ဗုဒ္ဓဟူး သားသမီးများ အတွက် ၁၃၇၃ခုနှစ်

Tuesday, July 19, 2011



ဗုဒ္ဓဟူးသားသမီးများ  နဲ့ ၁၃၇၃ခုနှစ် ကာလ ။ သည်ကာလအချိန်တွေဟာ ဗုဒ္ဓဟူးသားသမီးတွေကို  ထူးခြားတဲ့ အတွေ့အကြုံ / ပတ်ဝန်းကျင် အသစ်အဆန်းတွေနဲ့ ထိတွေ့မိစေနိုင်သော ကာလဖြစ်ပါတယ်။ လုပ်ငန်းနယ်ပယ် …လူမှုရေးနယ်ပယ် စသဖြင့် နယ်ပယ်ရပ်ဝန်းအသီးသီးမှာလည်း …ရှေးကနဲ့မတူ တစ်မူ ထူးခြားသော အနေအထား ကဏ္ဍများ ရရှိလာတတ်ပါတယ်။|


အပြစ်မြင်သတဲ့လား ….
ထူးခြားတာကတော့ …ဒီတစ်နှစ်အဖို့ လူအများစု အမုန်းခံရဆုံး၊ အမြင်ကပ် ခံရဆုံး ၊ မျက်နှာမြင် ရိုက်ချင်ပါစေ ဆုကို …ဗုဒ္ဓဟူး/ရာဟု သားသမီးများ ဆွတ်ခူးရရှိပါတယ်။ ယုံချင်ယုံ မယုံချင် ပုံပြင်သာ မှတ်ပေတော့ ။ ဒီတစ်နှစ်အတွင်းမှာ … နေ့နံအားလုံးထဲမှာ  ဗုဒ္ဓဟူး/ရာဟု နေ့နံ သားသမီးများဟာ  အနှိမ်အခံရဆုံး၊ အပြစ်တင် အခံရဆုံး၊ အပြစ်ပေးအခံရဆုံး နေ့နံသားသမီးတွေပါပဲ။

ငယ်ရွယ်တဲ့ ကလေးသူငယ် ကျောင်းသားငယ်အရွယ် တွေမှာ …ဗြောအတီးအခံရဆုံး ဟာလည်း ဗုဒ္ဓဟူး/ ရာဟု သားသမီးများပါပဲ။ တင်ပါးနဲ့ကြိမ် ..မထိတွေ့အောင်.. ဗိုင်းကောင်းကျောက်ဖိ နေတာတောင်…အနဲဆုံး တိန်ကနဲ ဂွပ်ကနဲ ခေါင်းခေါက်ခံရတတ်ချိန်ပါ။ အိမ်မှာ ကျောင်းမှာ အပြစ်ပေးခံရမှုတွေနဲ့ တုတ်သံ ကြိမ်သံ ရွှမ်းရွှမ်းညံနိုင်သော ကာလဖြစ်ပါကြောင်း။

အရွယ်ရောက်စ ပြုသူများမှာတော့ … အပြစ်ပြောခံရ ၊ အပြစ်တင်ခံရမှု တွေ နားမဆံပဲ ဖြစ်လာတတ်ပါတယ်။ သည်တစ်နှစ်ရဲ့ အတင်းတုတ်ခံရမှု အများဆုံးဆုကိုလည်း ….ဗုဒ္ဓဟူး/ရာဟု သားသမီးများပဲ ဆွတ်ခူးရရှိ ပါသည်ခင်ဗျား……..။  (ရွှီ…ဖြောင်းဖြောင်း…ကွန်ကရက်ကျူလေးရှင်း…၊ ရွှတ် ..ရွှပ် ..)  ..စတာပါ။ အကယ်ဒမီ ပေးပွဲနဲ့ ဆင်တင်တင်လေး ရေးကြည့်ပေးတာပါ။

ကောင်းအောင်နေတာတောင် …အပြစ်တင်ခံရတတ်တဲ့ ကာလမှာ ဆိုးအောင်များနေမိရင်တော့ …အကျဉ်ခံရ ၊ အမုန်းခံရ၊ အပြောခံရ၊ အပြစ်ပေးခံရ တာတွေ ဒင်းကြမ်းထပ်လာတတ်ပါတယ်။ ဒီ့ထက်မက ကံဇာတာ အရမ်းကို ညှိးမှိန်သူအချို့မှာတော့ …အချုပ်ခန်း ၊ ထောင်တန်း စသော အပြစ်ဒဏ်ကြီးကြီးပေးသော နေရာ များမှာ …နေထိုင်ခွင့်ဗီဇာ  ….   မတောင်းဘဲ ရတတ်သော ကာလဖြစ်ပါတယ်။

အပြစ်များမှ လွတ်ကင်းစေသော ယတြာ

အပြစ်ကို ၀န်ချတောင်းပန်ပါ။ ဘုရားမှာလည်းတောင်းပန်ပါ။ မှားဖူးသူတွေကိုလည်းတောင်းပန်လိုက်ပါ။ ကံကြမ္မာက သင့်ကို တောင်းပန်ခိုင်းနေတာပါ။ တစ်ခြားဘာမှမဟုတ်ပါ။ ၀န်ချတောင်းပန်မှု မပြုရင်တော့ ..အဲသည့်ဝန်က ..ခင်ဗျားတို့အပေါ်မှာ ဘိဖိထားသလို ပိညှပ်လာတတ်ပါတယ်။ ကျွန်တော်ပြောတာကို မယုံကြည်လို့ ဒီအတိုင်းဆက်ပြီး သည်တစ်နှစ်ကို ဖြတ်သန်းသွားလည်းရပါတယ်။ အရမ်းပင်ပန်းလာရင်တော့ ….ကျွန်တော် အကြံပေးတာလေးကို လုပ်ကြည့်ပါ။ တစ်ခြားဘာယတြာကမှ သင်တို့ကို မကယ်နိုင်ပါ။ မိုးပေါ်က သိကြားမင်း ဆင်းလာရင်တောင်.. ဟ ..ငါလည်း နင်တို့ကို မကယ်နိုင်ဘူး..၊ ကိုယ်လုပ်ခဲ့တာရှိရင် .. ၀န်ချတောင်းပန်လိုက်ကြ ၊ ငါလည်း ငါမှားတာ ရှိခဲ့ရင် ၀န်ချတောင်းပန်ရတာပဲ .. လို့ပဲ ပြောသွားမှာပါ။

ကံကို မထီမဲ့မြင်ပြုသူများ …

ဂရုမစိုက်ဘူးဟေ့ ငါတို့ထင်သလိုနေမယ် ဆိုသူများထဲက အချို့သော ဗုဒ္ဓဟူး သားသမီးများ ထောင်တန်း၊ အချုပ်ခန်း ၀င်ကြရတတ်ပါတယ်။ အချို့တွေက လက်ရှိနေရာကနေ အဝေးကို ထွက်သွားရပါမယ်။ အချို့တွေက သေဆုံးသွားကြပါမယ်။ အထူးသဖြင့် အရွယ်ကြီးရင့်နေသော ဗုဒ္ဓဟူးသားသမီး တော်တော် များများဟာ သည်လိုနှစ်မျိုးမှာ …အသီးရင့်တွေ တစ်ဖြုတ်ဖြုတ် ကြွေသလို ..ကြွေလွင့် ရတတ်ချိန်ပါ။  လူဆိုတာကတော့ သေမျိုးပါပဲ။ ..သို့သော် …တစ်နှစ်နဲ့တစ်နှစ် သေချင်းတရားက  အများဆုံး ခြွေယူတတ်တဲ့ နေ့နံ သားသမီး မတူပါ။

ဥပမာအားဖြင့် ..သရက်သီး ရင့်မှည့်ချိန် ကြွေချိန် မှာ သရက်သီးကြွေသလို၊ ရာသီဥတု အချိန်အခါအလိုက် .. အပင်အမျိုးအစား အလိုက် …ပွင့်ချိန် သီးချိန် ကြွေလွင့်ချိန် မတူညီသလိုပါပဲ။

သည်တစ်နှစ်က ဗုဒ္ဓဟူး/ရာဟု သားသမီးတွေအတွက် အလှည့်ကျပါတယ်။ အပင်အလှုပ်မခံချိန်မျိုးဆိုပါတော့။ အပင်လှုပ်တာနဲ့ ဖြုတ်ကနဲ ဖုတ်ကနဲ ..ကြွေဆင်းဖို့ လွယ်ကူနေချိန်ပါ။ …ဒါတွေက ကြောက်ဖို့လန့်ဖို့ ရေးတာမဟုတ်ပါ။ ဆင်ခြင်ဖို့ သတိကပ်ဖို့ ရေးသားပေးလိုက်တာပါ။ ကျန်းမာရေးလိုက်စားမယ်။ သူတစ်ပါး အသက် မသတ်နဲ့။ ဖြစ်နိုင်သမျှ သူတစ်ပါးအသက်ကို ကယ်ပေး။ စတာတွေ လုပ်သင့်ချိန်ပါ။

ပုံပန်းသဏ္ဍန် နှင့် အဆင်းအပြင်

သည်တစ်နှစ်ထဲမှာ ..ဘာပဲဝတ်လိုက် ၀တ်လိုက် ..ကိုယ်ဝတ်လိုက်ရင် ပုံစံမမိဘူး၊ ခပ်တုံးတုံးကြီး ဖြစ်နေတတ် ပါတယ်။ အချိုးမပြေပဲ …ဖြစ်နေရတတ်ပါတယ်။ ခေတ်ဆန်ဆန် ၀တ်စားလိုသူများ ရှိုးထုတ်လိုသူများ အတွက်တော့ ဂွကျတဲ့ကာလပါပဲ။ ခပ်မိမိပြင်ဆင်လိုက်ပြန်တော့လည်း …အကဲ့ရဲ့ခံရဖို့ပဲ ဖြစ်လာတတ် ပြန်တယ်။ သည်တော့ ..ဖက်ရှင်ကဏ္ဍအတွက် အကြံပေးရရင်တော့ ဖြစ်နိုင်သမျှ သည်နှစ်ထဲမှာ ရိုးရိုး ယဉ်ယဉ်လေး ပြင်ဆင်ပါ။

ကိုယ့်ကိုယ်ကို လှတယ် မိတယ်ထင်ပြီး ခေတ်ဆန်ဆန်ဝတ်သွား၊ အများက အတင်းတုတ်၊ အပြစ်တင် ခံရ မဖြစ်ရအောင်…၊ တနည်းအားဖြင့် ..ချစ်သူက စိတ်ပျက်မသွားရအောင်…ရိုးရိုးလေးရယ်တဲ့ ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်ကြည့်ကြပါစို့။

ကံမကောင်းဘူးတဲ့လား .....

ဆရာဖုန်းက ဆိုးတာတွေ ဟောတယ်လို့ မထင်လိုက်ကြပါနဲ့။ မူလကံဇာတာ အနေအထား၊ မှည့်ခေါ်ထားတဲ့ နာမည်၊ ဖြတ်သန်းနေဆဲ ဒသာတွေအရ …ကံအားသာနေသော ဗုဒ္ဓဟူးသားသမီးများ အဖို့တော့ … သည်တစ်နှစ်ထဲမှာ ဝေမြေရပ်ခြားနှင့်ဆိုင်သော ကံကောင်းမှုကြုံကြိုက်ရခြင်း၊ ပရိဟိတ လုပ်ငန်းများတွင် အထူးတစ်လည် အောင်မြင်ရတတ်ခြင်း ၊ သာသနဘောင်သို့ ၀င်ရောက်ခွင့်ရရှိခြင်း၊ နိုင်ငံရပ်ခြားခရီး ၊ ကောင်းသော ခရီးအချို့ ပေါ်ပေါက်လာခြင်း၊ ဆန်းကျယ်သော အနေအထားအချို့ ကြုံကြိုက်ပြီး ကောင်းကျိုး ရရှိခြင်းများ ပေါ်ပေါက်လာနိုင်သော ကာလဖြစ်ပါတယ်။

အလုပ်အကိုင် နှင့် အသက်မွေးမှု ...…
အပြိုင်အဆိုင် အနိုင်ကျဲလို့ …ငါနာရင် နာပါစေ၊ နင့်ကိုပြိုင် နိုင်ရမဟဲ့ ဆိုတဲ့ ကာလ ကို ဖြတ်သန်းနေပါတယ်။ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင် အနိုင်လုရခြင်းတွေဟာ အသက်မွေးမှုနဲ့ အကျိုးစီးပွား ရှာဖွေမှု အ၀၀မှာ ဒွန်တွဲလာ တတ်သော ကာလဖြစ်ပါတယ်။ အကျိုးစီးပွား အ၀၀အတွက် ယတြာပြုလိုရင်တော့ …အင်္ဂါနေ့မှာ ပေါက်ပေါက်ဆုပ် ၁၉ လုံး တိတိ ကို ကပ်လှု ပူဇော်မှု ပြုသင့်ပါကြောင်း။ 

