ဗေဒင်ဆရာ နတ်ဒေ၀ါ

Friday, June 24, 2011

ဘာဖြစ်ချင်သလဲ ပြော


ရှေ့ဖြစ်မှာတွေ ၊ နောက်ဖြစ်မှာတွေ လာမပြောနဲ့ ။ ဘာဖြစ်ချင်သလဲ သာ ပြော ဆိုပဲ ။ ဆရာရန်းက နှစ်ကြိမ် လောက်မက ဖုန်းဆက်ဖြစ်တိုင်း ပြောပြလို့  သိလိုက်ရပါတယ်။ ယတြာလေဒီ ဆိုတဲ့ ဗေဒင်ဆရာမကြီး တစ်ဦး ရဲ့ ခတ်ဟော့ဟော့ ကြော်ငြာ ဆိုပဲ ။ ကြော်ငြာက တယ်ကောင်းပါလား ဆိုပြီး …ကိုယ်တောင် … စိတ်ပါပါ ဖြစ်လာတယ်။ မောင်ဖုန်းလည်း သွားကြည့်ဦးမှ ထင်တယ်။ ဘာဖြစ်ချင်သလဲ သာ ပြော ဆိုတဲ့အတိုင်း ဖြစ်ချင်တာ အကုန် ပြောပစ်ဦးမယ်။ ဟုတ်တယ်ဗျ …. သူ့ကြော်ငြာက လုံးဝသာ သဘာဝ မကျတာ …လူပေါင်းများစွာရဲ့ စိတ်နှလုံးကိုတော့ ဆွဲဆောင်နိုင်မှာ သေချာတယ်။ 



နံနက်ခင်းတစ်ခု စလိုက်တာနဲ့  ..လူတွေအားလုံးဟာ …ဖြစ်ချင်တာတွေ ပလုံစီလာတယ်။ အစာရေစာ ကျလာရာကို ဖလမ်းဖလမ်းထအောင် ရုန်းရင်းဆန်ခတ် တိုးဝှေ့လုယက်နေရတဲ့ … ငါးကန်ထဲက ငါးတွေ လိုပါပဲ။ မိုးသောက်ချိန်ကနေ စလို့ ..အလိုဆန္ဒတွေအရင်းပြုပြီး  ကိုယ်ဖြစ်ချင်တာတွေကို ခေါင်းစဉ်တပ် လှုပ်ရှားနေကြရသူ ချည်းပါပဲ။ ဒီလိုလောကကြီးထဲမှာမှ …ဒီလေဒီ က ဒီလိုကြော်ငြာမျိုးနဲ့ ဆွဲဆောင်လိုက်တာ .. ကျွန်တော် သဘောကျမိပါတယ်။ အလိုဆန္ဒ အလိုလောဘ ကြီးကြီးမားမား ဖြစ်လာလေလေ သူ့ကြော်ငြာက  အားကိုးချင်စရာ ကောင်းလေလေ ကိုး ။ တစ်ကယ်သာ ဖြစ်ချင်တာမှန်သမျှ လုပ်ပေးနိုင် နေရင်တော့ ဒါ …လူမကြီး မဖြစ်နိုင်ဘူး …နတ်မကြီး … နတ်လေဒီကြီး ပဲ ဖြစ်မယ်။ အဲဒါသာ သေချာ လို့ကတော့ မောင်ဖုန်း .. ဒီနတ်မကြီးကို  .. ၊ သွားပြီးကို မ ..ကြည့် ၊ အဲလေ … သွားပြီးကို အားကိုး ပစ်လိုက် ဦးမယ်။ မမ …ကျွန်တော်ကလွဲရင်… ဘယ်သူ့မှ …မ .မ ၊ ရဘူး ဆိုပြီး ။  ဟိုသီချင်းလေး လို … အဲလို ဆိုရင်း ပြေးကို အားကိုးပစ်ဦးမယ်။

သားကလေ..ရုပ်ရှင်ဒါရိုက်တာကြီး တစ်ယောက် ဖြစ်ချင်တယ်။ တစ်ကားမှတော့ မရိုက်ဖူးဘူး ပေါ့နော် ။ အဲ..နောက်ပြီး .. အင်္ဂလိပ်လိုတော့ မကျွမ်းဘူးပေါ့။ ဒါပေမယ့် နိုင်ငံခြားသားတွေနဲ့ တစ်ယောက်ပြောတာ တစ်ယောက် နားလည်ချင်တယ်။ ( ဟဲ ..ဟဲ.. ခြေဟန်လက်ဟန်နဲ့ ပြောပေါ့ ဆိုမှ ..ဂွကျမယ်။) နောက်ပြီး …အိမ်မှာ အမေ မွေးထားတဲ့ ကြောင်တွေ ကို ချေးမပါအောင် လုပ်ပေးစေ့ချင်ပါတယ်။ နောက်ပြီးတော့လေ ..သားကလေ… တစ်လတစ်ခါလောက် ပုံမှန် ထီပေါက်ချင်တယ်။ အများကြီးတော့ မဟုတ်ပါဘူး ။ တစ်လ ကို ဆယ်သိန်းဆုလောက် ရယ်ပါ။ အဲဒါလေးတွေသာ ဖြစ်ချင်ပါတယ် ..မမရယ် ..ဆိုပြီး ချွဲပစ်လိုက်ချင်ပ ။

ဘာဖြစ်ချင်သလဲသာ ပြော ….တဲ့။ အရမ်းသဘောကျမိပါတယ်။ မောင်ဖုန်းတောင် သူ့ဆီကနေ အတုယူ ရဦးမယ်။ ဆိုဒ်မှာ လည်း နာမည်ပြောင်းပစ်မယ်။ ယတြာမောင်မောင် ..အကုန်လက်ခံသည်။ ဘာဖြစ် သလဲသာ ပြော ။ အကုန် လိမ်ပစ် အဲ….အကုန်ကူညီမည်။ ဆိုပြီး ကြော်ငြာထည့်လိုက်ရ ကောင်းမလား ။

အသိလက်မှတ်

ဗုဒ္ဓဘာသာမှာ  … ဒီသံသရာထဲကို မသိမှု နဲ့ စွဲလမ်းမှု နှစ်ပါး ဖြစ်တဲ့ အ၀ိဇ္ဇာ နဲ့ တဏှာ ကြောင့် ၀င်လာကြသူ ချည်းပါပဲ။ ပြန်ထွက်ချင်ရင်တော့ အဲဒီ့လက်မှတ်နှစ်စောင်နဲ့ ပြန်ထွက်လို့မရပါ။ လက်မှတ်အသစ်ကလေး လိုပါတယ်။ သိမှု  … ဆိုတဲ့ လက်မှတ်ကလေးပါပဲ။ အဲဒီ့လက်မှတ်ကလေးမှ မရှိရင်တော့ ….ချေးတုံးလေး ၀ဲလယ် ၀ဲလယ် ဆိုသလို နဒီကြောမှာ မျောနေတဲ့ ဒိုက်သရိုက်ကြားက မစင်တုံး လိုသာ။

လည်ပေဦးတော့ …အခါခါ ၊
မြစ်နဒီ သည်တစ်ကြော ..ဆက်ပြီးမျောပါ
ဒိုက်သရိုက် အမှိုက် ကြားမှာ … ပျော်နေရှာ မစင်တုံး …ဆိုတဲ့ ဘ၀တွေပါပဲ။

သိမှုနည်းလေလေ ..မစင်တုံး ဘ၀ ပိုပီပြင်လာလေလေ ပါပဲ။ သိမှု  (၀ါ) သိခြင်းတရား ဟာ အလွန် အရေးကြီးလှပါတယ်။ ဒီလောကမှာ မသိရင် ကျွန်တော်တို့ ခင်ဗျားတို့ မသိကြေး ပေးကြရပါမယ်။ ဘာဖြစ်မှန်း မသိဘူး ဆိုတဲ့စကားကို တစ်နေ့ဘယ်နှစ်ကြိမ် ကျွန်တော်တို့ ရေရွတ်မိသလဲ။ ဘာရောဂါလဲ မသိဘူး ။ သွား ….ဆရာဝန်ဆီ၊ ဆေးခန်းဆီ၊ စစ်စမ်း ဆေး၊ သြော…သိပြီလား ။ သြော်…ဒီရောဂါကိုး ။ ဘာဆေး  သောက်ရမလဲ မသိဘူး၊ ဘာတွေရှောင်သင့်သလဲ မသိဘူး။ ဘယ်လောက်ကြာအောင် ကုရမလဲ မသိဘူး။ မသိဘူး ။ မသိဘူး။ မသိဘူး။ မသိဘူးးးးးးးးးးးးးးးးးးးးး  ။

လာခဲ့ သိစေရမယ်။ မသိရင် ..မသိကြေးပေး။ အချိန်တွေ ၊ ငွေတွေ၊ စိတ်ပင်ပန်းမှုတွေ ပေးပြီး ကသောကမျော ကျွန်တော်တို့ အသိကို ရှာယူနေကြရတယ်။ အမှုတစ်ခုဖြစ်တယ်။ ဘယ်လို လုပ်သင့်သလဲ မသိဘူး။ သိတဲ့တတ်တဲ့ ရှေ့နေခေါ်ပါဦးဟ။ ပူဇော်လိုက်ဦး မသိကြေးလေး။ ခုတစ်လော ကံညံ့နေသလိုပဲ ။ ဘာဖြစ်နေမှန်းလဲ မသိဘူး။ ပြေးလိုက်ဦးဟ ဗေဒင်ဆရာဆီ။ လာခဲ့ မသိကြေး ။  ဆရာ မောင်ဘယ်သူ မဘယ်ဝှာ … မသိကြေးဘယ်လောက် ။ အဲဒါ ..လက်ရှိ ခင်ဗျားတို့ ကျွန်တော်တို့ နေနေတဲ့ ကမ္ဘာ။

ယတြာ  

ဒီကမ္ဘာမှာ  .. ကိုယ်ကိုယ်တိုင် သေသေချာချာ မသိပေမယ့် သူတစ်ပါးကို သိမှုရောင်းနိုင်တာ ဗေဒင်ဆရာ ပါပဲ။ အလွယ်လေး ဖြီးလို့ ရတယ်။ ပါးပါးလေး လှိမ့်ပစ်ချင်သေးလား ။ ရတယ်။ ချော်လဲ ရောထိုင် လုပ်မလား …သိပ်လွယ်တယ်။ ခပ်တည်တည် ဖိန့်မလား …အေးဆေးးး။

အမှန်တစ်ကယ်  တွက်မှာလား ။ အရမ်းခက်တယ်။ ခေါင်းထဲက မီးခိုးတွေ အူထွက်လာမတတ် ခက်တယ်။   လူတစ်ယောက်ရဲ့ အနာဂတ် ကံတရားကို ဗလာစာရွက် တစ်မျက်နှာ ပေါ်က တောင်ခြစ်မြောက်ခြစ် ခြစ်ထားတဲ့ ဂဏန်းလေးတွေ အပေါ်မှာ အဖြေရှာပြီး ခန့်မှန်းထောက်ဆ ယူရတယ် ဆိုတာ လွယ်မယ်လို့ အဘယ်သူ ယူဆမလဲ။ ခင်ဗျားခေါင်းပေါ်က ဆံပင်တွေထဲမှာ အလံဖြူတွေ တစ်ခုပြီး တစ်ခု စိုက်လာမယ်။ ကုတ်ထားတဲ့ မျက်မှောင်နှစ်ခု ကြားက အရေးအကြောင်းတွေ ပြန်မပြေနိုင်တော့ဘူး။ စိုက်ထားတဲ့အာရုံ ဟာ နက်ရှိုင်းတဲ့ ဥမင် တစ်ခုထဲမှာ မောပန်းနွမ်းနယ်သွားတဲ့အထိ … အဖြေရှာယူ ကောင်း ရှာယူရမယ်။

ကဲ… ဟုတ်ပြီ။ အဖြေသိပြီ။ ကောင်းတဲ့အနာဂတ်ကံတရားတစ်ခုအတွက် ..အဲဒီ့ကံတရားကို အဟောသိကံ ဖြစ်မသွားစေဖို့၊ ဆိုးတဲ့ ကံတရားတစ်ခုအတွက် … လည်း အဲဒီ့ကံကို ဖြေပြေသက်သာနိုင်စေဖို့ .. ယတြာ (ချေဖျက်ခြင်း) ဆိုတဲ့ ကဏ္ဍ အတွက်ကော။ ဒီကဏ္ဍ ကရော လွယ်မယ်လို့များ ထင်နေပါသလား။

အတိတ်က  သူတစ်ပါး စားသောက်နေတဲ့ ပန်းကန်ခွက်ယောက်ကို ခြေနဲ့ကန်ကျောက်ခဲ့မိတဲ့ အကြောင်း တရားကြောင့် …မျက်မှောက်ကံမှာ  အသက်မွေးဝမ်းကျောင်းမှု အဆင်မပြေ ဖြစ်လာတယ်။ ဒါကို …ဘုရားမှာ ထီးပေါက်စန လေးငါးလက်၊ ယပ်ပေါက်စန လေးငါးချောင်း၊ တုတ်တံမှာ စက္ကူစုတ်ကလေးတွေ ကော်ကပ်ထားတဲ့ တံခွန် ကုက္ကား ပေါက်စနလေးတွေ နဲ့ ခင်ဗျားတို့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အပြစ်တွေကို ခြေဖျက်နိုင်မယ် ထင်နေပါသလား

ရှေ့ဖြစ်မှာတွေ နောက်ဖြစ်မှာတွေ လာမပြောနဲ့။ ဘာဖြစ်ချင်သလဲ သာ ပြော …တဲ့။ လက်ဆန်းပညာမှာ ဖြစ်စေ၊ လက်ရိုးမှာဖြစ်စေ၊ ဒသာကာလ ဂြိုဟ်အိပ်ကာလ တစ်ခုဆိုတာ ..အရမ်းကြာမြင့်ပါတယ်။ အဲဒီ့လို ကာလရှည်ကြာ လွှမ်းမိုးထားတဲ့ ကောင်းသော ကံ ၊ဆိုးသောကံတွေကို …ခင်ဗျားတို့ ဒီကနေ့တစ်ရက် လုပ်လိုက်တဲ့ ယတြာလေးတစ်ခုနဲ့ ပြောင်းလဲပစ်နိုင်မယ် များ ထင်နေပါသလား။ ငရဲမှာ ငရဲသက်တမ်း။ နတ်တွေမှာ နတ်သက်တမ်း။ ဆိုးတာခံရတဲ့အခါ ဆိုးတဲ့သက်တမ်း၊ ကောင်းတာစံရတဲ့ အချိန်မှာ ကောင်းတဲ့ သက်တမ်း …စတဲ့ ..အချိန်ကာလဆိုင်ရာ အကျိုးအပြစ်တွေကို မျက်ကွယ်ပြုပြီး၊ ရှေ့ဖြစ်နောက်ဖြစ်တွေ လာမပြောနဲ့ ။ ဘာဖြစ်ချင်သလဲသာပြောလို့  ဆိုခဲ့ရင် ……………..။

ဗုဒ္ဓဘာသာ ရဲ့  အတိတ်အကြောင်းတရား ကြောင့် မျက်မှောက်အကျိုးတရား ၊ မျက်မှောက် အကြောင်းတရားကြောင့် အနာဂတ်အကျိုးတစ်လွှာ ဆိုတဲ့ အကြောင်းအကျိုး ချိတ်ဆက်နေမှု အနှစ်သာရကို …ဘယ်မှာ ချောင်ထိုးထားခဲ့လည်း  မေးစရာပါပေ။

အသိကို … ဆင်ခြင်သုံးသပ် သတိချပ်ခြင်းကနေ ရှာဖွေရယူနိုင်ကြပါစေ။

လူလား … နတ်လား

အိမ်ထောင်ရေး အဆင်မပြေဘူး။ ဗေဒင်ဆရာဆီ ပြေးကြတယ်။ ဗေဒင်ဆရာကိုယ်တိုင် တစ်ခုလပ် ဖြစ်နေတာ သူတို့မသိဘူး။ သိန်းနှစ်ရာ သုံးရာ ရဖို့ ဗေဒင်ဆရာကို အားကိုးတယ်။ ဗေဒင်ဆရာ အကြွေးတင် နေတာ သူတို့မသိဘူး။ ကျန်းမာရေး ကောင်းဖို့ ဗေဒင်ဆရာဆီ ယတြာသွားတောင်းတယ်။ ဗေဒင်ဆရာ သွေးတိုးနေတာ သူတို့မသိဘူး။

မှတ်ထား. … ဗေဒင်ဆရာ ဆိုတာ နတ်ဒေ၀ါတွေ မဟုတ်ဘူး။ ခင်ဗျားတို့နည်းတူ ..သူလည်း …လူ ..။ ကျွန်တော် အပါအ၀င် ဘယ်ဗေဒင်ဆရာမျိုးဆီကမှ ဘာတန်ခိုးသိဒ္ဓိ မှ မလိုချင်ပါနဲ့။ မပေးနိုင်ပါ။ ကလေး လိုချင်လို့ သားဆုမပန်ပါနဲ့  ။ ဗေဒင်ဆရာဟူသည် ရုက္ခစိုး မဟုတ်။ အလုပ်အကိုင် ရာထူးတိုးလိုသည်။ အလုပ်ကို အာရုံစိုက်ထုတ်၊ ကြိုးစားလုပ် ၊ အထက်လူကြီး ချစ်ခင်အောင် ကြိုးစား။ ဗေဒင်ဆရာကို လာအပူ မကပ်ပါနဲ့။ အလုပ်ပြုတ်ရာမှ ဗေဒင်ဆရာ ဖြစ်လာသော သူတွေ အပုံကြီး  ရှိနေသည်။

ဗေဒင်ဆရာ သည်  ရိုးရှင်းစွာဝန်ခံရပါမူ  …… ဗေဒင်ဆရာသာ ဖြစ်သည်။ တစ်ခြားဘာမှ ..မဟုတ်။ သူတို့ဆီက ရနိုင်သောအရာ ၊…တောင်းခံသင့်သောအရာ မှာ .. တစ်ခုတည်းသာ ရှိသည်။

အသိ    .. ပဲ ဖြစ်လေသည်။
 

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
phone ; 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB