ကြော်ငြာခြင်း …
ကျွန်တော်သင်တန်းတစ်ခု စပြီး ပို့ချတော့မယ် လို့ သိသိချင်း … မွေးရပ်မြေက ဗေဒင်မိတ်ဆွေတွေဆီက ဖုန်းတွေဝင် လာပါတယ်။ ရတနာဒီပံလို့ ကျွန်တော် နောက်ပြောင်ပြီး ခေါ်တဲ့ အစ်ကိုကြီးတစ်ယောက်က … မင်းလောက် ပညာကပ်စေးနည်းတဲ့ကောင် က တစ်ကယ် သင်တန်းဖွင့်ပြီး သင်ပေးတော့မလို့လား လို့ လည်း ဖုန်းဆက်ပြီး ခနဲ့ပါတော့တယ်။ စီးပွားရေးအရ သိပ်အောင်မြင်နေတဲ့ မိတ်ဆွေတစ်ဦးကတော့ …ကြော်ငြာ ထည့်ဖို့ ပြောပါတယ်။ သူရောင်းတဲ့ ကုန်တွေလို မှတ်နေလား မသိပါ။ ဒါပေသိ သူပြောတဲ့ စကား တစ်ခွန်းကတော့ … ကျွန်တော့်အတွက် ..မှတ်သားစရာဖြစ်ခဲ့ပါတယ်။
“စိုးမိုးရ .. .. ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြော်ငြာဆိုတာ လိုတယ်ကွ။ မင်းရဲ့ ပရောဒတ်စ် တစ်ခုက ဘယ်လောက် ကောင်းနေနေ ..မကြော်ငြာနိုင်ရင် ၊ ရှင်းရှင်းပြောမယ်ကွာ သုံးစွဲသူက တစ်ကယ်ကောင်း မကောင်း မသိရင် …မသုံးဘူးကွ။ ဒီတော့ ..ကောင်းချင်ကောင်း ၊ မကောင်းချင်နေ …ကောင်းလိုက်တာနော် လို့ ခပ်ကျယ်ကျယ်လေး ကြော်ငြာပေးရမယ်။ တို့လမ်းထဲမှာ …နံနက်တိုင်းအော်ရောင်းတဲ့ အကြော်သည် ဒေါ်ဖွားဇုံကြီးကိုပဲကြည့်။ သူ့အကြော်တွေက အေးချင်အေးနေမယ်။ မနေ့ညက လက်ကျန်တွေလည်း ပါချင်ပါ နေမယ်…ဒါပေမယ့် …တောင်ဘက်မြောက်ဘက်က …အကြော်စုံ ပူပူနွေးနွေး ကျွတ်ကျွတ် ရွရွလေး…၊ ရေနွေးကြမ်းနဲ့ မြည်းကြမယ်နော်…လို့ အော်တယ်။ အိပ်ယာထကာစ လူတွေက ..သူ့အသံကြားတာနဲ့ အကြော်စားချင်စိတ် ပေါက်ပြီးသားပဲ။ အဲဒါ သူ့ပါးစပ်ကနေ ကြော်ငြာ တတ်လို့ ကွ။ ဒီတော့ မင်းလည်း ကြော်ငြာကောင်းကောင်း လေးနဲ့ လုပ်ဟေ့ …”တဲ့ ။
သူပြောမှပဲ…ကျွန်တော်လည်း သေချာတွေးစရာ ဖြစ်လာပါတယ်။ ဟောဒီ့က ..ဗေဒင် ပူပူ နွေးနွေးလေးးးးးလို့ပဲ အော်ရမလား။ တောင်ဘက်မြောက်ဘက်က …သင်ကြမယ်နော် …မဟာဘုတ်လို့ပဲ အော်ရမလား။ တစ်ကယ်တော့ … မလွယ်လှပါဘူး။ သင်တန်းတစ်ခု အောင်မြင်ဖို့အတွက် …သင်ပေးမယ့်လူ၊ သင်ပေးမယ့် အကြောင်းအရာ ၊ သင်ယူမယ့် သင်တန်းသား စသဖြင့် အကြောင်းအားလုံး ညီညွတ်နေဖို့ လိုပါတယ်။
သင်ပေးမယ့်အကြောင်းအရာနဲ့ ပတ်သက်လို့တော့ ပြောပြချင်တာ ၊ သို့တည်းမဟုတ် ..ကျွန်တော့် မိတ်ဆွေ ပြောသလို ..ကြောငြာချင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ တစ်ခြား မဟုတ်ပါဘူး။ မဟာဘုတ်လို့ ခေါ်တဲ့ ဒီပညာဟာ ဗေဒင်ဝါသနာပါသူတွေအတွက် သီးသန့် ရပ်တည်နေတဲ့ ပညာမဟုတ်ဘူး ဆိုတာပါပဲ။