မေတ္တာရေးရာ ကံဇာတာ
အများအားဖြင့် သာယာနိုင်သော ကာလဖြစ်ပါတယ်။ သို့သော် …. ငယ်ရွယ်သူများအဖို့တော့ ထင်ထင် ပေါ်ပေါ် မေတ္တာရေးမျိုးထက် ..ပုန်းလျှိုးကွယ်လျှိုးနဲ့ အုံ့ပုံးကိစ္စ လေးတွေ ပိုမိုကြုံကြိုက်ရတတ်ချိန်ပါ။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက်က …သည်တစ်နှစ်ထဲမှာ ကလေးဆန်လာခြင်း၊ ပိုမိုချစ်ခင်ဖွယ်ရာ အသွင်ဆောင်လာခြင်း ရှိလာနိုင်သော ကာလဖြစ်ပါကြောင်း။

ကျန်းမာရေးရာ ကံဇာတာ

အနားယူချိန် ပေးကို ပေးသင့်သော ကာလဖြစ်ပါတယ်။ နားနားနေနေ နေထိုင်ခြင်းဟာ သည်တစ်နှစ်အဖို့ ကျန်းမာရေး ယတြာပါပဲ။ သင့်တင့်မျှတသော ကျန်းမာရေး အနေအထား ရှိမယ့်ကာလ ဖြစ်သော်လည်းပဲ …၊ နာမည်အဖျားစာလုံး ( အဆုံးစာလုံး) ကို တနင်္လာနံ တစ်ခုခုနဲ့ မှည့်ခေါ်ထားသူများ အတွက်တော့ ကျန်းမာရေး ထိခိုက်မှု အနဲနဲ့ အများ ကျရောက်လာတတ်ချိန်ပါ။ အထူးသဖြင့် တနင်္လာနေ့များမှာ ကျန်းမာရေး ညံ့ဖျင်းမှု စတင်လာတတ်တာကြောင့် သတိချပ်နေထိုင်သွားလာရန် အကြံပြုအပ်ပါကြောင်း။

ပညာရေးရာ ကံဇာတာ

ဆရာသမားအကြီးအကဲ များ လိုက်လံရှာဖွေရမယ့် / လိုအပ်လာမယ့် ကာလဖြစ်ပါတယ်။ အရည်အသွေး စစ်စစ်ရှိသော ဆရာသမား တစ်စုံတစ်ရာနောက်ကို လိုက်ရမယ့်ကာလဖြစ်ပါတယ်။ သို့သော် …သည်တစ်နှစ် အဖို့ ပညာရေးရာမှာ အောင်မြင်မှု အပြည့်အ၀ မဖြစ်လာတတ်ပါ။ တစ်ရာမှန်း ငါးဆယ်တင် ဆိုသလိုပါပဲ။ အပင်ပန်းတော်တော်ခံနိုင်မှ ပညာအကျိုးကို ခံစားရမယ့် ကာလလို့ ဆိုကြပါစို့။

ထီ နှင့် လာဘ်လာဘ

ရတော့ ရပါရဲ့။ ၀င်တော့ဝင်ပါရဲ့ ..အချည်းနှီးဖြစ်ဖြစ်သွားသလို မျိုး ကံကို ရင်ဆိုင်ကြရတတ်ချိန်ပါ။ တနည်း အားဖြင့်တော့ …လာဘ်ဝင်ကိန်းရှိသော်လည်း မစင်ကြယ်သလို ကံမျိုးဖြစ်ပါလိမ့်မယ်။ အကယ်လို့ ၀င်လာပြီ၊ အချည်းနှီး ဖြစ်သွားမှာလည်း စိုးရိမ်မယ် ဆိုရင်တော့ ….၀င်လာတဲ့လာဘ်ထဲက ဦးဦးဖျားဖျားကို ပရဟိတ နယ်ပယ်မှာ သုံးစွဲလှုဒါန်းသင့်ပါကြောင်း။

အနှစ်ချုပ်အကြံပြုချက် ။        ။  သည်တစ်နှစ်အဖို့ ဗုဒ္ဓဟူးသားသမီးတွေအတွက် အကောင်းဆုံး ယတြာကတော့ …မိမိကိုယ်ကို ..နှိမ့်ချ နေထိုင်ခြင်း၊ မာန်မာန မထားဘဲ ..ရိုးသားစွာ ကျင့်ကြံခြင်း၊ အပြစ်ပြု မိခဲ့ပါက ၀န်ချတောင်းပန်ခြင်း များဟာ အကောင်းဆုံးယတြာများပဲ ဖြစ်ပါတယ်။

အရာရာတိုင်းမှာ အခြေခံကျကျ လုပ်ကိုင်ဆောင်ရွက်သင့်ချိန်ဖြစ်ပြီး ၊ အကျိုးစီးပွားရှာဖွေရာမှာ ကြုံတွေ့ရတဲ့ ပြိုင်ဘက်အပေါ် …တရားသဖြင့် အနိုင်ယူမှုမျိုး ဖြစ်စေရန် သတိချပ်သင့်သော ကာလဖြစ်ပါတယ်။

ဝဋ်လိုက်တတ်သော ကောဇာခုနှစ်မျိုးလည်း ဖြစ်လို့ …. သည်တစ်နှစ်ထဲမှာ ဘာပဲလုပ်လိုက် လုပ်လိုက် ဘ၀မကူးပဲ ..ကိုယ်လည်းပြန်ခံရဖို့ စရံသတ်ပြီးသား ဆိုတာကို သတိရနေဖို့ လိုပါတယ်။ 

လက်ဆောင်အဖြစ် ပါးလိုတာလေးတစ်ခု နောက်ဆုံး ရေးပေးခဲ့ပါမယ်။ မည်သည့်ဘာသာဝင်ပဲဖြစ်စေ ….သည်တစ်နှစ်မှာ ကိုယ်ရှာသမျှ အကျိုးစီးပွား ကို ထက်ထက်သန်သန် ရရှိစေနိုင်ရန် အတွက် ..အင်္ဂါနေ့တွေမှာ နံ့သာရောင်/၀ါညိုရောင် အ၀တ်အစား အသုံးအဆောင် များ ၀တ်ဆင်ပြီး ..အကျိုးစီးပွားကို ရှာဖွေ  လုပ်ကိုင် ဆောင်ရွက် ကြည့်ကြပါ။ အမှန် တစ်ကယ် ကိုယ့်အတွက် အကျိုးစီးပွား ဖြစ်စေနိုင်တာ သေချာပြီ ဆိုရင်တော့ တစ်နှစ်တာ လက်စွဲကောင်းလေးတစ်ခု ရလိုက်ပြီပဲ မှတ်လိုက်ပါ။ ဗုဒ္ဓဟူးသားသမီး အမြောက်အများ ရှိကြပြီး ၊ တစ်ဦးနဲ့ တစ်ဦး ဖြတ်သန်းနေဆဲ ဒသာတွေ ကလည်း မတူညီနိုင်တာမို့ သည်နည်း စနစ်ကလေးဟာ ကိုယ့်အတွက် တစ်ကယ်အကျိုးပြုတယ်ဆိုမှ ဆက်သုံးပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆိုဒ်မှာ စာလာဖတ်ရတဲ့အကျိုးလေး အဖြစ် ကျွန်တော် တတ်စွမ်းတဲ့ပညာနဲ့ အကျိုးကျေးဇူးပြုပေးချင်တာ သက်သက်ပါပဲ။ အခြားနေ့နံသားသမီးတွေလို….ဗုဒ္ဓဟူး၊ အင်္ဂါ၊ တနင်္လာ၊ တနင်္ဂနွေ တွေအတွက် …နာမည် ဟောကိန်းတွေ မတင်ပေးနိုင်တော့တာကိုလည်း သည်နေရာကနေပဲ တောင်းပန်အပ်ပါတယ်။

သင်တန်းအတွက် သင်တန်းစာမူတွေ ကြားမှာ တစ်ဖက်က ကြိုးစားနေရင်း …တစ်ဖက်ကလည်း အများသူငါ စာဖတ်သူတွေအတွက် …ကျွန်တော်တတ်နိုင်တာလေးတွေ ကျေးဇူးပြန်လည် ပြုပေးရင်း………..

ခင်မင်သော ညီအစ်ကို မောင်နှမများသို့…
သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

phone ; 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB