အမြင့်မှာ မပျော်ပိုက်ပေဘု

Wednesday, August 3, 2011

ကြံဖူးသမျှ အမည်မျိုးစုံ လူမျိုးစုံ စာစု (၂)

ဖုန်းလာနေတယ် … ဆိုလို့  ကျွန်တော် စာရိုက်နေရာက ထလိုက်ပါတယ်။ သမီးကြီးဖြစ်သူက ဖုန်းခွက်ကို ကိုင်ထားပြီး၊ ကျွန်တော်အနားရောက်လာမှ .. နယ်ကထင်တယ် ဖေဖေ လို့ ဆီးပြောပါတယ်။ ကျွန်တော် ဖုန်းကောက် ကိုင်လိုက်တော့ …. နယ်က ( မွေးရပ်မြေ) က အသိမိတ်ဆွေတစ်ဦး ပဲ ဖြစ်နေပါတယ်။ 




အေး ..စိုးမိုးရေ …နေကောင်းလားညီလေး၊ စားကောပြီးပလား။ တစ်ခြားမဟုတ်ပါဘူးကွာ ..ထုံးစံ အတိုင်းပေါ့ .၊ ဒီမှာ  ကို တင်အောင်ကျော် က ညီလေးနဲ့ ဆွေးနွေးပြီး အကြံပြုချက်လေး တောင်းခံ ချင်လို့တဲ့ ၊ အဲဒါ……

ဟုတ်အစ်ကို …ဖုန်းပေးလိုက်ပါ။ ကျွန်တော် ဆွေးနွေးကြည့်ပါ့မယ်။
ဟလို…. ညီလေးစိုးမိုးလား  ၊ အစ်ကိုပါ တင်အောင်ကျော်ပါ။ မင်းတော့မှတ်မိမလား မသိဘူး။ အစ်ကို ကတော့ ..မင်းကို မှတ်မိနေပါတယ်။ တစ်ခါက ဗေဒင်စကားဝိုင်းတစ်ခုမှာ မင်းပြောသွားတာ လေးတွေ ခုထိပဲဟေ့ ၊ ကံ ကံ၏ အကျိုး နဲ့ ပတ်သက်လို့ပေါ့ကွာ အဲဒါ ….။

တောင်ရောက်မြောက်ရောက် ဖြစ်နေတဲ့ စကားနိဒါန်းပျိုးမှု ကို နားထောင်ရင်း …ကျွန်တော်အင်းအဲ လိုက်နေရပေမယ့် သူ့ကို ကျွန်တော် နာမည်နဲ့လူ တွဲပြီး ပုံဖော်ကြည့်လို့ မရဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီလိုကွာ၊ အစ်ကို့မှာ ပြောပြရခက်တဲ့ ဘ၀ပြဿနာ လေးတစ်ခု ကြုံနေတယ် ၊ ဘ၀အတွက် အရေးကြီးတဲ့ အနေအထားမျိုး ဖြစ်နေတယ် ညီလေး။ အဲဒါ အစ်ကို…
ဟုတ် အစ်ကို ခဏလေး ခင်ဗျ ။ ကျွန်တော် တစ်ချက်စစ်ကြည့်ပေးပါရစေ။
ပြောပြီးတာနဲ့ ကျွန်တော့်အကြည့်က တိုင်ကပ်နာရီပေါ်ကို အကြည့်ရောက်သွားပါတယ်။

အင်္ဂ၀ိဇ္ဇာ  အခါတိုင်ကို စိတ်ထဲကနေ ကောက်ထူလိုက်တော့ ..အင်္ဂါအခါတိုင် ဖြစ်နေတယ်။ မွေးခုနှစ် တွေကို ကောက်တွက်ကြည့်လိုက်တော့ …. တနင်္ဂနွေသား အဓိပတိဖွား။ နာမည်က အမြစ် ပင်စည် အညွန့် ..စနစ်တကျ တည်ဆောက်ထားတဲ့နာမည် ။ မဟာဘုတ်ခွင် ပေါ်မှာကတော့ …ဒီနာမည်မျိုးလည်း အပြစ်လွတ် သည်မရှိ။ အားသာချက်ကော အားနဲချက် ကိုရော အားလုံးမြင်နေရသည်။

အင်္ဂါအခါတိုင်မှာ တနင်္ဂနွေသား အမေးရှိလာသည်မို့ … ရုတ်တရက်ကြည့်လိုက်လျှင်တော့ … မွေးနံ ဆပွတ်မှာ အကောင်းဟု ဆုံးဖြတ်ရန် စစချင်း အားသန်လာနိုင်သည်။ သို့သော် တင်အောင်ကျော် ဟူသော သူ၏ နာမည်က .. ထိုသို့ ဆုံးဖြတ်ရန် ခွင့်မပြုခဲ့။

ကျွန်တော် ပြောမယ်နော်။ ဒါက လတ်တစ်လော အခြေအနေကို ကျွန်တော် မြင်တာပေါ့။ အစ်ကို့မှာ အခက်အခဲ တစ်ရပ်ရင်ဆိုင်ဖြေရှင်းရမယ့်ကံ သက်ရောက်နေတာလည်း အမှန်ပါပဲ။ အဓိကက ..ဝေခွဲရ ခက်ပြီး၊ ဗျာများရတဲ့ကံ ဆိုပါတော့ ။ တစ်ဖက်ဖက်ကို ရွေးမယ်လုပ်တိုင်း ၊ အခြားတစ်ဖက်ဖက်က အားသန် လာပြန်တယ်။ အဲဒါနဲ့ပဲ အစ်ကိုဆုံးဖြတ်ရခက်စရာ ဝေခွဲမရ ဖြစ်စရာ အခြေအနေတစ်ရပ် နဲ့ ကြုံလာမယ်။

အင်္ဂါအခါတိုင်သည် … တင်အောင်ကျော် ဟူသော တနင်္ဂနွေသားအတွက် ဆုံးဖြတ်ရခက်ခဲရမည့် ဗျာများစရာ ၊ စိတ်ဒွိဟ ဖြစ်စရာ အခြေအနေတစ်ရပ်ကို ဖြစ်ပွားစေနိုင်၏။  အဆိုပါ ကောက်ချက် သည် လတ်တလောတွင် ကျွန်တော့်အတွက် အမြင်သာဆုံးဖြစ်သော မေးသူ၏ ပြသနာ အစိတ်အပိုင်း ဖြစ်၏။
ကျွန်တော့်အတွေးတွင် ဒုတိယအဆင့်အားဖြင့် ကောဇာမဟာဘုတ် ခွင်ကို ထူကြည့်လိုက်၏။


   အဓိပတိ
       

   အထွန်း
        
     သိုက်
       
     ရာဇ
       
    မရဏ
     
     ဘင်္ဂ
     
     ပုတိ
      


အလွယ်ဆုံး နှင့် အမြင်သာဆုံး အချက်ဖြစ်သော .. ပုတိဌာနရှိ တနင်္လာ ဂြိုဟ်သည် သည် သူ၏ လက်ရှိပြသနာ ဖြစ်၏။ ထိုတနင်္လာသည် ဇာတာရှင် တနင်္ဂနွေသား  အတွက် အညွန့်ဂြိုဟ်လည်း ဖြစ်၏။ နာမည်တစ်ခုလုံးသည် ပက္ခ မိသော နာမည်အမျိုး အစား ဖြစ်နေ၏။ စနေ + တနင်္လာ ပက္ခ သည် .. လက်ရှိ သူ့ဘ၀ အနေအထားကို လှုပ်ခါနေသော အကြောင်းရင်း ဖြစ်၏။ နာမည်အဖျားစာလုံး တနင်္လာ ဖြစ်နေခြင်းက … ရေရာသေချာစွာ ဆုံးဖြတ် မရတော့သည့်အကျိုးကို ဖြစ်တည်စေ၏။

(ယခုကောဇာ ခုနှစ် ၁၃၇၃ခုနှစ် အတွင်း အမည်အဖျားစာလုံး တနင်္လာဖြင့် မှည့်ခေါ်ထားသူတိုင်း … ဇဝေဇ၀ါ ဖြစ်စရာ ၊ ဝေခွဲရခက်စရာ ကဏ္ဍများ ရင်ဆိုင်ကြရမည်ဖြစ်ပြီး၊ မူလမွေးနံ၊ ရောက်ဆဲ အသက်ပိုင်းများ =အရ …ထို ဝေခွဲရခက်စရာ ရွေးရခက်စရာ အနေအထားတို့သည် ဘ၀အတွက် အရေးပါခြင်း မပါခြင်း .သာ ကွဲပြားနိုင်ပေသည်။ )
ပုတိဌာနတွင် ဖြစ်ပြီး  ၊ တနင်္လာဂြိုဟ် ကသစ်မူနေခြင်းက ….လျှို့ဝှက်ထားသော ၊ဖုံးဖိသိုသိပ်ထားရသော .. အချင်းအရာများနှင့် ( အရွယ်ကောင်း အမျိုးသားတစ်ယောက်အတွက် ..အမျိုးသမီးကိစ္စ အရှုပ်အထွေး သည် အဖြစ်နိုင်ဆုံး ကဏ္ဍ ဖြစ်နေ၏။)

ကျွန်တော် တွေ့မြင်သည့်အတိုင်း ဟောဆိုလိုက်သောအခါ .. သူသည် စတင်ဝန်ခံလာ၏။ နာမည်အဖျား စာလုံး တနင်္လာဖြင့်မှည့်ခေါ်ထားသူမို့ ….အတိအကျ အိတ်သွန်ဖာမှောက်တော့ သူ့ပြသနာကို ပြောမပြ။ ကျွန်တော်ကလည်း လူမှုရေးအရ မမေးပါ။ သို့သော် ဟောစရာရှိတာတွေတော့ အားလုံး ဟောပေးလိုက်ပါသည်။

အားလုံး ကွက်တိပါပဲညီလေး။ ဆုံးဖြတ်ရခက်နေတယ်ဆိုတာလဲ အမှန်ပါပဲ။ အဓိကက အဲဒီ့ပြသနာ ပါပဲကွာ။ အစ်ကို့အနေနဲ့ကတော့ ၀ဋ်ကြွေးရှိရင် ကျေအောင် ဆပ်လိုက်ချင်တာပါပဲ။ အားလုံးက ၀ိုင်းပြီး တားမြစ်ကြပေမယ့် ၊ အစ်ကို့အနေနဲ့ ဆုံးဖြတ်ရခက်နေဆဲပါပဲ။ အစ်ကို မလုပ်ခဲ့ပေမယ့် ဒီကိစ္စမျိုး မထင်မှတ်ဘဲ ကြုံလာရတော့ တော်တော်လေးလည်း  တုန်လှုပ်မိပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ပေါ့ပေါ့ပါးပါး နေလာသမျှ ခုတော့ တရားဘက်ကို လည်း စပြီး အာရုံစိုက်လာမိတယ်ညီလေး။

သူ့ပြဿနာ သူ့ကိစ္စ ကို ထဲထဲ ၀င်ဝင် ကျွန်တော် မမေးချင်ပါ။ သူပြောသမျှကိုသာ နားထောင်နေလိုက်ရင်း သူ၏ မူလ မဟာဘုတ်ဇာတာခွင်ကို သေချာတွေးနေမိပါသည်။



   အဓိပတိ
       

   အထွန်း
        
     သိုက်
      
     ရာဇ
      
    မရဏ
     
     ဘင်္ဂ
     
     ပုတိ
       

လူတစ်ယောက်၏ ဘ၀ ပြဿနာ နှင့် ကြုံတွေ့ရမည့် ကံတရားတို့ကို ထိုသူ၏ နာမည်မှ ဖော်ပြနေပါသည်။ နာမည်များမှ တစ်ဆင့် ပြောပြနေသော အသံတို့ကို ကျွန်တော် နားထောင် ကြည့်မိခဲ့သည်။ မေးသူများစွာ တို့တွင် ..နေ့နံသားသမီးချင်း တူသူအမြောက်အများ ရှိကြသည့် တိုင်အောင် …မူလမဟာဘုတ် အနေအထားနှင့် နာမည်များမှာတော့ ကွဲပြားခြားနား ရှိတတ်ကြသဖြင့် ယင်း မူလမဟာဘုတ် အနေအထားနှင့် နာမည်တို့ကို ကောက်ချက်မဆွဲဘဲ ..ဟောပြောခြင်းကို မပြုအပ်ပေ။

အနှစ်ချုပ် ကျွန်တော် ပြောပါရစေ။ ဘယ်လိုမှလည်း မအောက်မေ့ပါနဲ့ ၊ ကျွန်တော်က ပညာရပ်ပိုင်းအရ မြင်တာ တွေးမိတာ ကိုပြောတာသက်သက်ပါ။ မှားတာရှိခဲ့လည်း ခွင့်လွှတ်ပါ။ အစ်ကို့ရဲ့နာမည်ဟာ …အစ်ကိုမွေးတဲ့ မဟာဘုတ်ဇာတာအရ… အမြင့်ကနေ အနိမ့်ကို ခုန်ဆင်းရတတ်တဲ့ကံ နဲ့ .. အင်း ..ဘယ်လို ပြောရမလဲ..မေတ္တာရေးရာ ကဏ္ဍမှာ ထောင်ချောက်…အင်း ..နေဦး၊ ကျော့ကွင်းတစ်မျိုးလို့ ပြောရမယ် ထင်တယ်။ လှပတဲ့ကျော့ကွင်းတစ်ခုမှာ ပိတ်မိသွားတတ်တဲ့ ကံ ကို ဖော်ပြနေတယ်လို့ပဲ ပြောပါရစေ။

အထက်ပါ စကားစု သည် သူ့အသည်းကို ဆုပ်ကိုင်လိုက်သော စကားစုဖြစ်ဟန်တူ၏။ သူသည် အထပ်ထပ် အခါခါ ၀န်ခံရင်း …သူ့အဖြစ်ကိုသူလည်း …ကံအကျိုးအကြောင်း ချိတ်ဆက်မိနေခဲ့ဟန်ရှိ၏။

အမြင့်ကနေ အနိမ့်ကို ခုန်ဆင်းရတဲ့ကံ ….

သည်စကားစုကို ကျွန်တော် အကြောင်းမဲ့ပြောခဲ့ခြင်းမဟုတ်။ ရာထူးကြီးကြီးကနေ …အဖြုတ်ခံ ရပြီး ..ရာထူး အဆင့်လျှောလို့ ဝေးရာကို ပြောင်းရွှေ့ခံခဲ့ရသူ၊ လေးထပ်တိုက်ပေါ် ကနေ ပြုတ်ကျပြီး ကျိုးကျေမွလို့ အနာတရနဲ့ ဆေးရုံမှာ ဇာတ်သိမ်းခဲ့ရသူ၊ လေယဉ်အဆင်းမှာ ပျက်ကျလို့ ပေါ့လျော့မှုနဲ့ ရာထူးဖြုတ် ခံရရုံမက ထောင်သွင်းအကျဉ်းချ ခံလိုက်ရတဲ့ ၀န်ထမ်း တစ်ဦး …… စသည်ဖြင့် ဘ၀တစ်လျှောက် ကြုံလာခဲ့ရတဲ့ မှတ်တမ်း တွေက …သည်ကံတရားရဲ့ တိုက်တွန်းစီရင်တတ်ပုံတွေကို ပြောပြနေကြပါတယ်။

အမြင့်ကနေခုန်ဆင်းရတဲ့ကံ နဲ့ လှပတဲ့ကျော့ကွင်းလေးတစ်ခုမှာ ကိုတင်အောင်ကျော်ဆိုတဲ့ တနင်္ဂနွေသား အဓိပတိဖွားတစ်ဦး ကွိကနဲ မိလိမ့်မယ် ဆိုတာကို မဟာဘုတ်ဗေဒင်ပညာ နဲ့ နာမည်လေးတွေကနေ ပြောပြနေခဲ့ပါတယ်။ မိမယ့်အချိန်ကလည်း ..ကွက်တိအချိန်ကိုက် ကျရောက်လာပါတယ်။ အသက်အားဖြင့် လေးဆယ့်ခြောက် ကို နှစ်လခွဲ သုံးလ စွန်းစစ မှာ ..ဇာတာရှင်ကို လောကုတ္တရာဂြိုဟ်က စပြီး …သွန်သင်ပေးလာပါပြီ။ ဘယ်သူရှိရမလဲ စနေပေါ့ ..ရောင်းရင်းတို့ရေ။ စနေဂြိုဟ်အိပ်ထဲကို ဖ၀ါး တစ်လှမ်း စအဖြတ်မှာပဲ … ဇာတ်လမ်းက စပါတော့တယ်။ နောက်ထပ်လည်း ရှေ့မှာ သူ့အနေနဲ့ အချို့သော ဘ၀ အစိတ်အပိုင်းများမှာ .. (လက်ဖက်ရည်ဆိုင်က …ပလာတာရိုက်ဖို့ ဂျုံနယ်သလို …) ကံတရားက ပယ်ပယ်နယ်နယ် နယ်ပေးမယ့် အချိန်ကာလ အချို့က စောင့်ဆိုင်းနေပါတယ်။ ဒါတွေကို တော့ ကျွန်တော် ကြိုမဟောပေးလိုက်တော့ပါ

