မောင်နှင့်မယ် ရွှေလည်တွဲနိုင်ဖို့ စာစု(၄)

Tuesday, August 16, 2011


အရွယ်ကွာ .. တစ်ကယ်သာ မြတ်နိုးခဲ့သည့်တိုင်


ဒွေးချိုး  လေးတိုး ဆိုသော အဆိုသည် အမျိုးသားများအတွက် အဆင်ပြေသော အဆိုဖြစ်၏။ အမျိုးသမီး တွေအတွက်တော့  ..သည်အဆိုနှင့် ညီမျှနေသည့်အခါ အခက်အခဲ ရှိလာရတတ်သည်။  မောင်လေးနဲ့ မမ အခြေအနေသည် အသက်အားဖြင့် များများကွာနေလျှင် သိပ်အဆင်မပြေနိုင်တော့။


ဟဲ့ ...မောင်ဝင်းကို ..မင်းယူမယ့် မိန်းမ က အမေတောင် ပြန်ရှိခိုးရမယ် ထင်တယ်ကွယ့် ..၊ ကြားလို့ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေဟေဟေဟေဟေ………။

နည်းနည်း အာကြမ်းသော အမေမျိုးဖြစ်လျှင် … အထက်ပါအတိုင်း ပွဲကြမ်းခံရခြင်းမျိုး ဖြစ်လာနိုင်သည်။ အကယ်၍ အစ်မတွေ နှမတွေ ရှိနေပြန်လျှင်လည်း မလွယ်။

ကောင်မက ကလေး ကို မုန့်ပေးကြိုက်နေတယ် ၊ အရှက်ကိုမရှိဘူး….မနူးမနပ် ကလေးကို အပိုင်ကြံတာ သူ့အသက်အရွယ်ကြီးနဲ့ …

စသဖြင့် ဝေဖန်ပုတ်ခတ်မှုတွေ အနည်းနှင့်အများ ပေါ်လာတတ်သည်သာ။ တော်တော် ခံနိုင်ရည်ကို မွေးမြူပြီး ၊ ကြိုတင်အားတင်း ပြင်ဆင်ထားပြီးဖြစ်ပါမှ ..မမ နှင့် မောင်လေး ဇာတ်လမ်းကို ခင်းကျင်း နိုင်ပေလိမ့်မည်။ စာရေးသူနယ်မှာ နေစဉ်က .. ကျောင်းဆရာမ လေးတစ်ဦးနှင့် ဆယ်တန်း ကျောင်းသား လေးတစ်ဦး ချစ်ကြိုက်သွားကြသည်ကို တွေ့ရဖူးသည်။ ကောင်လေး မိခင် နှင့် အဒေါ်များက ဇော်ကလိဇွက် ခင်ဂျမ်းစိန် များဖြစ်နေသဖြင့် .. ကျောင်းဆရာမလေးခမြာ တော်တော်လေးကို အပြော အဆို ခံရတော့သည်။  အိမ်ရှေ့တွင် ထမိန်စွန်တောင်ဆွဲပြီး  အော်ကြဟစ်ကြ ၊ ရင်ဘတ်တီးပြီး ..နင်ပဲငါဆ ဆဲဆိုကြသဖြင့် အရပ်လူကြီးများပင် မနေသာ ၀င်ပါကြရတော့သည် အထိပင်။ အရွယ်ချင်းက ဆယ့်သုံးနှစ်ခန့် ကွာသည့်အပြင် ဆရာမ နှင့် ကျောင်းသား ဇာတ်လမ်းမို့ ကလေးမလေး ခမြာမှာလည်း တော်တော်လေးကို အရှက်ရခဲ့သည်။