ခုနက ကျွန်တော့်ကို ကြော်ငြာကောင်းကောင်းလုပ်ဖို့ ပြောတဲ့ မိတ်ဆွေကိုပဲ ဥပမာ ပြောပြရရင် ..သည်ပုဂ္ဂိုလ်ဟာ ..နယ်မှာနေစဉ်က ကျွန်တော် တစ်ကြိမ်သာလုပ်ခဲ့ဖူးတဲ့ သင်တန်းပို့ချမှုကို တက်ရောက် သင်ကြားဖူးခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ထက်အသက်ကြီးသလို ၊ ဘယ်အလုပ်ကိုပဲ ဖြစ်ဖြစ် ..အင်မတန် စိတ်ပါဝင်စားစွာ လုပ်တတ်သူလည်း ဖြစ်ပါတယ်။ သူ ကျွန်တော့်ဆီကို လာမသင်ခင်မှာ ၊ မေးခွန်းတစ်ခု မေးပါတယ်။ မင်း ပညာက စီးပွားရေး မှာကော သုံးလို့ရလားတဲ့။
ကျွန်တော် စီးပွားရေးသမား မဟုတ်ဘူး ၊ ဒါပေမယ့် ဒီပညာကတော့ သုံးတတ်ရင် ..ဂြိုဟ်တု ဘယ်အချိန် လွှတ်သင့်တယ် ဆိုတာတောင် တွက်ယူလို့ ရတယ်လို့ ဖြေလိုက်ပါတယ်။ သူက ပြန်ပြုံးပြပြီး ..မင်း စီးပွားရေးသမား မဟုတ်တာ မင်းကြည့်တာနဲ့ ငါသိတာပေါ့ တဲ့။ ငါဆိုလိုတာက .. မင်း သင်ပေးမယ်ဆိုတဲ့ မဟာဘုတ်ဗေဒင် ဆိုတာက စီးပွားရေးမှာ သုံးလို့ ရမရကွာ အဲဒါပဲ သိချင်တာ လို့ ဆက်ပြောပါတယ်။
ကျွန်တော့်အဖေထက် အသက် ရှစ်နှစ်ဝန်းကျင်သာ ငယ်သူမို့ သူက ကျွန်တော့်ထက် အတော်အတန် အသက်ကြီးသူပါ။ အဲဒီ့တုန်းက အမှန်ပြောရရင် ကျွန်တော်သူ့ကို စစချင်း ချဉ်တင်တင် ဖြစ်သွားတာ အမှန်ပါပဲ။ ရင့်တယ်ပေါ့နော်။ စကားပြောတာ။
အမှန်ကတော့ သူက ခပ်ရှင်းရှင်းပြောတတ်သူ တစ်ယောက်ပါ။ နောင်ရင်းနှီးလာမှ စိတ်ရင်း သိပ်ကောင်းမှန်း သိရပါတယ်။ ပြတ်တယ်ပဲ ဆိုပါတော့။ လုပ်တာကိုင်တာ ၊ တွေးတာ ၊ ပြောတာ ရှင်းလင်းပြတ်သားသူပါ။ သူတွေးရင် ဘယ်တော့မှ ရှုပ်နေတာ မရှိပါဘူး။ ဇစ်မြစ်လိုရင်းကို ဒါရိုက် ရောက်အောင် တွေးတတ် ပြောတတ်သူပါ။ အဲဒီ့အချက်ကြောင့်ပဲ မဟာဘုတ်ပညာကို သူ ..စီးပွားရေးမှာ အကွက်ကျကျ သုံးနိုင်စွမ်း ရှိသွားတာလို့ ပြောရမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီနေ့အထိ စီးပွားရေးရာမှာ သည်ပညာကို သူ့လို မသုံးနိုင်သေးပါ။ ဒါ အရိုးသားဆုံး ကျွန်တော်ဝန်ခံလိုက်တာပါ။
ဗေဒင်ပညာကို စီးပွားရေးရာမှာ သုံးနေတယ်ဆိုတော့ ..ဒါကြီးက ဟုတ်ပါ့မလား လို့ တစ်ချို့လည်း တွေးကောင်းတွေးပါလိမ့်မယ်။ သူ့အလုပ်ခန်း မှာ ချိတ်ထားတဲ့ ဧရာမ နို့တစ်ဘုတ်ပေါ်မှာ သူစီမံရေးဆွဲထားတာတွေ တွေ့ရင် ဒီကနေ့ နာမည်ကျော်နေတဲ့ ဗေဒင်ဆရာတွေ ငိုသွားနိုင်ပါတယ်။
ဥပမာ ပြောရရင် .. ကျော်စွာ ..ဒီကောင့်ကိုစိတ်မချရ ။ နှစ်ကြွင်း သောကြာ ၊ ငါ့ဟာကို ငါမသိအောင် ခိုးနိုင်သည်။ မောင်မျိုး တစ်ကြွင်း တနင်္ဂနွေ ၊ ကုန်ဖြန့်သည့်နေရာတွင် သုံးကြည့်သည် ..အဆင်ပြေ၏။ မန္တလေး ဈေးကွက် … ကိုလှဆွေ နှင့် စပ်တူလုပ်ရန် ..သောကြာအခါတွင် ချိန်းမည်…စသဖြင့်တွေ သေချာအတိုကောက် ရေးမှတ်ထားပါတယ်။ သူတစ်ကယ် သုံးနေမှန်း အဲဒီ့တော့မှ ကျွန်တော် သိသွားတာပါ။
ပြောစရာရှိရင် ဘယ်တော့မှ အားမနာတတ်တဲ့သူ့ကို …အပြောမခံရအောင် ကျွန်တော် တော်တော်လေး အပင်ပန်းခံပြီး သင်ပေးခဲ့ရပါတယ်။ သင်ပေးရကျိုး နပ်တယ်လို့ ဆိုနိုင် ပါတယ်။ သူကံလို့ပဲပြောပြော …. ကျွန်တော် မွေးရပ်မြေက ခွာလာတဲ့ ဒီလေးငါးနှစ် အတွင်းမှာ သူ့စီးပွားရေးဟာ ကြောက်ခမန်းလိလိ တိုးပွား လာတယ်လို့ တစ်ခြားမိတ်ဆွေတွေက ဖုန်းဆက်တိုင်း ပြောပြကြပါတယ်။ ဒါဟာ ဗေဒင်ပညာကြောင့် လို့ ကျွန်တော် မပြောလိုပါ။ သို့သော်…. သူတစ်ကယ် အလုပ်ထဲမှာ အသုံးပြုခဲ့တယ် ဆိုတာကတော့ မျက်မြင် ဖြစ်လို့ ကျွန်တော် လက်ခံခဲ့ရပါတယ်။
သူ့ကျွန်တော့်ဆီကနေ ပိုင်ပိုင်နိုင် သင်ယူသွားတာ မဟာဘုတ်နဲ့ နာမည်တွက်နည်း ဖြစ်ပြီး၊ နာမည်ကနေ အကြောင်းအကျိုး ထောက်ဆယူတဲ့ အပိုင်းဟာ လက်တွေ့သုံးနိုင်သလောက် ကျယ်ပြန့်စွာ အကျိုးပြု နိုင်တာလည်း အမှန်ပါပဲ။ ခု ကျွန်တော် ရေးနေတာတွေဟာ ကြော်ငြာ နေတာပါ။ တစ်ခုတော့ ရှိတယ်။ ဒီကြော်ငြာဟာ ကျွန်တော်တော်ကြောင်း တတ်ကြောင်း ကြော်ငြာ လုံးဝမဟုတ်ပါ။ ပညာရပ် တစ်ခုရဲ့ ကျယ်ပြန့်တဲ့ အသုံးဝင်ပုံကိုသာ ကြော်ငြာခြင်း ဖြစ်ပါလိမ့်မယ်။
စီးပွားရေးသမား မဟုတ်တဲ့ ကျွန်တော်ကိုယ်တိုင် က ဒီပညာကို စီးပွားရေးမှာ အသုံးမပြုနိုင် ခဲ့ပေမယ့် ..၊ လက်တွေ့သုံးမယ့် သူက ကျွန်တော့်ဆီကနေ သင်ပြီး လက်တွေ့အသုံးချ သွားနိုင်ခဲ့ပါတယ်။ အောင့်သက်သက်နဲ့ ပြောရရင်တော့ …တစ်ခါတစ်ခါ သူကဖုန်းဆက်ပြီး …စိုးမိုးရ …မင်းက ရွှေတူးပြီး ၊ ရွှေမ၀တ်ရတဲ့သူလိုပဲကွ လို့ လှမ်းကလိတာကို ..မခံချင်ပါ။ ဒါပေမယ့် ဟုတ်နေတော့ ငြိမ်ခံရတာပါပဲ
အဆုံးသတ် ကြော်ငြာရရင်တော့ မဟာဘုတ်ဗေဒင်ပညာနဲ့ နာမည်တွက်နည်းဟာ …လူတိုင်းလူတိုင်း အတွက် ၊ ဘ၀လက်စွဲ ပညာရပ်တစ်ခု ဖြစ်တာ အမှန်ပါပဲ။ ဒီပညာရပ်တွေကို ကျွန်တော် လူဘယ် နှစ်ယောက်ကို တစ်ဆင့် ဖြန့်ဖြူးပေးခဲ့ရမလဲ။ အဲဒီ့လူတွေထဲက မှ ဘယ်နှစ်ယောက်သည် လက်တွေ့ကျကျ ထဲထဲဝင်ဝင် အသုံးပြုနိုင်မလဲ ။ ကျွန်တော် အဖြစ်ချင်ဆုံး ဆန္ဒဖြစ်တဲ့ ….. မြန်မာ့ရိုးရာဗေဒင်ပညာ သုတေသန အသင်း တစ်ခု စတင်နိုင်ဖို့ အချိန် ဘယ်လောက်ယူရမလဲ …..ဆိုတာကို ….တွေးဆရင်း …ဒီသင်တန်းကို စတင်လိုက်ပါတော့တယ်။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
Post a Comment