လူဝင် တော်၏ မတော်၏

Wednesday, June 8, 2011



 

ဆရာ  ..ကျွန်မတို့အိမ်ပေါ်ကို အမျိုးသားရဲ့ မိတ်ဆွေတစ်ယောက် လာပြီး သောင်တင်နေပါတယ် ၊ အဲဒါ သူရောက်ပြီး သိပ်မကြာဘူး ၊ လုပ်ငန်းတွေလည်း ကမောက်ကမတွေ ဖြစ်ဖြစ်လာလို့ပါ ဆရာ ၊ အဲဒါ အ၀င် တော်၏  မတော်၏  သိချင်လို့ပါ


အထက်ပါကဲ့သို့သော မေးခွန်းပေါင်းများစွာ များစွာ အတွက် ကျွန်တော်ဖြေပေးခဲ့ရဖူးပါသည်။ ဖြောင်းဖြ ခဲ့ရဖူးပါသည်။ တရားချခဲ့ရဖူးပါသည်။ သို့သော် မကြာမကြာဆိုသလိုပင် မေးသူများကား ပေါ်လာ နေကြစမြဲ ။  ကြာတော့လည်း ဖြေရတာ မဖြေချင်တော့ပါ။ ယခုကဲ့သို့ ဆောင်းပါးရေး တင်လိုက်ခြင်း အားဖြင့်  … ဒီကိစ္စကို ဖြတ်ရပါတော့သည်။


တစ်ခြားကြောင့် မဖြေချင်တာတော့ မဟုတ်။ အဓိကအားဖြင့် အွန်လိုင်းသုံးစွဲမှုတွင် အချိန်ချွေတာ သည့်အနေဖြင့် မဖြေချင်တော့ခြင်းသာ ဖြစ်သည်။ အွန်လိုင်းသုံးဖြစ်သည်က ယခုအခါတွင် တစ်ပတ်မှ နှစ်ကြိမ် သုံးကြိမ် အလွန်ဆုံးသာ။ တစ်ကြိမ်သုံးလျှင် တစ်နာရီ မှ သုံးနာရီမျှသာ သုံးဖြစ်သဖြင့် …ဗေဒင်မေးသူတွေ  ဖြေနေရတာနဲ့ အချိန်က ကုန်ကုန်သွားသည်။ အလားတူပင် ဗေဒင် ဟောစာတမ်းများ အတွက် မေးလ်စစ်ရခြင်း၊ တွက်စစ်ပြီးသော ဟောစာတမ်းများကို မေးလ်ဖြင့် ပြန်ပေး ပို့ရခြင်းတွေကလည်း အချိန် အတော်ကုန်ပါသည်။

ဒါ့အပြင်  .. ရွှေကွန်နက်ရှင်က ( နွေနေ့လည်ခင်းတွင် အပျင်းထူနေသော လိပ်ကြီးတစ်ကောင် လေးတွဲ့တွဲ့နှင့် မသွားချင်သွားချင် ရွေ့နေသကဲ့သို့ )  လေးပင်လှသည်ကြောင့်လည်း ပါပေ၏။ မေးလ်လေး တစ်စောင် ဖွင့်ဖတ်ရဖို့အရေး …မေးလေးထောက်ပြီး ငိုက်လာသည်အထိ တစ်ခါတစ်ရံ အလွန်ကြာအောင် စောင့်ရပါသည်။ ဒါကြောင့်များ မေးလ် ဆိုပြီး နာမည်တွင်နေတာလားတော့  မသိ ။

အမှန်ပြောရလျှင် ကျွန်တော်ကိုယ်တိုင်ကပင် အွန်လိုင်းသို့ရောက်သည်နှင့် စာဖတ်ချင်သည်။ ဘ၀တူ လက်ရှိ အွန်လိုင်းဗေဒင်လောက မှ အခြားဗေဒင်ဆိုဒ်များကို သွားရောက်လည်ပတ် ဖတ်ရှုချင်သည်။ ဆရာကိုဇေယျာမောင် ၊ ဆရာကိုတေးအေးရိပ်၊ ဆရာနြူမာန်(မိုးတား) ၊ ဆရာ ကိုပခန်း၊ ဆရာ ဟိန်းတင့်ဇော်၊ ဆရာအုပ်စိုး ၊ ဆရာရန်းဂန်း.. စသော စာရေးသူတို့၏ ဆောင်ပါးများကို ဖတ်ရှုလို တွေးတော သုံးသပ်လိုစိတ် ပြင်းပြပါသည်။

အလားတူပင် အဆိုပါဆရာတို့နှင့်လည်း တစ်ခါတစ်ရံ စကားစမြည် ဆွေးနွေးပြောဆို ဖြစ်သည့်အခါများ ရှိသည့်အခါ ဗေဒင်မေးမြန်းခြင်းများ ကို ပြန်လည်ဖြေကြားပေးရန် အခက်အခဲ ဖြစ်ရပါသည်။ အထူးသဖြင့် အထက်ပါကဲ့သို့ ဖြေရှင်းရ ခက်သော မေးခွန်းမျိုးတို့ကို  ပြန်လည် ဖြေပေးရသည့်အခါ ပေတော်တော် ရှည်အောင် ရှင်းပြရပါသည်။ လက်လွတ်စပယ်လည်း မဖြေပေးလိုက်ချင်သဖြင့် ..စေတနာ ရှေးရှုကာ အချိန်ကုန်ခံ ရတော့သည်သာ။

လူဝင်လူထွက် ပြသနာ ကို မြန်မာလူမျိုးတော်တော်များများက အလေးထားလေ့ရှိကြသည်။ ခြေနှစ်ချောင်း ထွက်ကိန်း၊ ခြေနှစ်ချောင်း ၀င်ကိန်း ရှိသတဲ့ ဟူသော ဟောကိန်းများ ကလည်း ဗေဒင် လောကတွင် ရေပန်းစားလှသည်။ အထူးသဖြင့် တနင်္လာမကောင်းလျှင် ခြေနှစ်ချောင်းထွက်ကိန်း ၊ ဗုဒ္ဓဟူး မကောင်းလျှင် ခြေလေးချောင်းထွက်ကိန်းများ ဟောလေ့ရှိကြသည်။ အလားတူပင် ကောင်း လျှင်လည်း ၀င်ကိန်းရှိသည် ဟု ဟောကြပြန်သည်။ တစ်ကယ်ဟုတ်မဟုတ် လိုက်ကြည့်ဖူး သလား ၊ မြင်ဖူးသလား ဟု ဟောသည့် ဗေဒင်ဆရာကိုပင် ပြန်မေးကြည့်ပါ။ သူလည်း လိုက်ကြည့်ဖူး ၊ လက်တွေ့ သေချာ သုတေသနပြုဖူးသည်မျိုး မဟုတ်သည်က များပါသည်။ သို့သော် အစဉ်အလာလို ဖြစ်နေသော ဟောကွက် ဟောနည်းများ  ဖြစ်နေသဖြင့် ဟောလိုက်ကြသည်သာ ဖြစ်သည်။ 

နောက်တစ်ခုကတော့ … အိမ်တစ်အိမ်မှ မိသားစုတစ်စုမှ .လူများအနေဖြင့် ခရီးထွက်ရသည့်အခါ များလည်း ရှိကြသည်။ ထိုသို့ခရီးထွက်လျှင်လည်း ခြေနှစ်ချောင်းထွက်သည်ဟု ပဲ သတ်မှတ်ကာ (..ဟယ်……မှန်တယ်တော့ ၊ ဗေဒင်က ဟောလိုက်တာ ခြေနှစ်ချောင်းထွက်မယ်ဆိုတာလေ ..၊ ခု သာစိန်ကြီး မြို့ပေါ်ကို ခရီးထွက်သွားတယ်။  မှန်မှမှန် ) ဆိုပြီး ကျေနပ်လိုက်ကြပြန်သည်။ မြန်မာလူမျိုးသည် အကောင်းမြင်လိုသည့်နေရာတွင် ဖြစ်စေ၊ မကောင်းမြင်လိုသည့်နေရာတွင် ဖြစ်စေ ..ကျိုးကြောင်း ခြေမြစ် မဆင်ခြင်ဘဲ မြင်တတ်သော လူမျိုးဟု ဆိုထိုက်ပေသည်။ ရှိစေတော့ ။

 လူဝင်လူထွက် ပြသနာကို ဆက်ရပါမူ .. လူအ၀င်မတော်ခြင်း၊ အ၀င်တော်ခြင်း ဟူသည်မှာ အမှန်တစ်ကယ် ဖြစ်နိုင်ပါသလား ဟူသော အတွေးမျိုး ကျွန်တော်တွေးခဲ့ဖူးပါသည်။ ဒါနှင့်ပတ်သက်လျှင် ဥပမာ သက်သေသာဓက အချို့ကို တင်ပြပေးခြင်းက ပိုမိုသင့်လျော်ပေမည်။ ဒါနဲ့ ကျွန်တော့် မှတ်တမ်းတွေ မှတ်စုတွေထဲက သင့်လျော်မည့် အကြောင်းအရာလေးတွေ ပြန်လိုက်ရှာရပါသည်။ သည်တွင် ရုရှားနိုင်ငံတွင် ပညာတော် သင်ကြားနေသော လူငယ်လေးတစ်ယောက်မှ ပြီးခဲ့သောနှစ် အတွင်း မေးခဲ့သော မေးခွန်းအချို့ကို  ပြန်လည်ဖြေကြားခဲ့စဉ်က အကြောင်းအရာအချို့ နှင့် တိုက်ဆိုင် နေပါသည်။

ယင်းလူငယ်ကလေးသည် သူချစ်သော မိန်းကလေး နှင့် ပေါင်းဖက်ခြင်းအားဖြင့် မိန်းကလေးတွင် ရှိသော ဆိုးသောကံကို သူတွင်ရှိသော ကောင်းသောကံက ဆက်စပ်ကူနိုင်ပါသလား ဟု မေးခဲ့ဖူးခြင်း ဖြစ်ပေသည်။ ထိုမေးခွန်းကို ကျွန်တော်သူ့ထံ မေးလ်ဖြင့်ပို့ပြီး ပြန်ဖြေပေးခဲ့ပါသည်။ ယင်းအဖြေကိုပင် ယခု ဆောင်းပါးတွင် ပြန်လည် တင်ပြပေးလိုက်ပါသည်။


( ငါ့ညီစာမှာ ပါတဲ့ ကံခြင်းဆက်စပ်မှု နဲ့ ကံခြင်းကူနိုင်သလား ဆိုတဲ့သဘောပါတဲ့ မေးခွန်းကို အစ်ကို ဖြေပါ့မယ်။ ရှေးအခါက ပင်လယ်တွင်း ခရီးသွားတဲ့အခါမှာ ၊ အကုသိုလ်ကံ သိပ်ကြီးမားတဲ့သူမျိုး ပါလာခဲ့ရင် .. အဆိုပါသဘောင်္/ရွက်လှေတို့သည် မရွေ့မလျား နိုင်တော့ဘူးလို့ သိရပါတယ်။ အဆိုပါ အခါမျိုးမှာ မဲသုံးကြိမ်ချပြီး ၊ သုံးကြိမ်တိုင်တိုင် မဲကျသည့် ကံဆိုးသူ ကို ပင်လယ်တွင်း ဖောင်တစ်ခုနဲ့ မျောချ ခွဲထားခဲ့ရပါတယ်။ သို့မှသာ မရွေ့မလျား နိုင်တော့သည့် သဘောင်္/ရွက်လှေတို့သည်လည်း ဆက်လက် ခရီးဆက်နိုင်တယ် လို့ဆိုပါတယ်။

အထက်ပါအချင်းအရာကို ကြည့်ချင်းအားဖြင့် … လူပေါင်းများစွာရဲ့ ကံမှာတောင်  လူတစ်ယောက်ရဲ့ သိပ်ကြီးမားတဲ့ ကံက အခြားသူတွေရဲ့ ကံကိုလွှမ်းမိုးပြီး သက်ရောက်မှု ရှိနိုင်တာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် သူနဲ့ကျွန်တော် လက်ဆက်ခဲ့ရင် ကျွန်တော်ကံနဲ့ သူအဆိုးကံကို ဖြေချင်ပါတယ် ဖြစ်နိုင်ပါ့ မလား ဆိုတဲ့ မေးခွန်းမျိုးကို ၊ ဗုဒ္ဓဘာသာဝင် ဖြစ်သည့်အားလျော်စွာ ဖြစ်၏ လို့ အစ်ကို့အနေနဲ့ ဆိုပါတယ်။ ဒီနေရာမှာ ဥာဏ်နဲ့  ဆင်ခြင်နိုင်ဖို့တော့ လိုပါတယ်။  

သိပ်ကံအားကြီးမားသူရဲ့ အကုသိုလ်ကံအမှုမျိုးကိုတော့ အတိုင်းအတာ ပမာဏ အနဲငယ်မျှသာ ကယ်ဆယ်နိုင်ပါတယ်။ နိပါတ်တော်တွေမှာ ပြိတ္တာကို သနားကြင်နာသဖြင့် အစာရေစာ ရဟန်းတို့က ပေးမျှသော်လည်း အတိတ် အကုသိုလ်ကံကြောင့် အနဲငယ်မျှသာ ရရှိကြောင်း ရှုပါ။