နောက်ဆုံးအနေနဲ့ ကျွန်တော် အကြံပေးလိုက်ပါ့မယ်။ လက်ရှိခုနှစ် ၁၃၇၃ခုနှစ်အတွင်းမှာ အစ်ကို ဘာကို မှ ဆုံးဖြတ်ချက် မချပါနဲ့။ ဖြစ်နိုင်သမျှ ဇကောဇက အနေအထားမှာပဲ ဆိုင်းငံ့ဆဲ အခြေအနေအဖြစ်သာ ထား လိုက်ပါ။ အချို့သော ကျွန်တော်တို့တစ်တွေ ကြုံတွေ့နေရတဲ့ ဘ၀ပြဿနာတွေဟာ ကိုယ်တိုင် ဆုံးဖြတ်ဖို့ မဟုတ်ပါဘူး။ အချိန်ကာလက  ဆုံးဖြတ်ပေးဖို့အတွက် ဖြစ်တည် လာတာပါ။ ဇွတ်အတင်း ဆုံးဖြတ်မယ်ဆိုရင်တော့ …တစ်ဖက်ကိုရွေးပြီးမှ နောက်တစ်ဖက်က အရမ်းအားသန်လာပြီး အစ်ကို့စိတ်ကို ညှင်းဆဲမှု ပြုလာပါလိမ့်မယ်။

စသည်ဖြင့် …အကြံပေးပြီးနောက် ၊ လောကီပညာအရ ပြုအပ်သော ယတြာကဏ္ဍအချို့ကို ကျွန်တော် လမ်းညွှန် ပေးလိုက်ပါသည်။ သူသည် ဖုန်းစပြောစဉ်ကနှင့် မတူအောင် အားရကျေနပ်မှု ရှိသော အသံနှင့် ဖြစ်လာပြီး ..အနဲငယ်တက်ကြွလာသည် ကိုလည်းတွေ့ရပါသည်။ ဘာပဲဖြစ်ဖြစ် …လူတစ်ယောက်၏ ဘ၀ပြဿနာကို ကူညီအကြံပြုပေးခွင့်ရသည့်အတွက်လည်း ကျွန်တော် ၀မ်းမြောက် မိပါသည်။

သူ့ဘက်ကလည်း သိတတ်နားလည်စွာ ကျွန်တော့်ထံသို့ ဥာဏ်ပူဇော်ခပေးပို့လိုသဖြင့် မှတ်ပုံတင်နံပါတ် စသည်တို့ကို တောင်းခံပါသည်။ ကျွန်တော်မပေးလိုက်တော့ပါ။ တစ်ကူးတစ်က နဲ့ အစ်ကို  ပင်ပန်း ပါတယ်။ နေပါစေ ပြောလိုက်ပါသည်။ ဇွတ်အတင်း တောင်းဆိုလာသဖြင့် …နောင် အစ်ကို ပြုသည့် ကုသိုလ်အမှု တစ်ခုခုတွင် ကျွန်တော့် အတွက်လည်း ကုသိုလ်ထည့်ဝင်ပေးပါဟု သာ ပြောလိုက်ရပါသည်။ တိုက်တိုက် ဆိုင်ဆိုင် ..သူကလည်း သိပ်မကြာမီ သူတို့မိသားစုမှ ပေါက္ကံဘုရားထီးတော် တင်မည့် အကြောင်း ၊ ယင်းဘုရားမှာ သူတို့မိသားစုမှအပ အခြားသူများ ထီးတင်၍မရကြောင်း၊ ထိုထီးတော် တင်ပွဲတွင် …ကျွန်တော့်အတွက်လည်း နာမည်ရေးထိုးပြီး ကုသိုလ်ပြုပေးပါမည် ဟု ဆိုလေသည်။

သည်တစ်ခါ များစွာ ကျေနပ်ရသူကတော့ ကျွန်တော်ပဲ ဖြစ်လေသည်။ တစ်နေ့ တစ်နေ့…မိသားစုရေးရာများနှင့် လုံးထွေးနေပြီး၊ အလှုဒါနကုသိုလ်အမှု ယခုအခါ ခေါင်သီလှ ချိန်တွင် … တတ်ကျွမ်းသော ပညာနှင့် နှီးနွယ်ပြီး၊ ဒါနပြုခွင့် ကုသိုလ်ကောင်းမှုတွင် ပါဝင်ခွင့် ရရှိမည်မို့ …ကုသိုလ်အမှု ပြုခဲ့ပြီးပါက …အမျှပေးဝေပါရန်သာ တောင်းဆိုပြီး နှစ်ထောင်းအားရစွာ ဖုန်းချလိုက်မိပါတော့သည်။

အပ္ပမာဒေါစ ၊ ဓမ္မေသု ..ဧတံမင်္ဂလ မုတ္တမံ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB