ကြာသာပတေးသားသမီး များ အတွက် ၁၃၇၃ ခုနှစ် ကံဇာတာ

Wednesday, June 15, 2011


ကောဇာခုနှစ်ပြောင်းပြီးသည့်နောက်မှာတော့ … ကြာသာပတေးသားသမီးများ မှာလည်း အခြားနေ့နံ သားသမီးများ နည်းတူ ကံဇာတာအပြောင်းအလဲ လေးတွေ ဖြစ်ပေါ်လာပါတယ်။ ယခင်နှစ်တုန်းက ဆိုးနေတဲ့ ကဏ္ဍတွေ ခုတစ်နှစ်မှာ အားပျော့သွားတတ်သလို  ၊ ယခင်နှစ်တုန်းက ကောင်းနေတဲ့ ကဏ္ဍအချို့လည်း ယခုနှစ်မှာတော့ အရှိန်အဟုန် လျော့ပါး သွားတတ်ပါတယ်။ ကောဇာအနေအထားအရ  ကံတရား ရိုက်ခတ်တတ်မှု တွေဟာ လူအများစုနဲ့ ဆိုင်ပေမယ့် ..တစ်ဦးတစ်ယောက်ချင်းဆီမှာလည်း တူညီသော ကျောရိုးပေါ်မှာ မတူညီသော အတိုင်းအဆ ပမာဏ အသီးသီး နဲ့ သက်ရောက်လာစေနိုင် ပါတယ်။ ဖြစ်ပွား လာတတ်သော ကောဇာအနေအထား နဲ့ ကံတရား ရိုက်ခတ်မှုတွေကို မြန်မာ့ရိုးရာ မဟာဘုတ် ဗေဒင်ပညာ နဲ့ တွက်စစ်ပြီး ရေးသားဖော်ပြပေးအပ် ပါကြောင်း။

ကြာသာပတေးသားသမီးများ  နှင့် ကောဇာမြန်မာခုနှစ် ၁၃၇၃ခုနှစ်

တစ်ခုကြွင်း မဟာဘုတ်ခွင် ကျရောက်သော မြန်မာခုနှစ် ၁၃၇၃ခုနှစ် အတွင်း ကြာသာပတေး သားသမီး များသည်.....

သည်တစ်နှစ်ဟာ  ကြာသာပတေးသားသမီးတွေကို အရည်အသွေး တိုးတက်စေမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ လူကလည်း ရှေးနဲ့မတူ  နုပျိုသော အသွင်ကို ဆောင်လာပါမယ်။ အချို့တွေလည်း ဆံပင် ညှပ်တာ၊ တိုပစ်လိုက်တာ ၊ ပြုပြင်လိုက်တာ ကအစ ၊ သည်တစ်နှစ်မှာ ရှေးယခင်ကာလများနဲ့မတူ … ဒီဇိုင်း ပိုပြီး စမတ် ကျလာပါလိမ့်မယ်။ ဟိုးးးယခင်က ပုံတုံးကြီးတွေပဲ ၀တ်ပြီး ရိုးရိုးကြီးနေတတ် သူမျိုး တွေတောင် .. သည်တစ်နှစ်တော့ .. ခေတ်နှင့်အညီ ခပ်မိမိ ၀တ်စားဆင်ယင်မှုလေးတွေ ၀တ်မိလာပါမယ်။ အဲ…အရင်ကတည်းက ဟော့ရှော့ဖြစ်နေတဲ့ ကိုကိုမမ တို့ကတော့ သည်တစ်နှစ်မှာ ထိမ်းလို့တောင် လွယ်မယ် မထင်တော့ပါ။ တိုသထက်တို ..ဟော့သည်ထက်ဟော့ ပြီး …ဟုတ်ကဲ့ ..သစ်ရွက်ဖက်ရှင်နီးနီး ဖြစ်လာနိုင်သော ကာလဖြစ်ပါတယ်။ ဒါက ၀တ်စားဆင်ယင်မှုအပိုင်းနဲ့ အဆင်းအသွင်ပြင်ကို ဦးစားပေး တတ်သော ကြာသာပတေးသားသမီးများ ကို ပိုမိုဆိုလိုပါတယ်။ 

အဲ…အခြားသော အရည်အသွေးပိုင်းဆိုင်ရာ ဦးစားပေးတတ်သော ကြာသာပတေးသားသမီးများ အဖို့တော့ ..သည်တစ်နှစ်ဟာ ကိုယ်ရည်ကိုယ်သွေး တောက်ပလာနိုင်သော ကာလဖြစ်တာကို သတိပြုမိဖို့လိုပါတယ်။ ဒီ့ထက်ပိုပြီး ပေါ်လွင်အောင် ပြောပြရရင်တော့ ၊ မျက်စိကိုခဏမှိတ်လိုက်ပါ။ ကိုယ့်စိတ်ကူးထဲမှာ .. ကိုယ့်ပုံဟာ ..ကျည်ဆံအတွဲလိုက်ကိုပတ် ၊ လက်ပစ်ဗုံးတွေ လေးငါးလုံးလောက် ချိတ်၊ ဓါးတွေ၊ နင်ဂျာတွေ သုံးတဲ့ ကြယ်လက်နက်ပုန်းတွေ၊ ဒိုင်းနမိုက်တွေ နဲ့ ဧရာမ သေနတ်ကြီး ကို မနိုင့်တနိုင် ကိုင်ထားပြီး ..နဖူးမှာ ပုဝါနီစ စီးထားတဲ့ မိုက်ခဲကျော်ပုံစံ အဖြစ် မြင်ယောင်ကြည့်လိုက်ပါ။ ဒီတစ်နှစ်ဟာ အဲသလို ကိုယ့်ကိုယ်ကို သတိပြုမိလာရတတ်တဲ့ နှစ်မျိုးပါပဲ။ ဖိုက်စရာရှိရင် ဖိုက်မယ်။ တိုက်စရာရှိရင် တိုက်မယ်။ ရှေ့သို့ တက်မယ် ဆိုတဲ့ ကာလပါပဲ။

အမှန်ပြောရရင်တော့  သည်လိုခုနှစ်မျိုးဟာ ကြာသာပတေးသားသမီးတွေနဲ့ ရန်ဖြစ်ရမယ့် အစား ၊ တိုက်ခိုက် ယှဉ်ပြိုင်ရမယ့် အစား ..လက်ပစ်ဗုံး တစ်လုံးလောက်ကို အခွံမနွှာပဲ အစိမ်း ကိုက်စားလိုက်တာက  တော်ရုံကျမယ့် ကာလမျိုး ဖြစ်ပါတယ်။ ယခုကဲ့သို့သော ခုနှစ်မျိုးမှာ စူပါ့စူပါ စွမ်းအားရှင်များ ဟု ခေါ်ဆို ထိုက်သော နေ့နံသားသမီးများ  ကတော့ ကြာသာပတေးသားသမီးများပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ သည်တစ်နှစ် ဖိုက်တာများ ၊ စွမ်းအားရှင်များ နေရာမှာ မိမိတို့ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ကြာသပတေး သားသမီးများ သတိပြုမိကြဖို့ …ဖော်ပြရေးသား ပေးလိုက်ရပါကြောင်း။

အလုပ်အကိုင် နှင့် အသက်မွေးမှု ကံဇာတာ

ရှင်ဘုရင်  မလုပ်ရရင် ပတ်မကြီး ဖောက်ပစ်လိုက်မယ် ဆိုတဲ့ အချိန်ပါပဲ။ မြောက်များစွာသော ကြာသပတေး သားသမီးများအဖို့ ယခုတစ်နှစ်မှာ .. အကြီးအမှုး ၊အကြီးအကဲ အဖြစ် အသက်မွေးခွင့် ရရှိနိုင်သော ကာလဖြစ်ပါတယ်။ အချို့သော သူများ ရာထူး အလုပ်အကိုင် တိုးတက်မှုများ ကြုံပါမယ်။ အဲသလိုပါပဲ အခြား တစ်ဖက်မှာ တော့ .. ဘ၀အောင်မြင်ရေးဆိုင်ရာ ဂြိုဟ် ရဲ့ ရပ်တည်မှုအနေအထားအရ .. ကြာသပတေး သားသမီးများအဖို့ ရွေးရခက်ကြီး ဖြစ်ရမယ့် အနေအထားတွေ အမြောက်အများ ကြုံတွေ့လာရတတ် ပါတယ်။ မရေရာမှု ၊ မသေချာမှု ၊ မပြတ်သားရမှုတွေဟာ သည်တစ်နှစ်မှာ လွှမ်းမိုးလာတတ်ပါတယ်။ အများစု အဖို့ကတော့  ကံဇာတာတိုးတက်မှု ကြုံရတတ်သော အချိန်သမယဖြစ်ပါတယ်။

မေတ္တာရေးရာ ကံဇာတာ

တစ်ရက် ..လမ်းလျှောက်ထွက်လာတုန်း  .. အတောင်ပံလေးတစ်စုံ ဘတ်လပ် ဘတ်လပ် ခတ်ရင်း မိုးပေါ်ထောင် မြှားပစ်မယ်လုပ်နေတဲ့ ကိုရွှေမြှားနတ်မောင်လေးကို မြင်လိုက်ရပါတယ်။ ဟေ့ချာတိတ် ..ဘာလုပ်နေတာလဲကွ လို့ မောင်ဖုန်း ကမေးလိုက်တော့ .. ၊ ချာတိတ်မလုပ်နဲ့ … အကောင်ငယ်ပေမယ့် နင့်ထက် အသက်ပိုကြီးတယ် ၊ ငါ တယ်….နင့်ကိုပစ်ထည့်လိုက်ရ ဆိုပြီး မြှားနဲ့ရွယ်မယ်  လုပ်လို့ မနည်း တောင်းပန်လိုက်ရပါတယ်။

ဒါနဲ့ ဆက်ပြီး သိချင်စိတ်နဲ့ စူးစမ်းကြည့်တော့မှ  … ဒါက ကြာသာပတေးသားသမီးတွေ အတွက်ကွ လို့ ပြောရင်း မြားတံတွေကို တစ်ရွှီးရွှီး ဆက်ပစ်နေပါတယ်။ ဒါနဲ့ မောင်ဖုန်းက ပစ်တာလည်း ပစ်ပေါ့ဗျာ ။ ခင်ဗျား ကြည့်ရတာ ပင်ပန်းလိုက်တာ ။ တည့်တည့်ပစ်လိုက်လို့ မရဘူးလား ၊ ခုဟာက အပေါ်ထောင်ပြီး လေးညှို့ ဆွဲလိုက် ပစ်လိုက် လုပ်နေရတာ .. မပင်ပန်းဘူးလား လို့ ဆက်ပြီး အတွန့် တက်ကြည့်လိုက်ပါတယ်။       

ကိုရွှေမြားနတ်မောင်က .. လေရှည်ရန်ကော သည်အညာသား ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး … ဟကောင် .. မောင်ဖုန်းရဲ့ ၊ ကြာသာပတေးသားသမီးတွေက သည်တစ်နှစ်မှာ ဂုရုစ လို့ခေါ်တဲ့  ကိုယ့်ထက် အရွယ်၊ အသိ၊ ဂုဏ် ၊ အဆင့်အတန်း မြင့်မားတဲ့သူတွေ နဲ့ ဖူးစာရေစက် ကံ ရှိလို့ အထက်ကို ထောင်ပစ်နေတာဟဲ့  လို့ …ပြန်ဖြေပါတော့တယ်။ အဘယ်သူတွေကို သည်မြှားတံလေးတွေ မှန်မှာလဲတော့  မောင်ဖုန်းလည်း မသိလိုက်ရပါကြောင်း ။ ဆက်ပြီးလည်း မစပ်စုရဲတော့လို့ အသာလေး လစ်ထွက်လာခဲ့ရပါတော့တယ်။

ဒါကြောင့် သည်တစ်နှစ် ကြာသာပတေးသားသမီးများ အဖို့ .. မေတ္တာရေးရာ ကံဇာတာမှာ လူအရိုအသေ ပေးခံရသော ၊ ဆရာ/ဆရာမ အခေါ်ခံထိုက်သော ၊ လေးစားထိုက်သော၊ ဖူးစာဖက်မျိုးနဲ့ တွေ့ဆုံမိဖို့ နဖူးစာရေးကံက ဖန်လာတတ်ပါတယ်။ ပျိုရွယ်သူ ၀န်ထမ်းလုပ်ကိုင်နေသူများ အဖို့တော့ မိမိတို့ရဲ့ အထက်အရာရှိ ၊ ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးဦးမှ ရွှေမေတ္တာသက်ရောက်လာတာမျိုး ကြုံတွေ့ကြရ တတ်ပါကြောင်း ။ အိမ်ထောင်သည်များ အဖို့တော့ သည်ခုနှစ်ထဲမှာ မိမိတို့ရဲ့ အိမ်ထောင်ဖက်မှာ လေးစား ထိုက်သော အသွင် ဆောင်လာတတ်ပြီး၊ အားကိုးရနိုင်မှု ပိုမိုလာတတ်သော ကာလ ဖြစ်လာတတ်ပါတယ်။ အများစုအဖို့  မေတ္တာရေးရာ ကံဇာတာ အနေအထား အားသာချက်ရှိမယ့် ကာလ ဖြစ်ပါတယ်။

ကျန်းမာရေးရာ  ကံဇာတာ
ကျန်းမာရေးရာ  အားနည်ချက် ဖြစ်ပွားဖို့ လွယ်ကူနေသော ကာလဖြစ်ပါတယ်။  ဖြစ်လိုက်တာနဲ့ ဘုန်းဘုန်းလဲ ဖြစ်သွားတတ်ပါတယ်။ ဂရုပြုကြဖို့လိုပါလိမ့်မယ်။ အထူးသဖြင့် လေနဲ့ပတ်သက်သော ရောဂါဝေဒနာများ နှိပ်စက်ရန် လွယ်ကူသော ကာလဖြစ်လို့ .. လေစာတွေ အမြောက်အများ စားသုံးခြင်း၊ အအေးမိ ၊ အအေးပတ် ခြင်းမျိုး မရှိစေရန် ဂရုပြုခြင်း ရှိကြဖို့ လိုအပ်ချိန်ပါပဲ။ အများဆုံးသော လေဖြတ်ခြင်း ခံရသည့် ကြာသာပတေးသားသမီးများကို သည်လို ခုနှစ်မျိုး ကြုံကြိုက်တတ်ချိန်မှာ တွေ့ရှိကြရ တတ်တာကြောင့် ဂရုစိုက်ကာကွယ် နိုင်ကြဖို့ ဖော်ပြရေးသား ပေးအပ်ပါကြောင်း။

ကျန်းမာရေး ညံ့ဖျင်းမှု တိုက်ဆိုင်ကြုံကြိုက်နေရသော ကြာသာပတေးသားသမီးများအနေနဲ့ ..နံ့သာရောင် ၊ ၀ါညိုရောင် ၊ အပြာရောင်များကို လျော့ချအသုံးပြုကြဖို့နဲ့ .. စနေနေ့ ညနေခင်းမှာ .. အနောက်တောင် အရပ်မှာ ..လမ်းပြင်၊ တံတားခင်း စသော ကောင်းမှုကုသိုလ်ဖြစ်စေမယ့် လုပ်ရပ်လေးတွေ စတိမျှဖြစ်စေ အနည်းနဲ့ အများဆိုသလို ပြုပေးကြဖို့ တိုက်တွန်းအပ်လိုက်ရပါတယ်။ ဗုဒ္ဓဘာသာဝင်များ အဖို့တော့ .. စနေထောင့်မှာ ရွက်လှ ဆယ့်နှစ်ညွန့်တိတိ ကပ်လှုပြီး ယတြာပြုနိုင်ပါတယ်။

ပညာရေးရာ  ကံဇာတာ

ကိုယ်တိုင် ပညာရှင် အဖြစ် စွမ်းအားသုံးလုပ်ဆောင်ရမယ့် အချိန်ပါပဲ။ ပညာသင်ကြားဆဲ ကြာသပတေး သားသမီးများ အဖို့တော့ ပညာစွမ်းပြနိုင်မယ့် အချိန်ဖြစ်ပါတယ်။ မိမိတို့ရဲ့ ပညာစွမ်းရည်ကို တိုးချဲ့ ထပ်ဆင့်နိုင်မယ့် ကာလဖြစ်တာကြောင့် .. အရည်အသွေးတွေကို ပညာရေးဘက်မှာ အားစိုက်လိုက်တာနဲ့ သိသိသာသာ တိုးတက်လာတတ်ပါတယ်။ များစွာသော သူတွေထဲကနေ စံပြပညာထူးချွန်သူတွေအဖြစ် ရွေးထုတ်ခံရခြင်းဟာ သည်တစ်နှစ်အဖို့တော့ ကြာသာပတေးသားသမီးတွေ၊ ကြာသာပတေးနံ နာမည် အဖျား စာလုံးပိုင်ရှင်တွေ ဖြစ်နေမှာ အမှန်မို့ ..ခုနှစ်နှစ်ကြာမှ တစ်ခါရောက်လာတတ်တဲ့ သည်လို ခုနှစ်မျိုးမှာ အစွမ်းပြနိုင်ကြဖို့  အားပေးလိုက်ရပါကြောင်း။

လူမှုရေးရာ  ကံဇာတာ

လူမှုရေးရာ ကံဇာတာမှာ   သည်တစ်နှစ်မှာ  .. လူမှုရေး ပျက်ပြားမှုတွေ၊ အဆင်မပြေမှုတွေ အရမ်းများပြား ရတတ်ပါတယ်။ အဲဒီ့လိုပဲ ..လူထူးလူဆန်းတွေ၊ လူ့ဂွစာတွေ၊ ရပ်ဝေးမြေခြားက လူတွေ၊ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ ထိတွေ့ဆက်ဆံရေးများ လည်း ပေါ်ပေါက်လာတတ်သော ကာလမျိုးဖြစ်ပါတယ်။ အများအားဖြင့်ကတော့  လူမှုဆက်ဆံရေးနယ်ပယ်မှာ အခက်အခဲများပြားရတတ်သော ကာလတစ်ခု အမှန်ပင် ဖြစ်ပါတယ်။


လာဘ်လာဘ နှင့် ထီ    ကံဇာတာ

လာဘ်လာဘ ထီကံ အရ …သည်တစ်နှစ်က  အင်အားရှိတဲ့ ၊ ကောင်းမွန်တဲ့ ကာလဖြစ်ပါတယ်။ ကိုယ်ကြည်ညို လေးစားရတဲ့ လူကြီးမိဘ ဆရာသမား အကြီးအကဲ တို့ကို သစ်သီးဝလံများ  ပူဇော်ပေးပြီး ၊ ထီ ကံစမ်းနိုင်ကြပါတယ်။ အနည်းဆုံး ထီမပေါက်တောင် ..လာဘ်ဝင်..လာဘ်ရွှင် စေနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ အဖို့တော့ တနင်္ဂနွေထောင့်မှာ သစ်သီးဆွမ်းကပ်လှုခြင်း၊ အိမ်တွင်လည်း တနင်္ဂနွေနေ့တိုင်း သစ်သီးဆွမ်းကို ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာ  ကပ်လှုခြင်း ပြုပေးနိုင်ပါက အကျိုးထူး ရစေတတ်သော ကာလတစ်ခုပါ။ အများကြီးလှုမှ ကုသိုလ်ရတာမဟုတ်ပါ။ စေတနာထက်သန်ပြီး ကြည်ညိုစိတ် နဲ့ သဒ္ဒါပြင်းပြ မှုကို ပဓာန ကျပါတယ်။ ထီဝါသနာရှင်တွေအဖို့တော့  သောကြာနေ့ နဲ့ ၆ဂဏန်း ကို အသုံးပြု ထီကံစမ်းပါ။ သ၊ဟ အက္ခရာများ အားကောင်းပြီး၊ စပ်တူထီလည်း ကံစမ်းသင့်ချိန် ဖြစ်ပါတယ်။

အမည်များနှင့် ကံဇာတာ

အမည်များနှင့် ကံဇာတာ ဟောကိန်းများကိုလည်း အကျဉ်းချုံးပြီး ထည့်သွင်းရေးသား ဖော်ပြပေး လိုက်ပါတယ်။ အသေးစိတ် ဟောဖို့မဖြစ်နိုင်တာကြောင့် အဓိကကျတဲ့ အမည်အဖျားစာလုံး အသုံးပြုစနစ် အရ ပဲ ဖတ်ရှု အသုံးပြုနိုင်အောင် စီစဉ်ပေးလိုက် ရပါကြောင်း။  (အမည်အဖျားစာလုံး  =  နာမည်တစ်ခု၏ အဆုံးစာလုံး)

(၁)  အမည်အဖျားစာလုံး (က၊ခ၊ဂ၊ဃ၊င) ဖြင့်မှည့်ခေါ်ထားသော ကြာသာပတေးသားသမီးများ
စုမယ် ၊ ဆောင်းမယ်၊ သိုမယ်၊ ၀ှက်မယ်။ မသိအောင် ဖွက်ထားမယ်ဆိုတဲ့ နှစ်မျိုးပါပဲ။ ဒီနှစ်ထဲမှာ ကြာသပတေး သားသမီးတွေထဲမှာ သင်တန်းနဲ့ သင်ကြားရေးဆိုင်ရာကဏ္ဍများမှာ ဆောင်ရွက်မှု အများဆုံး နာမည်ပိုင်ရှင်တွေကတော့ သည်နာမည်ပိုင်ရှင်မျိုးတွေပဲ ဖြစ်ပါလိမ့်မယ်။ ထူးခြားတာတစ်ချက်က …သည်နာမည်ရှင် ကြာသာပတေးသားသမီးအချို့ သည်ခုနှစ်မှာ အနုပညာနယ်ပယ်မှာ ဆောင်ရွက် လုပ်ကိုင်ခဲ့မယ်ဆိုရင် …အထူးအောင်မြင်မှု ရရှိတတ်ကြပါတယ်။ မူလဇာတာအရပါ .. ကိုက်ညီနေခဲ့မယ် ဆိုရင် အမှန်ပဲ အချိန်အခါကောင်း ဖြစ်ပါလိမ့်မယ်။ ယခုနှစ်ထဲမှာ အထက်ပါအမည်ရှင် ကြာသာပတေး သားသမီးများအဖို့  ရွေးခြယ်ရခက်စရာများ ၊ စိတ်ဒွိဟ ဖြစ်စရာများ၊ သင်တန်းအသင်းအဖွဲ့ဆိုင်ရာ အောင်မြင်မှုများ၊ ၀ါသနာပါသော ကဏ္ဍများမှာ အောင်မြင်ဖြစ်ထွန်းမှုများ ကြုံတွေ့ရတတ်ချိန် ပါပဲ။

(၂) အမည်အဖျားစာလုံး(စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသော ကြာသာပတေး သားသမီးများ
အထက်ပါအမည်ရှင်တွေကတော့ သည်တစ်နှစ်မှာ ပြီးခဲ့သည့် နှစ်က မောလာသမျှ အပန်းဖြေရချိန်နဲ့ တူတဲ့ကာလ ဖြစ်ပါလိမ့်မယ်။ မနှစ်ကတုန်းက … ပြင်းပြင်းထန်ထန် ကြုံခဲ့ရသမျှ အဖြစ်အပျက်တွေ နဲ့ ..မာန်မာနကို ထိပါးခံရမှုတွေကနေ  သက်သာရာရတဲ့ ကာလ ရောက်လာပါပြီ။ ကောင်းသော ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှု အချို့ ကြုံကြိုက်ရတတ်ခြင်း၊ အတိတ်ကုသိုလ်ကံ အကျိုးပေး နိုးထလာတတ်ခြင်း ရှိလာ နိုင်သော ကာလကို ရောက်ရှိလာပြီ ဆိုပါတော့။ အနဲငယ်ခက်တာတစ်ခုကတော့ စပ်တူနဲ့ အစုရှယ်ယာ ဆိုင်ရာ ကဏ္ဍအချို့မှာ ..သည်တစ်နှစ်အဖို့  စိတ်တိုင်းမကျမှုများကြားကနေ ရုန်းကန်ကြိုးစားကြရပါမယ်။ မိမိတို့ရဲ့  အကျိုးစီးပွားကို မြန်မြန်ရရှိဖို့ စိုင်းပြင်းရင်း ၊ စပ်တူ ၊ အကျိုးတူ ပေါင်းစီးမယ့်သူဘက်က အဆင် မပြေမှု တစ်စုံတစ်ရာကြောင့် အခက်အနဲငယ် ရှိလာရတတ်ပါတယ်။ ဒီနှစ်မှာ ဒီနာမည်ရှင်များ အဖို့ လူသူ လေးစားခံရမှု ပိုမိုရရှိလာပါမယ်။

(၃) အမည်အဖျားစာလုံး (ယ၊ရ၊လ၊၀) ဖြင့်မှည့်ခေါ်ထားသော ကြာသာပတေးသားသမီးများ
 
အထက်ပါ အမည်အဖျားစာလုံးပိုင်ရှင်တွေ ကတော့ … ယခုကောဇာခုနှစ် ၁၃၇၃ခုနှစ် ထဲမှာ ပညာရှင်များ ၊ ဆရာမိဘ အကြီးအကဲများ ထဲမှ အချို့နဲ့ အတိုက်အခံ ပြသနာ များ ဖြစ်ပွားကြုံတွေ့ကြရတတ်ပါတယ်။ မိမိရဲ့ ဦးတည်လုပ်ဆောင်မှုကြောင့် ..မိမိကိုယ်မိမိ ထိခိုက်စေမှု ရှိတတ်သော အချိန်ပါပဲ။ အထူးသဖြင့် မိမိရဲ့ အနေအထိုင်၊ နေပုံထိုင်ပုံ ၊ အနေအထား နဲ့ နေထိုင်ရာဌာနကို အကြောင်းပြုပြီး ၊ အကြီးအကဲအချို့နဲ့ အတိုက်အခံသဖွယ် ဖြစ်လာရတတ်ပါတယ်။ အများစုကတော့ …. ကိုယ့်ကိုယ်ကို အရှက်ရစေမယ့် နေထိုင်မှုမျိုး ပြုမိသွားတတ်ပါတယ်။ ဂရုစိုက်ရှောင်ရှားနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ်။ အဓိက ပြောလိုတာ တစ်ခုက …နေရာရွေးမမှားဖို့ ဂရုပြုကြပါ။

(၄)  အမည်အဖျားစာလုံး ( ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ်ထားသော ကြာသာပတေးသားသမီးများ
အရည်အသွေး အတောက်ပဆုံး နှစ်မျိုးပါ။ စိတ်ကလည်း ပိုမိုပြီး မြန်လာပါမယ်။ လက်တွေ့ကျကျ အားလုံးကို ဖြေရှင်းမှု ပြုပြီး ထိုးဖောက်သွားမယ့် ကာလရောက်လာပါပြီ။ ခက်တာက တစ်ဖက်က ကိုယ်က ရှေ့ကို လှမ်းနေချိန်မှာ …နောက်မှာက တစ်ပိုင်းတစ်စ နဲ့ တို့လို့တန်းလန်း ကိစ္စလေးတွေ၊ မပြီးမပြတ်သေးဘဲ အရစ်ရှည်နေတဲ့ အကြောင်းအရာလေးတွေ ကလည်း ပေါ်လာနေတတ်ပါတယ်။ ရှေ့ကိုတိုးဖို့အတွက် နောက်က အကြောင်းအရာတွေကို တစ်ဖက်က ရှင်းလင်းနေရမယ့် ကာလမျိုး ဖြစ်လာပါမယ်။ ဘာပဲဖြစ်ဖြစ် သည်တစ်နှစ်ဟာ ကိုယ်ပိုင်စွမ်းရည် နဲ့ ရှေ့ကို ထိုးဖောက်လို့ အကောင်းဆုံး အချိန်ပါပဲ။

(၅) အမည်အဖျားစာလုံး  (အ၊ဥ) ဖြင့်မှည့်ခေါ်ထားသော ကြာသာပတေးသားသမီးများ

ကိုယ်မလုပ်ဘဲ .. သူတစ်ပါးအတွက်နဲ့ ကိုယ့်ကိုပါ အထက်အရာရှိ ၊ အကြီးအကဲများ က ငြင်ငြိုခံရတတ်သော ကာလ ဖြစ်ပါတယ်။ ဒီနှစ် မှာ သူတစ်ပါးကိစ္စတွေကို ၀င်ပြီး အာမခံပေးတာ၊ တာဝန်ယူ အသိမှတ်ပြုပေးတာ မျိုးလုပ်မိရင်တော့ …အကြီးအကဲ ငြင်ငြိုခံရခြင်း၊ အပူလောင်ခြင်း၊ အပူနာများ ပေါက်ခြင်း၊ အရှုပ်အထွေးထဲ ကိုယ်ပါ ကြားညှပ်ပါသွားခြင်းမျိုး ကြုံရဖို့ မြင်နေပါတယ်။ မလွှဲသာလို့ သူတစ်ပါးအတွက် လုပ်ပေးရတော့မယ် ဆိုရင်တော့ မောရသုတ်တော်ကို သာ နေ့ညမပြတ်ရွတ်ဖတ်ကြဖို့ အကြံပြုလိုက်ရပါတယ်။

အခြားတစ်ဖက်မှာ တော့ သည်နာမည်ရှင် ကြာသာပတေးတို့အဖို့ .. အပြောင်းအလဲတွေ၊ မထင်မှတ်ထားတဲ့ အချိုးအကွေ့ အဖြစ်အပျက်လေးတွေ ဖြစ်ပွားကြုံတွေ့ရတတ်တဲ့ ကာလမျိုး ဖြစ်နေပါတယ်။ ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဆိုတဲ့ အနေအထားထဲမှာ မထင်မှတ်တဲ့ အပြောင်းအလဲ လေးတွေပါ  ပါဝင်နေမယ့် အချိန်ပါ။ ဘာပဲဖြစ်ဖြစ် သည်တစ်နှစ်ဟာ အပြောင်းအလဲ တွေ ကို လက်ခံပြီး ၊ မထင်မှတ်ထားတဲ့ အခြေအနေတွေကို ..အကောင်းဘက်က ဖြစ်တည်လာအောင် ကြိုးစားကြရမယ့် ကာလပါပဲ။ ဖြစ်နိုင်သမျှ သည်နှစ်တစ်နှစ်လုံး သူ့အသက် သတ်ခြင်းကံကို မပြုမိအောင် အထူးကြိုးစားသင့်လှပါတယ်။ စိတ်ကောင်းနှလုံးကောင်းမွေး၊ ဘာသာရေး အားပြု၊ နေ့စဉ် မောရသုတ်တော်ကို နံနက်ည ရွတ်ဖတ်ပြီး မိမိကိုယ်မိမိ စောင့်ရှောက်ရင်း မမျှော်မှန်းထားသော ရှုထောင့်မျိုးမှ ကောင်းကျိုးရရှိနိုင်သော အချိန်လို့ပဲ ဆိုပါရစေ။

(၆) အမည်အဖျားစာလုံး  (သ၊ဟ) ဖြင့် မှည့်ခေါ်ထားသော ကြာသာပတေးသားသမီးများ  

အမည်အဖျားစာလုံး သ၊ဟ ပိုင်ရှင် ကြာသပတေးသားသမီးများအဖို့တော့ သည်တစ်နှစ်ထဲမှာ မေတ္တာရေးရာ ၊ အိမ်ထောင်မှုရေးရာ လိုအပ်ချက်ကလေးတွေ ဖြစ်တည်လာတတ်ပါတယ်။ မသာယာမှုလို့ မဆိုနိုင်ပေမယ့် …အချိုးမပြေမှုလေးတွေတော့ များများလာတတ်ပါတယ်။ အဲဒီ့လိုပဲ ထွေးထုတ်ပစ်လို့မရတဲ့ ..မျိုချထားရတဲ့ အဆင်မပြေမှု အချို့ကြောင့် ..ကသိကအောက် ဖြစ်ကြရတတ်ပါတယ်။ အခြားတစ်ဖက်မှာတော့ မိမိတို့ရဲ့ ရည်မှန်းချက် ဦးတည်ချက်များမှာ ရှေးယခက်ကထက် ပိုမိုအကောင်အထည်ပေါ်လာတတ် ပါပြီ။ မူလဇာတာ အနေအထားအရပါ အင်အားညီညွတ်ချိန် တိုက်ဆိုင်နေခဲ့မယ်ဆိုရင်တော့ သည်တစ်နှစ်ဟာ အနာဂတ် အကျိုးစီးပွားနဲ့ မိမိရဲ့စီမံကိန်းများ အကောင်အထည်ပေါ်မှု အများအပြား ရရှိမယ့် နှစ်မျိုးပါ။ ရာထူးတိုးဖို့ စိုင်းပြင်းနေသူအချို့လည်း သည်နှစ်ထဲမှာ တိုးခွင့်ကြုံပါမယ်။ အဖွဲ့အစည်း၊ ရှယ်ယာ၊ စပ်တူ အလုပ်လေးတွေ ကနေလည်း အကျိုးအမြတ် သီးပွင့်လာတတ်သော ကာလဖြစ်ပါကြောင်း။

(၇) အမည်အဖျားစာလုံး(တ၊ထ၊ဓ၊ဒ၊န၊ဌ) ဖြင့်မှည့်ခေါ်ထားသော ကြာသာပတေးသားသမီးများ  

ထိုးမည့်ဆင် နောက်ခြေတစ်လှမ်းဆုတ် ဆိုတဲ့ကာလပါပဲ။ ဘက်ဂီယာတစ်ချက်ထိုးအပြီးမှာပဲ နံပတ်ဝမ်း ပြန်တင်ပြီး  ..အရှိန်နဲ့ လှိမ့်ထွက်ရမယ့် ကာလမျိုးပါ။ ဘ၀တက်လမ်းတွေအတွက် ရှေ့တိုးကြည့် ၊ နောက်ပြန် လှည့်ကြည့်၊ တစ်ခါပြန်ပြီး ထိုးစစ်ဆင် ..အဲသလိုမျိုး အခြေအနေတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သည်တစ်နှစ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလုပ်ဆောင်နိုင်ခွင့်ကြုံလာပါမယ်။ တစ်ခုတော့ရှိတယ်။ ကိုယ်ထူမှ ကိုယ်ထ မယ့် အချိန်ဆိုတာ သတိပြုပါ။ မဖြစ်သာလို့ အကူညီတောင်းရရင်လည်း အဲဒီ့အတွက် အခက်အခဲ ရှိနေပါမယ်။ အဓိက အကြံပြုလိုတာကတော့ …တစ်ကြိမ်နဲ့မရလို့ ဘာမှ ဇွဲမလျော့လိုက်ပါနဲ့။ နောက်တစ်ကြိမ် ထပ်မံသာ ကြိုးစားကြည့်လိုက်ပါ။ ဒီနှစ်မျိုးထဲမှာ ၀ါသနာဆိုတာကိုလည်း ခဏမေ့ ထားလိုက်ပါ။ စိတ်ပျော်ရွှင်မှုနောက်ကိုလည်း ကောက်ကောက်ပါအောင် မလိုက်မိပါစေနဲ့။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုမှာ ဖြစ်သင့်တာကို ဦးစားပေးရမယ့် ကာလရောက်နေပါပြီ။ အရေးကြီးတဲ့ အကြောင်း အရာတွေ မှန်သမျှ စနေနေ့မှာ လုပ်ဆောင်ပါ။


ကြာသာပတေးသားသမီးများ  အားလုံးအတွက်   အနှစ်ချုပ်အကြံပြုချက်

ကောဇာမြန်မာခုနှစ် ၁၃၇၃ခုနှစ် ဟာ .. ကြာသာပတေးသားသမီးများ အားလုံးရဲ့လက်ထဲကို စွမ်းအင်တွေ ထည့်ပေးလိုက်တဲ့ နှစ်ပါပဲ။ ကိုယ့်ကိုယ်ကိုသာ သတိပြုမိဖို့ လိုပါတယ်။ လက်တွေ့ကျကျ ဆောင်ရွက် အကောင်အထည်ဖော် ဆောင်နိုင်စွမ်းတွေ ပြည့်ဝလာတဲ့ သည်အချိန်မျိုးမှာ …ရှေ့ကို ထိုးဖောက်နိုင် သလောက် ထိုးဖောက်သွား ကြရပါမယ်။ တစ်ဖက်က ရှိလာမှာက .. တစ်ပိုင်းတစ်စ နဲ့ မပြတ်သေးတဲ့ ကဏ္ဍတွေကလည်း  နောက်ကို ပြန်ဆွဲနေသလို ဖြစ်နေမယ့် အချိန်ပါ။ ဒီကဏ္ဍတွေကိုလည်း အဆင်ပြေအောင် တစ်ဖက်က ထိမ်းညှိလုပ်ဆောင်ပေးရင်း …ရှေု့ကိုလည်း တိုးသည်ထက် တိုးမြှင့်ရင်း ခရီးနှင်ကြရမယ့် ကာလဖြစ်ပါတယ်။

၇ နှစ်မှာသာ တစ်ခါ ရတတ်တာကတော့ ခင်ဗျားတို့ လက်ထဲကို ရောက်လာတဲ့ စွမ်းအင်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခါ ပြန်ရဖို့ အတွက် ခုနှစ်နှစ်ကြာအောင် ပြန်စောင့်ရပါမယ်။ သည်လိုပြောလို့ ….စွတ်ပြီးလည်း မရမ်းလိုက်ကြပါနဲ့။ အဓိက ပြောလိုတာက …တွက်ကိန်းချပါ။ လက်တွေ့လုပ်ပါ။ သင့်မသင့် ခွဲခြားဆင်ခြင်ဖို့ကတော့ မိမိတို့ဘာသာ ဆင်ခြင်ပါ။

မူလဇာတာအရ .. .. အင်မတန်အားနဲနေတဲ့ ကြာသာပတေးသားသမီးတွေမှာတောင် သည်စွမ်းအင်က အကျိုးပြုပေးမယ့် ကာလပါ။ တစ်ခုပဲ…… အယူအဆမှားယွင်းပြီး၊ သည်စွမ်းအင်ကို အမှားဘက်မှာ မသုံးမိစေဖို့ မှာပါရစေ။ သုံးလိုက်လို့ကတော့… အရက်သမားကို ဓါးပေးလိုက်သလိုပါပဲ။ ရမ်းချင်ရာရမ်း …ကြမ်းချင်ရာကြမ်း ဖြစ်သွားနိုင်ပါတယ်။

ဒီကောဇာနှစ်ထဲမှာ ကြာသာပတေးသားသမီးများ အားလုံး သတိပြုဖို့က  ..နေရာဌာန ဆိုင်ရာ ကဏ္ဍများပဲ ဖြစ်ပါတယ်။ နေရာအရွေးမှားတာ၊ နေရာမှားတာ၊ အနေအထိုင်မှားတာ။ အထားအသို ပိုစေရှင် မှားယွင်း တာတွေ အများဆုံးကြုံရမယ့် အချိန် ဖြစ်နေပါတယ်။ အဲဒီ့လိုပါပဲ အထောက်အကူ၊ အားကိုးအားထားစရာ ခေါင်းပါးပြတ်လတ် ရှားပါးနေရတတ်တဲ့ ကာလဖြစ်ပါတယ်။ မတော်တဆ လဲသွားရင်တောင် ကိုယ့်ကို ထူမယ့်သူ မမျှော်ပါနဲ့။ ကိုယ့်ဘာသာ ရုန်းသာ ထလိုက်ပါ။ အဲဒါက မြန်မြန်ခရီးရောက်ပါတယ်။ အိုခေ…၊ သည့်ထက်လည်း ရေးပေးချင်ပါသေးတယ်။ ဟောမယ်ဆိုလည်း ဟောစရာတွေ ကုန်မယ်တောင်မထင်ပါဘူး။

သို့ပေမင့် …. မျက်လုံးတွေက ကိုဖုန်းတဲ့ ..ရွှေဘုံသာလမ်းကို ပြေး၊ မျက်မှန်လေး ပြန်လုပ်ချေဦးလို့ တောင်းဆိုလာပါတယ်။ ဒါနဲ့ ဆရာရန်းဂန်းဆီ မျက်မှန်လုပ်ချင်တာ ဘယ်ဆိုင်ကောင်းမလဲ ၊ ဈေးသက်သာ မလဲ အကြံဥာဏ်လေးတောင်းကြည့် တော့ …စမ်းတာက တစ်ဆိုင် ၊ မျက်မှန်လုပ်တာက တစ်ဆိုင် အဲသလိုမှ အဆင်ပြေမယ်။ နို့မို့ဆို …ဆိုင်ကြီးတွေက ဆရာဝန်ခတွေကော ၊ဘာတွေကော နင်းကန် တောင်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆရာကိုရွှေရန်းဂန်းနဲ့ သူအားမယ့်တစ်နေ့နေ့ကို ချိန်းပြီးသကာလ … မျက်မှန်လေး ပြေးလုပ်ပြီးမှ ကျန်တဲ့ နေ့နံတွေ ဆက်ရိုက်ပေးနိုင်ပါတော့မယ် ခင်ဗျား။  ထို့ကြောင့်…နောက်ထပ် နေ့နံများအတွက် ဟောစာတမ်းများ မတင်မရေး ဖြစ်သေးပါက …ကျွန်တော် မောင်ဖုန်း ၏ အပြစ်မဟုတ်။ မအားလပ်သေးသော ဆရာရန်းဂန်းသာ ဖြစ်ပါကြောင်း……။ တိန် ။  (အရသာရှိပ သူများကို လွှဲချလိုက်ရတာ) ။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)


Post a Comment
 

Posts Comments

©2006-2010 ·TNB