အဓိအားဖြင့် ပြောရရင်တော့ လူနှစ်ယောက် ပေါင်းဖက်လိုက်တာနဲ့ ..ကံခြင်းလည်း ဆက်နွယ် လာပါတယ်။ ဆိုးတဲ့ကံ ကောင်းတဲ့ကံ အားလုံး ပေါင်းစည်းခြင်း ၊ တစ်ကန့်ဆီ ရပ်တည်ခြင်း ၊စသဖြင့် ဆက်နွယ်လာပါတယ်။ မိသားစုတစ်စု မှာ ကံမတူတော့ရင် … အထူးသဖြင့် ကံခြင်း သိပ်ခြားနားလာ ရင် အဲဒီ့ခြားနားလာသူက အကြောင်းအားလျော်စွာ မိသားစုထဲကနေ ခွဲထွက်သွားရပါတယ်။ ဒါက မျက်မြင်ဒိဌ တွေ့မြင်နိုင်တာတွေ ဖြစ်ပါတယ်။ ဥာဏ်နဲ့ဆက်စပ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပေါင်းဖက်မယ့် ဘ၀ဖော် ၊ မိတ်ဆွေ၊ လုပ်ငန်းပါတနာ စသည်တို့ရဲ့ ကံတရားကို ဆန်းစစ်ထားခြင်း ၊ သိမြင်ထားခြင်းဟာလည်း လိုအပ်ချက်တစ်ရပ်လို့ အစ်ကို့အနေနဲ့ ယူဆမိပါတယ်။ ဒီလောက်ဆို ညီလေး သိလိုတဲ့ မေးခွန်းအတွက် ကျေနပ်နိုင်လိမ့်မယ် လို့ ယူဆမိပါကြောင်း ။ )


အထက်ပါ အဖြေထဲမှာပင် ယနေ့ ကျွန်တော် တင်ပြပေးလိုသော အချင်းအရာများစွာ ပါဝင်နေခဲ့ပြီး ဖြစ်ပေသည်။ အိမ်တစ်အိမ်သို့ လူဝင်လာခြင်းသည် ထိုအိမ်သို့ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်စေနိုင်ပါသလား ဟု  မေးလတ်သော်…. သက်ရောက်၏ ဟုသာ ဖြေပါရစေ။ သို့ရာတွင် ..ထိုသို့ ဖြေသည့် အတွက်ကြောင့်မူ …  သတ္တ၀ါတို့ကို မဆင်းရဲစေလိုပါ။ ဒုက္ခရောက်လာသဖြင့် ..ခေတ္တခဏ ခိုကိုး ခိုလှုံလာသူကို ..ကျွန်တော်ရေးသည့် ဆောင်းပါးကြောင့် ရင်ဝကို ဆီးကန်ရမည့် အဖြစ်မျိုးတို့ မဖြစ်စေလိုပါ။ ထို့အတူ  လူဝင်တိုင်းလည်း ဆိုးကျိုးမပေးပါ။ ကောင်းကျိုးပေးသည်ပင် ရှိတတ် ပါသေးသည်။

အထူးသဖြင့် မိမိ၏ ကံဇာတာက အင်အားကြီးမား ကောင်းမွန်နေလျှင်  .. မည်သည့်လူပင်ဝင်ဝင်  .. ပြသနာ မရှိနိုင်ပါ။ မိမိကံကပင်လျှင် ထိုသူအား အကျိုးပြုလွှမ်းမိုးပေး နိုင် ပါသေးသည်။ အကယ်၍ လူဝင်လာပြီး စိတ်စနိုးစနောင့် ဖြစ်နေပါမူ .. ပရိတ်ရေ ကို အုန်းရေနှင့် ရောစပ်ပြီး ၊ နံနက်စောစော နေထွက်ချိန်တွင် သောက်ထားလိုက်ပါ။ ဖြစ်နိုင်သမျှ မေတ္တာရှေ့ထားပြီး  မေတ္တာစိတ်လွှမ်းခြုံထားပါက ဘေးဥပဒ်များ မ၀င်ရောက်နိုင်ပါပေ။  

လူဝင်ခြင်းကို အကြောက်အလန့် ကြီးတတ်သူများအတွက်မူ တစ်ခုပြောလိုပါသည်။ လူဝင်ခြင်းများစွာ ထဲတွင် အကြီးမားဆုံး လူဝင်ခြင်း တစ်ခုရှိ၏။ အိမ်ထောင်ပြုခြင်း  ဖြစ်ပေသတည်း။ လူဝင်ကြောက် တတ်သူများ …အပျိုကြီး လူပျိုကြီး သာ လုပ်ကြပါလေကုန်။

ချစ်ခင်လေးစားစွာဖြင့်  …
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
phone; 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB