ရာဟုသားသမီးများအတွက် ၁၃၇၃ခုနှစ် ကံဇာတာ

Friday, June 3, 2011

မြန်မာခုနှစ် ၁၃၇၃ခုနှစ် အတွင်း  ရာဟုသားသမီးများသည်     ……..


ဒီခုနှစ်အတွင်း မှာ ရာဟုသားသမီးများအဖို့  မိမိတို့လိုလားသော အကျိုးစီးပွားကိုရှာဖွေရာမှာ …အပြိုင်အဆိုင် အတိုက်အခံများစွာကြားမှ ရှာဖွေရပါလိမ့်မယ်။ တနည်းအားဖြင့်တော့ ..အလုအယက် အပြိုင်အဆိုင် ၊ အနိုင်ကြဲစနစ် မျိုးနဲ့ အသက်မွေးရတတ်သော ကာလ တစ်ခု ဖြစ်လာပါတယ်။ ပခုံးချင်း ယှဉ်လာမယ့် သူတွေ ၊ ပြိုင်ဘက်တွေ နဲ့ ဆုံဆည်းရတတ်သော အချိန်ပါပဲ။ တစ်ခုပိုခက်တတ်တာကတော့ .. နောက်ကြောဘက်ကနေ (၀ါ) နောက်ကွယ်ကနေ ပြိုင်ဆိုင်ရ ၊ တိုက်ခိုက်ရ တတ်တဲ့ အခြေအနေမျိုး တွေပါ ကြုံလာရတတ်တာပဲ ဖြစ်ပါတယ်။ အလားတူပဲ ယခု ၁၃၇၃ခုနှစ် ဆိုတာဟာ ရာဟုသားသမီးများ အဖို့တော့  ..မိမိတို့အကျိုးစီးပွားကို ပြန်လည်ရယူနိုင်စွမ်း ပြကြရမယ့် နှစ်မျိုး ဖြစ်လာပါလိမ့်မယ်။


အလုပ်အကိုင်နှင့် အသက်မွေးမှု ကံဇာတာ

သိပ်တော့ အခြေမဟန်လှတဲ့ကာလမျိုးပါပဲ။ လုပ်ရသမျှတွေကလည်း အကျပ်အတည်းတွေ၊ အခက်အခဲတွေ ကြားကနေ လူးလွန့် လုပ်ကိုင်နေရတာမျိုး ဖြစ်နေတတ်ပါတယ်။ အဓိက ကတော့ လုပ်ငန်းပြိုင်တွေ ၊ အပြိုင်အဆိုင်တွေ ရဲ့ အားပြိုင်မှုတွေကလည်း ၀င်လာတတ်တာမို့ ..ဒေါမနဿပွားပြီး အကျိုးစီးပွား ရှာနေရတတ်တာကြောင့် အသက်မွေးမှုအလုပ်အကိုင်နဲ့ ပတ်သက်ရင် စိတ်တိုစရာတွေ များပြားရတတ်ပါတယ်။ နောက်ထပ်ပြသနာတစ်ခုကတော့  ..လုပ်ငန်းဖော်ပါတနာ နဲ့ သက်ဆိုင်တဲ့ ပြသနာလေးတွေ၊ အစုစပ်နဲ့ ရှယ်ယာဆိုင်ရာ ပြသနာလေးတွေ ဖြစ်ပွားဖို့သေချာနေတဲ့ကာလ ဖြစ်ပါတယ်။ စပ်တူကိစ္စတွေမှာ  မူလက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆက်သွားလို့ မဖြစ်တော့ တာကြောင့် ၊ စည်းမျဉ်းသစ်တွေ ပြောင်းလဲသတ်မှတ်ဖို့ ရုန်းကန်ကြိုးစား လာရတတ်ပါတယ်။

မေတ္တာရေးရာ ကံဇာတာ

နဖူးစာမင်ရည်က သည်တစ်နှစ်တော့… တစ်ရပ်ထဲနေ ၊ တစ်ရေထဲသောက်၊ တစ်လှေထဲစီး ၊ တစ်ခရီးထဲသွားလို့ ဆိုရမယ့် ဖူးစာဖက်မျိုးရဲ့ နဖူးပေါ်ကို အတည့်ကျတတ်သော ကာလဖြစ်လာပါတယ်။ တစ်ရုံးထဲသားချင်း၊ မေဂျာတူချင်း၊ တစ်ရပ်ကွက်ထဲသားချင်း၊ ဆွေးမျိုးနီးစပ်ချင်း၊ သူငယ်ချင်း အချင်းချင်း ၊ ဘာချင်းညာချင်း ….ချင်းချင်းချင်း..၊ ထဲကနေ ချစ်ကြိုးအသစ်နှောင်လို့  .. ပြစ်မျိုးမဖြစ်ပေါင် ဆိုတဲ့ ကာလမျိုးပါပဲ။ အချို့သော ရာဟုသားသမီးများ အဖို့တော့ မူလရှိရင်းစွဲ အပြင် ၊ အတက်ပွား အဆစ်ရ ပြီး ဗျာများရတတ်တဲ့ကံမျိုး နိုးထလာပါလိမ့်မယ်။ အများစုသော ရာဟုသားသမီးများအတွက်တော့ ချစ်မှုရေးရာ ဆိုင်ရာ ဗျာများရတဲ့ ၊ စိတ်ဒွိဟ မပြတ်မသားဖြစ်ရတတ်တဲ့ ကာလကို ရောက်လာပါပြီ။ အချစ်ရေးမှာ နံကြားထောက်ပြီး ရွေးရမလိုလို ၊ ဘယ်လမ်းကို လျှောက်ရမလဲ ..ဇဝေဇ၀ါ ဖြစ်လာရ တတ်တဲ့ ကာလပါ။ အိမ်ထောင်သည်များအဖို့တော့  မိမိတို့ရဲ့အိမ်ထောင်ဖက်က သည်တစ်နှစ်ထဲမှာ ငယ်မူပြန်လာတာ၊ ကလေးဆန်လာတာ၊ ပိုပြီးချစ်ဖို့ကောင်းလာတာမျိုး ကြုံရတတ်ပြီး၊ အများစုသော အိမ်ထောင်ရှင် ရာဟုသားသမီးများအဖို့  မေတ္တာရေးရာ အေးချမ်းသာယာနိုင်သော ကာလတစ်ခု ဖြစ်ပါလိမ့်မယ်။ အဲ..တစ်ခုတော့ရှိတယ်။  မရိုးမသားနဲ့ ကိုဖိုးခွားလုပ်ချင်တဲ့ ကိုကိုရာဟု မမရာဟုလေးတွေ ကတော့ … ၀မ်းအပြင် တူးကြောင့် ၊ စနိုးစနောင့်  နဲ့ ဂွဆုံမှာတက်ထိုင်မိသလို ၊ ဟိုဘက်လည်း ထောက်မရ ၊ သည်ဘက်လည်းထောက်မမီ ..ဖြစ်ရတတ်သော အချိန်အခါ သမယမျိုး ဖြစ်ပါကြောင်း။

ကျန်းမာရေးရာ ကံဇာတာ

ပင်ပန်းနွမ်းနယ်မှု များပြားခြင်း၊ တာဝန်များဖိစီးလွန်းခြင်းတို့ကြောင့်  ..အနားယူပေးဖို့လိုအပ်သော ကာလ ဖြစ်ပါတယ်။ သည်တစ်နှစ်မှာ ရာဟုသားသမီးများအဖို့ ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်အိုသော အသွင် ဆောင်လာတတ်ပါတယ် ။ အနားယူခြင်း၊ လုပ်ငန်းခွင်မှ ခွင့်ရက်ရှည်ယူခြင်းမျိုး ပြုလုပ်ပေးမှသာ ကျန်းမာရေး ကျဆင်းမှုမှ ကင်းလွတ်ပါလိမ့်မယ်။ အခြားတစ်ပါးအားဖြင့်ကတော့ …အများစုသော ရာဟု သားသမီးများအဖို့ .. အသက်ရှင်သန်မှုဆိုင်ရာ လေ့ကျင့်ခန်းများ ၊ အားကစားများ သည်နှစ်ထဲမှာ ပြုလုပ်ခွင့် ကြုံလာသလို၊ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့်လည်း အကျိုးရှိလှသော ကာလတစ်ခု ဖြစ်ပါကြောင်း ။

ပညာရေးရာ ကံဇာတာ

အခြေမလှ  လှတဲ့ ကာလတစ်ခုပါပဲ။ အထူးသဖြင့် ပညာစွမ်းပြိုင်ရတာတွေ၊ ဆရာသမား အကြီးအကဲများ နဲ့  ခိုက်ရန်ပြသနာ ဖြစ်ပွားရတာတွေ၊ ပညာရှင်တွေနဲ့ ပြသနာ ဖြစ်ပွားရတာတွေ ကြုံတွေ့လာရတတ်သော ကာလ ဖြစ်ပါတယ်။ အချို့သော ရာဟုသားသမီးများအဖို့ ပညာရေးအတွက် စိတ်ရောလူပါ မတန်တစ်ဆ ပင်ပန်းနွမ်းနယ် စိတ်ဖိစီးမှု ကြုံကြရပါမယ်။ အဓိကအားဖြင့်ကတော့ ပညာနဲ့စပ်လျဉ်းသော အရှက်ရစရာ ၊ ဂုဏ်သိက္ခာ ကျဆင်းစရာတွေ ဖြစ်ပွားဖို့လွယ်ကူနေသော ကာလဖြစ်ပါတယ်။ ပညာရေးမှာ ပြသနာ များပြားနေသူများ  လောက၀ိဒူဂုဏ်တော်ကို … နေ့စဉ် ပုတီး၅ပတ် သို့တည်းမဟုတ် ၁၉ ပတ် တိတိ  ၊ ၈၅ရက်အဓိဌာန် သို့မဟုတ် ၊ ..၃၁ရက် အဓိဌာန်ပြုပြီး စိတ်ပါ။ ဘာသာခြားများအဖို့ တော့ ..ကြာသပတေး နေ့များမှာ ..စေတနာ့ဝန်ထမ်း လုပ်ငန်းမျိုးလေးတွေ လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြင့် ယတြာပြု နိုင်ပါတယ်။

လူမှုရေးရာ ကံဇာတာ

ဗြုန်းကနဲ ရင်ဆိုင်လိုက်ရတဲ့  လူမှုဆက်ဆံရေးဆိုင်ရာ ပြသနာလေးတွေ များပြားတတ်သော ကာလပါ။ အထူးသဖြင့် ..လူမှုဆက်ဆံရေးနယ်ပယ်မှာ ရှေးကနဲ့မတူသော .. ထူးခြားသော အပြောင်းအလဲအချို့ ပေါ်ပေါက်လာပါမယ်။ ဟိုးးယခင်တုန်းက  ဆက်ဆံရေးမျိုးနဲ့ သည်တစ်နှစ်မှာ ရပ်တည်လို့မရတော့ပါဘူး ။ လူမှုဆက်ဆံရေးနဲ့ ..အခြားသူများနဲ့ ပေါင်းစည်းနေထိုင်ရေးမှာ နည်းဗျူဟာတွေ ပြောင်းလဲမှု ပြုကိုပြုလာ ရပါလိမ့်မယ်။ အဲဒီ့လိုပဲ လူမှုရေးနယ်ပယ်မှာ ..ရှေးကပေါင်းသင်းခဲ့ရသော အခန်းကဏ္ဍများ ၊  အသိုက်အ၀န်းများ နဲ့ ဆန့်ကျင်ဘက်ဖြစ်သော အခြားသော အသိုက်အ၀န်းအချို့ နဲ့ ထိတွေ့ဆက်ဆံ ရောနှော ပေါင်းသင်းရမှု များ ပေါ်ပေါက်လာပါမယ်။

လာဘ်လာဘ နှင့်   ထီ ကံဇာတာ

ကံမကောင်း အကြောင်းမလှလိုက်ပုံက  … သည်တစ်နှစ်ရမယ့်လာဘ်လာဘ အားလုံးဟာ အချိန် နောက်ကျတတ်ခြင်း၊ ဖင့်နှေးခြင်း၊ အလဟဿ ဖြစ်သွားတတ်ခြင်းမျိုး ရှိတတ်သော ကာလဖြစ်နေပါတယ်။ အလွန်ဝေးကွာသော အရပ်ဒေသ နယ်ပယ်များ ၊ မျက်နှာစိမ်းများ ၊ လူမျိုးကွဲများ ၊ နိုင်ငံရပ်ခြား ဒေသများ ..စသော အချင်းအရာများမှာ လာဘ်လာဘဂြိုဟ် ရပ်တည်နေတာကြောင့် ..အချို့သော ရာဟုသားသမီး တို့သာလျှင် .. ယင်းအချင်းအရာများနှင့် စပ်လျဉ်းပြီး လာဘ်လာဘနဲ့ အကျိုးစီးပွား ရရှိခံစားရပါမယ်။ ထီကံစမ်းလိုသူများ အနေနဲ့ကတော့ ကိုယ်နေတဲ့နေရာကနေ အရမ်းဝေးတဲ့ဆိုင်တစ်ဆိုင်က ထီကံစမ်းတာ ပိုမိုသင့်လျော်ပါမယ်။ နိုင်ငံရပ်ခြားထီကိုလည်း ကံစမ်းနိုင်ပါတယ်။

အမည်များ နှင့် ကံဇာတာ

ရာဟုသားသမီးများအတွက်လည်း နာမည်အဖျားစာလုံး (အဆုံးစာလုံး) ကို ကြည့်ရှုစစ်ဆေးရတဲ့ နည်းစနစ်နဲ့  ကံဇာတာတွက်စစ်ရေးသားပေးလိုက်ပါတယ်။ မိမိတို့နာမည်များအလိုက် အောက်မှာ ဖတ်ရှု မှတ်သား နိုင်ပါကြောင်း။

(၁)   အမည်အဖျားစာလုံး တနင်္လာနံ (က၊ခ၊ဂ၊ဃ၊င) ဖြင့် မှည့်ခေါ်ထားသူများအတွက်

ကိုယ်နဲ့မဆိုင်တဲ့ သူတစ်ပါးရဲ့ အတွင်းရေးကိစ္စတွေ မှာ ကိုယ်ပါကြားညှပ်ပြီး ပါနေရမယ့် ကာလ ဖြစ်ပါတယ်။ မဆီမဆိုင်နဲ့ ကြားညှပ်ပြီး  ကန့်လန့် ကန့်လန် ပါနေရပါလိမ့်မယ်။ အဲဒီ့လိုပဲ ..အစစအရာရာ စိတ်ဒွိဟနဲ့  ဘယ်အရာကို ရွေးရပါ့ဖြစ်ရတတ်သော ကာလလည်းဖြစ်ပါတယ်။ ပျိုရွယ်သူများအဖို့တော့ ..ချစ်မှုရေးရာ ဗျာများရမှု က အဓိကဖြစ်လာပါမယ်။ မထင်မှတ်ဘဲ ခရီးတွေလည်း သွားခွင့်ကြုံလာပါမယ်။ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွှင်စရာခရီးမျိုး ဖြစ်ပါမယ်။ သို့သော်   ……..   စနေနေ့မှာ ခရီးထွက်ခြင်း၊ စနေသားသမီးနဲ့အတူ ခရီးထွက်ခြင်း၊ စနေနံအရပ်ဖြစ်သော အနောက်တောင် အရပ်သို့ ခရီးထွက်ခြင်းများ ကတော့ ..ပြသနာတွေပါ တွဲပြီးပါလာပါလိမ့်မယ်။ ဒီနာမည်ရှင်တွေအဖို့ သည်တစ်နှစ် တစ်နှစ်လုံးမှာ ..စနေအထူးသတိပြုစနစ်နဲ့  ဖြတ်သန်းရမယ့်ကာလပါ။ အကြောင်းကတော့ အဆိုပါ စနေနံများကပဲ မိမိတို့ရဲ့  ရည်မှန်းချက်  ဦးတည်ချက်များကို … ဘလော့လုပ်လိုက်သလို ဟန့်တားပစ် နိုင်တဲ့ကာလ ဖြစ်နေလို့ပါပဲ။ အနက်ရောင်တွေကို ဖြစ်နိုင်သမျှ ရှောင်ဖယ်အသုံးပြုကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

(၂)  အမည်အဖျားစာလုံး  အင်္ဂါနံ (စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသူများအတွက်

သည်နာမည်အဖျားစာလုံးပိုင်ရှင် ရာဟုသားသမီးတွေအဖို့တော့ သည်တစ်နှစ်ထဲမှာ အဆိုးထဲက အကောင်းလို့ ပြောရမယ့်ကံကတော့ အကူညီကောင်းလေးတွေ အလိုလိုရတတ်တဲ့ကံပါပဲ။ အထူးသဖြင့် အင်္ဂါနံ အင်္ဂါသားသမီးများ ၊ စစ်ဘက်ဆိုင်ရာ..စက်မှုဘက်ဆိုင်ရာ နယ်ပယ် မှ လူများ၊ မောင်ငယ် ညီ ညီမ သားချင်းများ ထံမှ အကူညီကောင်းအချို့ကို ရရှိတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ရုပ်ဝတ္ထုများ၊ စက်ပစ္စည်း ကောင်းများ၊ အရည်အသွေးကောင်းမွန်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်ရရှိတတ်သော ကာလလည်း ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ဆိုးမွေကို မထင်မှတ်ဘဲ ဆက်ခံရတတ်သော ကံအကျိုးပေးလည်း ရှိတာကြောင့် ..ဘုမသိဘမသိ ဓါးခုတ်ရာလက်ဝင်လျှိုမိတာမျိုး မဖြစ်အောင် သတိချပ်ဆင်ခြင်နိုင်ဖို့လည်း လိုအပ်သော ကာလဖြစ်ပါကြောင်း ။
 
(၃) အမည်အဖျားစာလုံး ဗုဒ္ဓဟူး/ရာဟု နံ  ( ယ၊ရ၊လ၊၀) ဖြင့်မှည့်ခေါ်ထားသူများအတွက်

ကောင်းတာလုပ်တဲ့သူတွေတောင် အပြစ်တင်ခံရမလွတ်တတ်တဲ့ သည်ကာလမျိုးမှာ  .. ဆိုးတာလုပ် မိခဲ့ရင်တော့ ပြောဖွယ်ရာတောင် မရှိတော့ပါဘူး။ မကောင်းသတင်းပျံ့ပွားဖို့ အလွယ်ကူဆုံး ကာလကို ရောက်ရှိနေပါပြီ။ ပိုးစိုးပက်စက် အပြောခံရတာ၊ နစ်နစ်နာနာ နင့်နင့်သီးသီး အပြောခံရ တတ်တာမျိုး ကြုံရတတ်တဲ့ ကာလတွေပါ။ နောင်တရစရာတွေ၊ တစ်ကျော့ပြန် နောက်ကြောင်းပြန် ဆောင်ရွက်လိုမှု တွေ၊ ပြန်လည်ရရှိလိုမှုတွေ ဆိုတဲ့ အခက်အခဲပြသနာတွေကိုလည်း ရင်ဆိုင်ကြ ရပါလိမ့်မယ်။ အထူး သတိထားဖို့လိုပါလိမ့်မယ်။ ဗြုန်းကနဲ အရှက်ရသွားနိုင်သလို .. ၊ ဒိုင်းကနဲ  ..အလိုလို သိက္ခာ ထိခိုက်မှု ကြုံရတတ်ချိန်လည်းဖြစ်ပါတယ်။ ဆိုးတာတွေဟောလို့ စိတ်မရှိလိုက်ကြပါနဲ့။ ကံတရားရဲ့ ရုတ်တရက် ထိုးနှက်မှုကို (သတိ) ကလေးကပ်ပြီး ရှောင်နိုင်စေချင်လို့ ၊ သက်သာရာရစေဖို့  .. အသိပေး ဟောဆို လိုက်ရပါတယ်။ ဗုဒ္ဓဘာသာဝင်များအဖို့ .. မောရသုတ်တော် နဲ့ ခန္ဓသုတ်တော်ကို နေ့ည နေ့စဉ် ရွတ်ဖတ် ပူဇော်မှု ပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

(၄) အမည်အဖျားစာလုံး (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့်မှည့်ခေါ်ထားသော သူများအတွက်

စိတ်က အရမ်းထက်လာတဲ့ကာလပါ။ လက်တုန့်ပြန်ဖို့ လုံးဝ ၀န်လေးနေမှာမဟုတ်တဲ့ အချိန်ပါပဲ။ တစ်ချိန်က သီးခံကောင်း သီးခံနိုင်ခဲ့ပေမယ့် ..ဒီနှစ်အခါမျိုးမှာတော့  လက်စားချေဖို့ လက်တုန့်ပြန်ဖို့ စိတ်ကသာ  ပိုကြီးစိုးလာပါမယ်။ အချို့သော ရာဟုသားသမီး သည်နာမည်ရှင်များ အဖို့ အတိတ်ကာလက မိမိတို့ မအောင်မြင်ခဲ့သော အချင်းအရာအချို့ကို  တစ်ကျော့ပြန် ထိုးဖောက်စွမ်းဆောင် နိုင်လာပါမယ်။ စိတ်ကလည်း ပညာအမျိုးမျိုးနဲ့ ဆရာသမားတွေ၊ ပညာရှင်တွေကို ပြန်လည်ရှာဖွေ စူးစမ်းမိလာပါမယ်။ သတိပြုဖို့ကတော့ ..မိမိရည်ရွယ်ဦးတည်လုပ်ကိုင် လိုက်တဲ့ လုပ်ရပ်ဖြစ်စဉ် အချို့ဟာ မိမိကိုယ်မိမိ ထိခိုက် နစ်နာမှုလည်း မကင်းဘဲ ဖြစ်ရတတ်ပါတယ်။ အနာခံမှ အသာစံရမယ် ဆိုတဲ့ စိတ်မျိုးနဲ့ လုပ်ကိုင်မိသမျှ တွေဟာ ..လွန်လွန်ကျူးကျူးအနေအထား ထိခိုက်နစ်နာသွားမှု မဖြစ်အောင် ထိမ်းသိမ်းနိုင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။

(၅)  အမည်အဖျားစာလုံး သောကြာနံ (သ၊ဟ) ဖြင့် မှည့်ခေါ်ထားသူများအတွက်

သူတစ်ပါး ကိုယ်စား ၊ သူတစ်ပါးအစပျိုးထားသော အချင်းအရာ ကိစ္စမျိုးကို အကြောင်းပြုပြီး အကျိုးစီးပွား နဲ့ လာဘ်လာဘ ရရှိနိုင်သော ကာလဖြစ်ပါမယ်။ ကိုယ်တိုင်စလုပ်ခဲ့မိတာ မဟုတ်ပေမယ့် သူတစ်ပါး စလုပ်ခဲ့တဲ့ အလုပ်မျိုး တစ်ခုခုကနေ ..အကျိုးခံစားရတတ်သော ကာလပါ။ မထင်မှတ်ဘဲ ..ဖိမိ ၊ ညှပ်မိ ၊ ထိခိုက် ရှနာ ဖြစ်ရတတ်ပါတယ်။ အချို့သော အမည်ရှင်များအဖို့တော့ အလွန် အင်မတန်ပျော်ရွှင်ရတဲ့ စည်းစိမ် အရသာ ခံစားရတတ်တဲ့ အခြေအနေအချို့ ကြုံတွေ့ရပါမယ်။

(၆)  အမည်အဖျားစာလုံး စနေနံ ( တ၊ထ၊ဓ၊ဒ၊န၊ဌ) ဖြင့် မှည့်ခေါ်ထားသော သူများအတွက်

သည်အမည်ရှင်တွေ အဖို့ကတော့ ..သည်တစ်နှစ်ဟာ .. အထောက်အပံ့ကောင်း ၊ နေရာကောင်း တွေ ရရှိတတ်တဲ့ ကာလပဲ ဖြစ်ပါတယ်။ ထောက်ပံ့မှုတစ်စုံတစ်ရာ ကိုရရှိရေး ၊ နေရာထိုင်ခင်း၊ လုပ်ငန်းနေရာ ၊အိုးအိမ်နေရာ များရရှိရေး ၊ နေထိုင်ခွင့်ရရှိရေး ..စသဖြင့် ကဏ္ဍများကို ကြိုးပမ်းလိုသူများအတွက် ကတော့ သည် တစ်နှစ်ဟာ မင်္ဂလာ ရှိသော နှစ်တစ်ခု ပါ။ ရှေးယခင်က မားမားမတ်မတ် ထူထူ ထောင်ထောင် မဖြစ်သေးသူတွေတောင် ၊ သည်တစ်နှစ်တော့ ..ယခင်ကထက် တည်ငြိမ်မှု ၊ ရပ်တည်နိုင်မှု ပိုမိုရရှိလာပါမယ်။ သတိပြုရမှာကတော့ ကိုယ်နဲ့မဆိုင်ဘဲ ကြားညှပ်ရမယ့် ကံတစ်မျိုးကိုပါပဲ ။ အနေမတတ်လို့ ကြားညှပ်ရတတ်တယ်ဆိုတာ သည်ကာလမျိုးပါပဲခင်ဗျား။

(၇)  အမည်အဖျားစာလုံး  တနင်္ဂနွေနံ ( အ၊ ဥ) ဖြင့် မှည့်ခေါ်ထားသော သူများအတွက်

စပ်တူ နဲ့ အစုရှယ်ယာ ကဏ္ဍများ ၊ တွဲရေး ခွဲရေး ကဏ္ဍများ ၊ အရပ်ဒေသ ပြောင်းရွှေ့ရမှုများ ၊ သဘောတူ အသိမှတ်ပြုရေး ကဏ္ဍများ ၊ ပေါင်းသင်းဆက်ဆံရေး နဲ့ အဖွဲ့အသင်းဆိုင်ရာ ကဏ္ဍများ မှာ ရင်ဆိုင် ရုန်းကန်ကြရမယ့် အချိန်ပါပဲ။ အထက်အရာရှိ အကြီးအကဲများ နဲ့ ပေါင်းသင်းဆက်ဆံရေးမှာလည်း သတိပြုကြရမယ့် ကာလဖြစ်ပါတယ်။ အဲဒီ့လိုပဲ အိမ်ထောင်စုဇယား ခွဲတာ ၊ ပေါင်းတာ ၊ မိသားစုတစ်စု နဲ့ တစ်စု ပူးပေါင်းတာ ၊ ခွဲခြမ်းတာ၊ အလုပ်တစ်ခု နဲ့ တစ်ခု တွဲစပ်ပေါင်းစည်းရေး ၊ ခွဲခွာရေး  စတာတွေ ကိုလည်း  လှုပ်ရှားရုန်းကန် ကြရပါလိမ့်မယ်။ အချို့သော အမည်ရှင်များ အဖို့တော့ မိမိကို အသိမှတ်ပြု မခံရခြင်း အတွက် အခက်အခဲဖြစ်လာပါမယ်။ သက်တမ်းတိုးရန် ကိစ္စတွေ၊ မှတ်ပုံတင်ခြင်း ၊ မင်းအစိုးရပိုင်း ဆိုင်ရာ အသိပြုမှု ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရခြင်းများ များပြားတတ်သော ကာလလည်း ဖြစ်ပါတယ်။ အထူးသတိပြုမိဖို့ကတော့  ..သည်တစ်နှစ်မှာ မိမိရဲ့ အောင်မြင်မှု အ၀၀ကို အထက် အရာရှိများ အကြီးအကဲများ က ဖီလာကန့်လန့် လုပ်တာမျိုးကြုံရတတ်ခြင်းပါပဲ။

၁၃၇၃ခုနှစ်အတွင်း  ရာဟုသားသမီးများအားလုံးအတွက် အနှစ်ချုပ်အကြံပြုချက်

သည်တစ်နှစ်ဟာ .. အနေမတတ်ရင် ကြားညှပ်ရတတ်သော နှစ်
အထောက်အပံ့ကောင်းများ ရရှိစေတတ်သော နှစ်
သပုတ်လေလွင့် အပြောအဆိုခံရတတ်သော၊ အနှိမ်ခံ အနင်းခံ ရတတ်သော နှစ်
ချစ်မှုရေးရာ ဗျာများရတတ်သော နှစ်မျိုး ဖြစ်ပါတယ်။

အချို့သော ရာဟုသားသမီးများ လူမျိုးကွဲ ဘာသာကွဲ တစ်ဦးဦးဆီမှ ကောင်းမြတ်သော အထောက်အပံ့၊ အကူညီကောင်းများ ရရှိခြင်းမျိုး ကြုံပါမယ်။ ဂုဏ်သိက္ခာဆိုတာက သည်တစ်နှစ်ထဲမှာ ကျလွယ် ကွဲလွယ်တဲ့ ဖန်ပန်းအိုးပါးပါးလေး လို ဖြစ်နေတာကိုလည်း သတိချပ်ကြရပါမယ်။ မိမိတို့ ဖြတ်သန်းနေဆဲ အသက်ပိုင်းများအရ ၊ ဂြိုဟ်အိပ် သက်ရောက် ၊ ဒသာများ က အဆိုးအကောင်း အမျိုးမျိုးကို ဖန်တီးပေးတတ်ကြသလိုပါပဲ ၊ ကောဇာခုနှစ်အရ ဖြစ်ပေါ်လာတဲ့ ကံဇာတာအဆိုး အကောင်းတွေကိုလည်း မျက်ကွယ်ပြုလို မရနိုင်တာ အမှန်ပါ။ နဂိုဇာတာ ၊ နာမည် ကြံ့ခိုင်သူတွေအဖို့  သည်တစ်နှစ်ဟာ ..ပါးပါးလေး ညံ့ပြီး ကျော်လွှားသွားနိုင်မှာ ဖြစ်ပေမယ့် ၊ မူလဇာတာ ၊ နာမည် စတာတွေ အားနဲနေခဲ့သူများ အဖို့တော့  ဘာသာရေး ပိုမိုအားစိုက်မှု ၊ သတိချပ်ဆင်ခြင်နေထိုင်မှု ရှိမှကို ဖြစ်မယ့် အချိန်ကာလ ဖြစ်တယ်ဆိုတာ တင်ပြပေးရင်း …………။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
phone ; 01 618469

Post a Comment
 

Posts Comments

©2006-2010 ·TNB