မဟာဘုတ်ကို ဘယ်လိုတွေးမယ်

Sunday, July 17, 2011

မဟာဘုတ် ဘယ်လိုတွက်မလဲ ဆိုတော့ …လွယ်ပါတယ်ဗျာ ခုနှစ်နဲ့စားပြီး တွက်မှာပေါ့ လို့ မဖြေလိုက်ကြပါနဲ့။ ကျွန်တော်ဆိုလိုတာက  မဟာဘုတ်ခွင်တစ်ခု ကို ဘယ်လိုဝေဖန် ကောက်ချက်ချမလဲ ၊ အဖြေရှာ ဟောကိန်းထုတ်ကြမလဲ လို့ ဆိုလိုတာပါ။ တစ်ခြား ဆရာ့ဆရာတွေ ကတော့ ဘာနည်းတွေနဲ့ ဟောကိန်းထုတ်ကြတယ် ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့  ရှုမြင် သုံးသပ်မိပါတယ်။


ဒါဖြင့်  ဆရာဖုန်း … နည်းက ဘာတုန်းလို့ မေးရင်…ဘာမှမဟုတ်ပါဘူး ..၊ ရိုးရိုးလေးပါ။ ဂြိုဟ်တစ်ခု ချင်းဆီနဲ့ ဌာနတစ်ခုချင်းဆီကို ပေါင်းကြည့်လိုက်တာပါ လို့ပဲ ဖြေရပါမယ်။ ဘယ်လိုပေါင်းသလဲ ..နမူနာပေါ့  … ပေါင်းပြပါ ဆိုရင် …ဟောသလို ပေါင်းပါတယ်။



   အဓိပတိ
        ၃


   အထွန်း
      ၅  
     သိုက်
       ၁
     ရာဇ
      ၄/၈
    မရဏ
      ၂
     ဘင်္ဂ
       ၆
     ပုတိ
       ဝ


အထက်ပါ မဟာဘုတ်ဇာတာခွင် ဟာ ခြောက်ခုကြွင်း မဟာဘုတ်ခွင်ပါ။ အဲဒီ့မဟာဘုတ်ခွင်ထဲက  ဆိုပါစို့ … မရဏဌာန ကို ..အသုံးပြုပြပါမယ်။ မရဏဌာနအကြောင်းကို ကျွန်တော် အခြားဆောင်းပါးတစ်ချို့ မှာ ရေးသား ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ အနှစ်ချုပ်ပြန်ပြောရရင်တော့ …. ပရနယ်ပယ် နဲ့ ဝေးကွာလွန်းသော အရာများကို ကိုယ်စားပြုပါတယ်။

ကောင်းပြီ ..အထက်ပါဇာတာခွင်မှာ .. ရပ်တည်နေတဲ့ တနင်္လာဂြိုဟ် ကို မရဏဌာနနဲ့ ပေါင်းစပ်ကြည့်ပါ။ ငွေဆုံးမယ်။ ခြေနှစ်ချောင်းထွက်မယ်။ ခွေးကိုက်ခံရမယ်၊ … က၊ခ၊ဂ၊ဃ၊င နံသင့်တွေ အကုန်ညံ့မယ် … ဆိုတာမျိုးတွေတော့ ကလေးတွေး မတွေးလိုက်ကြပါနဲ့။  ဒီ့ထက် အရသာရှိရှိ ၊ အနှစ်သာရ ပါပါ လေး တွေးကြည့်လိုက်ကြပါ။ ကောင်းပြီ… ခုလောက်ဆို ယောင်ချာချာ ဖြစ်ကောင်း ဖြစ်နေကြလောက်ပါပြီ။ မဖြစ်ရအောင် … ကဲဗျာ ..တနင်္လာဂြိုဟ် ကို ဝေဖန်ကြည့်ရအောင် ..။ တနင်္လာက ဘာတုန်း ။ အများကြီးပေါ့ ။ သူ့သဘာဝတွေ အားလုံး ခင်ဗျားတို့ ကျွန်တော်တို့ ထည့်သွင်းကြည့်နေရရင် … ဆုံးမှာ မဟုတ်ဘူး။  ဒီတော့ … အလွယ်ဆုံးအနေနဲ့ တနင်္လာ ရဲ့ သဘာဝတစ်ခုဖြစ်တဲ့ မေတ္တာ ဆိုတာကို သုံးကြည့်လိုက်ရအောင် ..။

ကောင်းပြီ 
(တနင်္လာ   =  မေတ္တာ ) +  ( မရဏ  = ပရ နှင့် အဝေး )
ကဲ ..တစ်တန်း နှစ်တန်း ကလေးတွေ သချာင်္တွက်သလို ၊ ကျွန်တော်တို့ အခြေခံကျကျ ရိုးရိုးလေးတွေးကြည့်ကြပါစို့။ 

မေတ္တာ ဝေးတာလား၊
သရဲနဲ့မေတ္တာ မျှတာလား၊ စသဖြင့်ပေါ့ ကပေါက်တိကပေါက်ချာတွေလည်း တွေးမိလာတတ်ပါတယ်။ အဲလိုမတွေးပါနဲ့။ ကျွန်တော်တို့ ခင်ဗျားတို့ ခုလက်ရှိနေထိုင်နေတဲ့ လောကသဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင် တွေးစပ်ပေါင်းယူကြည့်ပါ။
တနည်းအားဖြင့် …ဒီလိုလေးရော တွေးလို့မရဘူးလား။
ပရ ဆိုတာက …အခြားတစ်ပါးဖြစ်သော လို့ သဘောဆောင်တယ်။ ဒါကြောင့် နိုင်ငံရပ်ခြားသားတွေ ၊ လူမျိုးကွဲတွေ ၊ ဘာသာကွဲတွေ ၊ ဆွေမျိုးသွေးသားမတော်စပ်သော သူစိမ်းတွေ ..  စသဖြင့် အခြားတစ်ပါး ဖြစ်သော ကွဲပြားခြားနားသော အချင်းအရာတွေ ကိုလည်း ဖော်ပြပါတယ်။ အဲဒီ့အချက် ကလေးနဲ့ မေတ္တာတရား ဆိုတာလေးကို ရိုးရိုးလေးပဲ ပေါင်းကြည့်လိုက်ပါ။

ဒါဆို ခြောက်ခုကြွင်းဖွားတွေဟာ  …သူစိမ်းတစ်ရံစာတွေ၊ ဓလေ့ထုံးစံ ကွဲပြားခြားနားသူတွေ နဲ့ မေတ္တာနှောင်ဖွဲ့ မိတတ်သူတွေ လို့ မဆိုလာနိုင်ဘူးလား။ တနည်းအားဖြင့်တော့ သူစိမ်းများနှင့် ပတ်သက်သော မေတ္တာကံ လို့ ဆိုနိုင်ပါလိမ့်မယ်။  သွေးမတော်သားမစပ်ဘဲ …အရမ်းကို တစ်ဦးနဲ့တစ်ဦး မေတ္တာသန့်သန့်လေး ထားနိုင်ကြတာမျိုး၊ လူမျိုးဘာသာမတူပဲ ပေါင်းဖော်လက်တွဲ ချစ်ကြည်ရင်းနှီး နေကြတာမျိုးတွေဟာ ဟောဒီ့ခြောက်ခုကြွင်းဖွားတွေမှာ အများဆုံးပါပဲ။

ဟုတ်သလား မဟုတ်သလား ဆိုတာ …ခြောက်ခုကြွင်းဖွားတွေ ၊ ၄င်းတို့နဲ့ နီးနီးကပ်ကပ် ပတ်သက် နေရသူတွေ ပိုမိုပြီး သိနိုင်ကြပါလိမ့်မယ်။ တနင်္လာမရဏမှာ ရှိလို့ …အမြဲ မေတ္တာတရားနဲ့ပတ်သက်ရင် ကံဆိုးနေမယ်လို့ မဟောအပ်ပါဘူး။ ကိုယ့်သွေးကိုယ်သားထဲမှာ မေတ္တာနဲ့ ပက်သက်လို့ ကံမကောင်း အကြောင်းမလှပေမယ့် ၊ သူစိမ်းတွေ၊ သွေးမစပ်သားမစပ် သူတွေနဲ့ ကြတော့ ..အလွန်အကြောင်းလှပြီး မေတ္တာအပြန်အလှန် သက်ရောက်နေတတ်တဲ့ အကျိုးပေးလေး အဖြစ်လဲ တွေ့နိုင်ပါတယ်။

ထားတော့ ဥပမာ ပေါင်းပြတာဆိုတော့ ဒီလောက်နဲ့ ရပ်ကြရအောင်။ အထက်ပါအတိုင်း တွက်မယ်ဆိုရင် …ဌာနအသီးသီးမှာ ဂြိုဟ်အသီးသီးရပ်ခြင်းအားဖြင့် ပေါင်းစပ်တွေးစရာတွေ မကုန်ခမ်းနိုင်အောင် များပြားမယ် ဆိုတာ ရိပ်မိသိရှိနိုင်ပါတယ်။ အထက်ပါ ဥပမာအရပဲ ဆက်ကြည့်မယ်ဆိုရင် တနင်္လာ မရဏရပ်ရင် …ဘယ်လို၊ ဘင်္ဂ မှာရပ်ရင် ဘယ်ဝါ ..၊ ပုတိမှာဆိုရင်ကော … …ကဲ…ဘယ်လောက် တွေးစရာ ကောင်းသလဲ။ အများ ..အများကြီးပါပဲ။ မဟာဘုတ်ပညာဆိုတာ အတွေးအခေါ် ပညာတစ်ခုပါ။ မတွေးချင်ရင် မဟာဘုတ် မသင်ပါနဲ့ ။ သင်လို့လည်း …မတတ်ပါ။ ခုနှစ်နဲ့စားပြီး ဂဏန်းခုနှစ်လုံးကို ကြည့်ပြီး ယောင်ချာချာနဲ့သာ အချိန်ကုန် သွားပါမယ်။ တွေးရတာကို နှစ်သက်မယ် ဆိုရင်တော့ … မဟာဘုတ် ဗေဒင်ပညာဟာ တွေးစရာ ဘဏ္ဍာသိုက်ကြီးပါပဲ ။ နဲနဲ တွေးသက်ရင့် လာရင် ဒီ့ထက်ပိုမိုတဲ့ သဘောတရား တွေပါ တွေးလို့ရလာပါတယ်။ ကဲဗျာ ..နောက်ထပ်ဥပမာ တစ်ခု ဆက်ရအောင်..

ဥပမာ ဇာတာ  (၂)

   အဓိပတိ
        ၃

   အထွန်း
      ၅  
     သိုက်
       ၁
     ရာဇ
      ၄/၈
    မရဏ
      ၂
     ဘင်္ဂ
       ၆
     ပုတိ
       ဝ

ကဲ …ခုနက ဥပမာ မဟာဘုတ်ဇာတာခွင်ကို ပဲ ကြာသာပတေးသားသမီး  … အထွန်းဖွား ဆိုပါတော့ ။   ဘယ်လို အကျိုးအပြစ်တွေ ကို ( ခုနက ..မရဏမှာ ရှိတဲ့ တနင်္လာ အရ) ဆက်ပြီး ဝေဖန်တွေးခေါ် ကြည့်ဦးမလဲ ။ တွေးတတ်ရင် …အဖြေထွက်ပါတယ်။ တွေးတတ်ဖို့အတွက်က … ဥာဏ်ကောင်းဖို့ မလိုပါဘူး။ တွေးကျင့်ရှိနေဖို့ပဲ လိုပါတယ်။

ဥပမာ (၁) တုံးက ကျွန်တော်တို့ ရခဲ့တဲ့ အဖြေတွေထဲက အနှစ်ချုပ်ပေါ့ .
တနင်္လာ + မရဏ = သူစိမ်းများနှင့်ပတ်သက်သော မေတ္တာကံ ဆိုတာကို ..ကောက်ယူကြည့်လိုက်ပါ။ အဲဒီ့ ကောက်ယူချက်ကလေးကိုပဲ ခြောက်ခုကြွင်းဖွား တွေထဲက ကြာသာပတေးသားသမီးဆိုရင် ဘယ်လို အကျိုးအပြစ်တွေ ဖြစ်လာစေမလဲ လို့ တွေးကြည့်လိုက်ကြရအောင်။ (နေ့နံတစ်ခုချင်းဆီအတွက် ဂြိုဟ်တွေဟာ သီးခြားလုပ်ဆောင်မှုတွေ နဲ့ ရပ်တည်ပါတယ်။ )

ကြာသာပတေးသားသမီးတွေအတွက် တနင်္လာဂြိုဟ်ဟာ ဘ၀မှာအထင်အရှားဖြစ်စေမယ့် ဘ၀အောင်မြင် မှုတွေနဲ့ ပတ်သက်ပါတယ်။ အဲဒီ့ဂြိုဟ်က .. မရဏမှာရပ်တည်ထားပြီး မေတ္တာဂြိုဟ်လည်း ဖြစ်နေတယ်။ ကဲ …ဘယ်လိုတွေးမလဲ ။ ကောင်းတာလား။ ဆိုးတာလား။

မှတ်ပေတော့။ သူစိမ်းတစ်ရံစာတွေအပေါ် မေတ္တာထားရတဲ့ လုပ်ငန်းတွေမှာ အောင်မြင်မှုရရှိနိုင်ကြသူများ ဟာ ကြာသာပတေးသားသမီး အထွန်းဖွားတွေပါပဲ။ ဒါကြောင့် လည်း သူတို့တွေကို မိဘမဲ့ကလေးများ စောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အခမဲ့အကျိုးဆောင်လုပ်ငန်းများ၊ စေတနာ့ ၀န်ထမ်းလုပ်ငန်းများ မှာ အောင်မြင်စွာ လုပ်ကိုင်နိုင်သူများ အဖြစ်တွေ့ကြရတာပါ။ အောက်ခြေ လူတန်းစားထဲမှာ ပေါက်ဖွားလာရသူတွေတောင် ..အရပ်ထဲမှာ ..သာရေးနာရေး အသင်း ၊ ၀တ်အသင်း၊ စတာတွေမှာ အားတက်သရော ပါဝင်လုပ်ဆောင်ခွင့် ရရှိနေကြသူများ အဖြစ် မြင်တွေ့ရပါမယ်။

ကဲ… ဒါက ..တနင်္လာ = မေတ္တာ  ဆိုတဲ့ .. ဂြိုဟ်သဘာဝတစ်ချက်ထဲကို ယူပြီး တွက်ချက်ကြည့်တာပါ။ အခြားလည်း အများအပြား ချဲ့ထွင် တွေးဆ နိုင်ပါသေးတယ်။ တနင်္လာကို မေတ္တာ အနေအထားနဲ့ မဟုတ်ဘဲ ..အခြားတစ်ပါးဖြစ်တဲ့ …ဂြိုဟ်ပရိယာယ် တစ်ခုသုံးကြည့်ရအောင်။

တနင်္လာ = သင်ကြားရေး ကဏ္ဍများ

ကဲ အဲဒီ့ ဂြိုဟ်သဘာဝပရိယာယ် ကိုသုံးမယ်။ ဒါဆိုရင် .. မရဏ မှာ ရပ်တည်နေတဲ့ တနင်္လာဟာ ….ဝေးလံသော အရပ်ဒေသများမှာ ဆောင်ရွက်ရမယ့် သင်ကြားရေးဆိုင်ရာကဏ္ဍများ ကို ဖော်ပြတယ်လို့  ယူဆနိုင်ပြီ။ တနည်းအားဖြင့် ယခုခေတ်မှာ ခေတ်စားနေတဲ့ နိုင်ငံရပ်ခြားမှာ ပညာတော်သင်ကြား ရတတ်တဲ့ ကံ …၊ ဟိုးရှေးတုန်းကတော့ … ကိုယ်နေတဲ့ အရပ်ဒေသကနေ အလွန် ဝေးကွာတဲ့ ဒေသ တစ်ခုခုမှာ ရှိတဲ့ တက္ကသီလာ က ဆရာ့ဆရာကြီးတွေ ဆီမှာ ပညာတော်သင်ဖို့ သွားကြရတဲ့ ကံမျိုး ဖြစ်ပါ လိမ့်မယ်။

ဒါဆို ခြောက်ခုကြွင်း မဟာဘုတ်ဖွားတွေဟာ အထက်ပါကံတရားအခြေခံ မူလကတည်းက ပါလာကြ သူတွေလို့ တနည်းအားဖြင့် မဆိုနိုင်ပေဘူးလား။ တစ်ကယ်ကော ဟုတ်ရဲ့လား။ ကျွန်တော် ပြောတိုင်း တော့ မယုံလိုက်ကြပါနဲ့။ ကိုယ်တိုင်လေ့လာကြည့်ကြပါစို့။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB