ကျားသစ္စာ
တစ်ကယ်တော့ .. အပျိုကြီး တစ်ပိုင်းဖြစ်လို့ …ဟိုင်းစစ အရွယ် မှာ မိန်းကလေးတို့ရဲ့ ပူပန်မှုက ငယ်ထိပ် ရောက်အောင် တစ်ချက်တစ်ချက် ဆောင့်ဆောင့် တက်လာတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်အနီး ပတ်ဝန်းကျင်မှာ ကိုယ့်ထက်အသက်ငယ်သူအချို့ အခါတော်ပေး နတ်ရေးငယ်ရွှေစာ လုပ်သွားကြတာမျိုး မြင်လိုက်ရ ကြုံလိုက်ရတိုင်းမှာ …လက်ရှိရည်းစားကိုပဲ ထုထောင်းချင် လာသလိုလို ၊ ခါတိုင်းထက် ပိုပြီးပဲ ရှိုးထုတ်ချင်လာသလိုလို ဖြစ်လာတတ်ပါတယ်။ အဲဒါမျိုးကြုံရတဲ့ ရက်ပိုင်းတွေမှာ မသိမသာ စိတ်က တိုချင် နေတတ်ပါတယ်။
လက်ရှိရည်းစားသနာ မရှိသူက ပိုဆိုးပါတယ်။ သူ့ဘာသာသူ လမ်းပေါ်က ဖြတ်သန်းသွားလာနေတဲ့ …စုံတွဲလေးတွေ တွေ့ရင်တောင် …အမြင်ကပ်သလိုလို ..ရင်မောသလိုလို ကြီး ဖြစ်လာတတ်ပါတယ်။ တစ်ချို့တွေကတော့ ဗေဒင်ဆရာဆိုသူတွေ ဆီကို ပြေးကြပါတယ်။
ဆရာ ..ကျွန်မ ဘယ်အချိန်လောက် အိမ်ထောင်ကျမလဲဟင်။
ဆရာ.. ကျွန်မ ဒီတစ်သက် အိမ်ထောင်ကျပါဦးမလား။
စသည်ဖြင့် ဖုတ်ပူမီးတိုက် မေးတတ်ကြပြီး၊ အွန်လိုင်းပေါ်မှာ အဲဒီ့လိုမျိုး မေးတာ ကြုံရဖန် များတော့ ကျွန်တော် တစ်ခါတစ်လေ အရွှန်းဖောက်ပြီး ဖြေလိုက်မိပါတယ်။
ဆရာ ..ကျွန်မ ..ဘယ်တော့ အိမ်ထောင်ကျမလဲ ..။
မင်္ဂလာ ဆောင်တဲ့နေ့ပါ ။
အဲသလိုဖြေလိုက်တိုင်း …အများစုက ရယ်မောသွားကြပါတယ်။ ဟုတ်တယ်လေ ..သူတို့လည်း အဲဒီ့ကျမှ သတိဝင်ပြီး ပြုံးမိရယ်မိ သွားကြတယ်ထင်ပါတယ်။ မောင်ဖုန်းပြောချင်တာက အပျိုကြီး တို့ရေ…ချစ်သူအရင်ရှာပြီးမှ မောင်ဖုန်းကို လာမေးကြပါလားဗျာ။
အပျိုကြီးဆိုလို့ …အွန်လိုင်းပေါ်မှာ ဗေဒင်ဟောရင်း ပြုရင်း …အစ်မအရွယ် အမျိုးသမီးအချို့နဲ့လည်း ရင်းနှီး ခင်မင်သွားခဲ့ပါတယ်။ အဲဒီ့ထဲမှာ အပျိုကြီးအချို့လည်း ပါနေကြပါရဲ့။ ခက်ပုံများ …သူတို့ကို ဗေဒင် ဟောရတာ ..အလွန်ကပ်သီးကပ်သပ်နိုင်လှသလို..ဂွလည်းကျလှပါတယ်။ သူတို့ရဲ့ ဇီဇာကြောင် တတ်မှုကို သူတို့ကိုယ်တိုင် မရိပ်မိကြပြန်ပါဘူး။ အပျိုကြီးတွေဆိုတော့ တစ်ခါတစ်လေ သူတို့ နားဝင် အောင် ရှင်းပြရတာလည်း ခက်ပါတယ်။ ဥပမာ စကားလုံး သုံးနှုန်းမှုက အစ သူတို့နဲ့ အဆင်ပြေ မှာလေး တွေကို ရွေးရပါတယ်။
တစ်ခါ က အမျိုးသမီး တစ်ဦး က အသေးစိတ်တိုင်ပင် ဆွေးနွေးလာပါတယ်။ သူလက်ထပ်ဖို့ ရည်စူး ထားတဲ့အမျိုးသားရဲ့ မွေးနေ့မွေးချိန် ၊ နာမည် စတာတွေလည်း ပေးပို့ပြီး အဆင်ပြေနိုင် မပြေနိုင် စသည်ဖြင့် ဆိုပါတော့။ ထုံးစံအတိုင်း ကျွန်တော်က လည်း တွေ့တာမြင်တာလေးတွေ ပြောပြ၊ ထိုက်သင့်တာ အကြံပေးပေါ့။ ခက်တာက …. သူမေးတဲ့မေးခွန်းမှာ … သူယူမယ့် ပုဂ္ဂိုလ်အမျိုးသားက သူတစ်ယောက်ထဲ အပေါ်မှာ စွဲမြဲစွာ ချစ်မှာလား၊ ထပ်ပြီးပွေနိုင် ရှုပ်နိုင်သလား ဆိုတာမေးခွန်းမျိုး ပါလာပါတယ်။
ဒီနေရာမှာ … အတော်လေး ခက်သွားပါတယ်။ အမျိုးသား အယောက် ၁၀၀ မှာ ၃၀လောက်က မသိမသာ ဖြစ်စေ ၊ သိသိသာသာဖြစ်စေ စမောလေးချိတ်ပြီး … အချစ်အတိုးပွား နေကြတဲ့ ခေတ်မှာ ၊ ကျန်တဲ့ ၇၀ ထဲက … ၆၀ လောက်က မတတ်သာလို့၊ အခြေအနေမပေးလို့ ၊ ဘ၀အရေး ရုန်းကန်နေရလို့ ..စသဖြင့် အကြောင်းပြချက်တွေနဲ့ စမောစိတ်ကို ဘေးချိတ်ထား သို့တည်းမဟုတ် မျိုသိပ်ထားရသူတွေ ဖြစ်ပါတယ်။ နောက်ဆုံးပိတ် ကျန်နေတဲ့ ၁၀ယောက် ထဲက ၈ ယောက်လောက်က … အိမ်ထောင်မှု ဘ၀မှာ သစ္စာရှိရှိနေမယ် ဆိုတဲ့သတိနဲ့ … တစ်ယောက်ဆို တစ်ယောက် ၊ ပိတောက်ဆိုပိတောက်သမား မျိုး ဖြစ်နိုင်ပါတယ်။ နှစ်ယောက် ကတော့ ….မိန်းမကြောက်ရလို့ ဟိုစိတ် သည်စိတ်ကို တစ်သက်လုံး မျိုသိပ်လိုက်ရသူမျိုးတွေပါ။
ဆိုတော့ကာ …တစ်ရာမှာ ရှစ်ယောက် လောက်သာ အိမ်ထောင်မှုဘ၀မှာ နောက်လှည့်ကြည့်စရာ မလို လောက်အောင် စိတ်ချလက်ချ ထားနိုင်သူ အမျိုးသားမျိုးတွေ ဖြစ်နိုင်တယ်လို့ …ယူဆနိုင်ပါတယ်။ ကျန်တဲ့ ၉၂ ယောက်သော အမျိုးကောင်းသားတို့ကတော့ မတစ်ထောင် တစ်ကောင်ဖွား ကျားဆိုမှ ကျား ဆိုတဲ့ … ကျားမျိုးတွေ ဖြစ်နိုင်သော ခေတ်အခါ သမယမျိုးမှာ…………………………..
ဆရာ …ကျွန်မ ယူမယ့်အမျိုးသားက သစ္စာရှိပါ့မလား ဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကျွန်တော် နှုတ်ဆွံ့မိတာ အမှန်ပါ။ ဟိုသီချင်းလေးသာ …ဖွင့်ပြလိုက်ချင်ပါတယ်။ ……
နားလည် ….. ပါ
နားလည် ….. ပါ
နားလည် ….. ပါ ……….။
မိကျောင်း နှင့် တူသော ယောကျာ်းများ
ကျွန်တော် ခုလိုရေးလိုက်တော့…..ဆရာက သူ့စိတ်နဲ့နှိုင်းပြီး ယောကျာ်းတိုင်းကို သစ္စာမရှိဘူးလို့ သတ်မှတ်နေတယ်လို့… အချို့သော သူများ တွေးကောင်းတွေးနိုင်ပါတယ်။ အမျိုးသား တွေရဲ့ သဘာဝ နဲ့ အမျိုးသမီးတွေရဲ့ သဘာဝ မတူညီပါ။ အမျိုးသားတွေ အဖို့ သူယူလိုက်တဲ့ဇနီးမယားကို အသည်းစွဲအောင် ချစ်ပါစေဦး၊ ကလေးသုံးလေးယောက် မွေးပြီး ဗိုက်ကလေး ပူချင်ချင် …၊ စူအစ်အစ် … အခေါက် လေးတွေ အရစ်ရစ် ထချင်ချင် ဖြစ်နေတဲ့ ချစ်ဇနီးရှုမ၀ကို …ငုံထားမတတ် ချစ်သည်ဖြစ်ပါစေဦး …၊ ကယုကယင် တီတီတာတာနဲ့ … ခေတ်ကာလ ယမင်းပျိုလေးများ …မိမိရှေ့မှာ လမ်းသလား သွားတာ မြင်ရင် … ၊ တွေ့ရင် ….၊ မကြည့်ချင် မြင်လျက်သားမို့ ငေးသလိုလို၊ အင်း …လှတော့ အလှလေးဟ ဆိုတဲ့ အတွေးမျိုးလေးလောက် …ဝေ့ကနဲ တွေးမိသွားသလိုလို ဖြစ်လာတတ်ပါတယ်။
ဒါ တော်တော် တည်ကြည်တဲ့ ယောကျာ်းတစ်ယောက်မှာ ဖြစ်သွားတတ်တဲ့ စိတ်အခြေအနေပါ။ အဲ…အစကတည်းက ခပ်ကဲကဲ ယောကျာ်းမျိုးကြတော့ …၊ ဟား….မိတယ်ကွာ …ရေလည်မိုက်တယ် …အိမ်က ဗိုက်ပူမနဲ့တော့ ကွာပ ဆိုတာမျိုး တွေးလာတတ်ပါတယ်။ အဲသလို ဗိုက်ပူမဖြစ်လာတာ နင့်ကြောင့်လေ အကောင်ရဲ့ လို့ အပြောမခံရအောင် …ကွယ်ရာမှာရေရွတ်ပြီး ….ကဲချင်သဲချင် ၊ အချစ် ဒီပလိုမာ လေးများ တဖန် ပြန်တက်ချင်စိတ် ပေါ်လာတတ်ပါတယ်။
ပြောရရင်တော့ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီး ရပြီး ပိုင်ဆိုင်ပြီးသွားခဲ့ပြီဆိုရင် ….တိုက်တာ အိုးအိမ် တစ်လုံး ဆောက်ပြီးသွားသလိုပါပဲ။ ဒါ ..ငါ့ဟာကြီး ၊ ငါပိုင်ဆိုင်ပြီဖြစ်သော အချစ် ပိရမစ်ကြီး ဆိုတဲ့ ဖီလင်မျိုး ၀င်လာတတ်ပါတယ်။ တနည်းအားဖြင့် မရခင် ချစ်သူဘ၀တုန်းက ဖလမ်းဖလမ်းထ ခဲ့သမျှ အချစ်မှော်တွေ အားလုံး၊ ရပြီးပြီဆိုတာနဲ့ … ငြိမ်ဝပ်သွားပါတယ်။ အဲ… အကောင်းငြိမ် ..ငြိမ်သွားတာတော့ မဟုတ်လောက်ပါ။
အစာဝလို့ လတာပြင်မှာ နေပူစာလှုံရင်း စားမြုံ့ပြန်နေတဲ့ မိချောင်းကြီးတွေလို ငြိမ်သွားတာပါ။ နောက်တစ်ခါ မကိုက်ခင် မခဲခင် အထိဆိုပါတော့။
အဲ…. အစာကလည်း ကြေချင်ချင်ဖြစ်လာတဲ့အချိန် ….၊ အစာသစ်ကလေးကလည်း (…စားချင်သပ ဆို စားပါမောင်ရေ…..ကိုက်သာကိုက်ပါ …. ခဲပါ မောင်ရေ ) ဆိုတာမျိုး …ကြုံလာတဲ့ အချိန်မှာတော့ ….တော်တော် ထိမ်းတဲ့ကြားက သွားယားလာတတ်ပုံများ …သွားပေါက်ကာစ ကလေးများ လိုပါပဲ။ ဟင်းဟင်းးးးးးးးးးး ဟင်းဟင်းးးးးးးးးး ကိုက်မိတော့မယ်နော်….၊ ခဲမိတော့မယ်နော်…….ဆိုတဲ့စိတ်ကို ..မိသားစု သံယောဇဉ် တွေ ငဲ့ငဲ့ပြီး မနဲထိမ်းထားရတတ်ပါတယ်။
တစ်ချို့ယောကျာ်းတွေ ကျတော့လည်း သင်းကွဲ နယ်ကျော် မိကျောင်းဆိုးတွေလိုပါပဲ …တွေ့ကရာရှစ်သောင်း (မဲမဲမြင် ဆွဲဆွဲပင် ခဲလေသည်) ဆိုတာမျိုးပါ။ ရောက်လေရာ ဆွဲဆွဲကိုက် သွားပုံများ မြစ်ကြောင်းတစ်လျှောက်လုံး သူ့သွားရာချည်းပဲ ဆိုတာမျိုး ..စည်းမဲ့ကမ်းမဲ့ ယောကျာ်း တစ်ချို့လည်း ရှိပါတယ်။ ဒါဖြင့် ဆရာဖုန်းက ကော ဘယ်လိုမိချောင်းမျိုးလဲဗျ လို့ မေးခဲ့ရင်တော့ …………….
အိမ်မြောင်သာသာရယ်ပါ ဗျာ လို့ ပြောရုံပါပဲ။ အစွမ်းအစ နဲသူမို့ …မှန်းဆမရဲ ပါဘူး လို့ ဖြေရပါမယ်။ အထက်က ပြောခဲ့တဲ့ အချိုးစကေးကို ပြန်ကောက်ရရင်တော့ နောက်ဆုံးကျန်တဲ့ နှစ်ယောက် မျိုးထဲမှာ ပါပါလိမ့်မယ်။ ( မှတ်ချက် ။ ။ ဘုန်းသိင်္ဂါ နဲ့ ပခန်းကတော့ …ကဲလွန်းလို့ နတ်မိချောင်းတွေတောင် ဖြစ်နေပြီလို့ ကြားရပါတယ်။ )
အသစ်ကလေးရယ်တဲ့ လိုချင်သည် …….
လူတွေဟာ အတွေ့အကြုံသစ်ကို လိုလားမက်မောကြပါတယ်။ ဒါကြောင့်လည်း ကျောက်ခေတ်ကနေ …ယနေ့အိုင်တီခေတ် အထိ တိုးတက်ပြောင်းလဲလာတယ်လို့ ဆိုနိုင်ပါတယ်။ အသစ်အဆန်းမှန်သမျှ ကို သာမန်လူတွေထက် ပိုပြီး ငမ်းငမ်းထိုး လိုချင်မက်မောတတ်သူ အချို့လည်း ရှိကြပါတယ်။
ဒီနေရာမှာ ဗဟုသုတအနေနဲ့ လက်ဆန်းဗေဒင်ပညာရှုထောင့်အရ ပြောပြရရင် …. နာမည် အဖျား စာလုံးကို …အင်္ဂါနံ (စ၊ဆ၊ဇ၊ဈ၊ည) ဖြင့်မှည့်ခေါ်ထားသော သူတွေဟာ …စူးစမ်းစိတ် အလွန် ထက်သန် ကြတဲ့ အတွက် .. အသစ်အဆန်းတွေနဲ့ ပတ်သက်မှု ပိုမိုများပြားကြတာကို တွေ့ရပါတယ်။
အဲဒီ့လိုပါပဲ ကမ္မကာရက အမည်ရှင်တွေဟာ မူလသဘာဝအရ ကိုပဲ … အသစ်မှန်သမျှကို လိုလားစိတ်ရှိနေကြတာကို တွေ့ရပြီး၊ အထက်ပါ အချက်နှစ်ရပ်စလုံးနဲ့ ညီညွတ်နေတဲ့ နာမည်အဖျားစာလုံးကလည်း အင်္ဂါ နံ ဖြစ်ပြီး၊ ကမ္မကာရက အမည်မျိုးလည်း ဖြစ်နေတဲ့ ….. သောကြာနံအစ + အင်္ဂါနံ အဆုံး နာမည် မျိုး ဖြစ်သော …..ဥပမာအားဖြင့် ….သန်းသန်းစိုး၊ သိန်းဆွေ၊ သန်းစိန်၊ ဟန်မင်းဆက်၊ ဟိန်းမိုးဇင်၊ သီဟဇော် ၊ သီတာဆွေ၊ သွယ်သွယ်ညွန့် … …စသည်ဖြင့်သော အမည်ရှင်တွေဟာ …….
အသစ်အဆန်းမှန်သမျှကို ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် စူးစမ်းလိုစိတ်ထက်သန်ကြတာကြောင့် …အသစ်အသစ်တွေနဲ့ တည့်တည့်တိုးမိတတ်ကြသော အမည်ရှင်များလို့ ဆိုရပါမယ်။ သူတို့ရဲ့ အဓိက အားနဲချက်ကလည်း ရိုးအီမှုဒဏ်ကို မခံနိုင်ကြခြင်းပါဘဲ။
အခြားတစ်ခုကတော့ ….ဘယ်နေ့သားသမီးမျိုးပဲဖြစ်ပါစေ၊ နာမည်အဖျားစာလုံး အဓိပတိမှာ ရပ်တည်ခဲ့ရင် ဖြစ်စေ၊ နာမည်အဖျားစာလုံးကို ကမ္မကာရကဂြိုဟ်နဲ့ မှည့်ခေါ်ထားခဲ့ရင်ဖြစ်စေ အသစ်အဆန်း မက်မောစိတ် သာမန်ထက် ပိုမိုလာပါတယ်။ အဲဒီ့လိုပါပဲ …လူတစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းချိန်အရ …ဆိုင်ရာ ကမ္မကာရကဂြိုဟ်ရဲ့ ဒသာအစိတ်အပိုင်းကျရောက်လာတဲ့ အချိန်ကာလများမှာ အကြောင်း အရာ အသစ်တွေ ပေါ်ပေါက်ကြုံတွေ့လာကြရပါတယ်။
အထက်ပါဖော်ပြချက်အားလုံးဟာ အသစ်အဆန်းလိုလားမှုနဲ့ ဆိုင်တဲ့တင်ပြချက်များသာ ဖြစ်ပါသေးတယ်။ အချစ်သစ်ရှာခြင်း မရှာခြင်းနဲ့ မသက်ဆိုင်သေးပါ။ သို့သော်…. တစ်စုံတစ်ရာအပေါ်မှာ ရိုးအီငြီးငွေ့ လာပြီးတဲ့နောက် … အတွေ့အကြုံအသစ်အဆန်းတွေကို ရှာဖွေဖို့ အတွက်တော့ အထက်ပါအချက်တွေက လှုံ့ဆော်မှု ပြုပေးတာ အမှန်ပါပဲ။
ရိုးသားတဲ့ ဖိုးခွား …
ကျွန်တော်ရဲ့ အစ်မ၀မ်းကွဲတစ်ဦး နဲ့ သူ့ခင်ပွန်းဖြစ်သူဟာ ကျွန်တော်ငယ်စဉ်ကတည်း က ကျွန်တော်တို့ မိသားစု ခြံထဲမှာ လာရောက်မှီတင်းနေထိုင်ခဲ့ပါတယ်။ သူ့ခင်ပွန်းဖြစ်သူ ဟာ အင်မတန်ရိုးသားသူပါ။ အရက်မသောက် ၊မိန်းမမရှုပ်၊ လာဘ်မစား၊ အနေအထားမှန်မှန် တစ်သက်လုံးနီးနီး နေလာခဲ့သူ မြေတိုင်း စာရေးကြီး တစ်ဦးပါ။ အသက်ကလည်း ကျွန်တော်နဲ့ဆို တော်တော်လေးကွာတာမို့ သူဟာ ကျွန်တော်တို့ လေးစားခဲ့ရသူ တစ်ဦး ပါပဲ။
ကျွန်တော့်အသက် ၂၅နှစ် ၀န်းကျင်မှာ အဆိုပါ အစ်မ၀မ်းကွဲဟာ နာတာရှည်ဝေဒနာပေါင်းစုံ စွဲကပ်လာ ပါတယ်။ အဲဒီ့မှာပဲ …. တစ်သက်လုံး ရိုးရိုးမှန်မှန် တည်တည်တံ့တံ့ နေလာခဲ့တဲ့ မြေတိုင်းစာရေးကြီး မိန်းမရွယ်တစ်ယောက်နဲ့ ငြိစွန်းပါတော့တယ်။ ကြားစကတော့ လုံးဝမယုံပါ။ မလိုသူတွေ ပြောစကားပဲ မှတ်ထင်ခဲ့ပါတယ်။ တစ်ဖက်က မိန်းမရွယ်ကလည်း ကလေးနှစ်ယောက် မိခင်ဖြစ်နေတော့ …မဖြစ်နိုင်ဘူး လို့ပဲ ထင်ခဲ့မိတယ်။ အမှန်ကို ဖြစ်နေမှန်းသိရချိန်မှာ ဖိုသတ္တ၀ါတို့ရဲ့ ငုပ်လျှိုးနေသော ဗီဇစိတ် ကို ကျွန်တော် ဆင်ခြင်တွေးမိစရာ ဖြစ်ခဲ့ပါတယ်။
ဖိုနဲ့မ ကြားမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိသလောက်ကို ….ရှားပါးလှပါတယ်။ သံလိုက်နဲ့ သံကို အတူတူ ထားမိသလို ၊ ဆွဲငင်နိုင်စွမ်း ရှိကြတာမို့ သတိချပ်စရာပါပဲ။ ငါ့ယောကျာ်း …အေးလှ ရိုးလှ ချည်ရဲ့ ဆိုပြီး …စိတ်ချလက်ချ မိန်းမရွယ်တို့နဲ့ လွှတ်ထားတာမျိုးဟာ အင်မတန် အန္တရယ်များလှပါတယ်။ အတွေ့တစ်ချက်ဆောင် ရင် မွေ့ဖက်လို့ လောင်စေနိုင်သော ကိလေသာ မကုန်စင်ကြသေးသူများ မို့ …လောင်ကာမှ လောင်ပဟဲ့ မြည်တမ်းနေလို့ မဖြစ်ပါ။ တစ်သက်လုံး ငြိမ်ဝပ်လာတဲ့ ကိလေသာမီးကို မရှိုလို့ မလောင်တာလို့ မမှတ်လိုက်ကြပါနဲ့။ လောင်စာနဲ့ မီး တွေ့ခွင့်မရသေးလို့ မလောင်သေးတာ လည်း ဖြစ်နေတတ်တာကို သတိပြုနိုင်ကြပါစေ။
အတွင်းကြိတ် ပါလို့ …သင်းစိတ်က …နှောက်လှသည်
အပျိုကြီး ..လူပျိုကြီးများ ရဲ့ ….အိပ်မက်ဆိုးတစ်ခုကတော့ …လိင်ဆန္ဒမပြည့်ဝမှုကို တာရှည်ရင်ဆိုင် ရခြင်းပဲ ဖြစ်ပါလိမ့်မယ်။ တစ်ကယ့်တစ်ကယ် တွေးကြည့်တော့လည်း သူတို့မှာက တစ်ခြား ပျိုရွယ်သူ တွေလို ၊ သို့တည်းမဟုတ် …. အိမ်ထောင်သည်တွေလို …အခွင့်အလမ်းက နဲပါးလှပါတယ်။ အဆိုပါ စိတ်မျိုး ခန္ဓာကိုယ်မှာ လောင်မြိုက်လာချိန်မှာ ..မကျေနပ်မှုတွေက ကမ္ဘာမကြေ ဆိုရမလို ဖြစ်လာ တတ်ပါတယ်။
သွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့ ..ဒီစိတ်ကတော့ တစ်ချိန်မဟုတ် တစ်ချိန် ထိုးနှက်တိုက်ခိုက်လာတတ်တာ အမှန်ပါ။ အထူးသဖြင့် အခြားဖိုနဲ့မ တို့ ချစ်တင်းနှော ချစ်ခြင်းဖွဲ့နေကြတာမျိုးကို ပြင်ပမှာဖြစ်စေ ၊ ရုပ်ရှင် ၊စာပေ တစ်စုံတစ်ရာ အရဖြစ်စေ …မြင်မိကြည့်မိ ခံစားမိကြတဲ့အခါမျိုးမှာ တစ်ကိုယ်တော် ပေါက်ကွဲ ရပါတော့တယ်။ ဒီနေရာမှာ လူပျိုကြီးအများစု အဖို့ ထွက်ပေါက်ရှာလို့ ရကောင်းရနိုင်စရာ ရှိပါတယ်။ ယောကျာ်းသားတွေကိုးးး ။ စိတ်ဖြေစရာ ထွက်ပေါက်ကလေးတွေ လိုက်ရှာပြီး ဖြေသိမ့်ဖို့လွယ်ကူစရာ ရှိနိုင်ပါတယ်။ သို့ပေမင့် အမျိုးသမီးတွေ ဖြစ်တဲ့ အပျိုကြီး တွေမှာတော့ ….. လှိမ့်ပိမ့်ပြီးသာ မကျေနပ်ခြင်း ကမ္ဘာထဲမှာ လူးလိမ့်နေရပါတော့တယ်။
အဲဒီ့ကနောက်တော့ …လုပ်ငန်းခွင်ထဲမှာ အဆင်မပြေမှုတွေ၊ ပြင်ပဆက်ဆံရေးမှာ အဆင်မချောမှု လေးတွေ ..ဖြစ်လာပါတယ်။ အရိုက်ကြမ်းတဲ့ ကျောင်းဆရာမအပျိုကြီး အချို့မှာ အဆိုပါ စိတ်ရဲ့ထိုးနှက်မှု ဒဏ်ကြောင့် …ကလေးတွေကို ရိုက်တဲ့ အကျင့်ဆိုးတစ်ခု အဖြစ် စွဲကပ် နေကြတာကိုတွေ့ရပါတယ်။ သာမန်အားဖြင့် ကလေးတွေအပေါ် …ဆုပေးဒဏ်ပေး ကျင့်သုံးရတာမျိုးထက် ပိုမိုတဲ့ …စိတ်အဆာဖြေမှု အဖြစ် တွေ့ရှိရပါတယ်။
ဒီစိတ်ကိုထိမ်းနိုင်ဖို့ကလည်း ခက်ပါတယ်။ ဇွတ်ကျိတ်ပြီး ခံစားမျိုသိပ်နေရုံနဲ့လည်း ပျောက်မသွားတတ်ပါ။ အစားထိုး ဖြေသိမ့် ခြင်း များနဲ့သာ သက်သာရာရစေနိုင်ပါတယ်။ သိပ်ပြီး ပူလာ ဆူလာတဲအခါ ..သစ်ပင် စိမ်းစိမ်းစိုစို ရှိရာနေရာလေးများမှာ …လေကောင်းလေသန့်ရှုရှိုက်၊ ကိုယ်လက် လှုပ်ရှားလုပ်… စသည်ဖြင့်ဖြစ်စေ…၊ မိမိကိုယ်ကိုယ် နှစ်သိမ့်မှုတစ်စုံတစ်ရာ ဆောင်ရွက်ခြင်းဖြင့် ဖြစ်စေ ..အဆိုပါ စိတ်ရဲ့ တိုက်ခိုက်ထိုးနှက်မှုကို ကုစားယူရပါတယ်။
စာရေးသူရဲ့ မိတ်ဆွေ လူပျိုကြီး တစ်ယောက်ရှိပါတယ်။ အဆိုပါစိတ်မျိုး ဖြစ်လာတိုင်း သူ့ခမြာ ကယောင်ခြောက်ခြားတွေ ဖြစ်လာပါတယ်။ ဘုရားစင်ရှေ့အိပ်နေကြကနေ လိပ်ပြာမသန့် အိပ်မပျော် ဖြစ်လာသလိုလို …၊ မကောင်းမှုကြီးတစ်ခုခုကို ကျူးလွန်မိထားသလိုလို၊ စိတ်ဓါတ်ကျဆင်းလာသလိုလို … အမှန်ပဲ သနားဖို့ ကောင်းလှပါတယ်။ မိမိကိုယ်ကိုယ် နှစ်သိမ့်မှု ပြုမိပြန်တော့လည်း … မဟာအမှားကြီး တစ်ခု ကျူးလွန်မိသလိုလို ဖြစ်နေတတ်သူပါ။ ဆေးပညာစာပေ တွေ ဖတ်ဖို့သူ့ကို တိုက်တွန်းပေး ခဲ့ရသလို၊ ဘာသာရေးဆိုင်ရာ ရှုထောင့်ကနေလည်း …. မကြာမကြာပြောပြခဲ့ရပါတယ်။ တစ်ရက်ကြီး ကတော့ …… သူကယောင်ခြောက်ခြားနဲ့ ကျွန်တော့်ဆီ ပြေးလာပါတယ်။
စိုးမိုးရေ …ငါတော့ အတော်မှားသွားပြီ လို့ ပြောပါတယ်။ သူ ..အပျော်မယ် တစ်ဦးနဲ့ အတူ နေခဲ့မိကြောင်း ၊ ဘုရားစင် ရှေ့မှာ ဘယ်လိုမှအိပ်မရတော့ကြောင်း၊ တစ်ကိုယ်လုံးယားယံနေကြောင်း၊ ပုတီးစိတ် နေကြအတိုင်း ပုတီးစိတ်တော့လည်း …တစ်စုံတစ်ယောက်က တားနေသလို ခံစားရကြောင်း ..စသဖြင့် အများအပြား လာပြောပြပါတယ်။ အဲဒီ့မှာ ကျွန်တော် သူ့ကို ဥပမာလေးတစ်ခုပြောပြရပါတယ်။
အခါတစ်ပါး မှာ ၀ိသာခါ ကျောင်းအစ်မကြီးက သားမြေးအဖြာဖြာနဲ့ တစ်ကြောင်း၊ ခင်ပွန်းလင်သား ..နဲ့ လောကီမှုတွေကြောင့် တစ်ကြောင်း …မြတ်ဘုရားရှင်ရဲ့တရားတော် ကို ..ဘယ်အချိန်မျိုးမှာ အားထုတ် သင့်သလဲ ဆိုတာ ဝေခွဲမရဖြစ်ရပါကြောင်း ..မြတ်စွာဘုရားရှင်ထံမှာ လျှောက်ထားခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ….ချစ်သမီး….ငါဘုရား၏ တရားတော်ကို …၊ သံဝါသပြုနေစဉ် ကာလမှာပင် ဖြစ်လင့်ကစား နှလုံးသွင်းဆင်ခြင် …ပွားများနိုင်ရာ၏ ….လို့ ဖြေတော်မူပါတယ်။
ဒီအကြောင်းအရာလေး ပြောပြလိုက်ပါမှပဲ …လူပျိုကြီးခမြာ ..ကယောင်ခြောက်ခြား မှောက်မှား တွေးထင်နေမှုတွေ အကုန်အစင် လွင့်စင်သွားပြီး ငြိမ်သက်သွားပါတော့တယ်။ တစ်ကယ်တော့ ကျွန်တော် လည်း ကျွန်တော် သိနားလည်ထားသလို …သူ့ရင်က အပူကို ဖြေလျော့သက်သာအောင် ငြိမ်းအေးပေး လိုက်ရတာပါ။ လိင်ကိစ္စနဲ့ စိတ်ပညာတွေကို တတ်မြောက်ကျွမ်းကျင် နားလည်နေသူ တော့ မဟုတ်ပါ။ အကြောင်းအကျိုးဆက်စပ် မှုအရ သာ ..စဉ်းစားပြီး ကုစားပေးလိုက်ရတယ် ဆိုပါစို့။
ဆိုတော့ …ကျွန်တော့်အယူအဆအရ… ဖြေမှဖြစ်မယ့် အချိန်ရောက်လာမှတော့ …ကိုယ့်ကိုယ်ကို ဖြေသိမ့် တာဟာ မမှားဘူးလို့ ဘဲ ပြောရပါမယ်။ ကိုယ့်ကိုယ်ကို မှ မဖြေသိမ့်ရင်လည်း …ဘယ်သူက လာပြီး ဖြေသိမ့်ပေးမတုန်း။ မနိုင်မှ ..လွှတ်ချလိုက်မိလို့ …မဖြစ်သင့်တာတွေ ဖြစ်ရတာမျိုး မကြုံ ရအောင်…ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ဖို့ ကြိုးစားကြပါလို့ပဲ တိုက်တွန်းလိုက်ရပါတော့တယ်။
လာမပြောနဲ့ဟေ့ ငါ့သဘောနဲ့ငါ အပျိုကြီး ……….
အထက်ပါအတိုင်း …..ဒဏ်သင့်နေတဲ့ အစ်မတစ်ယောက်ကို ကြုံခဲ့ရဖူးပါတယ်။ ကျောင်းဆရာမအဖြစ် တာဝန် ထမ်းဆောင်နေသူတစ်ဦးပါ။ စပြီးတွေ့ကတည်းက .အပြောအဆို နဲ့ မျက်နှာကို မြင်တာနဲ့ သူမ မှာ ဒီပြဿနာမျိုး ရှိနေပြီဆိုတာ အလွန်သိသာလှပါတယ်။ ခက်တာက …သူမကိုယ် သူမ မရိပ်မိပါ။ စာပေအသိကလည်း အားနဲရှာတော့ ….သနားစရာကောင်းလှပါတယ်။ တစ်ခြားလူတွေက သူမကို ဗျို့အပျိုကြီး ၊ အပျိုကြီးရေ..၊ စသည်ဖြင့် ခေါ်လိုက်တိုင်း မှာ …..လာမပြောနဲ့ဟေ့ ငါ့သဘောနဲ့ငါ အပျိုကြီး … ဆိုပြီး ပြန်ကောတတ်ပါတယ်။
လိုတိုရှင်း ပြောရရင် …အညှာသိပြီး ၊ လူတစ်ကာမျက်ခုံးမွှေးအပေါ် ကျွမ်းထိုးချင်နေတဲ့ နတ်ကတော် ကောင်လေး တစ်ယောက်နဲ့ ငြိပါတော့တယ်။ ဇာတ်လမ်းအစကတည်းက ကျွန်တော်မြင်နေခဲ့ရတာမို့ ….ဇာတ်သိမ်း အထိ ဘာဖြစ်တော့မယ် ဆိုတာကို ကြိုသိနေသည့်တိုင်… သတိပေးကယ်တင်ဖို့ကလည်း ကျွမ်းဝင်မှုက လက်လှမ်းမမီခဲ့ပါ။ သူတို့ချင်း ချိန်းတွေ့တဲ့ နေရာတွေ…၊ ချောင်းကြတဲ့လူတွေရဲ့ တီးတိုး ရယ်သွမ်းမှု၊ ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်း သတင်းပလင်း မှန်သမျှကို ..ခပ်တင်းတင်းမျက်နှာနဲ့ အရွဲ့တိုက် … နတ်ကတော်ကောင်လေးကို အိမ်ပေါ်အထိ ခေါ်တင်ထားလိုက်ပါတော့တယ်။
နတ်စိမ်းတစ်ပိုင်း ယောကျာ်းရိုင်း လေးကလည်း …တစ်..လူကိုယူသည်။ နှစ် ..ငွေကိုယူသည်။ သုံး …အတွင်း ပစ္စည်းလေးပါ မ ..စ သွားပြီးသကာလ …၊ တစ်ချိုးတည်း ပျောက်သွားလိုက်တာ .. နတ်ကတော် လူလည်လေး နတ်ပြည်တောင် ရောက်သွားသလား အောက်မေ့ရပါတယ်။ အဲဒီ့အခါကျမှ … စိတ်ဒုန်းဒုန်းကျ လို့ အိပ်ယာပေါ်ခေါက်ကနဲခွေ ၊ ပတ်ဝန်းကျင်ကိုလည်း ရင်မဆိုင်ရဲ..ငိုပွဲဆင် ရတော့တာပါပဲ။
ဆိုတော့ အပျိုကြီး၊ လူပျိုကြီး ဘ၀နဲ့ အရိုးထုတ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင်လည်း … ၊ မိမိဘ၀ကို မိမိကျေနပ်နိုင်ဖို့ အတွက် …လုံလောက်သော ပြင်ဆင်မှုတွေ၊ လိုအပ်မယ့် ကုစားမှုတွေ ၊ ဖြေ့သိမ့်နိုင်မယ့် နည်းလမ်းလေးတွေ ဆောင်ထားသင့်တယ်လို့ ဆိုရပါမယ်။ ကံစေစားရာ ဒရွတ်တိုက်ပါပြီး …. မဖြစ်ချင်ဘဲ လူပျိုကြီးအပျိုကြီးဘ၀ ရောက်နေရုံနဲ့ အဆင်မပြေနိုင်ပါ။ ဖြစ်တဲ့အခြေအနေမှာ အကောင်းဆုံး စမတ် ဖြစ်နေနိုင်ဖို့အတွက် ...စိတ်ရှုထောင့်လိုအပ်ချက်ကလေးတွေကို ဖြည့်တင်းပေးနိုင်မယ့် ကဏ္ဍလေးတွေ ကိုယ်စီ စဉ်းစားထားကြဖို့တော့ လိုပါလိမ့်မယ်။
ကိလေသာကင်းစင်မှု သိုတည်းမဟုတ် ငြိမ်ဝပ်အောင် ပြုထားနိုင်မှု ရနိုင်လောက်သော လောကုတ္တရာ ပွားစည်းမှု မရှိနိုင်သေးသော လူပျိုကြီး အပျိုကြီးများ အားလုံးအဖို့ ..တော့ ..၊ စိတ်တစ္ဆေ ကို ပရိတ်ရေ နဲ့ မပက်နိုင်သည့်တိုင်….၊ ကြောက်နေလို့တော့ မပြီး ၊ ပြန်ပြီး ခုခံနိုင်ဖို့အတွက် ပြင်ဆင်မှုအချို့ ရှိသင့်သည်သာ ဖြစ်ပါကြောင်း။
ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်
လူပျိုကြီး အပျိုကြီးများ အများဆုံး ထင်ရာစိုင်းမိစေတတ်သော အသက်ပိုင်းများ
၃၄ နှစ် ၊ ၄၁နှစ်၊ ၄၈နှစ် ၊ ၅၅နှစ်
အားလုံးပဲချမ်းမြေ့နိုင်ပါစေ။
( မှတ်ချက် ။ ။ ခင်မင်ဆုံတွေ့ခဲ့ရသမျှသော လူပျိုကြီး၊ အပျိုကြီး ဖြစ်နေဆဲ မိတ်ဆွေသင်္ဂဟများ သို့ အမှတ်တရ ရေးသားအပ်ပါသည်။ )
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
Phone / 01 618 469
Post a Comment