ဒီအကြောင်းစရေးတော့ ကျွန်တော် ကိုယ့်ကိုယ်ကို ပြုံးမိပါသေးတယ်။ တစ်ကယ်တော့ ကျွန်တော် နက္ခတ်ဗေဒင်သမားတစ်ယောက်မဟုတ်သလို … တတ်ကျွမ်းကျင်လည်သူတစ်ဦးလည်း မဟုတ်။ သို့သော် နက္ခတ်ဗေဒင် စာအုပ်ပေါင်းများစွာကိုတော့ အလွန်ဖတ်လေ့ရှိပြီး ပျော်မွေ့နေတတ်သူ ဖြစ်သည်။ နယ်မှာ နေစဉ်ကလည်း ..ပေါင်းသင်းခဲ့ရသမျှက နက္ခတ်ဗေဒင်သမားတွေသာ များခဲ့သည်။ အလွန် ငြင်းကြ ခုန်ကြသည့် သူတွေ ပဲ ဖြစ်သည်။ အချင်းချင်း စိတ်ဆိုးကုန်ကြသည်အထိ အယူအဆများ ငြင်းခုန်ကြ ၊ တစ်ဦးနှင့် တစ်ဦး ..တိုက်ခိုက်ကြ မကြာမကြာ ဖြစ်ကြသည့် သူများပင်။
သို့သော် သူတို့အားလုံး ကျွန်တော့်ကိုတော့ ချစ်ကြသည်။ ကျွန်တော်က နက္ခတ်ဗေဒင် မလိုက်စားသဖြင့် သူတို့ ငြင်းခုန်ရမည့်သူတစ်ဦး ဖြစ်မနေခြင်းကြောင့်လည်းပါမည်။ ကျွန်တော်သည် သူတို့ မျက်စိထဲတွင် မဟာဘုတ်ပညာနှင့် အမည်နာမ ပညာရပ်ပိုင်းတွင် အထူးပြုလေ့လာနေခြင်းကို သူတို့ သဘောကျ ခြင်းကြောင့်လည်း ဖြစ်မည်။ တနည်းအားဖြင့် သီးခြားလိုင်းတစ်ခုတွင် ကျွန်တော် ဘေးကင်းရန်ကင်း ကိုယ်ပိုင် အယူအဆနှင့် ရပ်တည်နေခြင်းကြောင့် အငြင်းအခုန် စစ်ပွဲများမှ ကင်းလွတ်ခွင့် ရရှိခဲ့သည်။ ဒါတောင် တစ်ခါတစ်လေ …ကိုရွှေလက်ရိုးသမား တစ်ဦးစ နှစ်ဦးစက ရန်စ ချင်ကြသေးသည်။
အလကားပညာ ဟု ဆိုလေသည်
တနင်္လာသား တစ်ယောက်ဗျာ ..မွေးနံတြိရန်းကျလို့ .. ကံဆိုးမယ် ဆိုပြီးဟောမလား ။ တက်တက် စင်အောင် မှားတယ်ဗျ ။ ကံကောင်းလိုက်သမှ နိုင်ငံခြားထွက်ခွင့်ရပြီး ခု ဟိုမှာ ကောင်းစားနေပြီ။ ခင်ဗျားတို့ လက်ဆန်းဗေဒင် က အဲဒါတွေ စိတ်ပျက်ဖို့ကောင်းတာပဲ ..ဟု ..တော်တော် နာမည်ရနေသော နက္ခတ်ဗေဒင်ဆရာ တစ်ဦးက ဝေဖန်လာခဲ့ဖူးသည်။
ကျွန်တော်က သောက်လက်စ ရေနွေးကြမ်း ပုဂံလုံးလေးကို အသာချပြီး သူ့ကို ပြုံးပြရသည်။
တြိရန်းဌာန ဆိုတာ ဝေးလံခေါင်သီတဲ့အရပ်ဒေသ နဲ့ နယ်စွန်နယ်ဖျားတွေ ၊ နိုင်ငံရပ်ခြားဒေသတွေနဲ့ ဆိုင်တယ် ဆိုတာကို ခင်ဗျားက မသိလေတော့ ဒီလိုပဲ ပညာရပ်တွေကို ပုတ်ခတ်တော့တာပေါ့ဗျာ။ တစ်ကယ်တော့ ရှက်တတ်ရင် ..ခင်ဗျားမျက်နှာကို ဟော ဟိုမှာမြင်နေရတဲ့ အုတ်နံရံနဲ့သာ ရဲရဲကြီး ပွတ်ချလိုက်ဗျာ။ နောက်နောင် ကိုယ့်အရှက်ကိုယ်ကို လူပုံလည်မှာ ခွဲမိမယ့် စကားမျိုး မပြောမိတော့တာပေါ့ ။
ဖြေးဖြေးအေးအေး တစ်လုံးချင်း ပယ်ပယ်နယ်နယ် ပြောမိသဖြင့် ထိုနက္ခတ်ဆရာမှာ ကျွန်တော့်ကို တော်တော် ငြိုးသွားခဲ့ဖူးသည်။ ခက်တော့လည်းခက်လှသည်။ လူတစ်ချို့က နားမလည်ကြ။ ထစ်ကနဲရှိ ပညာရပ်တွေကို ပုတ်ခတ်ဖို့သာ စိတ်ကူးနေကြသည်။ ကိုယ့်ကိုယ်ကို အဖြစ်မရှိမှန်း မသိကြ။ တဲရော့ ဗေဒင်ကို အလကားပါ ဟုပြောနေသူများသည် တဲရော့ဗေဒ ကို ထဲဝင်ပေါက်ရောက် မတတ်မြောက် သူများသာ ဖြစ်ကြသည်။ မဟာဘုတ် မဟုတ်ပါ ဟု ဆိုနေကြသူများကို တန်းစီထား …အားလုံးသည် မဟာဘုတ် ဗေဒင်ပညာ၏ အနှစ်သာရကို ဘာဆိုဘာမှ နားမလည်ကြသူများချည်း ဖြစ်သည်။
ဘယ်ပညာကိုမဆို အမှန်တစ်ကယ် ထဲဝင်ပေါက်မြောက် ခရီးရောက်ပြီးသူဖြစ်ပါက …သည်စကားမျိုး ဆိုမည် မဟုတ်တော့ပေ။ ကြက်လည်းမမြည် ကျီးလည်းမမြောက် အောက်ကလိအာ …အာကလိအောက် တို့မှာမူ ..ဘယ်ပညာက မစွံ၊ ဘယ်ပညာက အလကား ၊ လက်ရိုးမှ လက်ဆန်းမှ နှင့် ဂျေးဂျောင်ထူပြီး ..ကိုယ်မကျွမ်းကျင်သည့် ပညာကို စပြစ်သီးချဉ်သည် အပြောဖြင့် အပြစ်ဖို့ တတ်ကြပေသည်။ ငါမတတ်သည့် ပညာ အလကားပညာ ဟူသတည်း ။
ဒီကနေ့ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ကို ကျွန်တော် ပြန်မေးဖြစ်သည်။ မောင်ဖုန်း မင်းဘယ်လောက် တတ်ပြီလဲ ၊ မင်းဘယ်လောက်ခရီးရောက်ပြီလည်း ပြန်မေးဖြစ် ပြန်တွေးဖြစ်သည်။ ခရီးတာ အကွာအဝေး အချို့ကို ခရီးနှင်လာနိုင်လင့်ကစား ..ကျန်နေသေးသော မဆုံးနိုင်သည့် ခရီးရှည်ကြီးကို တွေးမိသောအခါ ..ငါဘာမှ မတတ်ပါဘူးကွာ ဟုသာ ပြန်ဖြေမိခဲ့သည်။ အချို့သော သူတို့ကတော့ ခရီးအစတွင်ပင် ဖင်ထိုင်ချကာ ငါခရီးဆုံးပြီဟု ထင်မှတ်မာန်ထောင် နေကြပြန်သည်ကို တွေ့ရပေသည်။ မည်သည့် ပညာရပ်မဆို ..ထဲထဲဝင်ဝင် တစ်ကယ်လေ့လာ လိုက်စားပါက နက်ရှိုင်း လှပေကြောင်း သိနိုင်ပါသည်။ အချို့သော သူတို့က ကျွန်တော့်ကို နက္ခတ်ဗေဒင် ပညာကို မလေ့လာ မလိုက်စားသဖြင့် နက္ခတ်ဗေဒင် ပညာကို မယုံကြည်ဘူးလား ဟု မေးဖူးကြသည်။
မန္တလေးသား လူချွန်တစ်ဦးဖြစ်သည့် ဗေဒင်ပညာရှင်တစ်ယောက် က မေးခဲ့ဖူးသည် ။ ကိုစိုး ..ခင်ဗျားရဲ့ လက်ဆန်းဗေဒင် အယူအဆတွေက တစ်မျိုးပဲဗျ ၊ ဘယ်စာအုပ်နဲ့မှလည်း မတူတဲ့ အယူအဆတွေ ပါနေတယ်။ ခင်ဗျား ဘယ်က ရသလဲ ..ဝေမျှလို့ ရရင်လည်း ဝေမျှစမ်းပါဦး …၊ နောက်ပြီး နက္ခတ်ဗေဒင် ပညာကိုကော ခင်ဗျား ဘယ်လိုသဘောရသလဲ ၊ ခု ခင်ဗျားလေ့လာနေတဲ့ ပညာတွေနဲ့ဆိုရင် ဘယ်ဟာကို ပိုကြိုက်သလဲ .ဟူ၍ အဆိုရှိခဲ့ဖူးပါသည်။
ကျွန်တော် သူ့ကို အမှန်အတိုင်းဝန်ခံခဲ့ပါသည်။ ထိုနေ့ညက လရောင်အောက်တွင် တင်တင်အေး ထိုးမုန့်လေးနှင့် ရေနွေးကြမ်းလေး မြုံ့ရင်း ဆွေးနွေးပြောဆိုဖြစ်ခဲ့သော စကားအချို့ကိုပင် ယခု ဆောင်းပါးတွင် ပြန်လည် ဖော်ပြ ရေးသားအပ်ပါကြောင်း။
ဟိမ၀န္တာရဲ့ နှလုံးသား
နက္ခတ်ဗေဒင်ပညာဆိုတာက …နှစ်ပေါင်းထောင်ချီတည်တံ့ခိုင်မာ နေတဲ့ အတွေးအခေါ်ပညာ တစ်ခုပဲဗျာ ၊ ကျွန်တော် အရမ်းလေးစား တန်ဖိုးထားတာပေါ့။ ရှင်းရှင်းပဲ ကျွန်တော် ၀န်ခံပါ့မယ် ..ဒီနေ့ ကျွန်တော် လက်ဆန်း ပညာပိုင်းမှာ လမ်းမှန်အယူအဆအချို့ ရရှိလာတာ နက္ခတ်ဗေဒင်ပညာရပ်နဲ့ နှီးနွယ် ဆက်စပ်ပြီး ရရှိလာတာပါ။ ဒါ အရိုးသားဆုံး ၀န်ခံတာပါ။ နက္ခတ်ဗေဒင်ပညာကို လက်ဆန်း ဗေဒင် တွေလောက် မလိုက်စားခဲ့ပေမယ့် ၊ ဒီနေ့အထိ ကျွန်တော်အဖတ်ခဲ့ဆုံး စာအုပ်တွေမှန်သမျှ ဟာ နက္ခတ်ဗေဒင် စာအုပ်တွေ ဆိုရင်မမှားပါဘူး ။
တစ်ကယ်တော့ လူတွေက ကျော်သွားနေကြတာဗျ ။ သေချာတွေးမယ်ဆိုရင် ပညာရပ်အသီးသီးဟာ လောက သဘာဝတရားတွေ ကို မူတည်ပြီး တည်ဆောက်ထားတာမို့ အားလုံးက ကွင်းဆက်တွေ အချိတ် အဆက်တွေ ရှိနေကြပါတယ်။ အတွေးအခေါ် လမ်းကြောင်းတစ်ခုကိုပဲ ကာလံဒေသံ မတူညီမှုအရ ..ကိုယ့်အမြင်နဲ့ကိုယ် အသွင်ခြားနားစွာ မှတ်ကျောက်တင်ထားခဲ့ကြတာပါ။
ဥပမာ ဆိုကြပါစို့ ၊ ကျွန်တော်တို့လက်ဆန်းမှာ အသုံးပြုနေတဲ့ ၀ိဇ္ဇာ ဇော်ဂျီ တပသီတွေ မြင့်မိုရ်တောင်နံရံ ထက်ကနေ ကူးယူလာခဲ့တယ် ဆိုတဲ့ အဌလဂ်ခွင် ဆိုတာကို ၊ တရုပ်တွေကျတော့ မြစ်ဝါမြစ်က ခုန်ထွက် လာတဲ့ နဂါးတစ်ကောင်ရဲ့ ကျောပေါ်က အမှတ်အသားတွေ အဖြစ် စတင်ရရှိလာခဲ့တယ် လို့ ဆိုတယ်။ သူတို့က အဲဒီ့အမှတ်အသားတွေကို တြိရေခါ ရှစ်မျိုး အဖြစ် ခေါ်ဝေါ် သုံးစွဲကြတယ်။ ကျွန်တော်တို့ကတော့ အဌလဂ်ခွင်အဖြစ် အသုံးပြုကြတယ်။
