အချစ်နှင့် ကနဦးအစ ကဗျာပိုး
ကျွန်တော် ငယ်ငယ်တုန်းက ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလေးတွေကို စွဲလမ်းခဲ့ဖူးပါတယ် ။
အရိပ်ကလေးလို အစဉ်ချောက်သူရဲ့
စိတ်အတွေးကို တမင်နှောက်တာလား
သခင်ရောက်ပါလို့ တစ်ဝဲလယ်လယ်
ငွေလသာ အရိပ်ထိုးပြန်ရင်လည်း
နွေညမှာ အအိပ်ခိုးပြန်ပြီပေါ့
စိတ်ဆိုးဟန် တမင်မျက်နှာလွှဲပေမယ့်
စသည်ဖြင့် ….ဆရာ့ကဗျာလေးတွေ တော်တော်များများကို ခုချိန်ထိတိုင်အောင် နှုတ်က တစ်ပိုင်းတစ်စ ရွတ်မိနေဆဲပါ။ အဲဒီ့တုန်းက ကျွန်တော့်အသက်က ဆယ့်လေးငါးနှစ် လူပျိုပေါက်အရွယ်ပေါ့။ တိုက်ဆိုင် ချင်တော့ ရည်းစားဦးကလေးက ရကာစ။ ပိုးစရာပန်းစရာ မိန်းကလေး ရှိလာပြန်တော့ ကျွန်တော် ကိုယ်တိုင် ကဗျာ ပိုးထပြီး ကဗျာ ထစပ်ချင်လာတယ်။ အဲဒီ့မှာ ကျွန်တော့်ကဗျာတွေဟာ ..ကျွန်တော်သိပ်ကြိုက်တဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ လေယူလေသိမ်း ကာရန်အချိတ်မျိုးလေးတွေ ဟန်လေးတွေ ပါလာတယ် ဆိုပါတော့။
ချစ်သူရေ..
နေတော်မူ အိမ်ရှေ့လမ်းပေါ် … အထပ်ထပ်
မီးသွေးလှည်းတွေ ဖြတ်ဖြတ်မောင်းတာမို့ …ညိုလေသလား
ပျိုမေထွား သည်းနုဖြူ ၊ မဲဥသူ မှောင်ကညာနွဲ့..။
အဲသလို စာချိုးမိလို့ …နှစ်ရက်နဲ့ လေးနာရီခွဲလောက် ရည်းစားဖြစ်ပြီးကာစ ..ပူပူနွေးနွေးရည်းစားက ဖြတ်စာ ပေးတာကို ခံခဲ့ရပါတယ်။ ကျွန်တော့်ကိုအပြစ်အရမ်း မတင်လိုက်ကြပါနဲ့။ ကျွန်တော်နဲ့ အဲဒီ့ရည်းစား ပူပူနွေးနွေးလေးက … ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ မို့ပါ။ ဘုစုခရုအရွယ်ကတည်းက .. ပေါင်းလာတဲ့ ငယ်ကျွမ်းတွေဆိုလည်း မမှားပါဘူး။
သူငယ်ချင်းတွေ ၀ိုင်းမြှောက်ပေးရာက ရည်းစားစကားပြောဖြစ်ပြီး ၊ သမီးရည်းစားရယ်လို့ ဖြစ်သွားကြပေမယ့် ..သူနဲ့ကျွန်တော်ကြားမှာက ကယုကယင် ဖြစ်မလာပါဘူး။ ထုံးစံအတိုင်း စိတ်ဆိုးရင် ကျွန်တော်က သူ့ကို မီးသွေးမ လို့ခေါ်တတ်ပြီး၊ သူကလည်း စိတ်မထင်ရင် ကျွန်တော့်ကို ..ငဖောင်ရိုး လို့ခေါ်တတ်စမြဲပါ။ ကဲ ..စာရှုသူများပဲ စဉ်းစားကြည့်ပါ။ ကျွန်တော်က သူ့ကို ဘယ့်နှယ်လုပ်ပြီး နုနုရွရွ စာသားလေးတွေနဲ့ ကဗျာမျိုး ပေးမိပါတော့မလဲ။ အရွှတ်အနောက်သန်တဲ့ အကျင့် ရှိတော့ အဲလို ခနိုးခနဲ့ ကဗျာမျိုးပဲ လက်က ရေးမိပါတော့တယ်။ ဒါနဲ့ သူ ..ကျွန်တော့်ကို တော်တော်တင်းသွားတယ်။ အဲဒီ့မယ် ..မမထွန်းဆိုတဲ့ သူနဲ့အတူ အိပ်တဲ့ အစ်မကြီးက ကျွန်တော့်ကို ဖြတ်စာ လာပေး ပေးရပါတယ်။ ဖြတ်စာကို မှတ်မိသေးတယ်။ ဘာတဲ့..
ဒီမှာ .. စိုးမိုးထွန်း
ငါနင့်ကို မုန်းတယ်..မုန်းတယ်..မုန်းတယ်..မုန်းတယ်..မုန်းတယ်.. ။ နင်လည်း ငါ့လောက်မမဲပေမယ့် ဖြူတဲ့ကောင် မဟုတ်ဘူးဟေ့…။
ပုံ/နီနီဝင်း
တဲ့ ။
အဲဒီ့နာမည်က သူ့နာမည်ရင်းပါ။ နာမည်ရင်းထည့်ရေးတာ သူသိလို့ စိတ်ဆိုးချင်လည်းဆိုးပါစေ။ ကျွန်တော် နာမည်အရင်းအတိုင်းပဲ ထည့်ရေးလိုက်ပါတော့တယ်။ ခုချိန်မှာ ရန်ကုန်နဲ့ ၀မ်းတွင်း အလှမ်းကွာတာမို့ …သူမှန်းကာ ဆဲပါစေဦး ကျွန်တော်မကြားနိုင်။
ရည်းစားကိုမှ ကဗျာပေးတာလား ဆိုတော့ …မဟုတ်။ ကျွန်တော့်ကဗျာပိုးက အကောင်ကြီးလှသည်။ သူငယ်ချင်းတွေလည်း ကဗျာစပ်ပြီး လက်ဆောင်ပေးတတ်ခဲ့သူဖြစ်သည်။ ကျွန်တော်ဘ၀တွင် လက်ရေးမူဖြင့် ပထမဆုံး ကိုယ်တိုင်တစ်ယောက်ထဲ အုပ်ငါးဆယ်ကျော် ဖန်တီးခဲ့သော ကဗျာစာအုပ် နာမည်လေးကို ယခုပြန်သတိရမိသည်။ ဝေဒနာပန်း ကဗျာစာစုများ ဟူသည့် ကဗျာစာအုပ်လေးများပဲ ဖြစ်သည်။
ရေဆေးပန်ချီဆွဲခြင်းဖြင့် စိတ်အပန်းဖြေတတ်သော ဖခင်ဖြစ်သူ၏ စက္ကူဖြူချော အကောင်းစားများကို ..ကစ်ပြီး ရေဆေးအရောင်နုနုလေးများဖြင့် ပါးပါးလေး ခြယ်ကာ အောက်ခံ အရောင်စုံပါသော ကဗျာစာအုပ်လေးများ ဖြစ်အောင် ပင်ပင်ပန်းပန်း လုပ်ခဲ့ရပါသည်။ နောက်..သူငယ်ချင်းများကို လက်ဆောင်လိုက်ပေးသည်။ အချို့သော သူငယ်ချင်းများထံတွင် ကျွန်တော့်ငယ်မူလက်ရာ ကဗျာစာအုပ် ကလေးများကို ပြန်တွေ့ရသော အခါ ရင်ထဲတွင် တစ်မျိုးခံစားရပါသည်။ ကျွန်တော့်ထံတွင်တော့ ဘာလက်ရာမှ မကျန်ခဲ့တော့ပါပေ။ အနှစ်နှစ်ဆယ်ကျော်ခန့်အတွင်း ဖြတ်သန်းလာခဲ့ရသော လောကဓံ တရားသည် ကျွန်တော့်ထံမှ အရာတော်တော်များများကို ဖဲ့ခြွေ သယ်ဆောင်သွားခဲ့ပေပြီ။
အကြောင်းဆက်ရပါလျှင် ..ကဗျာဟူသည်မှာ ကျွန်တော့်အတွက် ငယ်စဉ်ကတည်းက လက်တွဲဖော်လို ဖြစ်နေခဲ့ပါသည်။ မန္တလေးသား ကဗျာဆရာများ ဖြစ်သည့် ဆရာ မောင်သင်းပန်၊ ကိုငြိမ်း(မန္တလေး)၊ ဆရာ ပိုင်စိုးဝေ တို့ကို ကျွန်တော် နှစ်သက်ခဲ့သည်။ ဆရာမင်းလူ၏ တိုတိုနှင့် ထိရှသော ကဗျာလေးများကို မြတ်နိုး နှစ်သက်ခဲ့သလို ၊ ဆရာမောင်စိန်ဝင်း၏ အနွဲ့အနု