သောကြာသားသမီးများ အတွက် မြန်မာခုနှစ် ၁၃၇၃ခုနှစ် ကံဇာတာ

Friday, May 27, 2011

၁၃၇၃ခုနှစ် ဟူသည်မှာ သောကြားသားသမီး ဇာတာရှင်များအတွက်တော့ …

အကျိုးစီးပွား အ၀၀ ကို ရှေးယခင်ကာလများထက် ပိုမို ..ပိုမိုပြီးရှာဖွေနိုင်ခွင့် ရရှိလာမယ့် ကောင်းမြတ်သော နှစ်တစ်နှစ် ဖြစ်ပါမယ်။ သည်လိုအချိန်အခါ သမယမျိုးမှာ သောကြာသားသမီး  ဇာတာရှင်များဟာ မိမိတို့ရှေးရှုဦးတည်ထားရာ အကျိုးစီးပွားတို့ကို သင့်တင့်လျော်ကန်သော နည်းလမ်းများ အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေကြိုးကုတ် သင့်လှပါတယ်။ 


မနှစ်ကတုန်းက သောကြာသားသမီးတွေဟာ အကျိုးစီးပွားရှာဖွေရာမှာ အဖုအထစ်တွေ ၊ အတားအဆီးတွေ ၊ ဟန့်တားခံရမှုတွေ နဲ့ ကံမကောင်းအကြောင်းမလှမှုတွေ များပြားခဲ့ ရတတ် ပေမယ့် ..သည်တစ်နှစ်မှာတော့  ပိတ်လှောင်ထားတဲ့ ပုလင်းဖုံးကို ဖွင့်ပြီး အပြင်လောကကို ထွက်ခွာခွင့် ရလိုက်သလို … လွတ်လပ်ကျယ်ပြန့်စွာ မိမိတို့အကျိုးစီးပွားကို ရှာဖွေခွင့်ရရှိ လာပါတယ်။ ဟိုးယခင်တုန်းက  အပ်တစ်ချောင်း စာလောက် အကျိုးစီးပွားကို ရှာဖွေဖို့ခက် နေပေမယ့် သည်တစ်နှစ်တော့ ၀ါးတစ်လုံးစာလောက် အကျိုးစီးပွား ကို ရှာဖွေရရှိလာနိုင်ပါတယ်။

သည်လိုဟောကိန်းကို ဖတ်မိလို့  ..ငါတို့တော့ လုပ်ချင်ရာလုပ် ဖြစ်ပြီ ဆိုပြီးလည်း မမှတ်လိုက်ကြပါနဲ့။ အဓိက သတိပြုမိဖို့လိုတာက …သည်တစ်နှစ်ဟာ ထူးထူးခြားခြား အကျိုးစီးပွားကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေခွင့်ပေးနေတယ် ဆိုတာလေး သတိပြုမိဖို့ လိုအပ်ပါတယ်။

(ဒီနေရာမှာ တစ်ချို့သော ..စာဖတ်ပရိသတ်တွေက အကျိုးစီးပွားဆိုတာနဲ့ ငွေ ပဲ လို့ တစ်ထစ်ချ မှတ်ယူနေကြတာကို တွေ့ရပါတယ်။ မဟုတ်ပါ။ အကျိုးစီးပွား ဆိုတာ အမျိုးမျိုး အပြားပြား ရှိပါတယ်။ ပညာရှာနေဆဲ ကျောင်းသားတစ်ယောက် အတွက်တော့ သူ့ရဲ့အကျိုးစီးပွား ဆိုတာက ပညာတွေ ဖြစ်ပါလိမ့်မယ်။ ငွေရှာနေတဲ့ လုပ်ငန်းသမားတစ်ယောက် အတွက်ကတော့  သူရဲ့အကျိုးစီးပွား ဆိုတာက ငွေပေါ့။ တက်လမ်းကို ကြံစည်ကြိုးကုတ်နေတဲ့ ၀န်ထမ်းကောင်း တစ်ယောက်အတွက်တော့ သူရဲ့အကျိုးစီးပွား ဆိုတာက ရာထူးတိုးတက်ရေးဆိုင်ရာ အကျိုးစီးပွားမျိုး ဖြစ်ပါတယ်။ လောကီနယ် က သူတွေအတွက် လောကီအကျိုးစီးပွား ၊ လောကုတ္တရာနယ်ပယ်မှာ အားထုတ်နေသူများ အတွက်တော့ လောကုတ္တရာ အကျိုးစီးပွား ..စသည်ဖြင့် တိုးပွားကျယ်ပြန့်လာမယ့် အချိန်ကတော့ အမှန်ပဲ ဖြစ်ပါတယ်။  ကောင်းပြီ ၊ အခြားကဏ္ဍလေးတွေကိုလည်း …အသီးသီး ဆက်လက်ရေးသား ဖော်ပြပေးလိုက်ပါတယ်။ ဖတ်မှတ် တွေးဆနိုင်ကြပါကြောင်း ။

အလုပ်အကိုင် နှင့် အသက်မွေးမှု ကံဇာတာ

သောကြာသားသမီးတွေအတွက် သည်ယနှစ်  မြန်မာခုနှစ် ၁၃၇၃ခုနှစ် ဟာ   အထက်မှာ ဖော်ပြပြီး ဖြစ်သည့်အတိုင်း ဆိုင်ရာ အကျိုးစီးပွားအရပ်ရပ်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနိုင်ခွင့် ရရှိချိန်  ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြား ဆိုင်ရာ အကျိုးစီးပွားတွေ၊ ကိုယ်စားလှယ်ဆိုင်ရာ အကျိုးစီးပွားတွေ ၊ လောကုတ္တရာ ဆိုင်ရာ အကျိုးစီးပွားတွေ မှာ ပိုမိုပွားစီးနိုင်ကြသော ကာလဖြစ်ပါတယ်။ ဒီ့ထက် ထူးခြားတာကတော့  ကံတရားအရ ကံစီမံပေးသော အကျိုးတရား မျိုးတို့ ပိုမို ရရှိခံစားရတတ်သော ကာလလို့ ဆိုနိုင်ပါတယ်။

 အထူးသဖြင့် နာမည်အဖျားစာလုံးကို စနေနံ (တ၊ထ၊ဓ၊ဒ၊န) ဖြင့်မှည့်ခေါ်ထားသော သောကြာ သားသမီးများ အဖို့  ..အခြားဒသာ၊ သက်ရောက်၊ ဂြိုဟ်အိပ် ကာလများပါ ..ကြောင်းကျိုး ညီညွတ် တိုက်ဆိုင်လာခဲ့မယ်ဆိုရင် ဒီနှစ်ဒီအချိန်ဟာ ..အကျိုးစီးပွား အဖွံ့ဖြိုးဆုံး ကာလတစ်ခု ဖြစ်လာစေ ပါလိမ့်မယ်။

အများစုသော သောကြာသားသမီးများ အနေနဲ့လည်း  အနဲနဲ့အများဆိုသလို မိမိတို့ မျှော်လင့်ရှာဖွေရာ အကျိုးစီးပွားတို့ကို ယခင်ကာလများထက် ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေ နိုင်လာမယ့် ကာလပါပဲ ။ သက်ဆိုင်ရာ လုပ်ငန်းခွင်များ မှာ တစ်ခုသတိပြုဖို့ကတော့ .. ကိုယ့်အတွက် မဟုတ်ပဲ သူတစ်ပါး ကြောင့် အထက်လူကြီးများရဲ့ ငြင်ငြိုမှုကို ခံရတတ်ခြင်းကံ ရှိနေတာကို သတိပြုကြဖို့ပါပဲ။

မေတ္တာရေးရာ ကံဇာတာ

မေတ္တာရေးရာ အခြေအနေကတော့ သည်တစ်နှစ်မှာ .. ကိုရွှေမြားနတ်မောင် က .. လက်သရမ်းပြီး လေးညှိ့ကို အသားကုန်တင်လို့  … (ရောက်ချင်ရာရောက်ကရော …ဝေးဝေးကို …သွားရောဟဲ့) ဆိုပြီး  မြှားတံကို ပစ်လွှတ်နေတာ တွေ့လိုက်ရပါတယ်။ ဒါကြောင့် ..ဒီတစ်နှစ် မေတ္တာရေးရာ ကံဇာတာက  အများစုအဖို့  မကောင်းလှတဲ့အခြေဆိုက်လာပါတယ်။

ချစ်မှုရေးရာ နဲ့ မေတ္တာရေးမှာ ..အခက်အခဲ အတားအဆီးများ ၊ စွန့်လွှတ်ရ ..  ဆုံးရှုံးရမှုများ ၊ ခွဲခွာ ကွဲကွာ ရမှုများ မကင်းနိုင်သော ကာလကို ရောက်ရှိလာပါတယ်။ အများစုအဖို့ ..အဆိုပါကံ အချင်းအရာမျိုးနဲ့ ကြုံတွေ့ရနိုင်ပြီး ..အနဲစုသော သောကြားသားသမီး အချို့ကတော့ ..အောက်ပါ အချင်းအရာတို့မှ အကြောင်းတရား တစ်ပါးပါးနှင့် တိုက်ဆိုင်နေသော ဖူးစာဖက် ချစ်သူမျိုးနဲ့ ကြုံတွေ့ လာရတတ်ပါတယ်။

လူမျိုးကွဲ ..ဘာသာကွဲ
မိမိ နှင့် ဓလေ့ထုံးစံ အလွန်ကွာဟသူ
အသက်အားဖြင့် ဖြစ်စေ ..အလွန်ကွာဟသူ
ပတ်ဝန်းကျင် အသိုက်အ၀န်းမှ လက်ခံနိုင်ဖွယ်ရာ မရှိသော ချစ်သူ
အိမ်ထောင်ရှိပြီး ဖြစ်သူ
လိင်တူဖြစ်သော ချစ်သူ
..စသဖြင့်သော ဖူးစာဖက် ကြင်ဖက်သက်လျာ မျိုးနဲ့ ဆုံတွေ့ ကြုံကြိုက်ရတတ်သော ကာလမျိုး ဖြစ်ပါတယ်။ အောက်ဆုံးအကြောင်းအရာ နှစ်မျိုးကတော့ ဖြစ်ခဲသလို ၊ ရှောင်နိုင်မှလည်း ပြသနာနဲမယ့် အချင်းအရာ နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။ အဲဒီ့လိုပါပဲ အများစုက ၀ိုင်းကျဉ်ထားရပြီး လူ့ထော်လော်ကန့်လန့် ၊ လူ့ဂွစာ လို့ ဆိုနိုင်သူမျိုး နဲ့လည်း နဖူးစာမှင်ရည် စိုလို့ .. ရွှေမေတ္တာတော် ပိုမို နိုင်ပါသေးတယ်။

အဓိကကတော့ ဒီတစ်နှစ်ဟာ မေတ္တာရေးရာမှာ အခက်အခဲလေးတွေ ရှိနိုင်ကြောင်း သိရှိထားရပါမယ်။ အိမ်ထောင်ရှင်များအဖို့လည်း မောင်တစ်ရွာ မယ်တစ်မြို့ ခွဲခွာနေထိုင်ရမှုများ ကျရောက်လာတတ်သလို ၊ အိမ်ထောင်ဖက် ဖြစ်သူ မကျန်းမာခြင်း၊ ခရီးဝေးခရီးရှည်ထွက်ရခြင်း၊ စသဖြင့် ကြုံကြိုက်လာရ တတ်ပါတယ်။ အလားတူပဲ ..ဒီနှစ်ထဲမှာ ကိုယ့်အိမ်ထောင်ဖက်က ထူးထူးခြားခြား ..ဂလန့် တိုက်လာတာ ၊ ကိုယ့်အိမ်ထောင်ဖက်မှာ ကံအညံ့ကြုံလာတာ သို့တည်းမဟုတ် ပင်ပင်ပန်းပန်းနဲ့ ရုန်းကန် လှုပ်ရှား နေရတာမျိုးကို တွေ့မြင်နေရတတ်ပါတယ်။

ကျန်းမာရေးရာ ကံဇာတာ

အုန်းသီးပါသော အစားအစာများ ၊ အလွန်ပူသော စပ်သော အစားအစာများကို စားသုံးခြင်း အားဖြင့် မလွှဲဧကန် ..ကျန်းမာရေးထိခိုက်မှု ကြုံရတတ်သော ကာလဖြစ်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေနေ့များမှာ ကျန်းမာရေး ထိခိုက်စရာ အကြောင်းတွေ ပိုမို ဖြစ်ပွားရန် လွယ်ကူ နေတတ်ပါတယ်။ ဂရုပြုပါ။ သာမန်အားဖြင့်ကတော့ အပူအအေး (တေဇောဓါတ်) လွန်ကဲမှု ၊ ဖောက်ပြန်မှုကြောင့် ဖြစ်ပွားရတဲ့ ကျန်းမာရေးညံ့မှုလေးတွေ ရှိတတ်ပြီး ၊ ဦးနှောက်နဲ့ အာရုံကြောပိုင်း ဆိုင်ရာ အားနဲတတ်သော ကာလလည်းဖြစ်ပါကြောင်း။ ကျန်းမာရေး အညံ့ကြုံ နေသူများ အဖို့ (လိမ္မော်နီရောင်) တွေနဲ့ ဖြစ်နိုင်သမျှ ဝေးဝေးမှာနေပါ။

ပညာရေးရာ ကံဇာတာ

ပညာရေးရာ ကံဇာတာမှာတော့ သောကြာသားသမီးများ အဖို့ ပညာရှာလို့ အလွန်သင့်လျော်သော ကာလတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြား တိုင်းပြည်များမှာ ပညာတော်သင် သွားရန် ရည်ရွယ်ကြိုးပမ်း နေကြကုန်သော သောကြာသားသမီးများ အတွက် အထူးပဲ အကျိုး ပွားစီးနိုင်သော ကာလဖြစ်ပါတယ်။ အဲဒီ့လိုပဲ ဆရာကောင်းသမားကောင်း ၊ အကြီးအကဲ ကောင်းများ ၊ ပညာရှင်များရဲ့ အထောက်အပံ့ အကူအညီကောင်းများ ကိုလည်း ရရှိခံစား ရနိုင်သော အချိန်ပါပဲ။

လူမှုရေးရာ ကံဇာတာ 

ကိုယ်မျှော်လင့်မထားတဲ့ ရန်သူအတိုက်အခံ ၊ အပြိုင်အဆိုင်လေးတွေ ကြုံရတတ်ချိန်ပါ။ ရပ်ဝေးမြေခြားမှ  သူတစ်ချို့နဲ့ ရင်းနှီးခင်မင် ဆက်ဆံရတတ်ပြီး ၊ ကိုယ်နဲ့အရမ်းရင်းနှီးသူ အချို့နဲ့လည်း ခွဲခွာရတတ်သော ကာလဖြစ်လာပါတယ်။ အလားတူပါပဲ ..ယခင်က ကိုယ်ကြည်ညိုလေးစားရသူအချို့နဲ့လည်း အဆင်မသင့်မှုလေးတွေ ကြုံလာရတတ်ချိန်ပါ။

လာဘ်လာဘ နှင့် ထီ ကံဇာတာ
သည်တစ်နှစ်ရဲ့ လာဘ်လာဘနဲ့ ထီကံဇာတာမှာ  ..သောကြာသားသမီးများအဖို့ ကံကောင်း ထောက်မမှုနဲ့ မျှော်လင့်ခွင့်  အရရှိကြဆုံး ဖြစ်ပါလိမ့်မယ်။  မွေးနေ့ မွေးရက်မှာ ကြာသာပတေး ထောင့်မှာ ထန်းညွှန့် (၁၀) ညွန့်လှုပြီး .. အပြန်မှာ စနေနံ သောကြာနံ ထီဆိုင်တစ်ခုခုမှာ ဖြစ်စေ ထီကံစမ်းသင့်ချိန်ပါ။ အနဲဆုံး ထီမပေါက်တောင် ..လာဘ်လာဘ ရွှင်နိုင်တာမို့ ..ပြုသင့်လှပါတယ်။ ဘာသာခြားများ အဖို့တော့ ..အနက်ရောင် အ၀တ်အစားဝတ်ဆင်ပြီး ၊ အနောက်တောင်အရပ်မှာ ရှိတဲ့ ထီဆိုင်တစ်ဆိုင်ဆိုင်မှာ သွားရောက် ထီကံစမ်းနိုင်ပါတယ်။ အဲဒီ့လိုပဲ .. သစ်သီးဝလံ အချို့ကို မိမိကြည်ညိုလေးစားရသော အကြီးအကဲ အချို့ကို လက်ဆောင်ပေးပြီး မှ ထီကံစမ်းပါ။ ဂဏန်း အားဖြင့်ကတော့  ၆ ဂဏန်း  ၊ ၇ ဂဏန်း၊ နဲ့ ၀ ဂဏန်း များပါအောင် ထီထိုးကံစမ်းပေး သင့်ပါကြောင်း။

အမည်များ နှင့် ကံဇာတာ

အခြားနေ့နံများနည်းတူ သောကြာသားသမီးများ အတွက်လည်း နာမည်အဖျားစာလုံး     (နာမည်တစ်ခု၏ အဆုံးသတ်စာလုံး) ကို မူတည်ပြီး ကံဇာတာစစ်ဆေးရတဲ့နည်းနဲ့ ..ခွဲခြား ဟောဆိုပေးလိုက်ပါတယ်။ ဖတ်ရှုကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်မိပါကြောင်း ။

(၁)  နာမည်အဖျားစာလုံး တနင်္ဂနွေနံ ( အ၊ ဥ) ဖြင့် မှည့်ခေါ်ထားသော သူများအတွက်

ကိုယ့်ကြောင့် မဟုတ်ပဲ သူတစ်ပါးကြောင့် အကြီးအကဲများက ကိုယ့်ကို ညူစူငြင်ငြိုမှု ခံရတတ်ပါတယ်။ လုပ်ငန်းခွင်တွေမှာလည်း အထက်အရာရှိက ကိုယ်နဲ့မဆိုင်ဘဲ ကိုယ့်ကိုပါ နှာကစ်ပြီး ခပ်ညစ်ညစ်လုပ်တာမျိုး ကြုံရတတ်တဲ့အချိန်ပါ။ ကံဇာတာအခွင့်အားသာမှု ရှိသော ခုနှစ်ဖြစ်ပေမယ့် နာမည်ရဲ့ရပ်တည်မှုအရ .. အားနည်းချက် အနဲငယ်ရှိသော ကာလလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး ပိုင်းဆိုင်ရာမှာလည်း သတိပြုရပါမယ်။ ကျန်းမာရေး ထိခိုက်ရန် လွယ်ကူသောကာလဖြစ်ပြီး အပူအအေး လွန်ကဲသော အစားအစာများ ဥပမာ .. ရေခဲမုန့်၊ အာပူလျှာပူ ကဲ့သို့သော အစားအစာများ အလွန်အကြူးမစားမိအောင် ဂရုပြုသင့်တဲ့ ကာလပါ။ မင်းအစိုးရများနဲ့ ဆိုင်တဲ့ ကဏ္ဍတွေမှာလည်း ဂရုပြုရမယ့် အချိန်ပါ။ အဓိက ကတော့ သည်တစ်နှစ်မှာ .. ကိုယ်ရဲ့ အလုပ်အကိုင်ကဏ္ဍ ၊ အိုးအိမ်နဲ့ မိသားစုရေးရာ ကဏ္ဍ ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍ အရပ်ရပ်တွေမှာ ပြုပြင်ပြောင်းလဲမှုလေးတွေ ၊ အစဉ်အလာပိုင်း ဆိုင်ရာ ပြောင်းလဲရမှုလေးတွေ ရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။ ဆိုတော့…… မလိုလားအပ်တဲ့ ပြောင်းလဲရမှု ပြောင်းရွှေ့ရမှုတွေ မဖြစ်အောင် တားဆီးလိုသူများအဖို့ ..မိမိတို့နဲ့ ဆိုင်ရာ လုပ်ငန်းခွင် ၊ အိုးအိမ် ၊ မိသားစု အတွင်းမှာ ပြုပြင်ပြောင်းလဲမှုလေးတွေ ကိုယ်တိုင် ဖန်တီး ပေးလိုက်တာ အကောင်းဆုံးယတြာပါပဲ။ ပမာအားဖြင့် ရုံးခန်းမှာ ဆိုပါစို့။ ဖိုင်တွေကို ပြန်စီ လိုက်မယ်။ အထားအသိုလေးတွေ ပြောင်းမယ်။ အနေအထားလေးတွေ ရှေးကနဲ့မတူအောင် ပြန်လည်ပြုပြင် လိုက်မယ် ..စတာမျိုးလေးတွေ လုပ်သင့်ပါတယ်။ အိမ်မှာလည်း ထိုနည်း လည်းကောင်းပေါ့ ။ မိသားစုထဲမှာလည်း ..စည်းကမ်းသတ်မှတ်မှုလေးတွေ ကို ပြောင်းလဲ သတ်မှတ်တာမျိုးလေးတွေ လုပ်သင့်တဲ့ကာလပါ။

(၂) နာမည်အဖျားစာလုံး  တနင်္လာနံ ( က၊ခ၊ဂ၊ဃ၊င) ဖြင့် မှည့်ခေါ်ထားသော သူများအတွက်

Question တွေနဲ့ …သို့လော သို့လောတွေ ကြီးစိုးထားတဲ့ ကာလပါပဲ။ ဟုတ်မလိုလို ၊ မဟုတ်မလိုလို၊ ရမလိုလို ၊မရမလိုလို တွေ များစွာကြုံရမှာဖြစ်သလို၊ ကိုယ်တိုင်ကလည်း ဘယ်လမ်းကို ရွေးရမယ် ဆိုတာ ခွဲခြားမရအောင် ..ရွေးရခက်ကြီး ဖြစ်ရတတ်သော အချိန်ပါပဲ။ Yes or No ပြတ်ပြတ်သားသား သိလိုလေလေ ၊ Yes မှန်းမသိ ၊ No မှန်းမသိ ဖြစ်လာ ရတတ်လေလေ ပါပဲ။ သင်တန်းတွေ ၊ အသင်းအဖွဲ့ဆိုင်ရာ ကဏ္ဍတွေမှာတော့ အားသာချက် ရမယ့် ကာလ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ သည်နှစ်ထဲမှာ ..သည်နာမည်ရှင် သောကြာ သားသမီးတွေအဖို့ သူတစ်ပါးကို ဆွဲဆောင်နိုင်စွမ်း အထူးမြင့်မား လာတာပါပဲ။ သည်အချက်ကို အကျိုးရှိအောင် အသုံးပြုနိုင်ရင် အကျိုးရနိုင်တာမို့ ဂရုပြုနိုင်ဖို့ တင်ပြ ပေးလိုက်ရပါတယ်။

(၃) နာမည်အဖျားစာလုံး အင်္ဂါနံ ( စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသူများ အတွက်

စိတ်က ယခင်ထက်ကိုပဲ အလိုဆန္ဒပြင်းပြလာပါမယ်။ လိုက်လေလေ ဝေးနေသလိုလိုလည်း ခံစား ရတတ်ပြီး အလိုမပြည့်သလို ဖြစ်နေရတတ်ပါတယ်။ သို့သော် … မထင်မှတ်သော တိုးတက်မှုများ ကြုံရခြင်း၊ အပြိုင်အဆိုင် အတိုက်အခံများ ကြားမှ အောင်မြင်ခြင်း၊ အများစုမှ ရိုသေလေးစားမှု ခံယူရခြင်းများလည်း ကြုံတွေ့လာရတတ်ချိန်ပါ။  ကံအားကောင်းသော အနေအထားမျိုးရှိသလို …မိမိကိုယ်မိမိ မရည်ရွယ်ဘဲ ထိခိုက်မှု ဖြစ်ပွားစေတတ်သော ကံအနေအထားလေးလည်း ရှိနေပါတယ်။ အလျင်လိုလွန်းမှုကြောင့် ..အစစအရာရာမှာ အစီအစဉ်မကျ ဖြစ်ရမှုလေးတွေ ရှိနေမယ့် ကာလတစ်ခု ဖြစ်ပါကြောင်း။

(၄) နာမည်အဖျားစာလုံး ဗုဒ္ဓဟူးနံ (ယ၊ရ၊လ၊၀) ဖြင့်  မှည့်ခေါ်ထားသော သူများအတွက်

ချစ်ရတာပင်ပန်းလွန်းလှလို့ ချစ်လိုစိတ်တောင် ပျောက်လာတတ်သော ကာလပါပဲ။ ရပ်ဝေးမှ အကူညီကောင်းများ နဲ့ အဆက်အသွယ်ကောင်းများ ရရှိတတ်သော ကာလဖြစ်ပါတယ်။ အကြီးအကဲအချို့နဲ့ ရန်အတိုက်အခံ ဖြစ်ရတတ်ပါတယ်။ ကိုယ်နေတဲ့နေရာ ၊ ကိုယ်ရောက်နေတဲ့ နေရာကို လုယက်ချင်တဲ့သူတွေကလည်း ပေါမှပေါပဲဗျို့ ။ အနေရခက်စရာ လေးတွေ၊ နေရထိုင် ရတာ ရန်များနေတာမျိုးလေးတွေလည်း ကြုံရတတ်ပါကြောင်း။

(၅) နာမည်အဖျားစာလုံး ကြာသာပတေးနံ (ပ၊ဖ၊ဘ၊ဗ၊မ) ဖြင့် မှည့်ခေါ်ထားသူများအတွက်

လုယူရမယ့် ခုနှစ်ပါပဲဗျို့ ။ ဘာကိုလုယူရမှာပါလိမ့် မတွေးပါနဲ့ ။ အဓိကအားဖြင့်ကတော့ နေရာလု ရပါလိမ့်မယ်။ နေရာလုပွဲမှာ အနိုင်ရဗိုလ်စွဲခွင့် ကြုံလာတတ်ချိန်မို့  ၊ မိမိတို့ အရည်အသွေးကို တိုးမြှင့်ထားကြဖို့ လိုပါတယ်။ လုပ်ငန်းနေရာ ၊ အိုးအိမ်နေရာ ၊ ဘာနေရာ ညာနေရာ စသည်ဖြင့် နေရာ ဆိုတဲ့ ကဏ္ဍတွေမှာ အပြိုင်အဆိုင် နဲ့ ရယူရမယ့်ကာလပါ။ အဲဒီ့လိုပဲ အချို့သော သူများအဖို့ အင်မတန် ထက်မြက်တဲ့ ဆရာသမားများ ၊ အကြီးအကဲများဆီကနေ ကောင်းသော အထောက် အပံ့များ ရရှိခြင်းမျိုး ကြုံကြရပါလိမ့်မယ်။

အဲ…မေတ္တာရေးရာ ..ချစ်မှုရေးရာများမှာတော့ အခက်အခဲများ ရှိနိုင်တဲ့အချိန်ပါပဲ။ အိမ်ထောင်သည်များမှာလည်း အညံ့ကြုံရတတ်ပါတယ်။ ဒါလေးတော့ ဂရုပြုပါ။ သည်ခုနှစ်ထဲ ၀င်လာကတည်းက မိမိတို့ကိုယ်တိုင်မှာလည်း ..စူးစမ်းစိတ် ၊ အရည်အသွေးကို အထူးပြု လိုသောစိတ်၊ ယှဉ်ပြိုင်အနိုင်ကျဲလိုသော စိတ်မျိုးတွေ ပိုမိုရှင်သန်လာပါမယ်။ သည်တစ်နှစ်ဟာ ငြိမ်းချမ်းရေး သက်သက်နဲ့ တည်ဆောက်မယ့်နှစ်မျိုးတော့မဟုတ်ပါ။ လိုအပ်ရင် စစ်ပွဲတွေနဲ့ အားပြိုင်ရမှုတွေပါ ပါဝင်နေမယ့် ကာလတစ်ခုပဲ ဖြစ်ပါကြောင်း။

(၆) နာမည်အဖျားစာလုံး သောကြာနံ (သ၊ဟ) ဖြင့်မှည့်ခေါ်ထားသူများအတွက်

ရုတ်တရက် အံ့အားသင့်စရာတွေ ဖုံးလွှမ်းနေမယ့် ကာလဖြစ်ပါလိမ့်မယ်။ မိမိလိုလားနေတဲ့ အနာဂတ် ရည်မှန်းချက်အချို့ ဖြစ်ပါ့မလား ဖြစ်ပါ့မလား ရင်ခုန်နေရတဲ့ ကြားကနေ ..အဆင်ပြေ အောင်မြင်သွားတတ် ပါသေးတယ်။ ဂရုစိုက်ရမှာကတော့ ကိုယ်နဲ့မဆိုင်ဘဲ ..ကိုယ်ပါရောပြီး ချောင်ပိတ်မိသလို ဖြစ်ရတတ်တဲ့ ကံကလေးကိုပါပဲ။ သွေးကဲ့သို့ စွေးစွေးနီသော အရောင်များကို ဖြစ်နိုင်သလောက် လျှော့သုံးဖို့လိုပါလိမ့်မယ်။

(၇) နာမည်အဖျားစာလုံး  စနေနံ (တ၊ထ၊ဓ၊ဒ၊န၊ဌ) ဖြင့် မှည့်ခေါ်ထားသူများအတွက်

သည်နာမည်ရှင်တွေအဖို့ကတော့  သည်တစ်နှစ်ထဲမှာ အကျိုးစီးပွား အကျယ်ပြန့်ဆုံး ရရှိခံစားခွင့် ရှိသော သောကြာသားသမီးများ အုပ်စုမှာ ထည့်သွင်းသတ်မှတ် ထားရပါလိမ့်မယ်။ ပညာတော်သင် ခရီးများ ၊ ဘာသာရေးနှင့် ဆိုင်သော ခရီးများ ၊ ကောင်းသောထွက်ခွာရခြင်းများ ပြုရတတ်သော ကာလဖြစ်ပြီး ၊ အတိတ်ကံကုသိုလ် အရ မိမိတို့ပြုခဲ့သော ကောင်းမှုကုသိုလ် အမျိုးအစားအလိုက် ..ကောင်းကျိုးအချို့ မုချ သီးပွင့်လာတတ်သော အချိန်ကိုလည်း ရောက်ရှိ လာပါပြီ။ အထူးသဖြင့် ထင်ရှားကျော်ဇောခြင်း ကံအကျိုးပေး နိုးထမှု ကြုံလာပါမယ်။

ဂရုပြုကြဖို့ကတော့ …အတူနေအသင်းအဖွဲ့ များမှာဖြစ်စေ၊ မိသားစုအတွင်းမှာဖြစ်စေ …အတိုက်အခံ ရန်ပေါ်လာတတ်ပြီး ၊ အမှုအခင်းပြသနာ ထူပြောရတတ်ပါတယ်။ ကြုံဖူးသမျှ အတွေ့အကြုံအရ အမွေမှု ပြသနာမျိုး တွေနဲ့ သင်တန်းကိစ္စ ၊ အသင်းအဖွဲ့ကိစ္စ၊ ကျောင်းကိစ္စ၊ ကားကိစ္စ ၊ သင်ကြားရေးဆိုင်ရာ ကဏ္ဍ ..စသည်ဖြင့်တို့မှာ အမှုပွေရတတ်တဲ့ကာလပါပဲ ။   သိပ်ပြီး ကံအား ပြင်းထန်လာရင်တော့ စနေနေ့မှာ ရေအရှင်မှာ ငါးအရှင် ရသလောက် လွှတ်ပေးပါမှ သက်သာရာ ရပါမယ်။

အများစုအဖို့ကတော့ ..ထီတောင်ကံစမ်းသင့်တဲ့အချိန်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရပ်ခြားဆိုင်ရာ အကျိုးစီးပွားမျိုးမှာလည်း အားကောင်းထက်သန်သော အချိန်အခါ သမယမျိုး ဖြစ်ပါကြောင်း။

အနှစ်ချုပ်ခြုံငုံသုံးသပ် အကြံပြုချက်
သည်တစ်နှစ်မှာ  သောကြာသားသမီးအားလုံးကို အထူးတိုက်တွန်းလိုတာက … ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကို ရွေးခြယ်ပြီး ..ကြိုးစားအားထုတ်မှုကို ပိုမိုအားစိုက်ကြဖို့ပါပဲ။ ရှေးကနဲ့စာရင်  အခွင့်အလမ်း ပိုမိုများပြားနိုင်တဲ့ ကာလမျိုးဖြစ်လို့ပါ။ အကျိုးစီးပွားရှာဖွေရာမှာ ပိုမို အားကောင်းသော ကံအကျိုးပေးမျိုး နိုးထနိုင်စေရန် အတွက် တစ်နှစ်လုံး ဖြစ်နိုင်သမျှ စနေနေ့များ မှာ ငါးအရှင်ကို ရေအရှင်မှာ လွှတ်ကြဖို့ အထူးတိုက်တွန်းလိုက်ရပါတယ်။
တစ်ခုမှာလိုတာက ..သောကြာသားသမီးတွေအများအပြား ဖြစ်သည့်အတိုင်း အသက်အရွယ်၊ သက်ရောက် ၊ ဂြိုဟ်အိပ် ၊ ဒသာများ အရ အခြားသော ကံအနေအထားများ အသီးသီး ရှိကြမှာဖြစ်သလို၊ ကောဇာကံဇာတာအရလည်း အနဲ နဲ့ အများ ရိုက်ခတ်မှု ကြုံမှာဖြစ်လို့ ..တစ်ဦးနဲ့တစ်ဦး အတိုင်းအဆ ပမာဏ မတူညီသည့်တိုင်အောင် ..အခြေခံကံတရားအရတော့ တူညီသော အကျိုးပေးအချို့လည်း ရရှိကြမှာဖြစ်ပါကြောင်း။

စာကြွင်း …..
ကဲ…. မနည်းပဲ ပြီးအောင် ဟဲပေးလိုက်ရပါတယ်။ စနေသားသမီးက စလို့ ပေရှည်ပြီး ..လက်တွေ့တိုင်း ရေးခဲ့မိသမျှ ..ကျန်တဲ့နေ့နံတွေအတွက် ပါ ..ပုံစံတူရေးရတော့တာမို့ ..မောင်ဖုန်းရဲ့ ကီးဘုတ်လေးတောင် အသံ ဂျက်ဂျက်ဂျိဂျိ နဲ့ မအီမသာ ဖြစ်လာပုံပါပဲ။ ကျန်တဲ့နေ့နံ ..၅မျိုးကိုတောင် သည်လိုရေးနိုင်ပါတော့မလား မသိတော့ပါဘူး။ နည်းနည်းတော့ အီစလံဝေလာလို့ ဆိုပါစို့ ။ ကိုယ့်ကိုယ်ကို လည်း သိတော့သိလိုက်ပါတယ်။ ငါ တော်တော် အရစ်ရှည်တဲ့ သတ္တ၀ါပါလား လို့ ။ လိုတိုရှင်း …ဘဦး ရေကူးနေသည် ဆိုတဲ့ ပုံစံမျိုး ရေးလိုက်လည်း ပြီးတာပါပဲ။  ဥပမာ စနေသားသမီး ..လာဘ်ဝင် စုတ်ထွက် ၊ ကသုတ်ကရက်နှစ်၊ ဗျာများ ..လာထား၊ အစာမစားဘဲ မနေနဲ့ ဆိုတာမျိုးပေါ့ ။  ဟင်းးးးး တွေ့မယ် ကျန်တဲ့ နေ့နံတွေတော့ ..အဲဒီ့ပုံစံ နဲ့ ရေးတာပဲ ကောင်း၏။

ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)


Post a Comment
 

Posts Comments

©2006-2010 ·TNB