အတွေးစုဗူး (၂)

Sunday, June 19, 2011


ကောဇာ နှင့်  ဒသာ  ဘယ်ဟာက  … ပိုကောင်း

တစ်လောက ဆရာနျူမာန် (မိုးတား) က  ကောဇာ နဲ့ ဒသာ အားပြိုင်မှုများနှင့် စပ်လျဉ်းပြီး လက်ရိုးဗေဒင်လောကရှိ ဆရာကြီးများ၏ ၀ိဝါဒကွဲပြား ယူဆမှုအချို့ကို တင်ပြသွားခဲ့သည်။ ထိုအကြောင်း ဖတ်မိသောအခါ … ကျွန်တော့်မွေးဇာတိ မြို့လေးပေါ်မှ ကိုကိုလက်ရိုး တို့အကြောင်း သတိရမိသည်။ ကိုပြေတိုးဟန် ၊ ကိုသာဂိ ၊ ကိုဝင်းနိုင် စသော သူတို့က  ကောဇာ သမားတွေ။ ကိုရင်လှစိန်၊ ဦးလေး ဦးကျော်သောင်း၊ ကိုဖြိုးသူ  စသော သူတို့ အုပ်စုက  ဒသာ မှ ဒသာ သမားများ ။


တစ်ကယ့်တစ်ကယ် ဒသာတွေက ဘာမှ မမှန်ဘူးဗျ။ ကောင်းတဲ့ ဒသာစားပြီး ဆိုးချင် ဆိုးနေတာ ၊ ဆိုးတဲ့ ဒသာထဲမှာ ကောင်းနေတဲ့သူတွေလည်း အများကြီး ၊ ကောဇာကမှ ဂွပ်ကနဲ ..ဂွပ်ကနဲ တိတိကျကျမှန်တာ ။ ဥာဏ်မမီတဲ့သူတွေကတော့ ဒသာပဲ အဟုတ်မှတ်တာပေါ့လေ ။

ဟေ့ကောင် … သာဂိ ၊ ငါ ဒီအသက်အရွယ်ရောက်မှ .. ထောင်ထဲ ပြန်မ၀င်ချင်ဘူးနော် ၊ စကားကို ဆင်ဆင်ခြင်ခြင် ပြော။ ကောဇာက ဂွပ်ကနဲ မှန်သလို ငါ့လက်ထဲက ပန်းကန်လုံးကလည်း  မင်းသောက်ခွက်ကြီးကို ခွပ်ကနဲ မှန်သွားမယ်။ မအေ…..။

ဦးလေးဦးကျော်သောင်းက  ဒေါသကြီးသည်။ ကိုသာဂိက မထိတထိသမား။ သည်တော့ သူတို့နှစ်ဦးက မကြာခဏ ဆိုသလို ကောဇာ ဒသာ စစ်ပွဲအတွင်း ရှေ့တန်းစစ်မျက်နှာတွင် ထိပ်တိုက်တွေ့မိတတ်ကြစမြဲ။ ကိုပြေတိုးဟန်ကတော့ ထုံးစံအတိုင်း သိုင်းသိုင်းဝိုင်းဝိုင်း နှင့် စကားကိုလှအောင်ပြောပြီး အဆုံးမှာ ကောဇာက တော်တော်မှန်ကြောင်း …မသိမသာရော သိသိသာသာပါ စကားနိဂုံးချုပ်တတ်စမြဲ။

ကိုဖြိုးသူကတော့  ဒသာတွေကို အသဲအမဲ လိုက်စားသူမို့ … ခေါင်းလေးမသိမသာ တစ်ရမ်းရမ်းနှင့် မင်းတို့ မသိပါဘူးလေ ဆိုသော အပြုံးလေး ဆင်မြန်းကာ လက်ဖက်ပန်းကန်ထဲမှ ပုဇွန်ခြောက်ကို ဇွန်းဖြင့် ထိုးလှန် ရှာနေတတ်သည်။   

မူလဇာတာ ရဲ့ ခိုင်ခန့်မှု နဲ့ ယုဂ်တွေရဲ့အကျိုးကို ဒသာစားချိန်မှာမှ တစ်ကယ်သိသာတယ်ကွ။ ကောဇာ ဆိုတာက  လျှပ်ပြေးလေး သကြားဖြူးပေးရုံ လောက်ပဲ။  

ကိုရင်လှစိန်က ရေနွေးကြမ်းကို ရှလူးကနဲ စုပ်သောက်ရင်း  …စကားဝိုင်းထဲသို့ ကျည်တစ်တောင့် ပစ်သွင်း လိုက်သည်။  

ကိုသာဂိက နှုတ်ခမ်းကို မဲ့ရင်း  ….

