ဒီတစ်ခေါက်တော့ ကျွန်တော်တို့ အတိတ်သမိုင်းကို အလည်တစ်ခေါက် ပြန်လျှောက်ကြည့်ကြပါစို့။ ကုန်ဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ သီပေါမင်းတရားရဲ့ မဟာဘုတ်ဇာတာနဲ့ အမည်သညာကို လက်တွေ့ဆန်းစစ် ရေးသားဖော်ပြပေးလိုက်တယ်။
သီပေါမင်းတရားအကြောင်းကို ဆရာဇေယျာမောင်ကလည်း လွန်ခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ်လောက်က သီပေါမင်း၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဒိုင်ယာနာ၊ ဘနာဇီယာဘူတို နှင့် မဟာဘုတ် ဆိုပြီးတော့ မဟာဘုတ် ဗေဒင်ပညာနဲ့ သုံးသပ်တင်ပြသွားခဲ့ပြီးဖြစ်ပါတယ်။ ဆရာ့ရဲ့ အယူအဆများကို သဘောကျမိသလို ..အထူးသဖြင့် ပက္ခများကို စာဖတ်သူတွေ အလေးအနက် ထားမိအောင် အွန်လိုင်းပေါ်မှာ စတင် ရေးသား ခဲ့တဲ့ ဆရာဇေယျာမောင်ကိုလည်း အဲဒီ့ဆောင်းပါးအတွက် ကျေးဇူးတင်ခဲ့မိပါတယ်။
ယခု စာရေးသူ အနေနဲ့ သုံးသပ်ပြချင်တာကလည်း အဆိုပါပက္ခ များ နဲ့ သီပေါမင်းတရားရဲ့ အမည်တော် ပက္ခမိရခြင်းကို မဟာဘုတ်ရှုထောင့်အရ ..ခွဲခြားဆန်းစစ်ပြခြင်း နဲ့ အတိတ်သမိုင်းများနဲ့ တိုက်စစ် လေ့လာ ကြည့်လိုခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေ သိရတော့ကော ဘာအကျိုးရှိမှာမို့လဲလို့ မေးစရာ ရှိပါတယ်။ ဖြစ်ပြီးခဲ့ တာတွေကို ကျွန်တော်တို့ ..ဘာမှပြန်လုပ်လို့ မရတော့ပေမယ့် ..၊ ဖြစ်ပြီးခဲ့တာတွေ ကနေ နောင်တစ်ခေတ်အတွက် သင်ခန်းစာယူစရာတွေတော့ အမြဲ ရရှိနေ နိုင်ပါလိမ့်မယ်။
နှောင်းပိုင်းကာလ မြန်မာ့ခေါင်းဆောင် အကြီးအကဲတွေထဲမှာ စနေသား ရာဇဖွား အကြီးအကဲနှစ်ဦး နီးနီးကပ်ကပ် ရှိခဲ့ပါတယ်။ ပထမတစ်ဦးက မြန်မာပြည်ရဲ့ လွတ်လပ်မှုကို ပျောက်ဆုံးစေခဲ့သူ စနေသား ရာဇဖွား ဖြစ်ပြီး ၊ ဒုတိယတစ်ဦးကတော့ အဆိုပါ ပျောက်ဆုံးနေရစ်ခဲ့သော လွတ်လပ်မှုကို ပြန်လည် ရရှိအောင် ဦးဆောင်ဦးရွက်ပြု ကြိုးပမ်းနိုင်ခဲ့သူ စနေသားရာဇဖွားပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း မြန်မာပြည် သမိုင်းကြောင်းမှာ ( ဗေဒင်ပညာရပ်ပိုင်း သို့တည်းမဟုတ် နာမ်ပိုင်းဆိုင်ရာ ရှုထောင့်အရ ) ..ထူးခြားချက် တစ်ရပ်လို့ ဆိုနိုင်ပါလိမ့်မယ်။
ပထမတစ်ဦးက တော့ ကုန်ဘောင်မင်းဆက် နောက်ဆုံးမင်းဆက် ဖြစ်သော သီပေါဘုရင်မင်းတရား ဖြစ်ပြီး … ဒုတိယ တစ်ဦးကတော့ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပဲ ဖြစ်ပါတယ်။ အဆိုပါ မြန်မာပြည်ရဲ့ အထွဋ်အထိပ် ပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံးဟာ စနေသားရာဇဖွားများ ဖြစ်ကြပြီး ၊ ၄င်းတို့နှစ်ဦး ရဲ့ ပေါ်ပေါက် ထွန်းတောက် လာချိန်ကာလဟာ နှစ်ပေါင်းတစ်ရာဝန်းကျင်မျှ ကွာဟခြားနားမှု ရှိပါလိမ့်မယ်။ ဒီဆောင်းပါး မှာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အဓိက တင်ပြသွားမှာမဟုတ်ပဲ ..သီပေါဘုရင် မင်းတရား အကြောင်းကိုသာ ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်အရ တင်ပြရေးသား သွားမှာ ဖြစ်ပါကြောင်း ။
သီပေါဘုရင်မင်းတရား ၏ မူလမဟာဘုတ်ဇာတာ
အဓိပတိ ၆ (သီ) | ||
အထွန်း ၁ | သိုက် ၄/၈ | ရာဇ ၀ |
မရဏ ၅ (ပေါ) | ဘင်္ဂ ၂ | ပုတိ ၃ |
သီပေါမင်းတရားကို ..မြန်မာသက္ကရာဇ် ၁၂၂၀ ခုနှစ် ၊ နတ်တော်လပြည့်ကျော် (၁၂) ရက် ၊ စနေနေ့ နံနက် ၇နာရီ ၁၅မိနစ်တွင် ဖွားမြင်သည် ဖြစ်ခြင်းကြောင့် မဟာဘုတ်ဇာတာဖွဲ့သော် ၊ ၂ခုကြွင်း စနေသား ရာဇဖွား ဖြစ်ပေသည်။
အမည်သညာ၏ နာမည်အရင်းစာလုံး သီ သည် သောကြာဂြိုဟ် နံ့သင့်အက္ခရာ ဖြစ်ပြီး ဖွားဇာတာ မဟာဘုတ်ခွင် ၏ အဓိပတိဌာနတွင် ရပ်တည်ထားသည်။ (အနီရောင်ဖြင့်ပြထားသည်)
အနာဂတ် ကံအကြောင်းတရားတို့ကို အထူးပြု ဖော်ပြသော နာမည်အဖျားစာလုံး (ပေါ) သည် ဖွားဇာတာ မဟာဘုတ်ခွင် ၏ မရဏဌာနတွင် ရပ်တည်နေပေသည်။ (အပြာရောင်ဖြင့်ပြထား၏)
မွေးနံစနေသည် ရာဇဌာနတွင် ရပ်တည်သည်။ (အစိမ်းရောင်)
ဟုတ်ပြီ ။ ဘယ်ကစလေ့လာကြမလဲ ။ နာမည်အရ ကာရက ခွဲမယ်ဆိုရင် သီပေါ ဆိုတဲ့နာမည်ဟာ ၊ (၆+၅) သြကာသကာရက အမည်အမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ အဲဒီ့သြကာသ ကာရက အမည် အမျိုးအစား ဖြစ်ခြင်းကနေ စလေ့လာကြပါမယ်။
သြကာသကာရက = ( တည်ရာမှီရာ၏ သဘော ၊ မပြီးမပြတ်သေးသည်ကို ဆက်လက် ဆောင်ရွက် လိုသည့်သဘော )
အထက်ပါဖွင့်ဆိုချက်ကတော့ ဗေဒင်လေ့လာသူအားလုံး သိပြီးဖြစ်တဲ့အတိုင်း ၊ ဆန်းကျမ်းဗေဒင်လာ .. ကာရက သဘော ဖွင့်ဆိုချက်များထဲမှ သြကာသကာရက ကို ဖွင့်ဆိုထားတဲ့ အနက်ပဲ ဖြစ်ပါတယ်။ ဒါကို စာရေးသူရဲ့ အတွေ့အကြုံအတွေးအမြင်အရ အောက်ပါအတိုင်း အနက်ကို အကျယ်ဖွင့်ဆိုထားပါတယ်။