ကျွန်တော်တို့က အဌလဂ်ခွင်ကနေ တစ်ဆင့် ကာရက အကျယ် (၆၄) ပါး အဖြစ် ချဲ့ထွင် အသုံးပြုကြ သလို ၊ တရုပ်တွေကလည်း တြိရေခါ ရှစ်ပါးကနေ ပွားလာတဲ့ ဆဌရေခါ (၆၄) မျိုးအဖြစ် ခေါ်ဝေါ် အသုံးပြုတယ်။ အဲဒီ့လိုပဲ တရုပ်တွေရဲ့ အသည်းနှလုံး ဖြစ်တဲ့ ယင်ယန်ပေါင်းစပ်မှု သဘောတရားကို ကျွန်တော်တို့ မြန်မာ့လက်ဆန်းဗေဒင် ပညာမှာ ပက္ခအဖြစ် သိရှိအသုံးပြု နေကြတယ်။ တစ်ကယ်တော့ မောင်ဘကိုပဲ အခြားနယ်မြေဒေသသစ်တစ်ခုမှာ မောင်မြလို့ ခေါ်ဝေါ် သိရှိနေကြတာမျိုးပါ။ အမှန်ကတော့ မောင်ဘလည်း မဟုတ်ဘူး ၊ မောင်မြလည်း မဟုတ်ဘူး ..လောကသဘာဝတရားတွေ ပါပဲ ။ မြစ်ဝါမြစ်ထဲက နဂါး ဧရာဝတီမြစ်ကမ်းပေါ်ရောက်တော့ ကျားပေါ့ဗျာ ။
ဆိုင်းဘုတ် တံဆိပ် အမျိုးမျိုးနှိပ်ပြီး ခေါ်ဝေါ်သတ်မှတ် နေကြပေမယ့် ..အတူတူပါပဲ ။ ဒါကြောင့် ဘယ်ပညာရပ်မျိုးကိုမဆို ရိုသေလေးစားမှု ထားပြီး လေ့လာဖို့လိုပါတယ်။ ငါလက်ကိုင်ထားတဲ့ပညာမှ ပညာ အစစ်ဆိုပြီး ကန့်သတ်ချက်ထားလိုက်တာနဲ့ ..ပညာမှန်နဲ့ဝေးတော့တာပါပဲ။ ကျယ်ကျယ်ပြန့်ပြန့် မသိနိုင်တော့ပါဘူး ၊ ကိုယ်တိုင်က ကန့်သတ်ပစ်လိုက်တာကိုး ၊ ပညာကလည်း ကန့်သတ်ခြင်း ခံလိုက် ရတော့တာပေါ့။ ဒါကြောင့် ကျွန်တော်တော့ ဘယ်ပညာရပ်မျိုးကိုမဆို လေးစားသမှုထားပြီး လက်လှမ်း မီသလောက်တော့ လေ့လာတယ် ။ ဖတ်တယ် ။ တွေးတယ် ။ လက်တွေ့ဘ၀တွေထဲမှာ ပြန်ဆန်းစစ် ကြည့်တယ်။
ကျွန်တော့်အယူအဆအရ ပြောရရင် နက္ခတ်ဗေဒင်ပညာဟာ မူလပင်စည်မကြီးပဲဗျ ၊ အဲဒီ့ကမှတစ်ဆင့် ခုမြန်မာတွေ ခေါ်နေကြတဲ့ ဖုန်းရွှေပညာတို့ ၊ ကျွန်တော်တို့ အသုံးပြုနေတဲ့ လက်ဆန်းပညာရပ်တွေတို့ ဖြစ်တည်လာတယ် လို့ ကျွန်တော်ဥာဏ်မီသလောက် ယူဆမိတာပါပဲ
တင်စားရရင်တော့ နက္ခတ်ဗေဒင်ပညာ ကို ဟိမ၀န္တာရဲ့ နှလုံးသား အဖြစ်တင်စား ရမယ်ထင်ပါရဲ့ဗျာ။ ဆိုတော့ ..မြစ်ဝါမြစ်ထဲက နဂါး …ဧရာဝတီမြစ်ကမ်းပေါ်က ကျား …ဟိမ၀န္တာရဲ့ နှလုံးသား လို့ပဲ ဆိုကြပါစို့။
……………………………………………..
……………………………………………………. ။
ချမ်းမြေ့သုတ ရရှိနိုင်ကြသည်ဖြစ်ပါစေ။
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
kosoe069@gmail.com Post a Comment