အဖွဲ့အပြုတို့ကိုလည်း သဘောကျခဲ့မိပါသည်။ ဆယ်တန်းနှစ်တွင် ကျောင်းမဖွင့်မီမှာပင် ရေသည်ပြဇာတ်ကို တစ်အုပ်လုံး အလွတ်ရနေခဲ့သည်။ စာကြိုးစားချင်လွန်းလို့တော့ မဟုတ်။ ဦးပုည၏ အရေးအဖွဲ့နှင့် စာသားများကို အလွန်သဘောကျလွန်း သဖြင့် အထပ်ထပ် ဖတ်မိရာမှ အလွတ်ရသွားခြင်း ဖြစ်သည်။
ဟယ်..သို့သော်လည်း ယောကျာ်း ၊ ကံရှေ့သွား ကံထားရာဟဲ့ ..မနုံနဲ့ပါဘူး ၊ အလှည့်သင့်ချက်ပိုင် ..ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင်နိုင်သေးသပ ၊ ကံဆိုင်လို့တစ်ကယ် ချက်ကောင်းကိုတွယ်မိလျှင် ၊ ရေသည်မောင်မောင် လူနေလှလို့ ၊ ရွှေချသလို ပြောင်လိမ့်မယ်။ ..စသည်ဖြင့်သော အပိုဒ်နေရာကို အကြိုက်ဆုံး ဖြစ်ခဲ့ပါသည်။ စာ အသွားအတက် သွက်လက်ချက်ချာ ညီညာလှသော ပြဇာတ်ကောင်း တစ်ပုဒ်ပါပေ။
အထက်ပါကဲ့သို့ ကဗျာပိုးကြီးလှသော ကျွန်တော့်အား .. ကိုပေါ်လာခေါ် (ကျွန်တော်တို့လူငယ်များက …အပေါ် ..ဟု ချစ်စနိုးခေါ်လေ့ရှိကြသော) .. အစ်ကိုကဲ့သို့ ခင်မင်နေသူတစ်ဦးက ..ကဗျာစာအုပ် တော်တော်များများကို လက်ဆောင် ၀ယ်လာပေးခဲ့ပြန်ပါသည်။
အပေါ်သည် ယင်းအချိန်က အရပ်ထဲတွင် ဓါးပြဂိုဏ်း မှ ဓါးပြဗိုလ် ၊ ဖောက်ထွင်းဝိဇ္ဇာ နာမည်ကြီး တစ်ယောက်ဟု သိုးသိုးသိပ်သိပ် တိုးတိုးတိတ်တိတ် သတင်းရှိခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း အရပ်ထဲတွင် အချမ်းသာဆုံး ဖြစ်သော ကျွန်တော့်မိဘများက ကျွန်တော် အပေါ်နှင့် ပေါင်းသင်းဆက်ဆံ ရင်းနှီးနေသည်ကို မနှစ်သက်ခဲ့ကြပေ။ ကျွန်တော့်ကို ခုတုံးလုပ် ရင်းနှီးအောင်လုပ်ပြီး ..အ၀င်အထွက်ပြုကာ ၊ အကြံရှိမည်ဟု ထင်ခဲ့ကြပေသည်။ သို့သော် အပေါ် ..သည် ကျွန်တော့်အပေါ် ရိုးသားစွာ ခင်မင်ခဲ့ခြင်းသာ ဖြစ်လေသည်။ ယခုထက်ထိတိုင် အပေါ့်အား ကျွန်တော် ကဗျာစပ်ဖြစ်တိုင်း သတိရနေမိဆဲသာ ဖြစ်ပေသည်။ ခုချိန်တွင်မူ အပေါ်တစ်ယောက် … လူလောကတွင် ရှိနေပါသေးရဲ့လားပင် မသေချာတော့ပါပေ။
အတန်းအရွယ် ကြီးလာသည်နှင့်အမျှ .. အလိုလောဘ ၊ အချစ် ၊ အလွမ်း ၊ အသိ စုံလင်လာသလို ၊ ကဗျာများကလည်း ကျွန်တော့်အတွက် အရောင်ပြောင်းလဲလာခဲ့သည်။ ကျွန်တော်၏ ကျောင်းလွယ်အိတ် ထဲတွင် .. ကျောင်းစာအုပ်မှတ်စုများအစား ..ကဗျာမှတ်စုများ၊ တောင်ခြစ် မြောက်ခြစ် ခြစ်ထားသော ကဗျာအတိုအစများက များပြားခဲ့သည်။ ရည်းစားဦးနှင့်ကလည်း မကြာခဏကွဲလိုက် ..ပြန်ဆက်လိုက်နှင့်မို့ ..ကရကဋ်ရာသီဖွား ဖြစ်သော ..ခံစားမှုကို အသားပေးတတ်သည့် ကျွန်တော့်မှာ ကဗျာတွေချည်း ဖြစ်လို့ နေတော့သည်။
အများအားဖြင့်ကတော့ အချစ်အလွမ်း ကဗျာများသာ များခဲ့၏။ သြော် ..ထိုစဉ်တုန်းကတော့ ချစ်လို့ ချစ်ဖို့ ချစ်ကြစို့ရဲ့ ..တွင်တွင် ၊ ကျန်တာဆို ဘာမှမမြင်ခဲ့ပါပေ။ ချစ်သူနှင့် ကွဲလျှင် ကဗျာစပ်သည်။ ချစ်သူနှင့် ပြန်လက်တွဲလျှင် ကြည်နူးသဖြင့် ကဗျာစပ်ပြန်သည်။ ချစ်သူပြုံးသည့်အခါ ကဗျာဖြစ်သည်။ ချစ်သူ မုန်းသည့် အခါလည်း ကဗျာဖြစ်ပြန်သည်။ ၀မ်းနည်းစရာရှိလျှင် မျက်ရည်အလိုလိုကျတတ်သော ကျွန်တော်သည် ၀မ်းသာစရာ ရှိလျှင်လည်း အရွှတ်အနောက် သန်လာတတ်သော ..အနုစားအသိဥာဏ် နှင့် ဘ၀ကနဦးကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။
ထိုစဉ်က စပ်ခဲ့သော ကဗျာလေးများမှာ ဘာမှမဟုတ်သော်လည်း ပြန်ဖတ်မိသောအခါ ပြုံးမိစရာ ဖြစ်နေပါတော့သည်။
ဖ၀ါးလေးတွေ နာတယ်ဆိုလို့
အသည်းနှလုံး ကို ဖိနပ်လုပ်ပြီး
ချစ်သူကို စီးစေခဲ့သူပါ။
ထီးလိုလူ မဟုတ်လို့ဆိုပြီး …
နင်..ခုမှ အပြစ်မြင်ရသလားဟယ်..။
စသည်ဖြင့် ..ကလေးကလား အရွယ်တွင် ကလေးကလား အရုးထခဲ့မိသော ကဗျာပိုးစာပိုးတို့သည် ယခုအခါ တွင်မူ ပြုံးစရာအဖြစ်သာ ။ အင်းလေ …. ခုမှသာ ပြုံးနိုင်တာဖြစ်သည်။ ထိုစဉ်တုန်းကတော့ အသည်းအသန် ခဲမှန် ..ခံစားချက်တွေ ဖြင့် …မြိုင်မြိုင်ကြီး လူးလှိမ့်စပ်ဆိုခဲ့မိခြင်း ဖြစ်ပေမည်။ ဆိုရပါမူ…. အချစ်ကြောင့် ကျွန်တော် ကဗျာ စပ်တတ်လာခဲ့သည်။ အချစ်ကြောင့် ကျွန်တော် အရက်သောက်တတ်လာခဲ့သည်။ အချစ်ကြောင့် ကျွန်တော် (လိုချင်တိုင်းမဖြစ်တတ်သော) ဘ၀ ဟူသည်ကို စတင် သတိပြုမိလာခဲ့ဖူး လေသည်။
ကိုစိုး
၉ ၊ ၅ ၊ ၂၀၁၁
နံနက် ၄နာရီ ၅၁မိနစ်
Post a Comment