ဟုတ်မယ် ဒါကြောင့် ဟိုတစ်လောက ခင်ဗျား ဈေးထဲက မသန်းစိန်ကို ဒသာနဲ့ တိတိကျကျ ဟောလိုက်တာ ထင်တယ်။ ကိုရင်လှစိန် မျက်နှာ ရဲကနဲ ဖြစ်သွားသည်။ မကြာမီ..ချမ်းသာ ..  ထီပေါက် ၊ ကျန်းမာ ၊ အခါခါ လာဘ်ရတော့မည်ဟု ဟောမိကာမှ …နောက်ဖေးမီးဖိုချောင် မီးလောင်သဖြင့် …တိုးတိုးတိတ်တိတ် သိုးသိုးသိပ်သိပ် ..ထိုးသိပ်ပြီး အမှုမဖြစ်အောင် လုပ်လိုက်ရသဖြင့်  ရွှေလက်ကောက် ငါးကွင်းခန့် ပြုတ်သွားသော ငါးခြောက်သည် ဇာတ်လမ်းကို အားလုံးက သိကြသည်မို့  ၀ါးကနဲ ရယ်ကြသည်။  
ကိုရင်လှစိန် တော်တော်ထိသွားသည်။

ဟေ့ကောင် သာဂိ … မမှားသော ဗေဒင်ဆရာ ဆိုတာ မရှိဘူးကွ။ တစ်ခါတစ်လေတော့ မှားချင်မှားမှာပဲ ။ မင်းတောင် …ကောဇာပညာရှိကြီး စတိုင်နဲ့ ..ဟောလိုက်တာလေ..၊ ဟို ဆိုင်ကယ်ဝယ်ရောင်းလုပ်နေတဲ့ ကောင်လေး  ..ရှိတဲ့ ဆိုင်ကယ်နှစ်စီးလောက် ပြုတ်သွားသေးတယ် မဟုတ်လား။ ဒါတောင် အေပေးက …ယတြာခ ထပ်သွားတောင်းရဲသေးတယ်။ သူမို့လို့ …ငါသာဆို မင်းရဲ့ မလှပတဲ့ သောက်ခွက်ကြီးကို ဖနောင့် နဲ့ကို တက်အပေါက်ပဲ။    

ဤသို့ဤနှယ်…. မဟာပညာရှိ စကားဝိုင်းကား ဓါးရောင် လှံရောင် ..တစ်ပြောင်ပြောင်။

ကျွန်တော်ကား ..သူတို့စကားဝိုင်းတွင် စကားအနဲဆုံးနှင့် နားထောင်သမားသက်သက်ကဲ့သို့ အမြဲပါ နေခဲ့ရသူ။ ပင်ကိုယ်က စကားနည်းခြင်းကြောင့်တော့ မဟုတ်။ ကျွန်တော်က လက်ဆန်းပိုင်းကို နှစ်နှစ်ကာကာ လိုက်စား နေပြီး ၊ လက်ရိုးတွင် မူ စာဖတ်သမားမျှသာ ခံယူထားသောကြောင့် လည်း ပါသည်။ နောက်တစ်ခုက …ကျွန်တော်ဝင်ဆွေးနွေးလို့ မဖြစ်ခြင်းကြောင့် ပင်။ ကျွန်တော်၏ မူလသဘာဝ အရပင်လျှင် …ပြောစရာရှိလျှင် တစ်တစ်ခွခွ ပယ်ပယ်နယ်နယ် ပြောမိသည်က များသည်။ တမင်ပြောခြင်း မဟုတ်။ ပြောလိုက်သည်နှင့် စိတ်အား မာန်ပါ ပြင်းပြင်းထန်ထန် ဖြစ်လာတတ်သဖြင့် …ဖြစ်နိုင်သမျှ မပြောဘဲ နားထောင် ပေးလိုက်ခြင်း ဖြစ်သည်။ နောက်တစ်ခုက ကျွန်တော်ပြောမိလျှင်လည်း စပြောမိသည်နှင့် တော်တော်နှင့် မရပ်တော့ဘဲ အတွေးသွားရာနောက် စကားက ကောက်ကောက်ပါ စီးဆင်းနေတော့သည်။ ဆိုတော့ သည်အုပ်စုနှင့်က မပြောတာပဲ ပိုကောင်းသည် ဟု ဆုံးဖြတ်ကာ သူတို့ ငြင်းခုန် ဆွေးနွေးကြသည်များကို ရယ်လိုက်မောလိုက် နားထောင် နေလိုက်စမြဲ။
သို့သော် …. တစ်ခါတစ်ရံတွင်တော့ ကျွန်တော်လည်း အဖျားခတ်ခံရသည်။ အထူးသဖြင့် ဒေးဗစ်ချန်းဟု ခေါ်သော ကျောင်းဆရာတစ်ပိုင်း ဗေဒင်ဆရာတစ်ဝက် ပုဂ္ဂိုလ် ရောက်လာလျှင် စစ်ပွဲ ၏ အဖျားခတ် ကျည်ဆံတို့က ကျွန်တော့်ဘက်ကို လွင့်လွင့်လာတတ်သည်။ ဒေးဗစ်ချန်း သည် ဆိုင်ဆိုင် မဆိုင်ဆိုင် အလိုက်ကန်းဆိုး မသိ ၀င်ပြောတတ်ပြီး၊ အလကားနေရင်း တစ်ဖက်သားကိုလည်း နှိမ်ချဆက်ဆံလိုသူမျိုး ဖြစ်သည်။

မင်းတို့လက်ဆန်း ဗေဒင်က တစ်ကယ့်တစ်ကယ် နိုင်ငံရပ်ခြား ခရီးတို့  … သေမယ့်ကိန်းတို့ကို ဟောလို့ မရပါဘူးကွာ ။ ဒါမျိုးကျတော့ ငါတို့ လက်ရိုးစနစ်က မှ တိတိကျကျတွက်လို့ရတာကွ။ နောက်ပြီး နိုင်ငံရေး ဗေဒင်မှာလည်း ဒီအတိုင်းပဲ။ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း ဟောမယ်ဆို လက်ရိုးနဲ့မှ ရမယ်။  .. စသဖြင့် ..ဗလာချည်ကြီး  တွယ်တတ်သည်။ ဒေးဗစ်ချန်းဟု သူ့နာမည်ကို ခေါ်တွင်ရခြင်းကလည်း အကြောင်းရှိသည်။

ကျွန်တော်တို့မြို့တွင် သိမ်တောင် တောင်ကုန်းနှင့် ဘုရားကျောင်းကန်များမှာ အထင်ကရ တစ်ရပ်ဖြစ်သည်။ ယင်းတောင်ပေါ်ဘုရားကျောင်းများ တည်ရာ တောင်ရိုးပေါ်သို့ အရှေ့ရိုးမမှ ကျားရဲတစ်ကောင် တောကျွံ လာခဲ့ဖူးသည်။  ထိုစဉ်တုန်းက ဒေးဗစ်ချန်းလောင်းလျာ က ဘုန်းကြီးကျောင်းမှ ကျောင်းသားကြီးတစ်ဦး ဖြစ်သည်။ ကျားဆိုသည်ကို သေချာ မမြင်ဖူးကြ သဖြင့် ..တောကြောင်အကြီးစားကြီးပဲ မှတ်ကာ မောင်မင်းကြီးသားက တုတ်နှင့် သွားထိုးသည် ။ ဟိုကလည်း ကျားပီပီ တစ်စက်ကလေးမှ သီးမခံပဲ ခုန်အုပ်ကာ လက်တစ်ဖက်ကို ပုတ်သွားသည်။

ကျားပုတ်ခံရသဖြင့် မိမွေးတိုင်း ဖမွေးတိုင်း မဖြစ်တော့ဘဲ ယခုထက်ထိတိုင်အောင် … လက်တစ်ဖက် ပြတ်နှင့် ကျောင်းဆရာဘ၀ ရောက်နေသူ ။ တိုက်တိုက်ဆိုင်ဆိုင် သူ ကျားပုတ် ခံရသဖြင့် လက်ဖြတ် လိုက်ရသည့် နှစ်မှာပင် ..ဒေးဗစ်ချန်း ၏ လက်တစ်ဖက်ပြတ်ဓါးသမား သိုင်းကားက နာမည်ပေါက်သည့် ကာလ ဖြစ်နေသည်။ ကင်ပွန်းတပ်ပွဲ လုပ်စရာမလိုပဲ မောင်မင်းကြီးသားလည်း ဒေးဗစ်ချန်း ဟူသော နာမည် တွင်သွားတော့သည်မှာ ယခုထက်ထိတိုင်အောင်ပင်။

အစကတော့ ..ကျောင်းဆရာလည်းဖြစ် ၊ လက်တစ်ဖက်ချို့တဲ့နေသည့် အင်္ဂါ ချွတ်ယွင်းနေသူ လည်း ဖြစ်သဖြင့်  လေးစားသမှုကော ၊ ဂရုဏာပါ ထားမိသေး၏။ သို့သော် မောင်မင်းကြီးသားက ချဉ်ဖတ်နှင့် ရှောက်သီး ရောသမမွှေ ထားသော အကျင့်စွဲကပ်နေသဖြင့် ကြာလေလေ မေတ္တာတုံးလေ ..သုဉ်းလေ ဖြစ်လာ၏။ လက်ကိုပုတ်သွားသော ကျားကိုပင် အပြစ်တင် မိ၏။ တစ်ခါထဲ .. ဇက်ကို ပုတ်သွားလိုက် ပြီးရော။

ပြောသာပြောရသည်။ တစ်ကယ်တော့ မြန်မာတစ်ပြည်လုံးတွင် ဒေးဗစ်ချန်းကဲ့သို့ ပုဂ္ဂိုလ်တွေ ..ဒုနဲ့ဒေး ..ဒင်းကြမ်းထပ် ရှိနေကြဆဲ ဖြစ်သည်။ လက်ဆန်း မှ လက်ရိုးမှ နှင့် ဂျေးဂျောင်ထူ လူတန်းစားများတည်း။ တစ်ကယ်တော့ ဘာပညာပဲလေ့လာ လေ့လာ …မိမိ ဥာဏ် နှင့် သင့်မှ တတ်မြောက်သည်။ ကောဇာ နှင့် ဒသာ တွင် လည်း ထိုနည်းတူပင်။ ကောဇာ နှင့် ဥာဏ်သင့်သူက ကောဇာအမြင် ပိုမိုဖြတ်လတ် တိကျသည်။ ဒသာ နှင့် ဥာဏ်သင့်သူက  ဒသာအဟော နှင့် အသွားအလာ အကျိုးအပြစ်ပြုတတ်ပုံကို အနုစိတ် ပိုမြင်သည်။ ကောဇာ သည်လည်းကောင်း ၊ ဒသာသည် လည်းကောင်း လူတစ်ယောက်၏ ဘယ်လက် နှင့် ညာလက် ကဲ့သို့  ပညာရပ်တစ်ခုလုံး၏ အဓိက အစိတ်အပိုင်းများ ဖြစ်ကြသည်။ ကောဇာတစ်ခုတည်းကို သာ အမှန်ဟု ယူဆလျှင်လည်း ဒေးဗစ်ချန်း လို လက်တစ်ဖက်ပြတ် နှယ် ဖြစ်ပေမည်။ ဒသာမှ အရေးကြီးတယ် ကောဇာအမြင်အယှဉ် အစီးအနင်းက ထင်သလောက် အရေးမကြီးဟု ယူဆပါကလည်း ….ဒေးဗစ်ချန်း ပဲ ဖြစ်နေဦးမည်သာ။

တရုပ်သိုင်းကား ထဲတွင်သာ ဒေးဗစ်ချန်းက လက်တစ်ဖက် ထဲနှင့် လူတစ်ထောင်လောက်ကို စွတ်ရွတ် ခုတ်ပြနိုင်သည်။ ပညာပိုင်းမှာတော့ လက်တစ်ဖက်ပြုတ်သည် နှင့်  အပေါ့အငန် မညီသော ဟင်းတစ်ခွက်နှယ် ..ဖြစ်ချေမည်သာ။

ကောဇာက  .. အကျိုးအပြစ် ပေးရာတွင် တိကျထက်မြက်သည်။ ဒသာတွေက …ဖြစ်ခွင့် မဖြစ်ခွင့် အချိန်ကာလကို တိကျစွာ ညွှန်ပြနိုင်ကြသည်။ ကောဇာ နှင့် ဒသာ ဘယ်ဟာက ပိုကောင်းသလဲ မေးပါမူ … ကိုယ်တတ်မြောက် ကျွမ်းကျင်သည့် ပညာက ပိုကောင်းပါလိမ့်မည်။ မတတ်လျှင် … မပိုင်နိုင်လျှင် ဘယ်ပညာမှ မကောင်း ။ ရတနာကျောက်စီဓါးကို ထင်းခွဲရာတွင် သုံးနေရသကဲ့သို့  ဖြစ်ချေမည်။

အလားတူပင် လူတစ်ယောက်အနေဖြင့် ဘက်စုံထူးချွန် တစ်ဖက်ကမ်းခတ်ရန်မှာ မလွယ်ကူ။ အလွန် အင်မတန် ပါရမီပြည့်ဝသော အလောင်းတော် များသာ ပညာအရပ်ရပ်ကို မွေးရာပါ တတ်မြောက်နိုင်သည်။ လူသာမန်တို့မှာမူ ဥာဏ်ရည် ပါရမီ ပါရှိသလောက်သာ ..တတ်မြောက်နိုင်ကြ၏။ သို့ဖြစ်ခြင်းကြောင့် မိမိတို့အားသန်ရာ ၊ ထိုးဖောက်နိုင်စွမ်း ရှိရာ ပညာရပ် အစိတ်အပိုင်းတစ်ခုခုကို  ..တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လာသည်အထိ အဖန်ဖန် အားထုတ်ကြိုးပမ်းသင့်သည်။ ကောဇာသန်လျှင် ကောဇာနောက် လိုက်ပေတော့။ သို့သော် …ဒသာကိုမူ အပြစ်မဆိုအပ်။ ဒသာပညာ ကို အားသန်လျှင် ဒသာနောက်ကို လိုက်နိုင်၏။ ကောဇာကိုမူ မရှုံ့ချအပ်ပေ။

ဘယ်ဘက်မျက်လုံး နှင့် ညာဘက်မျက်လုံး နှစ်လုံးတွင် ဘယ်မျက်လုံးက မြင်မြင် …မြင်ဖို့သာလိုသည်။ နှစ်ဖက် စလုံးမြင်နိုင်စွမ်းသော် စက္ခုနှစ်ကွင်း အလင်းကောင်းစွာ ရသည့်သူကဲ့သို့  အကျိုးပြုလေသည်။ 

လက်ဆန်းပညာ   လေ့လာရာဝယ် …

လက်ဆန်းပညာပိုင်းတွင်လည်း ဤနည်းတူသာဖြစ်သည်။  မိမိလိုက်စားလိုသည့် ကဏ္ဍတစ်ခုကို ရှေးဦးစွာ သတ်မှတ် ထားပြီး ၊ ယင်းကို ကောင်းစွာ လေ့လာမှုပြုသင့်သည်။ ကျွန်တော်ကိုယ်၌ပင်လျှင် … လွန်ခဲ့သော ဆယ်နှစ်ခန့်ကာလမှ စပြီး ၊ အပိုင်းကဏ္ဍများ ခွဲခြား လေ့လာမှတ်တမ်းတင်ခဲ့သည်။ နာမည်အဖျားစာလုံး ၊ ကာရက ၊ ပညတ်သဘော၊ မဟာဘုတ်ဌာနများ ၊ ပက္ခများ၊ လက်ဆန်းဒသာစနစ်များ၊ အင်္ဂ၀ိဇ္ဖာ ပညာမှ ဌာနအမျိုးမျိုး၏ သဘာဝ အကြောင်း စသဖြင့် အနုစိတ်လေ့လာမှု ပြုခဲ့သည်။ တစ်နိုင်တစ်ပိုင် အခန်း ကန့်ကာ နိုင်သလောက် အထူးပြုလေ့လာ လိုက်စားခဲ့သည်။ မလေ့လာနိုင်သေးသဖြင့် ဖတ်ရုံမျှသာ ဖတ်ပြီး ထဲထဲဝင်ဝင် မလေ့လာနိုင်သေးသော အခန်းကဏ္ဍများလည်း မြောက်များစွာ ကျန်ရှိနေသေး၏။

ယင်းသို့ဆိုသဖြင့် … ဘာမဟုတ်တဲ့ ခုနှစ်ခုစား ရှစ်ခုစားလေးကို များ ဒီလောက်လေ့လာစရာ လိုလို့လား မေးစရာ အကြောင်းရှိပေမည်။ အလွန့်အလွန်  လိုအပ်ပါကြောင်း………။ ပမာပြုရပါမူ …တစ်ခါက  …အထက်ပါ လက်ရိုးသမားတို့၏ စကားဝိုင်းတွင် .. ဇာတာ တစ်စောင်ကို ချပြပြီး ၊ သက်တမ်းဆုံးဖြတ်ပုံကို ဆွေးနွေးကြ၏။ ကိုစိုးကော ဘယ်လို ယူဆမိသလဲဗျ ဟု ..စကားအဆက်အစပ်မရှိ အမေးရှိလာသဖြင့် ..၊ လက်မှ နာရီကို ကောက်ကြည့်ပြီး ၊ အင်္ဂ၀ိဇ္ဖာ စနစ်ကို အသုံးပြုကာ ..၊ ခု စားပွဲပေါ်ချထားတဲ့ ဇာတာက အသက်ငယ်ငယ်နဲ့ သေထားတဲ့ဇာတာမျိုးပဲ ။ ဘာနေ့သားသမီးလဲမသိပေမယ့် …ခုဇာတာချထားတဲ့ နဘေးမှာ ကိုသာဂိ စားထားတဲ့ နေကြာစေ့ခွံတွေ ၊ တနည်းအားဖြင့် စွန့်ပစ်ရမယ့် အမှိုက်တွေ ထားထားတယ်။ နေကြာစေ့ ကမရှိတော့ဘူး။ နေကြာစေ့အခွံတွေ ဖြစ်နေတယ်။ သည်တော့ အနေမကြာဘူးလို့ ပြတယ်။ အခါတိုင်အရလည်း သက်တမ်းတိုမယ့် အခါတိုင် ဖြစ်နေတယ်။ မလွဲပါဘူး ..ခင်ဗျားတို့ဇာတာက အသက်တိုမယ့်ဇာတာပါ ..ဟု ဖြေခဲ့ဖူးပေသည်။ ငယ်ငယ်ရွယ်ရွယ် နှင့် ရေနစ် ဆုံးပါးခဲ့သူ၏ ဇာတာဖြစ်နေ၏။

အထက်ပါကဲ့သို့ ဟောဆိုရာတွင် ..ကျွန်တော် အထူးပြုလေ့လာခဲ့ခြင်း၏ အကျိုးကျေးဇူး များစွာပါ၏။ အင်္ဂ၀ိဇ္ဇာ အခါတိုင်များတွင် သက်တမ်းတိုသော အခါတိုင် ၊ သက်တမ်းရှည်သော အခါတိုင် ၊ အလင်းတိုင်၊ အမှောင်တိုင်၊ ဥာဏ်ရည်ပွင့်သည့်အခါတိုင်၊ ဥာဏ်ရည်သုဉ်းသည့် အခါတိုင်၊ ခံစစ်တိုင် ၊ ထိုးစစ်တိုင်…စသဖြင့် ဆန့်ကျင်ဘက် အင်အားဆောင်သော တိုင်သဘောတရားတို့ကို …လေ့လာ လိုက်စားပါ များလတ်သော် သိမြင်လာခဲ့ရ၏။

စာဖတ်နေရုံနှင့်တော့ သိမြင်တတ်မြောက်လိမ့်မည် ဟု မထင်လေနှင့် ။  ကျွန်တော်သည်လည်း အများသူငါ နည်းတူ ဘုရားပွဲဈေးတန်းမှ ..တစ်အုပ်နှစ်ရာ သုံးရာ ခန့်နှင့် ၀ယ်ယူဖတ်နိုင်သော မိသားစုအိမ်တွင်းဗေဒင် ၊ ဗေဒင် အလွယ်နည်း ၊ စသဖြင့်စာအုပ်ကလေးများမှ စတင် လေ့လာခဲ့ရသူဖြစ်၏။ အဘယ်မည်သော ရှေးဟောင်း ကျမ်းကြီး ၊ ရှေးမူပုရပိုက်ကြီး ကိုမျှ မှီဝဲခွင့်ရခဲ့သူမဟုတ်။

အဓိကအားဖြင့် … စာသိ နှင့် လက်တွေ့ပြင်ပအသိ ကို ထိမ်းညှိပေးရ၏။ ထပ်မထပ်၊ ညီမညီ ခွဲခြားရ၏။ စာသိက အမှားများ ဖြစ်နေလျှင်လည်း လမ်းအမှားကို ပယ်ရပြန်၏။ ငါးစားသည့်အခါ အရိုးထွင်ကာ အသားကို စားရသကဲ့သို့…. ကောင်းမွန်မှန်ကန်သည့် အချက်တို့ကို  လက်ကိုင်ပြုပြီး ၊ မမှန်ကန် မညီညွတ်သည့် အချက်တို့ကိုမူ ..ပယ်ထား ချန်ထားခဲ့ရ၏။ မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့်အတိုင်း ….ကိုယ်တိုင် ကျင့်ကြံအားထုတ် ပြီးမှ ယုံ……..ဟူသော အချက်ကိုလည်း လက်ကိုင်ပြုရ၏။ ကြည်ညို၍ ယုံကြည်ခြင်းမျိုး တို့မှာမူ အကြည်ညိုပျက်သည်နှင့် အယုံအကြည်လည်း ပျက်ပြား ရတတ်ပေသည်။

သုတေသန ပြုခြင်း
အမှန်တစ်ကယ်တမ်းတွင်မူ လက်ဆန်းဗေဒင် ပညာရပ်ပိုင်းတွင်ပင် လေ့လာပါက မကုန်နိုင်မခမ်းနိုင်အောင် ရတနာသိုက်ကြီးကဲ့သို့  ….ပညာရပ်အစစ်အမှန်များ ပြည့်သိပ်နေ၏။ မောင်ဖုန်းကား ရွှေတိုရွှေစ ရဖူးသဖြင့် ဂေါ်တစ်ချောင်း ကိုင်ကာ တူးနေသည်မှာ ကြာခဲ့ပေပြီ။ အချို့ကား …ရတနာသိုက်ကို ဖင်ခုထိုင်ရင်း …ဆင်းရဲကြောင်း ငြီးတွားနေကြဆဲ။ မဟာဘုတ် မဟုတ်ပါ ဟူ၍လည်းကောင်း၊ ခုနှစ်ခုစား ရှစ်ခုစား အလကားပါ ဟူ၍လည်းကောင်း …ငြီးတွား ရေရွတ်နေကြဆဲပင်။  တစ်ကယ်ဖြစ်သင့်သည်က တော့ …ကျွန်တော်ကဲ့သို့ တစ်ဦးတစ်ယောက်ထဲ ဂေါ်တစ်ချောင်းကိုင်ပြီး တူးနေရခြင်းမျိုးထက် …အသင်းအဖွဲ့ဖြင့် ၊ စနစ်တကျ လေ့လာသုတေသနပြုသော အသင်းမျိုးဖြင့် …တစ်ဦးလျှင် တစ်ကဏ္ဍဆီ အားသန်ရာ ခွဲခြားပိုင်းခြား လေ့လာသုတေသန ပြုခြင်းမျိုးက များစွာ ခရီးတွင်ပေလိမ့်မည်။ ယင်းမှာ ဘူဒိုဇာဖြင့် တူးသည် ကဲ့သို့  … အမြန်အများ အကျိုးရှိနိုင်ပေသည်။

သို့ရာတွင် ..ယင်းသို့ လေ့လာ သုတသနပြုရာတွင် …ဦးဆောင်ဦးရွက်ပြုမည့်သူများ၏ အခန်းကဏ္ဍမှာမူ အရေးပါပေမည်။ တာဝန်ကြီးသလောက် လမ်းမှန် လမ်းမှား ခွဲခြားတတ်ရန် မှာလည်း အထူးလိုအပ်ပေမည်။ အမှားတစ်ခုကို အမှန်ဟု မှတ်တမ်းတင်မိခြင်းမျိုး တို့ ကင်းဝေးစင်ကြယ်အောင် အထူးပင် အားစိုက်ရပေမည်။ အလားတူပင် …သုတေသနပြုသော သူများမှ တင်သွင်းလာသော အဆိုပြုချက်များ၊ အသစ်တွေ့ရှိချက်များကိုလည်း လမ်းမှန်၏/ မမှန်၏ ကောင်းစွာ ခွဲခြမ်းစစ်ဆေး မှတ်တမ်းတင်ပေးနိုင်ရမည်။

အမှန် ဆယ်ခု မရလျှင် နေ… အမှားတစ်ခု ပါမလာဖို့ အလွန်အရေးကြီးပေမည်။ ဤသည်မှာ နောင်လာမည့် မျိုးဆက် ဖြစ်သော မြန်မာဗေဒင်ပညာမျိုးဆက် များ အတွက် အရေးကြီးလှပြီး ၊ အလွန် အကျိုးရှိစေမည့် ကိစ္စ တစ်ရပ် ဖြစ်သည်။ ကျွန်တော်၏ အနာဂတ်ရည်မှန်းချက်မှာ .. အဆိုပါအသင်းမျိုး တစ်ခု တည်ထောင် နိုင်ရေး ဖြစ်ပြီး ၊ များမကြာမီ ယင်းအသင်း တည်ထောင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ခြင်း၊ အသင်းသားများ စုဆောင်းခြင်း ပြုနိုင်ရန် လည်း ယခုအခါ ဦးတည်ကြိုးပမ်းနေပါသည်။ အဓိကအားဖြင့်မူ  …အဆိုပါအသင်းအဖွဲ့မှ … ဒေါင်ဒေါင်မြည် မှန်ကန်ညီညွတ်သော သုတေသနပြုချက်များ စုဆောင်းဖြန့်ဝေ ပေးနိုင်ရေးကို ပြုလုပ်နိုင်ရန် ရည်သန်ထားပေသည်။

ဘယ်ဆရာရဲ့တပည့် ၊ ဘယ်မူ ၊ ဘယ်သူဘယ်ဝါရဲ့မျိုးဆက် စသော … ကျဉ်းမြောင်းသော အယူအစွဲများ စွန့်သင့်ကြပေပြီ။ ညီညီညွတ်ညွတ်ဖြင့် .. စုပေါင်းဆောင်ရွက်နိုင်ခြင်းသည် အလွန်ကြီးမားသော ခွန်အားကို ဖြစ်စေနိုင်ပေရာ …မြန်မာ့ပညာရှိ မဟာက၀ိတို့အနေနှင့် ..ငါ့ဟာမှအမှန် ၊ ငါကမှ အတော်အတတ် ဟူသည့် မာန်မာနတို့ကိုလည်း လျှော့သင့်ချိန် တန်လေပြီ ။ 

ကျွန်တော့်အနေနှင့်မူ  ..ပညာရှင်တိုင်းကို ပညာလေးစားသမှု ထားသည်သာ ဖြစ်သည်။ ငါသိ သည် ငါတတ်သည် ဟူသော မာန်မာနမျိုးလည်း စိုးစဉ်းမျှ မထားပါပေ။ ငါမသိသည် ငါမတတ်သေးသည် များ ကိုသာ ကျွန်တော်စိတ်ဝင်စားပေသည်။ ဘယ်နေရာမှာ ဘယ်ဟာသည် အမှန်တရားလဲ ဆိုသည်ကို ကျွန်တော်လေ့လာရှာဖွေ လိုသည်။ မဟာဘုတ်ဗေဒင် ပညာ တွင် …ဆယ်စုနှစ်နှင့် ချီကာ ကျွန်တော်လေ့လာ နေရဆဲ ဖြစ်သည် ဟု ဆိုသဖြင့် အချို့သော သူတို့က  ဂဏန်းလေး ခုနှစ်လုံးကို အဲသလောက် လိုအပ်လို့လား မေးနိုင်ပေသည်။ အလားတူပင် .. ခုနှစ်ခုစားလေးကို ..သုတေသနကြီးကြီးကျယ်ကျယ် ပြုစရာ လိုသလား မေးနိုင်၏။

ယင်းအတွက် ဥပမာ ဆိုရပါမူ ..သိုက်ဌာနရှိ ဂြိုဟ်သည် အကောင်းဟု ဆိုသည့်တိုင် ယင်းဌာနတွင် တနင်္ဂနွေ ရပ်တည်ခဲ့သော …အမျိုးကောင်းပါလျှက် အဆံဖျင်း အထွက်ညံ့သော စပါးခင်း နှင့် တူသွား၏။ အလားတူပင် … မရဏဌာနတွင် အင်္ဂါဂြိုဟ် တည်ခဲ့သည့်အခါ .. အဆိုးချည်းသတ်မှတ်ပါမူ မှားလေစွ။ အလွန် အင်အားကြီးမားသော စိတ်နယ်လွန်စိတ်စွမ်းအင် ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာ အလွန်နက်နဲ ထက်မြက်သော စွမ်းအင်မျိုးကို ဖြစ်တည်စေ၏။ အဆိုပါကဲ့သို့သော အချက်များမှာ လက်တွေ့သုတေသန မပြုပါဘဲနှင့် မည်သည့်နည်းနှင့်မျှ မသိနိုင်ပေ။

အနှစ်ချုပ်ဆိုရပါမူ ….ဟေးးးးးးးးးး  နိုးကုန်လော့ ၊ ထကုန်လော့  ၊ စွန့်သင့်သည်တို့ကိုလည်း  စွန့်ကြကုန်လော့။ ခေတ်ကြီးကား …ပြောင်းနေပေပြီ။ ကိုယ်မလုပ်လျှင် …တိုင်းတစ်ပါးသားတို့ ဆော်ပလော်တီးကြတော့မည်။ မြန်မာက၀ိ မဟာပညာရှိ ယုန်နားရွက် ခေါင်းပေါင်းပိုင်ရှင် အပေါင်းတို့ လေးးးးးးးးးးးးးးးးးးဟေးးးးးးဟေးးးးးးး။

အမြင်ကပ်ခံ ပြီး နိုးဆော်အပ်ပါသော …
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
phone; 01 618 469


Post a Comment
 

Posts Comments

©2006-2010 ·TNB