သြကာသကာရက အမည်၏ သဘာဝ ။ ။ တစ်ပိုင်းတစ်စများ ၊ အားကိုးအားထားပြုလိုမှုများ ၊ အထောက်အပံ့များ ၊ မပြီးမြောက်ခြင်းများ ၊ နေရာဌာနဆိုင်ရာ အချင်းအရာများ ၊ ကျားကန် ထောက်ပံ့ ပေးထားသော ဒေါက်တိုင်များ ။ လမ်းခုလတ်တွင် ရပ်နားထားရခြင်းများ ။ အရိပ်အာဝါသ ။ …စသည်ဖြင့် ဆိုပါစို့ ။
သြကာသကာရက အမည်၏ သဘာဝ ။ ။ တစ်ပိုင်းတစ်စများ ၊ အားကိုးအားထားပြုလိုမှုများ ၊ အထောက်အပံ့များ ၊ မပြီးမြောက်ခြင်းများ ၊ နေရာဌာနဆိုင်ရာ အချင်းအရာများ ၊ ကျားကန် ထောက်ပံ့ ပေးထားသော ဒေါက်တိုင်များ ။ လမ်းခုလတ်တွင် ရပ်နားထားရခြင်းများ ။ အရိပ်အာဝါသ ။ …စသည်ဖြင့် ဆိုပါစို့ ။
အထက်ပါဖွင့်ဆိုချက်နဲ့ ပတ်သက်လို့ …စာရေးသူ အနေနဲ့ ကျမ်းရိုးကို ဖောက်ပြန်ခြင်း မဟုတ်ကြောင်း ၊ ကျမ်းရိုးအဆိုကို ချဲ့ထွင် အသုံးပြုနိုင်ရန် ကြိုးပမ်းထားမှုသာ ဖြစ်ကြောင်းလည်း တစ်ဆက်တည်း ပြောလို ပါတယ်။
ကောင်းပြီ ၊ ကာရကရဲ့သဘောလည်း သိပြီမို့ …သီပေါမင်းတရားဟာ နာမည်တော် (သြကာသကာရက အမည်ဖြစ်သည့်အတွက်) ၊ ၄င်းရဲ့ နာမည်အရ ..ဘ၀မှာ
(၁) တစ်ပိုင်းတစ်စ ဖြစ်ရပ်များ ၊ အဆုံးတိုင်မပြီးမြောက်သော ဖြစ်ရပ်များ ကြုံတွေ့ရမည်။
(၂) သူ၏ ဘ၀တွင် အားကိုးအားထားပြုရမည့်သူများ ၊ နောက်ကွယ်မှထောက်ခံအားပေးမည့်သူများ၊ နေရာဌာနဆိုင်ရာ အကြောင်းအရာများသည် အလေးအနက်ဖြစ်သော ဘ၀အစိတ်အပိုင်းများ ဖြစ်လာမည်။
အထက်ပါအချက်များကို သြကာသကာရက အမည်ဖြစ်ခြင်းကနေ တစ်ဆင့် စာဖတ်သူတို့ ခန့်မှန်းသိရှိ နိုင်ပြီလို့ ယူဆပါတယ်။ (အခြားသော သြကာသကာရက အမည်ပိုင်ရှင် အားလုံးဟာလည်း အထက်ပါ ကဲ့သို့သော ကံအကျိုးပေးမျိုး နဲ့ ဘ၀ခရီး မှာ ကြုံတွေ့ရပါမယ် )
သီပေါမင်းတရားရဲ့ ကံဇာတာကို ကြည့်ကြပါစို့ ။
သီပေါဘုရင်လောင်းလျာလေးဟာ နဂိုမူလက သာသနာ့ဘောင်မှာ စံခွင့်ရတဲ့ ဘုရားရှင်ရဲ့ သားတော်တစ်ပါး ဖြစ်ပါတယ်။ ဒီဘ၀ဒီခရီးကို …လမ်းခုလတ်မှာပဲ ရပ်ပြီး ၊ …ရှင်လူထွက်လို့ ဘုရင် ဖြစ်လာရတဲ့ သူပါ။ သြကာသကာရကအမည်ဟာ ..လူတစ်ယောက်ကို ..ခရီးလမ်းအဆုံးထိ လျှောက်လှမ်းခွင့် မပြုတတ်ပါ။ ဒီအချက်ဟာ အင်မတန်မှတ်သားစရာကောင်းပြီး ၊ ဒီလောကမှာ ရှိသမျှသော သြကာသကာရက အမည်ရှင်များ အနေနဲ့လည်း သတိပြုစရာ အချင်းအရာပဲ ဖြစ်ပါတယ်။
တစ်ချို့သော စာဖတ်သူတို့က မေးစရာရှိပါမယ်။ ဘာဖြစ်လဲ ၊ ဘုရင်ဖြစ်တာ ကံကောင်းလို့ပေါ့ ။ သာသနာ့ဘောင်ထက် ပိုကောင်းကောင်းနေရတာပေါ့ …မဟုတ်ဘူးလား ..စသည်ဖြင့် တွေးကောင်း တွေးလာနိုင်ပါတယ်။ မဟုတ်ပါ။ အမှန်အားဖြင့်ကတော့ မြင့်မြတ်သောဘောင်နဲ့ မတန်တော့လို့ မာန်လျော့ စိတ်ကျ သိက္ခာတော်ချပြီးမှ လူ့ဝတ်ကြောင်ဘ၀ကို ပြန်ရောက်လာတာပါ။ ဘုရင်ဖြစ်ရခြင်းထက် ကိုရင် ဖြစ်ရခြင်းက ပိုမိုခက်တယ် ဆိုသလိုပါပဲ ။ မြင့်မြတ်ပုံခြင်းလည်းမတူနိုင်ပါ။
ဟုတ်ပြီ ၊ ထားတော့ ။ ဘုရင်ဘ၀ရောက်တော့ကော …ဘုရင်အဖြစ်နဲ့ခရီးလမ်းအဆုံးထိ လျှောက်လှမ်းခွင့် ရခဲ့ပါသလား ။ မရရှာပါ။ နန်းစံသက် ..ခုနှစ်နှစ်ခန့်တွင် ..ရွှေနန်းစည်းစိမ်ကို စွန့်ခွာရလျှက် …ပါတော်မူရ ရှာခဲ့သည်။
အဆုံးတိုင် မပြီးမြောက်ရခြင်းတည်း ဟူသော သြကာသကာရက အမည်၏သဘာဝသည် …မင်းတရား၏ ဘ၀ခရီးတွင် အထူးထင်ရှားစေခဲ့ပေသည်။
ဒုတိယအချက်အားဖြင့် မင်းတရား၏ ဘ၀တွင် အားကိုးအားထားပြုစရာများ ၊ နောက်ကွယ်မှ ထောက်ခံ ပေးမည့်သူများနှင့် ဆိုင်သော ကံအကြောင်းတရားမှာ ထူးခြားလှပေသည်။
ဤနေရာတွင် …အမည်သညှာကို ထပ်မံပြီး အနုစိတ် ခွဲခြားဆန်းစစ်ရသော်…
ဤနေရာတွင် …အမည်သညှာကို ထပ်မံပြီး အနုစိတ် ခွဲခြားဆန်းစစ်ရသော်…
အမည်အရင်းစာလုံး (သီ) သည် ..ဇာတာရှင်စနေသားအတွက် …ကမ္မကာရကဂြိုဟ် ဖြစ်ပြီး ၊ အမည်အဖျား စာလုံး (ပေါ) သည်မူ ..စနေသားအတွက် .. သာမိကာရက သဘာဝ ဆောင်သော ပညတ်များ ဖြစ်ကြ၏။
အဆိုပါအချက်များကို ထင်ရှားစွာ မြင်သာအောင် အောက်ပါဇယားဖြင့် ခွဲခြားပြထားပါသည်။
အမည်တစ်ခုလုံး | သောကြာနံ + ကြာသာပတေးနံ | သြကာသကာရက သဘာဝ | အဆုံးတိုင် မပြီးမြောက်ခြင်း၊ နေရာဌာန ၊ အားကိုးအားထား ဆိုင်ရာ အချင်းအရာများ |
အမည်အရင်း (သီ) | သောကြာနံ | ကမ္မကာရက သဘာဝ | မဆီမဆိုင် ၊ မရည်ရွယ် မထင်မှတ် ၊ သူတစ်ပါး ပြုသည်ကို မိမိက ခံစား စံစား ရခြင်း |
အမည်အဖျား (ပေါ) | ကြာသာပတေးနံ | သာမိကာရက သဘာဝ | သူတစ်ပါး အစပျိုးထား သည်ကို မိမိကဆက်ခံရခြင်း ၊သူတစ်ပါး၏ အချင်းအရာကို မိမိက ပိုင်ဆိုင်ရခြင်း |
အပြာရောင်ဖြင့် ပြထားသော အမည်တစ်ခုလုံး နှင့် အမည်ပညတ်တစ်ခုချင်းဆီ ၏ အကျိုးပြုတတ်သော သဘာဝတို့ကို လေ့လာဖတ်ရှုကြည့်ပါ။ သီပေါ ဟူသော အမည်သည် စနေသား အတွက် အထက်ပါ အချင်းအရာများဖြင့် ဘ၀ခရီးကို လျှောက်လှမ်းရမည်ကို ဖော်ပြပေသည်။ အကြောင်းတိုက်ဆိုင်သဖြင့်.. အခြားသော အမည်ကို သောကြာနံ (သ၊ဟ) ဖြင့်အစပြုပြီး …ကြာသာပတေးနံ ( ပ၊ ဖ၊ ဗ ၊ဘ ၊ မ) ဖြင့် မှည့်ခေါ်ထားသော စနေသားသမီး မှန်သမျှ ကိုလည်း အထက်ပါအတိုင်း ကံအကျိုးသွားဖြင့် ဘ၀ခရီး လျှောက်ရမည် ဖြစ်ကြောင်း မောင်ဖုန်း သည်ဆောင်ပါးကနေတစ်ဆင့် လက်ဆောင်ပါး လိုက်ရပါသည်။ ဤသည်မှာ နေ့နံနှင့် ဂြိုဟ်ကာရကများအရ ..သုံးသပ်ခြင်းသာ ဖြစ်သေးခြင်းကြောင့် မည်သည့်မဟာဘုတ် အကြွင်းဖွား စနေသားမဆို နာမည်ကို အထက်ပါကဲ့သို့ မှည့်ခေါ်ထားပါမူ .. အဆိုပါကံအကြောင်းတရားတို့ နှင့် မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်ရစမြဲပင် ဖြစ်သည်။
ယခု…မြန်မာမင်းဆက်၏ နောက်ဆုံးမင်းဆက် ဖြစ်သော သီပေါဘုရင်မင်းတရားမှာလည်း အဆိုပါကံကို မလွှဲသာပေ ။ ဘုရားရှင်၏ သားတော်ဘ၀ ၊ ရွှေနန်းစည်းစိမ်ခံစားရမည့် ရှင်ဘုရင် ဘ၀ တို့ကို အဆုံးတိုင် လျှောက်လှမ်းခွင့် မရခဲ့ရှာ ။ ထို့အတူ ..သူတစ်ပါးကိုယ်စား မိမိက ခံစားရခြင်း ၊မဆီမဆိုင် သူတစ်ပါး အကြောင်းတရားကို မိမိကဆက်ခံခွင့်ရခြင်း တည်းဟူသော ကံအရလည်း …ရှင်ဘုရင်တည်းဟူသော အထွဋ်အထိပ် အရိုက်အရာကို ရရှိလာခဲ့သူတစ်ဦး ဖြစ်သည်။ အဘယ်ကြောင့်နည်း ။
အမှန်တစ်ကယ်တမ်းမူ ရှင်ဘုရင်ဖြစ်ထိုက်သော ညီတော်နောင်တော် အပါးသုံးဆယ်ကျော်ကို ကျော်လွှား ခုန်လွှားပြီး နန်းတင်နန်းမြောက် ဘာမဆိုင်ညာမဆိုင် ရှင်ဘုရင်ဘ၀ ရောက်ရှိလာခဲ့ရခြင်းမျိုး ဖြစ်သည်။ (သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်ကြပါ။) ကိုယ်တိုင်အားထုတ်စရာမလိုပဲ သူတစ်ပါးတို့က ၀င်ရောက် စီရင်ပေးခြင်း ၊ ထောက်ခံအားပေးခြင်း ၊ တင်မြှောက်ခြင်းဖြင့် သက်တောင့်သက်သာ ဘုရင်ဘ၀ ရောက်ရသည့်ကံမှာ ..အမည်အရလည်း ထင်ရှားစွာ ပါရှိသဖြင့် … မှတ်သားသင့်သော အချက်တစ်ရပ်ဟု ဆိုနိုင်ပေသည်။
ဆက်လက်ရေးသား တင်ပြပေးပါမည်။ ဒုတိယပိုင်းတွင် မဟာဘုတ်ခွင် နှင့် အထက်ပါအမည်အရ ကံတရား အကျိုးပြုတတ်ပုံ ၊ ပက္ခများ၏ ဆက်စပ်ပုံ အချင်းအရာတို့ကို ဆက်လက်ရေးသားအပ်ပါမည်။
ဆောင်းပါးအလွန် ရှည်နေသည့်အတွက် တစ်ဆက်တည်းမဖော်ပြနိုင်ခြင်းကို တောင်းပန်အပ်ပါကြောင်း။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
Post a Comment