပါးကြောင့် မိမိမှာ မထင်မှတ်ဘဲ အကျိုးခံစားရတတ်ချိန် ဟု ဆိုနိုင်သည်။ သို့သော် ..သူတစ်ပါးတို့နှင့်စပ်လျဉ်းပြီးပင်လျှင် မိမိတွင် ပိတ်မိသော ၊ ကျဉ်းကျပ်သော အနေအထားအချို့ ကြုံရတတ်ပြန်သည်။ မိမိတို့ ယခင်က မခံစားရဖူးသော စည်းစိမ်ချမ်းသာ တစ်စုံတစ်ရာ ကိုခံစားရခြင်း၊ ကာမဂုဏ် အာရုံတို့ကို ခံစားရခြင်း ရှိတတ်သော အချိန်သမယမျိုး ဖြစ်သည်။ အရင်းအနှီးရှာဖွေနေသူများ အဖို့ အရင်းအနှီး ရရှိတတ်ချိန်လည်း ဖြစ်သည်။ တစ်ခုလပ် ၊ မုဆိုးဖို/မ တို့မှ အကျိုးပြုခြင်း ကိုလည်း မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သည်။
(၇) အမည်အဖျားစာလုံး (တ၊ထ၊ဓ၊ဒ၊န၊ဌ) ဖြင့်မှည့်ခေါ်ထားသော စနေသားသမီးများ
ရင်ခုန်စရာ အခြေအနေများ ကြားမှ .. မျှော်လင့်ချက်ဆန္ဒအချို့ ပြည့်ဝအောင်မြင်သွားတတ်သော ကံအကျိုးပေးချိန်မျိုး ဖြစ်သည်။ ယခင်ကာလများထက်ပိုမိုပြီး အများစုက အသိမှတ်ပြုခံရခြင်း ၊ ထင်ရှား ကျော်ဇောခြင်း ဖြစ်တည်လာတတ်သည်။ မျက်နှာပျက်စရာအချို့ကြုံမည်။ ခြေ/ခါး ထိခိုက်နာကျင် ရတတ်သည်။ စိတ်ထိခိုက်ခံစားရမှု အချို့ ဖြစ်ပေါ်လာမည်။ ပညာဖြင့် ထင်ရှားကျော်ဇော်မှု ပိုမိုရရှိ တတ်သော အချိန်အခါကောင်း တစ်ခုလည်း ဖြစ်ပေသည်။ ကလေးသူငယ်များ၏ မုန်းတီးကြောက်ရွံ့ခြင်း ခံရတတ်သော ကာလဖြစ်လေသည်။ အလားတူပင် အခြွေအရံပေါများ တတ်သည့် ကောဇာခုနှစ် တစ်ခုဟု ဆိုနိုင်ပါကြောင်း။
စနေသားသမီးအားလုံးအတွက် အနှစ်ချုပ်အကြံပြုချက်
ငွေကုန်ကြေးကျ အလွန်လွယ်ကူသော ကာလဖြစ်သည့်အတွက် .. ငွေကြေးကို ဂရုစိုက်အသုံးပြုရန်လိုမည်။ ခရီးသွားလာခြင်းဆိုင်ရာ ကဏ္ဍတို့တွင် အခက်အခဲအချို့ ပေါ်ပေါက်လာတတ်ခြင်းကြောင့် .. ခရီးသွားခါနီး ကာလများတွင် ရေကုသိုလ်တစ်စုံတစ်ရာကို ပြုသွားသင့်ချိန်ဖြစ်သည်။ မိမိတို့ကြုံတွေ့ လာရတတ်သော အသက်မွေးမှုဆိုင်ရာ အပြောင်းအလဲတို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် တင်ကြိုပြင်ဆင် ထားသင့်သည်။ မေတ္တာရေးရာတွင် အပြိုင်အဆိုင် ၊ ရန် မကင်းတတ်သော ကာလဖြစ်သဖြင့် .. သီးခံနိုင်အောင် တင်ကြို သတိချပ်ထားသင့်ပေသည်။ မင်းအစိုးရတို့နှင့်သက်ဆိုင်သော ကဏ္ဍများ၊ အထက်အရာရှိ အကြီးအကဲ များနှင့် စပ်လျဉ်းသော ကဏ္ဍများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ပေါ့ပေါ့ဆဆ သဘောမထားပဲ သတိချပ် ဆောင်ရွက်အပ်သော ကာလများလည်း ဖြစ်သည်။
တစ်နှစ်လုံးအတွက် အထူးလုပ်ဆောင်သင့်သည်မှာ ရေနှင့်စပ်လျဉ်းသော ကုသိုလ်ကောင်းမှု အ၀၀ကို အခါအားလျော်စွာ ဆောင်ရွက်ပေးခြင်းမျိုး ဖြစ်လေသည်။ ပမာအားဖြင့် ..ငါးလွှတ်ခြင်း၊ ကုဋီရေဆေးခြင်း၊ ရေချမ်းစင် လှုဒါန်းခြင်း၊ ရေအခမဲ့ ပေးဝေခြင်း၊ ရေဆေးကြောခြင်း ၊ ရေဘေးသင့်ဒုက္ခသည်များကို ကူညီခြင်း စသဖြင့် ..တို့ဖြစ်သည်။ ယခုမြန်မာခုနှစ်ဖြစ်သော ၁၃၇၃ခုနှစ်သည် စနေသားသမီးတို့အား ထင်ရှား အောင်မြင်မှုအချို့ အမှန်ပင် ပေးစွမ်းတတ်သော ကာလမျိုးတစ်ခုလည်း ဖြစ်ပေရာ ..မိမိတို့ ရည်မှန်းထားသည်များကို ပိုမိုဂရုပြု အလေးထား ကြိုးပမ်းသင့်လှပေသည်။ မိမိတို့ ဖြတ်သန်းနေကြသော ဂြိုဟ်အိပ်/သက်ရောက်/ဒသာများအရ စနေသားသမီးများ တစ်ဦးနှင့်တစ်ဦး အကျိုးပေးခြင်း မတူကြသည့် တိုင်အောင် ..အများစုအဖို့ ..ကံအခွင့်အားသာမှုရှိချိန်ကား အမှန်ပင်ဖြစ်ပါတော့သည်။
ကောင်းမြတ်သော အကြံအစည် လုံလတို့ဖြင့် ကောင်းမြတ်ခြင်းသို့ တိုင်ကြပါစေသတည်း။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Post a Comment