ခက်သည်က  ချစ်တာပဲဖြစ်သည်။ ကောင်လေးကလည်း ကောင်မလေးကို စွဲလမ်းနေပြီး  ၊ ကောင်မလေး ကလည်း ကောင်လေးကို သံယောဇဉ်ကြီးပုံရပေသည်။ ဆိုတော့ …နှစ်ဖက်အသိုက်အ၀န်းချင်း ဒုတ်ဓါး ကိုင်ဆွဲ ရသည်အထိ ပွဲကြမ်းလာသည်အဆုံး ခိုးရာလိုက်ပြေးကြတော့သည်။ နောက်ဆက်တွဲ တွေက တစ်ခုမှ မကောင်းတော့ပေ။

ကောင်လေးဘက်က ဖျားယောင်းသွေးဆောင်မှုဖြင့်  တရားစွဲသည်။ အိမ်ရှေ့တွင် အော်ဟစ်ဆဲရေးသော ကောင်လေး အမေကို ကောင်မလေး အစ်ကို က  တုတ်ဖြင့် ရိုက်သဖြင့် အမှုတွဲတွေ  ပိုလာပြန်သည်။ ဈေးဝယ်ထွက်လာသော ကောင်မလေးကို ကောင်လေးအဒေါ်တွေ အစ်မတွေက ၀ိုင်းရိုက်ကြ ထုကြ ကုတ်ဖဲ့ကြ ဖြင့် အရုပ်ဆိုးအကျည်းတန် ဇာတ်လမ်းများ အဖြစ် ဟိုးလေးတစ်ကြော် ဖြစ်ကြရသည်။ နောက်ဆုံး ဆရာမလေး အလုပ်က နှုတ်ထွက်လိုက်ရသည်။ ကောင်လေးကို မိဘများက အဝေး တစ်နေရာသို့ ပို့ပစ်လိုက်ကြရသည်။  နှစ်ဖက်စလုံး ကို မနဲညှိနှိုင်း ပေးခဲ့ကြရသော အရပ်လူကြီးများ နှင့် ရပ်မိရပ်ဖများပင် ချွေးဇောပြန်ခဲ့ကြရသည့် အဖြစ်။ ယခုထက်ထိ တိုင်အောင် မျိုးနွယ်စု နှစ်စုသည် ကမ္ဘာမကျေ ရန်သူတွေ အဖြစ် ရှိနေကြဆဲပင်။

တံတိုင်းများ ကို ကျော်လွန်၍  …

ဒီဇာတ်လမ်းမှာ အဓိက တရားခံ များက တစ်ခြားသူများ မဟုတ်  ကောင်လေး အမေ နှင့် ကောင်မလေး အမေတို့ပဲ ဖြစ်သည်။ အမေအချင်းချင်း ပုလဲနံသင့်သဖြင့် … ကောင်လေးကို ဆရာမအိမ်တွင် ကျောင်းအိပ် ကျောင်းစား သဘော ပို့ထားပြီး အနီးကပ် သင်ခိုင်း လေ့ကျင့်ခိုင်းသည်။ သင့်၏ မသင့်၏ မစဉ်းစား။ တော်၏ မတော်၏ ကြိုမတွေး။ ဆရာမလေးက ဖြူဖြူဖောက်ဖောက် နှင့် လုံးကြီးပေါက်လှ အဆင် ၊ သုံးဆယ်တင်တင် အရွယ်။ ကောင်လေးက စိတ်ကစားတတ်ကာစ ချစ်ကြည့်လိုက်ချင် ကြိုက်ကြည့်လိုက်ချင် ဆိုသည့်အရွယ်။ အတူနေအတူစား အတူသွား အတူလာ များသည်ထက် များလာတော့….ခံနိုင်ပါရိုးလား။ စည်းတွေက ယိုင်လာသည်။ နံရံတွေက အက်ကြောင်းထလာမည်။ မသင့်ပါဘူးလေ ဆိုသော အတွေးများကို … ဆန့်ကျင်ဘက်လိင် ၏ သာယာမှုများက ကလိထိုး နှိပ်စက်ပါ များလာတော့… တူ့နှယ် တဲ့နှယ် တွေ ဖြစ်ကုန်ကြတော့သည်။ 

ဒီနေရာမှာ တစ်ချို့သော မိန်းမပျိုများက မာနကြီးကြသည်။ ကိုယ့်ကိုယ်ကို ရှောင်နိုင်မယ် ထိမ်းနိုင်မယ် ဟု လုံးဝ ယုံကြည်ထားတတ်ကြသည်။ အတွေ့ နှင့် ဆန့်ကျင်ဘက်လိင် ၏ ဆွဲဆောင်မှုသည်  ကိုယ်ကျင့်တရား တံတိုင်းများကို မည်မျှ အက်ကြောင်းထ နိုင်စေကြောင်း နားမလည်ကြပေ ။ ငါ လို မိန်းမမျိုးကတော့ နိုးပဲ ဒါမျိုးဆို ဟူသော အယူအဆမျိုးဖြင့် ခေါင်းမာမာ မာနထားတတ်ကြသည်။

တရားဘာဝနာ နှင့် မွေ့လျော်နေသော ရသေ့ ရဟန်း သူတော်စင်များ၊ ဈာန်တန်ခိုးရနေသည့် သူတော်စဉ် များပင်လျှင် …. မမြင်အပ်သည်ကို မြင်ရခြင်း၊ မတွေ့အပ်သည်ကို တွေ့ရခြင်း တို့က တုန်လှုပ် ခြောက်ခြား ဆောက်တည်ရာပျက်ပြားစေနိုင်သေးလျှင် …. လူသာမန် မိန်းမငယ်တို့ကား ဆိုဖွယ်ရာ မရှိပါပေ။

အတွေ့သည် မွေ့စေသော အာနိသင် ရှိ၏။ သတ္တ၀ါ သည် မွေ့လျော်တတ်သော သဘောရှိ၏။ ဆန့်ကျင်ဘက်တို့သည် အချင်းချင်း ပြင်းစွာ ဆွဲဆောင်နိုင်ကြ ပြန်သဖြင့် ….အရွယ်ကွာသည်ဟု ယူဆပြီး  ဖိုနှင့်မ ကို လက်လွတ်စပယ် အတူမထားအပ်။ ထားသော် ..မထိခလုတ် ထိခလုတ် တို့ရှိလာတတ်၏။ ထိပါများသော် အတွေ့သည် ဖြစ်တည်လာ၏။ တွေ့ပါများသော် မွေ့လာ၏။ မွေ့ပါများသော် ညားလေသတည်း။

တစ်ခါကလည်း  စာရေးသူ၏ ၀မ်းကွဲညီမ အပျိုကြီးအချို့   အိမ်နီးချင်းမှ  ငယ်စဉ်ကတည်းက ပွေ့ချီ ထိန်းကျောင်းလာခဲ့သော ..ကောင်လေးတစ်ယောက်ကို ဥဒဟို အိမ်တွင် သွားလာနေထိုင်ခွင့် ပေးထား သဖြင့် ဆုံးမခဲ့ရဖူး၏။ ဆိုဆုံးမချိန်တွင် .ညီမသုံးယောက်အနက် အလတ် ဖြစ်သူက .. အစ်ကိုလေး ကလည်း .. ဒီကလေးက ညီမတို့ပဲ ကျွေးမွေးသုတ်သင်ပြီး ညီမလေးတို့လက်ပေါ်မှာပဲ ကြီးလာရတာ၊ ပြီးတော့ ကလေးလေးရယ်ပါ အစ်ကိုလေးရဲ့ ဟု စောဒက တက်လာလေသည်။

အေး …ဟုတ်တယ် ကလေးလေးပါပဲ။ ဒါပေမယ့် …ဒီကလေးက ဗိုက်ကြီးစေတတ်တဲ့ အာနိသင်တော့ ရှိတယ် ၊ တစ်ခါထဲ အပြတ်ပြောလိုက်မယ်။ ဒီနေ့က စပြီး အသွားအလာအနေအထိုင်ကို စည်းကမ်းထားပြီး သွားလာဝင်ထွက်ပါစေ။ ဒီ့ထက်ငါ ပိုမပြောချင်ဘူး ဟူပြီး ကြိမ်းမောင်းခဲ့ရဖူးပေသည်။ လိုရင်းကို ဒိုးရှိုပေါက် ပြောမိလွန်းသဖြင့် စာရေးသူမှာ အပြောဆိုးသူအဖြစ် မျိုးနွယ်စုထဲတွင် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။

တစ်ကယ်တော့ မီးဆိုသည်မှာ မလောင်ခင်က သတိဖြင့် သေသပ်ငြိမ်ဝပ်စေရသည့်အမျိုး ။ အိမ်တစ်အိမ်တွင် အကုသိုလ်ကံသည် … အသိဥာဏ်အနဲဆုံး သူတို့ဆီမှ စတင်ဝင်ရောက်လာတတ် ပေသည်။ တံတိုင်းများ မခတ်ထားလျှင် ထိုခြံ ထိုမြေ သည်..မြေကွက်လပ်သဖွယ်သာ ဖြစ်ပြီး ကျင်ကြီး ကျင်ငယ် အလွယ်တစ်ကူ လာစွန့်ခြင်းကို ခံရမည်သာ ဖြစ်သည်။ မိမိတို့ဘ၀ကို မိမိတို့ လုံခြုံရန် အတွက် ဥာဏ်သတိ တို့ဖြင့် တံတိုင်းကြိုတင်ခတ် ထားရုံမှ တစ်ပါး အခြားမရှိ ။

ပူတူတူးကို  ချစ်ဖူးကြသူများ …

တစ်ချို့သော သူတို့ကတော့  … တစ်ကယ်မေတ္တာစစ်ဖြင့်  .. ချစ်မိကြပြီး၊ အရွယ် အသိ တို့၏ ဟန့်တားမှုဖြင့် ..ရှေ့လည်း မတိုးသာ ၊ နောက်ပြန်ဆုတ်လို့လည်း မရ ..ဇကောဇက အခြေအနေကြီးဖြင့် …ရင်နာနာ ချစ်မိနေကြရသူများ ဖြစ်ကြသည်။ စာရေးသူ၏ မိတ်ဆွေ လူပျိုကြီး တစ်ယောက်ရှိခဲ့ဖူးသည်။ စာရေးသူနှင့်က ..ညီရင်းအစ်ကိုလိုပင် ပေါင်းသင်းနေခဲ့ကြသူများ မို့ … သူ့ဇာတ်လမ်းကို အစ မှ အဆုံး …ရှုမြင်သုံးသပ်ခွင့် ရရှိခဲ့ပါသည်။

အသက်သုံးဆယ်ကျော်တွင် … မှ .. တစ်ဖန်ပြန်လည် နိုးထလာသော မေတ္တာစိတ်က ဆယ့်ခြောက်နှစ် သမီးလေးကို မှ  မြတ်နိုးမိသည့် အဖြစ်မျိုး ။ ကလေးမလေးက အဒေါ်ဖြစ်သူ၏ တီးဆိုင် တွင် စားပွဲထိုး အရောင်းအကူ လုပ်ပေးရသော ကလေးမလေး။ နွမ်းပါးသည်။ ငွေကို ရေလို သုံးနိုင်ပြီး ပြည့်စုံသော လူပျိုကြီးသည် အားနဲသူကို ဖေးမပေးလိုသည့် စိတ်ရင်းနှလုံးကောင်း ကလည်း ရှိတော့ ..နှိမ်စားခံ နေရသော ကလေးမလေးကို  မြင်ပါများလတ်သော် သနားဂရုဏာ ဖြစ်တည်လာသည်။ ကလေး အမိုက်  ကို  အပြေးလိုက်လို့ သွန်သင်ဆုံးမ တည့်မတ်ပေးရင်း …သံယောဇဉ်ကလည်း တစ်ဖြေးဖြေး ဖြစ်တည် လာသည်။ လူပျိုကြီးများ ကြိုက်မိတော့ သူများထက်ပိုကဲချင်သည်။ ဟန်းဆက်ဝယ်ပေးရ … ညတိုင်း သွားတိုက်ဖို့ သတိပေးရ ၊ဘုရားရှိခိုးဖို့ နှိုးဆော်ရ ၊ ဘုရားစာ သင်ပေးရ နှင့် …ဖုန်းလေးခမြာလည်း နားရသည် မရှိ။

နောက်ဆုံးတော့ အရွယ် ကွာဟမှု ၊ အသိုက်အ၀န်းကွာခြားမှု ၊ ပတ်ဝန်းကျင်၏ စည်းခြားမှုတို့ဖြင့် ….လူပျိုကြီး ဟတ်ထိ ရပြန်သည် ။ ရှေ့မတိုးသာ နောက်မဆုတ်နိုင် ဖြင့် …အီလည်လည် ကြေမွနေ ခဲ့ရသည့် ရက်စွဲတွေကို ..မနိုင်မနင်း ဖြတ်သန်းလိုက်ရရှာသည်။ အရွယ်ကွာကွာ …ချစ်မှာပဲ ဆိုသည့် တိုင်အောင် …တစ်ကယ့်တစ်ကယ် မလွယ်ကူသော အစိတ်အပိုင်းတွေကလည်း များလှသည်။ ငယ်ရင်ချီ ဆိုသည့်တိုင်အောင် …ချီရပင့်ရ သယ်ရ မလွယ်သည့်အခါများလည်း ရှိလာတတ်သည်။ အထူးသဖြင့် ငယ်သူ နှင့် ကြီးသူ တွင် တွေးတောပုံ ၊ ခံစားပုံခြင်း မတူညီနိုင်တော့ ..။

ရက်ပ် တွေ ဂွက်တွေ နဲ့ ဦးထုပ်ကို နောက်ပြန်ဆောင်းပြီး …ကလေးတွေအကြိုက် လိုက်နေပြလို့ကလည်း မလျော်။ ငယ်သူဘက်ကလည်း  … မြူးမြူးကြွကြွ နှင့် တက်စိတ် တက်မြင် ရွှင်မြူးနေချိန်တွင် ..တည်တည် ကြည်ကြည်ကြီးနှင့် ဖီလင်မလာသည့် ပုံစံကြီးမျိုး မနေနိုင်။ အယူအဆ အတွေးအမြင်  ဖီလင်ခံစားမှု အစစအရာရာ ..မကိုက်ညီသည်များကြုံလာတိုင်းလည်း …အများအားဖြင့် ကြီးသူဘက်က လျှော့ပေးဖို့သာ ပြင်ထားပေတော့။

အဲ…လျှော့ပေး လျှော့ပေး …နဲ့ လျှော့ပေးပါများလာပြန်တော့လည်း  ..တစ်ဖက်က ငယ်သူက ကြာတော့ နိုင်စားချင်လာတတ်သည်။ အလိုလိုက်ခံရပါများလျှင် ဆိုးလာတတ်သည်မှာ … ကလေးမှ မဟုတ် ၊ ချစ်သူသည်လည်း အတူတူ .. ။ အထူးသဖြင့် ငယ်ရွယ်သော ချစ်သူမျိုးက  ပိုဆိုးသည်။ ငယ်သည် ဟူသော လက်မှတ်ဖြင့်  ဆိုးခွင့်ပါမစ်ကို တရားဝင် ကလည်း ရထားသလို ဖြစ်နေသကိုး ။

ပူတူတူးကို ချစ်ဖူးသူတိုင်း  … အလိုလိုက်တတ်ခြင်းကို သင်တန်းမတက်ရဘဲ တတ်မြောက်သွား ကြသူများပါသည်။ မိတ်ဆွေ ….သင်ကော … ပူတူတူးကို ချစ်ဖူးခဲ့ပါသလား ။ ခေါင်းမွှေး ပြောင်ချင်လျှင် ချစ်ကြည့်လိုက်ပါ။ (ဆရာရန်းတော့ ..ခေါင်းမွှေးသိပ်မကျန်တော့ ဟု သိရပါသည်။ )

နိဂုံးချုပ်ပါတော့မည်။
မိမိထက် အရွယ်များစွာငယ်သော သူကို လည်း ချစ်ခွင့်ရှိပါ၏။ အရွယ်များစွာ ကြီးသော သူကိုလည်း ချစ်နိုင်သည်သာ ဖြစ်၏။ ကြီးရင်မှီ ဟူသဖြင့် မှီလိုက်သည်။ မှီလိုက်ကာမှ အခြေမခိုင် …. နှစ်ဦးစလုံး ယိုင်လဲ မသွားကြစေလို။ ငယ်ရင်ချီ ဟူသဖြင့် ချီလိုက်သည်။ များမကြာမီ မနိုင်သဖြင့် လွှတ်ချ လိုက်ရသည်  ဟု မဖြစ်ကြစေလို။

မချစ်ရဘူးဟု မဆို။  ချစ်ချင်သလို ချစ်နိုင်၏။  သို့သော် ဘ၀လက်တွဲရာတွင်မူ  အရွယ်အသိကွာဟမှု သည် … အတိုင်းအတာ တစ်ရပ်အထိ အမှန်ပင် ဖြေရှင်းရမည့် ကဏ္ဍတစ်ရပ် ဖြစ်ကြောင်း တင်ကြို သတိချပ်ကြစေလိုပါသတည်း။

ဗေဒင် ပညာ ရှုထောင့် အမြင်  ……….

အိမ်ထောင်ဖက်နှင့် စပ်လျဉ်းသော ဂြိုဟ်များသည် မရဏဌာနတွင် ရပ်တည်နေခြင်း၊ နာမည်အရ အင်္ဂါဂြိုဟ် အားနဲစေခြင်း ၊ မေတ္တာရေးရာဂြိုဟ်တို့သည် ..စနေ သို့မဟုတ် အားနဲသော အင်္ဂါဂြိုဟ်နှင့် ပတ်သက်မှု ရှိလာခြင်းသည် … အရွယ်ကွာ ဟ နေသော ဖူးစာဖက်ကို ဖြစ်တည်စေ၏။ သို့တည်းမဟုတ် ..အချိန်လွန်မှ ဖြစ်တည်လာသော ချစ်မှုရေးရာ ကဏ္ဍ တို့ကို ဖြစ်ပေါ်လာစေတတ်၏။ သမရိုးကျ မဟုတ်သော လက်ထပ်ပေါင်းသင်းရမှုများ သည်  လူသားတို့၏  အောက်ပါအသက်ပိုင်းများ တွင် ဖြစ်တည်မှု ပိုမိုများပြား စေတတ်ကြပေသည်။ တိတ်တိတ်ပုန်းလက်ထပ်ရခြင်း၊ ဓလေ့ထုံးစံထက် ကျော်လွန်သော လက်ထပ် ထိမ်းမြားရခြင်း၊ အရွယ်လွန်ချိန်တွင် ပြုလုပ်ရသော သက်ကြီးရွယ်အို လက်ထပ် ထိမ်းမြားရခြင်း များသည် ….

၂၀နှစ် ၊ ၂၇နှစ် ၊ ၃၄နှစ် ၊ ၄၁နှစ်၊ ၄၈နှစ် ၊ ၅၅နှစ် ၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ် …. စသော အရွယ်တို့တွင် ဖြစ်ပွား စေရန် ပိုမိုလှုံ့ဆော်ပေးကြောင်း တွေ့ရှိရပေသည်။

ချမ်းမြေ့သုတ ရရှိကြပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာ သုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB